Sunday, March 13, 2011

ဒီလိုပဲ နေသွားတော့မှာလား

ဒီလိုပဲ နေသွားတော့မှာလား
ဒိန်း…ဒိန်း… အပေါက်တွေ … ချိုင့်တွေ.. ဒိန်း…ဒိန်း…။ ကားကလည်း ချိုင့်တွေတောင် မရှောင်ဘူး၊ ဆော်တာပဲ.. ဒိန်း..။

လုပ်ပြန်ပြီ … ဒိုင်နာဆိုတော့ သောက်ရမ်းကို မောင်းတော့တာပဲ၊ ပြုတ်ကျမှာတောင် စိုးရသေး။ လူတွေကလည်း များလာလိုက်တာ.. “အနံ့တွေကလည်း မကောင်းဘူး.. တိုးလိုက်တာကွာ၊ ဘယ်လို ပြန်ပြောလိုက်ရမယ်တောင် မသိဘူး။ ဘယ်လိုများ ဖြစ်နေကြလဲမသိဘူး။ သောက်ရမ်းကို တိုးနေတော့တာပဲ” သူ လှည့်ကြည့်လိုက်တယ် ဘယ်လိုလူလဲ ဆိုတဲ့ အကြည့်မျိုးနဲ့.. ။
“ပုံစံကတော့ အတော်ကို စိတ်ပျက်စရာပဲ။ ကြည့်ချင်စရာကို မရှိဘူး အသားက မွဲမွဲ၊ ဝတ်ထားတာကလည်း ကပိုကရိုနဲ့ … ကဗိုကယိုဆိုတာထက် သူခိုးကျပိုးရုပ် ပေါက်တယ်။ ဒါပေမဲ့ ဒီလူ ကြည့်တာ စည်ပင်ရုံး ဝန်ထမ်းတယောက်ပုံပဲ။ “ဟွန်း စိတ်ပျက်ပါတယ်ကွာ ငါလည်း ဘာတွေ တွေးနေပါလိမ့်” လို့ စိတ်ထဲက ရေရွတ်လိုက်မိပြီး ဘတ်စ်ကားတန်းတိုင် အောက်ကနေ ခေါင်းငုံ့ပြီး အပြင်လေရှူရင်း လမ်းမပေါ်ကိုပဲ ကြည့်နေမိတယ်..။

သိမ်ကြီးဈေး မီးပွိုင့်နားရောက်နေပြီပဲ… လမ်းမပေါ်က လူငယ်လေး သုံးယောက်၊ အဝတ်ကတော့ အပေါ်ပိုင်း မပါ၊ အောက်ပိုင်းတော့ အတော် ဖန်တီးထားပုံ ရတယ်။ တယောက်ကတော့ ဗိုက်ရွှဲရွှဲနဲ့၊ သံကောင်ဗိုက်နဲ့ (ဖောင်းနေလိုက်တာ)။ တောင်းစားနေတဲ့ လူငယ်လေးတစုကို တွေ့နေရတာ စိတ်မကောင်း။

အခုတလော တောင်းစားသူတွေ၊ ဆေးဖိုးလေး မပြည့်လို့ ငါ့တူကြီးရယ် (၈၀၀) လောက် လှူသွားပါအုံး၊ ဦးလေးတို့ မြေးအဖိုးနှစ်ယောက် ဘတ်စ်ကားခ မရှိလို့… ဆိုတာတွေ တော်တော် တွေ့လာရတယ်။

တောင်းစားတယ် ဆိုလို့ သူ့ အတွေးထဲ ဝင်လာတာက ဟိုနေ့က လက်ဖက်ရည်ဆိုင်က သူ့အဖြစ်…။ ကိုယ်ကြီးတို့ရယ် (အယ် ဟုတ်ပါဘူး မှားလို့  ကိုကြီး..ဂလု) ထမင်းဖိုးလေး သနားကြပါ။ ထမင်းလည်း မစားရသေးလို့ပါ.. ကိုကြီးတို့ရယ်.. ဘာရယ်ပေါ့.. မျက်နှာကတော့ သနားကမားနဲ့ပဲ။ စိတ်ထဲကတော့ ပိုက်ဆံ ပေးလိုက်မလို့ပဲ (သူက အဲလို တောင်းသူတွေကို ပေးလေ့မရှိ).. ဝိုင်းထိုင်နေတဲ့သူတွေနဲ့ စကားကလည်း မပျက်၊ မျက်လုံးချင်း အကြည့်ပျက်မှာ စိုးတာရယ်.. စကားပျက်သွားမှာ စိုးတာနဲ့ လက်ပဲ ခါပြလိုက်ရတယ်…။
“---တောင်းလိုက်ရင် လက်ခါပြမယ်၊ သူတို့တော့ စားနေလိုက်တာ။ လူစိတ်ကို မရှိကြဘူး---”

အဲတော့ မောင်မင်းကြီးသားက ဘာပြောတယ်မှတ်လဲ.. ကြည့်လိုက်ရင် အဲလိုပဲ ဒါတွေပဲ တနေ့တနေ့ ပြောနေကြတာပဲ.. ပိုက်ဆံ တောင်းလိုက်ရင် လက်ခါပြမယ်၊ သူတို့တော့ စားနေလိုက်တာ။ လူစိတ်ကို မရှိကြဘူး ဘာညာ ဆိုပြီး သူတို့ (၃)ယောက်ကို ဟောက်သွားလေရဲ့။

သူ့မှာ ပါးစပ်အဟောင်းသားလေးနဲ့ ကျန်ခဲ့ရရှာတယ်။ သြော် .. မလွယ်ပါလား.. လူတွေက သူတို့လည်း တပါးသူဥစ္စာ တောင်းသေး၊ မပေးတော့ ပိုင်ရှင်အမှားပါလားနော်။ သူတို့တိုင်းပြည်က အဲလို… စာရေးသူတို့ တိုင်းပြည်နဲ့ ကွာပါ့..။

ခဏနေတော့ လသာဂိတ်ပေါ့..။ လူတွေကလည်း မတရားကြီး ကျပ်လာတော့ ရှေ့က ဒေါ်လေးတစ်ယောက်က သူ့လက်ထဲကချိုင့် ပေးပေါ့၊ သူကိုင်ပေးမယ်ပေါ့။ အဲဒါနဲ့ သူလည်း ပေးလိုက်တာပေါ့.. သူများက စေတနာနဲ့ကိုင်ပေးမဲ့ဟာကို ငြင်းဖို့လည်း မသင့်ဘူးလေ။ ပေးလိုက်တာပေါ့ ရက်ရက်ရောရောကို။

“---လခလေး သုံးသောင်း၊ လေးသောင်းရဖို့အရေး တနေကုန်အောင် သူများဆီသွားပြီး ကျွန်ခံ၊ ရလာတော့လည်း မိသားစုအတွက်တောင် မကျန်---”

ကဲ … အဲမှာ စတော့တာပဲ။ သူအခု ရေးချင်တာတွေ ဘေးက လူတွေ ကြည့်လိုက်တော့လည်း ချိုင့်လေးတွေ ကိုယ်စီနဲ့။ အားလုံးနီးပါးဟာ တနေ့လုပ်မှ တနေ့ စားရတဲ့ လခစားလေးတွေချည်း။ တယောက်ကျော်နားက တယောက်ဆို သူ့ထက်တောင် ငယ်ဦးမယ်၊ ခန့်မှန်းကြည့်သလောက် ဆိုရင် စတိုးဆိုင် လုပ်သားလေး ဖြစ်လောက်တယ်။ လခလေး သုံးသောင်း၊ လေးသောင်း ရဖို့အရေး တနေကုန်အောင် သူများဆီသွားပြီး ကျွန်ခံ၊ ရလာတော့လည်း မိသားစုအတွက်တောင် မကျန်။ ကိုယ့်ဖို့ အနိုင်နိုင် ဆိုတော့ ဒီလူငယ်လေးရဲ့ အနာဂတ်က ဘယ်မှာလဲ။ သူဝတ်ချင်တာ သူ့သူငယ်ချင်းတွေ ဝတ်နေတာကို… သူလိုက်ဝတ်ချင်ခဲ့ရင်သူ ဝယ်ဝတ်နိုင်ပါ့မလား။ မဝယ်နိုင်ရင် သူ ဘာလုပ်လိမ့်မလဲ။ သူစာရိတ္တကို ရောင်းစားမှာလား။ အဲဒါကရော ရောင်းလိုက်ရင် များများ ကျန်ပါ့မလား။ ရောင်းလိုက်လို့ရော ကောင်းပါ့မလား။ ရောင်းရင် ဘာဖြစ်လာမလဲ။ ဒီလို လူငယ်မျိုးတွေ အများကြီး။ သူ့ထက်ဆိုးတဲ့ လူငယ်တွေတောင် ရှိဦးမယ်။

ဒါပေမဲ့ လခစား ဘဝနဲ့ ရုန်းကန်းနေရတဲ့ ဘဝတွေကြားမှာ ညီလေး အဆင်ပြေပါ့မလား။ ညီလေးပညာရေးရော ဘယ်လောက်ရောက်ခဲ့ပြီး ခုရော ဘာတွေ သင်ယူနေလဲ။ နောက် … အရမ်း အရမ်းကို တိုးတက်လာတော့မယ့် ခေတ်ကြီးမှာ တစ်လစာလေးနဲ့ စားပြီးအိပ်၊ အိပ်ပြီးစား လုပ်နေတော့မှာလား ညီလေး။ ညီလေးအတွက် ဘယ်လမ်းကြောင်းဟာ သာယာပြီး၊ ပြီးပြည့်စုံတဲ့ ဘဝကို ရောက်နိုင်ပါ့မလား။

ညီလေး ဘာတွေ လုပ်နေသင့်သလဲ ဆိုတာ အစ်ကိုတယောက် အနေနဲ့ တွေးကြည့်တယ်။ ခုလို အပျက်ခေတ်ကြီးမှာကွာ၊ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။ သူ စိတ်ထဲကနေ တွေးပြီး မေးနေလိုက်တာ တော်တော်လည်း ကြာရော သူ ဆင်းမယ့် ကားဂိတ်က နီးလာပြီ။

အဲဒီမှာ ဘာသွားတွေ့မိလဲ ဆိုတော့ လူတွေ အားလုံးနီးပါးလောက်ဟာ ခေါင်းလေးတွေ ငုံ့ပြီး ကျပ်ကျပ် တည်းတည်း ချွေးသံ ရွှဲရွှဲကြီးနဲ့ စီးနေကြရတယ်။ အဆင်မပြေလိုက်တဲ့ အနေအထားပဲ။

အတွေးထဲမှာ ပေါ်လာတာက ငါတို့တွေ.. ခေါင်းငုံ့ပြီး နေနေရတဲ့ Position နဲ့ပဲ တော်ပြီလား။ အဲလိုပဲ နောင်လာ နောက်သားတွေရော ဒီလိုပဲ ဘဝခရီး နှင်ကြရမှာလား။ ငါတို့ခေတ်က အဲလို ခေါင်းငုံ့ပြီး၊ ကိုယ်လိုရာရောက်ဖို့ ကြိတ်မှိတ်ပြီး မြင်သမျှ ကိုယ်နဲ့မဆိုင်သလို နေတတ်ရ၊ နေကြရကြောင်း ပြောပြကြမှာလား။

“---ဒီအတိုင်းသာ ဆက်နေကြမယ်ဆိုရင်တော့ ပုံသွင်းပြီးသား ခေါင်းငုံ့ခံ လူတန်းစား တစ်ရပ်ဟာ သိသိ သာသာကြီးကို ဖောင်းပွလာတော့မှာ အသေအချာပါပဲ---”

အဲလို ခေါင်းငုံ့ချည်းပဲမနေဘဲ အနေအထား ကောင်းကောင်းနဲ့ ကိုယ်လိုရာရောက်ဖို့ တမျိုးပြောင်းပြီး မကြိုးစားကြတော့ဘူးလား။ ကိုယ်လိုရာခရီး သွားနေစဉ်မှာပဲ ငတ်ပြတ် တောင်းစား၊ လုယက်၊ ခိုးဝှက် စတဲ့ မကောင်းမှုတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ နောက်ရာစုသစ်တွေအထိ တွေ့နေတာကိုလည်း ခေါင်းငုံ့နေပြီး၊ ကိုယ် အဲလိုဘဝ မရောက်ရင် ပြီးသာပဲ လို့ ဆိုပြီး ညီလေးတို့လို တစ်လ ပုံမှန် ထမင်းစားဖို့ပဲ လောက်ငှတဲ့ လခလေးနဲ့ လုပ်ကိုင် စားသောက်ရင်း ခေါင်းငုံ့ခံနေကြတော့မှာလား။ အဲဒီအတိုင်း ခရီး ဆက်သွားကြအုံးမှာလား။

ဒါဆို ကားအမိုးတွေက ဒီထက်ပိုပြီး နိမ့်လာခဲ့ရင် ထပ် ငုံ့ပေးကြအုံးမှာလား။ စပယ်ယာ ပိုဆိုးလာပြီး ကိုယ့် ရပိုင်ခွင့် ဖြစ်တဲ့ မေ့ချင်ဆောင်ထားတဲ့ပြန်အမ်းငွေတွေအပေါ်.. ပေါ်တင်ပဲ - မပေးဘူး တိုင်ချင်ရာတိုင်လို့ ဆိုလာရင်ရော။ မရှိမဲ့ရှိမဲ့ လခလေးထဲက ပဲ့ပါနေတာကို သိလိုက်ပါ့မလား။

ဒီအတိုင်းသာ ဆက်နေကြမယ်ဆိုရင်တော့ ပုံသွင်းပြီးသား ခေါင်းငုံ့ခံ လူတန်းစား တစ်ရပ်ဟာ သိသိ သာသာကြီးကို ဖောင်းပွလာတော့မှာ အသေအချာပါပဲ။

ဘတ်စ်ကား ကြပ်ခြင်း၊ သွားလိုရာခရီးကို သက်သာလည်း အောင့်အည်းပြီး သူတို့မျက်နှာကြည့်ကာ ခေါင်းငုံ့နေနေပါ့မယ် ဆိုတဲ့ ဘဝထဲကခရီးသည်များ အမြန်ဆုံး ကိုယ် ဘယ်ဘဝမျိုးမှာ အသက်ရှုကျပ်ကျပ်နဲ့ သွားနေ လာနေရတယ် ဆိုတာ မြင်မိလာပြီး သူတို့ရဲ့ ကိုယ့်ပိုင်အခွင့်ရေး ရပိုင်ခွင့်တွေနဲ့ ဘဝခရီး သက်သာရာ အမြန် ရကြပါစေလို့… သူ ဆုတောင်းရင်း လက်ထဲက ချိုင့်လေးကို တရမ်းရမ်းနဲ့ အိမ်ပြန်လာခဲ့တော့တယ်။
“စာရိတ္တ ပျက်ပြားနေသော အစိုးရဝန်ထမ်းများ၊ ငတ်ပြတ် တောင်းရမ်းနေသူများနဲ့ တစ်လစာ လခလေးနဲ့ ပညာရေး၊ ပျော်ရွှင်ဖွယ် လူငယ် ဘဝလေးတွေကို မြုပ်နှံထားရတဲ့ ညီလေးအများစုတို့….သူနဲ့အတူ… လမ်းချိုင့်တွေ အဖုတွေ.. အပေါက်တွေနဲ့ ဆိုးဝါးလှတဲ့ ရန်ကုန်မြို့ လမ်းမကြီးပေါ်မှာ အမြန်ဆုံး လွတ်လပ် ချောင်လည်သော အနေထားနဲ့ ခရီး သွားနိုင်ကြပါစေ။”

မူရင်း - ဘလော်ဂါမောင်ဘိုဘို၏ http://www.mgbobo.com/htz/?p=440