Thursday, March 17, 2011

အပီနွှဲမဲ့ စင်ကာပူသင်္ကြန်ပွဲတော် ၀င်ကြေးအခမဲ့ဖြင့် ကျင်းပမည်

သင်္ကြန်အကြိုကျင်းပသော စင်ကာပူသင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲကို ၀င်ကြေးအခမဲ့ဖြင့် ကျင်းပမည်
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကြို အဖြစ် ကျင်းပမည့် စင်ကာပူသင်္ကြန် ဂီတဖျော်ဖြေပွဲကို ၀င်ကြေး အခမဲ့ဖြင့်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါပွဲတော် ကို ပင်နဆူလာ ပလာဇာတွင် ဧပြီလ ၁၀ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ကျင်းပရန် Myanmar Business Association (Singapore) မှ ကြီးမှူး ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ Lazy Club တီးဝိုင်းနှင့်အတူ ဇော်ပိုင်၊ Lလွန်းဝါနှင့် ဟေမာနေ၀င်း စသော အဆိုတော်များအပြင်သရုပ်ဆောင်တစ်ဦးလည်း ပါဝင်ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရသည်။

"မနှစ်ကလည်း စင်ကာပူ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဂီတဖျော်ဖြေပွဲအနေနဲ့ မဟုတ်ဘဲ စင်ကာပူမှာရှိတဲ့ မြန်မာတွေသင်္ကြန်ရသလေးကို အပြည့်အ၀ ခံစားစေချင်တဲ့အနေနဲ့ မြန်မာအများ စုစုဝေးတဲ့နေရာမှာ ကျင်းပမှာဖြစ်တဲ့အပြင် ၀င်ကြေးမရှိဘဲ Free Show အနေနဲ့ကျင်းပပေးမှာ ဖြစ်ပါတယ်။ လာကြည့်တဲ့ ပရိသတ်တွေကိုလည်း ကံစမ်းမဲဖောက်ပေးမယ်၊ သင်္ကြန် ကာလမှာ ကျွေးမွေးလေ့ရှိတဲ့ မြန်မာ့ရိုးရာအစားအစာတွေကို စတုဒီသာ ကျွေးမွေးမှာဖြစ်ပါတယ်"ဟု ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သူတစ်ဦး က ဆိုပါသည်။

ဖျော်ဖြေရေး အစီအစဉ်အား မွန်းလွဲပိုင်းမှ စတင်ကျင်းပမည်ဖြစ်ပြီး အဆိုတော်များ၏ ဖျော်ဖြေမှုများအကြားတွင် စင်ကာပူရှိကျောင်းများ မှ တင်ဆက်ဖျော်ဖြေမည့် ယိမ်းအဖွဲ့ ၁၀ ဖွဲ့၏ဖျော်ဖြေမှုများ၊ တစ်ခန်းရပ်ပြဇာတ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းစင်ကာပူသင်္ကြန်အား MAI နှင့် M 1 Phone ကုမ္ပဏီတို့မှ အဓိကပံ့ပိုးပေးထားကြောင်း သိရှိရပါသည်။