Wednesday, March 16, 2011

အမဲလိုက်သမ အချောအလှ

 အမေရိကန်နိုင်ငံတွင် လူ ထုက စိတ်အဝင်စားဆုံး တောပစ်ကျွမ်းကျင်သူ မိန်း ကလေးမှာ အသက် ၁၉နှစ် အရွယ်သာ ရှိသေး ၍ သူမ အသက် ၉ နှစ် အရွယ်က ပင် အမဲလိုက် အလုပ်ကို ဝါသနာအရ လုပ်ကိုင်ခဲ့ ကြောင်းသိရသည်။

သူမ၏ လုပ်သက်ဆယ်စုနှစ် ၁ ခုတွင် ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဝက်ဝံများအား ပစ်ခတ်ခဲ့ဖူးကြောင်း၊ အမြီး အဖြူရောင်ရှိသည့် သမင်တစ်ကောင်၊ ယုန်အမည်းတစ် ကောင်၊ ဧရာမဝက်ဝံတစ်ကောင်၊ တောဆိတ်တစ်ကောင်၊ ၁ဝ ပေခန့်ရှည်သည့် ကျွဲရိုင်းတစ်ကောင်နှင့် မြောက်ဥရောပမွေးရှည် နွားရိုင်းတစ် ကောင် တို့ကိုလည်း ပစ်ခတ်ခဲ့ဖူး ကြောင်း သိရသည်။

”ကမ္ဘာမြေပေါ်မှာရှိတဲ့ ဘယ်နေရာမဆို အမဲလိုက်ဖို့ဆိုရင် ကျွန်မ မငြင်းပါဘူး။ အမဲလိုက်ရင် နှလုံးတွေခုန်နေတယ်၊ စိတ်လှုပ်ရှား တယ်၊ ပျော်တယ်။ အခုထိတော့ ဒီသေနတ်က ကျွန်မရဲ့ အယုံကြည်ရဆုံးအဖော်ပဲ။ တောရိုင်းတိရစ္ဆာန်တွေကို ပစ်ခတ်ရတာအပြင် နိုင်ငံအနှံ့ခရီးထွက်ရတာ၊ ဘလော့ခ် မှာ စာတင်ရတာ၊ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ရတာ၊ လျှောက်လည်ရတာကိုလည်း ကြိုက်တယ်” ဟု သူမကဆိုသည်။

သူမအသက် ၉ နှစ်အရွယ်ကပင် ပွိုင့်တူးတူးရီမင်တန် ရိုင်ဖယ်ကိုစတင်ကိုင်တွယ်ခဲ့ကြောင်း၊ သူမ၏ ဖခင်မှာလည်း မုဆိုးတစ်ဦးဖြစ်ကြောင်း၊ မျိုးရိုး စဉ်ဆက် သဘောအရ သူမသည်လည်း မုဆိုးအလုပ်ကို ဝါသနာထုံခဲ့ခြင်းမျိုး ဖြစ်နိုင်ကြောင်း၊ ဆယ်ကျော်သက် အရွယ်ကပင် အမဲလိုက်ဝါသနာအိုး တစ်ယောက်ဖြစ်ခဲ့ပြီး ချောင်းမြောင်း အမဲလိုက်နည်းနှင့် ပစ်ခတ် သတ်ဖြတ်နည်းများကို သင်ယူခဲ့ ကြောင်း သိရသည်။
”ကျွန်မ ….. ကျွန်မရဲ့ ပထမဆုံး ပစ်ခတ်မှုကို သတိရတယ်။ မုဆိုးတိုင်းလည်း ဒီလိုပဲ ဖြစ်မယ်ထင်တယ်။ ဖလော်ရီဒါ ဘက်မှာ သားကောင်ပစ်တာ။ ကျွန်မက ပစ်တယ်၊ ကျွန်မအစ်မက သားကောင်တွေကို အိတ်ထဲထည့် တယ်” ဟု သူမ၏ ပထမဆုံး ပစ်ခတ်မှုအကြောင်းကို ပြောသည်။

အလာစကာ၏ ယခင် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဆာရာပါလင်သည် တစ်နိုင်ငံလုံး ဆိုင်ရာ သေနတ်ပစ်အဖွဲ့ချုပ်တွင် အမျိုးသမီးများအား မြှင့်တင်ပေးရန် တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ အသက် ၁၉ နှစ်အရွယ် သေနတ် ပစ်ကျွမ်းကျင်သူ မစ္စဂျေးလက်စ် သည်လည်း ယင်းအဖွဲ့၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့သည် အမျိုးသမီးအဖွဲ့ဝင်များ အား ယခင်ထက် ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ရန် ရည်ရွယ်လျက်ရှိကြောင်း၊ တစ်နှစ်လျှင် သင်တန်းသူအမျိုးသမီး အသစ် ၁ သောင်းခန့်ကို သေနတ် ပစ်သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

”မိန်းကလေးအများစုက ရီဂစ် ဂျေးလက်စ်ကိုအားကျလို့လိုက်သင် တာများတယ်။ သင်တန်းဘက်က လည်း အရင်လက်ကျန် ပစ္စည်း ဟောင်းတွေကို လျှော့ချပြီး အမျိုးသမီးတွေနဲ့ အဆင်ပြေမယ် အလျားတိုတို ခလုတ်ဆွဲနိုင်မယ့် သေနတ်မောင်းတွေကို စီစဉ်ပြီး ထုတ်လုပ်နေပါတယ်” ဟု သေနတ်ပစ် အဖွဲ့ ချုပ်မှ တာဝန်ရှိသူ ဒန်နိုင်းလ်ဆွန်း ကဆိုသည်။
အဆိုပါ အမျိုးသမီး ရီဂစ်ဂျေးလက်စ် သည် ဖလော်ရီဒါ ရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင် ကြားနေဆဲဖြစ်ကြောင်းလည်း သိရသည်။
ဝေမာထွန်း
Ref: Dailymail
copy from http://popularmyanmar.com/mpaper/?p=15288