ဤခရီးမနီးသေးပါ
(ဘိုဘိုလန်းစင်)
စာပေစိစစ်ရေးမူသစ်ကြောင့် အထွေထွေစာအုပ်တွေ ရိုက်ပီးမှ တင်ရတော့မယ်ဆိုတဲ့သတင်းထွက်လာတော့ ဒါ မဆလခေတ်ဦးပုံစံပဲ၊ ၁၉၇၀ နှစ်လယ်ပိုင်းကမှစပီး စာအုပ်တွေအကုန် စိစစ်ရေးတင်ရတာ၊ စာပေစိစစ်ရေးရယ်လို့ ဖြစ်လာတာလဲ ဒီတုန်းက ပြန်ကြားရေးက အမ်ဒီ ဗိုလ်တက် (ဆရာတက်တိုး)လက်ချက်မကင်းဘူးလို့ ကြားဘူးတာတွေ ပြန်သတိရတယ်။ ဘယ်သူတွေ သောက်မြင်ကပ်ပုဒ်မထိကြအုံးမယ်တော့မသိဘူး။ မောင်ဖေငယ် စဥ့်ကူးမင်းနဲ့ သေဒဏ်ကျတာလဲ စိစစ်ရေးတင်စရာမလိုထုတ်ပီးမှ ဂိတာပဲ။
သတိတော့ အတော်ကို ကြီးကြီးထားရမယ်။ ဖဆပလလက်ထက် နှိပ်ကွပ်တာထက်ဆိုးတာတွေ လာအုံးမှာကတော့ သေချာနေတယ်။ အကြောင်းရှာဖမ်းတာ၊ အမျိုးစုံယုတ်မာပီး ညှဉ်းတာညှစ်တာတွေပေါ့။ ရွှေဥဒေါင်းကို လေဆိပ်မှာ ဘိန်းရှာခံရအောင် သူ့သားလောက်ရှိတဲ့ ခင်မောင်ကလေးက ပြည်ထဲရေးကိုင်တုန်းနှိပ်စက်သွားတာ သူ့တသက်တာမှတ်တမ်းမှာ တွေ့ကြမပေါ့။ ပျူစောထီးခေါင်းကြီးနဲ့ အဖိုးကြီး ကဆုန်လကြီး ထောင်ထဲတိုက်ပိတ်ခံရသေး။ ဒီလိုညစ်ကျယ်ကျယ်ရူးကြောင်ကြောင် ဖဆပလတွေထက် ဆိုးတာတွေ ခုခေတ်မှာပေါလှပေါ့။ မျိုးချစ်ဆိုတိုင်း နိုင်ငံရေးသမားပညာတတ်ဆိုတိုင်း စိတ်နေမမြင့်တာတော့ အမှန်ပဲ။
အခု လူထုဦးလှရာပြည့်အမှတ်တရ ထောင်ဝတ္ထုတအုပ်ထွက်လာတော့ ဦးလှ၊ ဗန်းမော်တင်အောင်စတဲ့ လက်ဝဲစာရေးဆရာ သတင်းစာဆရာတွေကို စာပေနဲ့ သတင်းနဲ့ အမှုဆင်ဖမ်း အာမခံတင်ခိုင်း သတင်းစာတိုက်ချိတ်ပိတ်စတာတွေ လုပ်ခဲ့တဲ့ ဒီမိုကရေစီခေတ်ဟောင်းကြီးက စာပေလွတ်လပ်ခွင့်ကို သတိရပါတယ်။ အဲဒိခေတ်လွတ်လပ်ခွင့်က ဝန်ကြီးချုပ်ဘုရားဒကာပြဇာတ်ရူးရဲ့ မကောင်းမကန်းဇာတ်တွေကို ကျောင်းသုံးပြဋ္ဌာန်းခွင့်၊ စစ်တပ်ကို သိဒ္ဓိတင်ပီး ပညာပေးတဲ့ သာဓုဝတ္ထုကို ပြဋ္ဌာန်း စာပေဆုပေး၊ အမေရိကန် ဆိုဗီယက် ဘက်ပေါင်းစုံ အမအစနဲ့ ထုတ်တဲ့ စာအုပ်တိုက်တွေ သတင်းစာတိုက်တွေ ရွှေမိုးငွေမိုးရွာတဲ့ လွတ်လပ်ခွင့်ပါ။ အောင်ဗလရေးတာတွေ ဒဂုန်တာရာရဲ့ ကြက်မြီးပါတီ ကြာပန်းရေစင်ဝတ္ထုတွေ ဖတ်ရင် တွေ့ပါမယ်။ ပြည်တော်သာတခေတ်က စစ်ဒဏ်ခံပြည်သူ့ဘဝ နိုင်ငံရေးလောက စစ်တပ်လောကရဲ့ စီးပွားရေးသောင်းကျန်းမှုတွေကို ဖွင့်ထုတ်ရေးရင် အဖမ်းခံ အသိမ်းခံရတာက တော်သေး၊ အာဖရိကနိုင်ငံတွေမှာလို ဘယ်ကမှန်းမသိ စတင်းဂန်းနဲ့ဆွဲတာ (ဗမာ့ခေတ်တိုက်)၊ မြို့လယ်ခေါင်မှာ သတ်သွားတာ (အင်းစိန်သတင်းထောက်စံရှား)၊ ကိုကိုးကျွန်းပို့ခံရတာ (အိမ်စောင့်ခေတ်)စတဲ့ ဒီမိုကရေစီဝဋ်ဒုက္ခတွေက တပုံကြီးပါ။ စစ်အစိုးရခေတ်မှာ အကုန်ဖမ်း အကုန်ပိတ်လုပ်တဲ့ဒုက္ခကတော့ တမျိုးအေးတာပါပဲ။
ခုလဲ ၁၉၆၂ အာဏာမသိမ်းမီ ခေတ်ဟောင်းပုံစံ အစိုးရလက်ဝေခံဂျာနယ်တိုက်တွေရဲ့ လွတ်လပ်ခွင့်၊ မျက်နှာစာမှာ အစိုးရအလိုကျရေးပီး အပြင်ကိုသတင်းရောင်းစားတဲ့ သာကူးသတင်းလောကနဲ့ ပြည်ပအကူးအသန်းတွေက ထူးမခြားနားဇာတ်ခင်းနေပြန်ပါပီ။ သူ့အကျိုးစီးပွား တိုက်ရိုက်မထိသရွေ့ သိသိကြီးနဲ့ လွှတ်ပြထားပီး သတင်းပြန်နှိုက်နေတဲ့ အာဏာပိုင်များရဲ့ ကွန်ယက်က အာဝါးကွန်ယက်တွေထက် ပိုခိုင်ပါလိမ့်မယ်။
“အထက်ဗမာပြည်မှာ ကွန်မြူနစ်အားကောင်းတာ လူထုသတင်းစာကြောင့်” ဆိုတဲ့ ကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးတို့ရန်ငြိုးအကြောက်တရားကောင်းမှုနဲ့ ထောင်ထဲ ၃ နှစ်လေ့လာရေးဖဲလိုးရှစ်ရတဲ့ ဦးလှရဲ့ ထွက်ကုန် လေနှင့်အတူကနေ ထောင်နှင့်လူသား (၁၉၅၇ စာပေဗိမာန်ဆုရ)၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ (၁၉၅၈) (ယူနက်စကိုဆုရ)၊ ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းမှပေးစာများ (၁၉၅၈)၊ အားလုံးကောင်းကြရဲ့လား (၁၉၅၉)၊ စစ် အချစ်နှင့်ထောင် (၁၉၆၀)၊ စစ်ပြီးစက ထောင်တံခါး (၁၉၆၈)၊ ၁၉၇၁ မှာ မနီးတဲ့ဘ၀ခရီးထိ ထောင်စာအုပ်တွေက ထောင်အရာရှိတွေ တခြားစာရေးဆရာတွေ ရေးတတ်တဲ့ မှုခင်းနဲ့ သဲထိတ်ရင်ဖိုစာအပေါစားတွေနဲ့မတူ လူမှုစီးပွားမတည်ငြိမ်တဲ့ ခေတ်ပျက်ကြီးမှာ ထမင်းမငတ်ရေး ရုန်းကန်နေရတဲ့ သာမန် တောသူတောင်သား စစ်ပြေးဆင်းရဲသားတွေဘဝကို ပြနေတာပါ။ မြန်မာစာပေမှာ နိုင်ငံရေး အနုပညာစတာတွေနဲ့ မထင်ရှားတဲ့ သာမန်လူတွေအကြောင်း ဖြစ်ရပ်မှန်ရေးချယ်ပြတဲ့ စာပေတမျိုး လမ်းစပေါ်လာတာ ဖဆပလလူညစ်ကြီးများကျေးဇူးပါ။ အနှစ် ၄-၅၀ ပြန်ရိုက်ခွင့်မရတဲ့စာတွေကို ထုတ်ခွင့်၊ အကျဉ်းဦးစီးက နရသိန်မဂ္ဂဇင်းမှာ တောင်းထည့်နေတာက လက်ရှိအာဏာရများ ကျေးဇူးတော်ပါပဲ။
လက်ရှိ ပါတီစုံအစိုးရယန္တရားသစ်မှာ ဖဆပလကို ကူးချနည်းယူထားတာတွေ အများကြီးမို့ ဦးလှမှန်းသလို ကျောင်းတံခါးတွေဖွင့်ပီး ထောင်တံခါးတွေပိတ်ဖို့ လူတွေချောင်လည်ဝပြောတဲ့တခေတ်ရောက်ဖို့ (စာပေစာနယ်ဇင်းတွေ လွတ်လပ်လာဖို့)ကတော့ အပုံကြီးလိုပါသေးတယ်။ လက်ဝါးကြီးအုပ်နိုင်ငံရေး၊ အကြမ်းဖက်ခါးပိုက်ဆောင်တပ်တွေ၊ လက်ဝေခံစီးပွားရေးသောင်းကျန်းမှု၊ ပြည်ပသြဇာခံ ဆရာမွေး (အရင်ခေတ်က အမေရိကန်၊ဆိုဗီယက်၊ အခုခေတ် တရုတ်၊အာစီယံ..)၊ ပြည်သူတွေ တိုင်းရင်းသားတွေကို တန်းတူရည်တူနိုင်ငံရေးလွတ်လပ်ခွင့်တောင်းဆိုခွင့် မပေးဘဲ တောထဲမောင်းထုတ်ဖမ်းချုပ် အညွန့်ချိုးတဲ့ အနှစ် ၆၀ ကာလပျက်ကြီး အဆုံးမသတ်သရွေ့ ဒီခရီးသံသရာက ရှည်ပါအုံးမယ်။
လူထုတိုက်စာအုပ်ဖုံး အပြင်အဆင်များ မီးမလောင်ခင်ခေတ်ကို မမီတော့ပါ။
copy from http://bobolansin.wordpress.com/