Friday, April 30, 2010

အဖွဲ့ ချုပ်မှထုတ်ပြန်သောမေဒေးနေ့ ကြေညာချက်

KNU နယ်မြေအတွင်း လှုပ်ရှားနေသော နအဖတပ်များ

Friday, 30 April 2010 17:07 သျှမ်းသံတော်ဆင့်
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နယ်မြေအတွင်း၌ လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့် နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာတစ်စောင်အရ သိရသည်။

Thursday, April 29, 2010

ငြိမ်းလူ - ‘လဇူလိုင်ကို ရဲဝံ့သူသာပိုင်တယ်’ နှင့် အခြားကဗျာ များ

အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ လေဖြတ်ခြင်းအပါအ၀င် ရုတ်တရက် အသက်သေဆုံးမှုများ ရှိလာ

လက်ရှိအချိန်တွင် လူအများသည်ပူပြင်းသော ရာသီဥတုနှင့်ကြုံတွေ့နေရပြီး အပူဒဏ်၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ် သည့် ရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိနေကြောင်း အများပြည်သူများထံမှ စုံစမ်းသိရှိ ရပါသည်။

Wednesday, April 28, 2010

ပါရမီတက္ကစီ ယာဉ်များအား ဗုံးသတိပေးချက်ထုတ်ပြန်

ပါရမီတက္ကစီ ယာဉ်များအား ငှားစီး၍ယာဉ်၏ နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်


ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ် အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လာကြောင်း ပါရမီတက္ကစီယာဉ်မောင်းများထံမှသိရှိရသည်။
 ယင်းမှာ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ် တွင် ပါရမီတက္ကစီယာဉ်များ အားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေးချက်များတွင် ပြည်သူ့ပျောက်ကျား တပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံး အတွင်း(သို့မဟုတ်)ကားထိုင်ခုံအောက်တွင် 'ဗုံး'ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန် စသည့်အချက် များပါရှိကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးသတိပေး ချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ် မောင်းတစ်ဦးက''အခုလုံခြုံရေးအခြေ အနေအရ ကိုယ့်ကားကို ငှားတဲ့ခရီး သည်တွေမှာ အပိုပစ္စည်းတွေအိတ် တွေ ပါလာတယ် မပါလာဘူး ဆိုတာ အမြဲတမ်းသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပို ပစ္စည်းတွေ ပါလာရင်လည်း ခရီး သည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံမစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့် မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက် ပြီးစောင့်ကြည့်နေရတာပါ''ဟုပြောကြားခဲ့သည်။
မူရင်းသတင်း http://www.first-11.com/ 
ဆက်ဖတ်ရန်အောက်သို့
======================================================
မြန်မာနိုင်ငံတွင် သဘာဝရေအရင်းမြစ် ဆုံးရှုံးမှုများပြားနေပြီး သောက်ရေသုံးရေအခက်အခဲကို ပိုမိုရင်ဆိုင်လာရဖွယ်ရှိ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် သောက်သုံးရေရရှိရေးအတွက် ရေခပ်သွားသူအချို့အပြည့်အစုံသို့

=================================================
ကာတွန်းဟန်လေးကို HRW အဖွဲ့ ဂုဏ်ပြု

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) က ချီးမြှင့်သည့် ယခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသူ စာပေ အနုပညာရှင် များထဲတွင် ကာတွန်းဆရာ ဟန်လေး ပါဝင်သည်ဟု သိရသည်။

မွန်ဒေသအနှံ့အပြားစိုးရိမ်ထိတ်လန့်နေပြီး နေရာပြောင်းရွေ့နေ

မင်းထက်အောင်၊ ကောင်းဝါ ဧပြီ ၂၈၊၂၀၁၀။
ပုံကောင်းဝါ- ဟလော့ဟနီစခန်းသို့ခြေလျှင်ခရီးတိမ်းရှောင် လာသူများနှင့် မွန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး

မင်းထက်အောင်(ဧပြီ-၂၈)။ ။ မွန်ပြည်သစ်ပါတီတပ်တည်ရှိရာဒေသများတွင် ရွာသားများ အထိတ်တလန့် ဖြစ်နေကြရပြီး မိသားစုအလိုက်နေရာပြောင်းရွေ့နေကြကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ယနေ့ဧပြီလ ၂၈ ရက်နေ့သည် နယ်ခြားမစောင့်(သို့တည်းမဟုတ်) ပြည်သူ့စစ်အသွင်မပြောင်းသော တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား စစ်အစိုးရမတရားအသင်း ကြေညာမည့်နေ့ဟု သတင်းများထွက်ပေါ်နေသဖြင့် ရွာသားများစိုးရိမ်မှု ဖြစ်ပွားနေကြရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာမှ အမည်မဖေါ်လိုရွာသားတစ်ဦးက “ရွာသားတွေဗမာစစ်တပ်အလာကို စောင့်ကြည့်နေကြတယ်၊ တိုက်ပွဲတွေဖြစ်လာမလားစိုးရိမ်ပြီး အလုပ်တွေရပ်နားထားတယ် ၊ တချို့ဆိုရင် မနက်အစောကြီးကတည်းက ထမင်းထုပ်တွေပြင်ထားကြတယ်” ဟု ပြောပါသည်။
အဆိုပါရွာသားက တိုက်ပွဲများဖြစ်ပေါ်ခဲ့လျှင် စစ်အစိုးရတပ်မှ ပေါ်တာဆွဲခြင်း၊ အဖိုးတန်ပစ္စည်းများ သိမ်းဆည်းလုယူခြင်း၊ မသင်္ကာသူများကိုဖမ်းဆီးရိုက်နှက်ခြင်းနှင့် လူမဆန်သောလုပ်ရပ်အမျိုးမျိုး ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆနေသည်။

မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်နှင့် တပ်ရင်းရုံးတည်ရှိရာသည် အဆိုပါကော့ဘိန်းရွာမှ နှစ်မိုင်ခွဲမျှသာ ဝေးကွာပါသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အနီးတဝိုက်မှ အိမ်ထောင်စု (၃၀) ကျော်ခန့် ယမန်နေ့ညနေပိုင်းတွင် ထိုင်းနယ်စပ်၊ လုလိုစခန်းဖက်သို့ ရောက်ရှိသွားကြောင်း MNDA ခေါ် မွန်အမျိုးသားကာကွယ်ရေးတပ်မှအရာရှိတစ်ဦး Satellite Phone ဖြင့် အသိပေးပြောကြား ခဲ့ပါသည်။

ထို့အတူ စစ်အစိုးရတပ်ရင်းစခန်းချရာ ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့နှင့် (၅)ကီလိုမီအကွာရှိ မွန်ပြည်သစ်ပါတီတပ်တည်ရာ ဂျပန်ရေတွင်းနှင့် ကြံတောရွာသားများသည်လည်း တိုက်ပွဲများဖြစ်ပေါ်လျှင် ထိုင်းနယ်စပ်ဖက်ဖြတ်သန်းနိုင်ရန် အထုပ်အပိုးများပြင်ဆင်ထား၍ အခြေအနေများ စောင့်ကြည့်နေကြသည်ဟု သိရသည်။

အဆိုပါဒေသ၌တာဝန်ကျနေသူ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက “မနေ့ကကြံတောမှာ ကျနော်တို့တပ်ဖြန့်ထားတာကို အစိုးရစစ်တပ်ဝင်လာတယ်လို့အထင်မှားပြီး ရွာသားတွေ ရုတ်ရုတ်ဖြစ်သွားသေးတယ်၊ နောက်တော့ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ ခုတော့အခြေအနေတွေက မနေ့ကအတိုင်းပါပဲ” ဟု ဖုန်းဖြင့် ပြောဆိုခဲ့သည်။

တစ်ဖက်တွင်လည်း ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်အဖွဲ့ဝင်နှင့်အတူ နီးစပ်သည့်မိသားစုဝင်များ ထိုင်းနိုင်ငံဖက်သို့ပြောင်းရွေ့နေကြပြီး စစ်အစိုးရတပ်ဖွဲ့များလည်း မြို့လုံခြုံရေးကိုတိုးမြင့်ချထားကြောင်း တွေ့ရှိသူအချိုးက ဖုန်းဖြင့်အကြောင်းကြားပါသည်။

တဖန် မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသတဝိုက် လက်အောက်ခံကျေးရွာများဖြစ်ကြသည့် ပနန်းပုန်၊ သုဝဏ္ဏဘုမ္မိ၊ ကျောဟပရု၊ ဂနီ၊ ဖလန်းနှင့် ဝယ်ဇင်အစရှိသော ရွာသားအများအပြား ရေးမြို့ဖက်သို့၎င်း၊ အချို့မှာထိုင်းနယ်စပ် ဟလော့ဟနီစခန်းသို့၎င်း မိသားစုအလိုက် ပြောင်းရွေ့နေကြသည်။

ယခုအခါ ဟလော့ဟနီစခန်းသို့ စစ်ပြေးတိမ်းရှောင်လာသူ ၅၂၉ ဦးရှိပြီး မိသားစုပေါင်း ၁၂၂ စု ရောက်ရှိနေကြောင်း မွန်ကယ်ဆယ်ရေးဌာနမှ ပြောကြားပါသည်။

အပစ်ရပ်မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသလို ပြည်သူ့စစ်ပုံစံမျိုးကိုလည်း အသွင်ပြောင်းမည်မဟုတ်ကြောင်း စစ်အစိုးရထံ ပြီးခဲ့သည့်ဧပြီလ ၂၂ ရက်နေ့တွင်တရားဝင် အကြောင်းကြားခဲ့ပြီးသည့်နောက် စစ်အစိုးရတပ်ချေမှုန်းခြင်းမခံမိစေရန် မွန်ပြည်သစ်တပ်ဖွဲ့များအား အမြင့်ဆုံးတပ်လှန့်ထားသည်ဟု သိရှိရသည်။

Tuesday, April 27, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ…



လူထုဦးစိန်ဝင်း

တံဆိပ်တပ်တဲ့ ၀ါသနာ…
တပည့်ကျောင်းသားဟောင်း တစ်ယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့် တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ်တစ် စောင်ကိုတွေ့တော့ သူက အံ့သြတဲ့မျက်နှာနဲ့ “ဒီဂျာနယ်လဲ ဖတ်တာပဲလားဆရာ” လို့ မေးလိုက်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း “ဆရာနဲ့ အယူအဆ ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်လား”လို့လည်း ပြော လိုက်ပါတယ်။
မတူတာ ပိုဖတ်သင့်တယ်…
သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လို့ အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုပြီးတောင် ဖတ်သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်းမတူတာနဲ့ အယူအဆချင်း မတူတာနဲ့ မကောင်းဘူး။ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့်လို့ ကိုယ်ကျိုးစီးပွားနဲ့ ရပေါက်ရလမ်း အခွင့်အရေးကို မျှော်ကိုပြီး ရေးသားတာမျိုး မဟုတ်ဘဲ၊ သူကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲ အယူအဆ ကွဲနေနေ တလေးတစား သဘောထားရမှာပါပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲဖြစ်တယ်။ ကိုယ့်အတွက် ရပေါင်းရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့ လောက်သာဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ “ပါးစပ် ဟ လိုက်တာနဲ့ အထဲမှာ အူဘယ်နှစ်ခွေရှိတယ်”ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေးမလုပ်တော့လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့ သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ စာက မဟုတ်တာ။
သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ…
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ရသေးတယ်။ ကျနော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူးဆိုပြီး ဖာလို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနာထင် အရောက်လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုးဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံရှာပစ်ပယ်ခြင်း ခံလိုက်တဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့်သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင်ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်းမရ ငြင်းလို့လည်းမရ တော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး၊ စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ “သမိုင်းရဲ့ အမှိုက်ပုံကြီး”ထဲရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်းဖြစ်၊ နှမြောစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက၊ မှားခဲ့မိတာကို အမှန်တကယ် သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်ပန်းပြုပြင်လိုက်ရင်ဖြင့်၊ အာဃာတ လုံးဝမထားပဲ ခွင့်လွတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာရှိပါတယ်။
တံဆိပ်တပ်တဲ့ ၀ါသနာ…
“ကျနော် တော့ ဒီဂျာနယ်လဲ မဖတ်ဘူး။ ဟိုစာရေးဆရာလဲ မဖတ်ဘူး။ သူတို့က အလိုတော်ရိတွေမှန်း သိသာနေတာပဲ ဆရာရဲ့” ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင် သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကိုဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမားကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်းဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကိုလည်း ဘာကဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်လာတဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ၊ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဖက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ပဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ ပြောရင်သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုပဲကွဲကွဲ၊ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစ်စောင်ပဲ။ လူပြိန်းကြိုက် သည်းခြေခိုက်စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့မှ ဘယ်သူ့ကို ဖြစ်ဖြစ်အလွယ်တကူ “တံဆိပ်တပ်” တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ “အလိုတော် ရိ”လို့ သူက ပြောခဲ့တာကိုး။
တံဆိပ်တိုင်း မှန်တာမဟုတ်…
“တံဆိပ်တပ်”တဲ့ အလုပ်ကို ကျနော်တို့ လူမျိုးက တော်တော် ၀ါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ၊ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အန်တီပဲ၊ ဂန္တ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ “တံဆိပ်”တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခု၊ တဆင့်ကြား စကား တစ်ခု၊ ကောလဟာလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာ ပါပဲ။ အသက် (၇၀)တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့တွေအရ ပြောရမယ်ဆိုရင် အဲဒီလို “တံဆိပ်တပ်”မှု အတော်များများဟာ လုံးဝ မမှန်တာတွေ ဖြစ်တယ်ဆိုတာပါပဲ။ လူအတော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ “တံဆိပ်တပ်”ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်။ ကွန်မြူနစ် မတ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို၊ နောက်ပိုင်း သူတို့ရေးသားတဲ့ (နိဗိန္ဒ)စာတွေ ဖတ်ရတော့ သိလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ “တံဆိပ်တပ်”ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ “တံဆိပ်တပ်” ထားသလို မဟုတ်ကြောင်း ပေါ်လာကြတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ တံဆိပ်တစ်မျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ “အင်ဖေါ်မာ”(informer)ဆိုတဲ့ တံဆိပ်ပါ။ တစ်ဦးတစ်ယောက်ကို ကိုယ့်စိတ်က မသင်္ကာ ဖြစ်လာတာနဲ့၊ သူက “အင်ဖေါ်မာ” ပဲ “သတင်းပေး”ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့ တာပါပဲ။
လွယ်လွယ်တံဆိပ် မတပ်နဲ့….
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက “သူရဲကောင်း”လို့ တံဆိပ်တပ်ပေးထားသူတွေက တကယ်တမ်းကျ “အင်ဖေါ်မာ”ဖြစ်လို့ဖြစ်၊ အများက “အင်ဖေါ်မာ”တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ်ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖေါ်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့်လို့၊ ရိုးသားသူကို “အင်ဖေါ်မာ”ဆံဆိပ်တပ်လိုက်တဲ့အတွက်အတပ်ခံရသူရဲ့တစ်ဘ၀လုံးထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ရှိပါတယ်။ အဲဒါကြောင့် တစ်ဖက်သားကို လက်လွတ်စပယ်နဲ့ “တံဆိပ်တပ်”တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တစ်ခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိပ် စောင့်ကြည့်အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိရတာမျိုး မဟုတ်ဘဲနဲ့ အခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတစ်ယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမြာ တစ်ဘ၀လုံး ခေါင်းမဖေါ်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း ကြီးစွာ စိတ်မကောင်း ဖြစ်ရတတ်ပါတယ်။
အဲ၊ တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ “လူပြောမသန် သူသန်မပြော”လို့ပဲ သဘောထားလိုက်ပါ။ သူတော်စင် သူတော်ကောင်းများဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲ။ အနာဂစ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖေါ်မြွတ်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ “ကိုယ့်ကိုယ်ကိုယ်ဖေါ် မသူတော်”လို့ ဆိုတဲ့ ရှေးလူ သူမတို့ စကား အရှိသား မဟုတ်လား။

မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ ပြောဆိုလာသူ

                                                                  

သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီး
ဝါရင့် သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီးနှင့် တွေ့ဆုံခြင်း ၂ဝ၁ဝ ဧပြီ (၁၉)ရက်နေ့တွင် ဝါရင့်သတင်းစာ ဆရာကြီး တက္ကသိုလ်ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်။ ဆရာ တက္ကသိုလ်ကိုကိုကြီးသည် သတင်းစာ လောကသို့ အသက်(၂ဝ) အရွယ်တွင် ဝင်ရောက်ခဲ့ပြီး သူ၏ သတင်းစာဆရာ ဘဝကို (သတင်းထောက်) ဘဝဖြင့် စတင်ခဲ့သည်။ သတင်းစာလောကတွင် နှစ်ပေါင်း များစွာ ကျင်လည်ခဲ့ပြီး (ဟန်ဂေရီ)နိုင်ငံမှ သတင်းစာ ပညာဒီပလိုမာဘွဲ့ကို (၁၉၇ဝ) ခုနှစ်တွင် ရရှိခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲအကြို ပြည်တွင်းထုတ် မီဒီယာ များတွင် နိုင်ငံရေးနှင့် ဆက်နွယ်သောသတင်းများကို ဖော်ပြလာချိန်တွင် နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမား နှင့် ပြည်သူလူထုကို အဓိက ဆက်သွယ်ပေးသူမှာ မီဒီယာများဖြစ်သည်။ ယင်းမီဒီယာများသည် ဘက်လိုက်သင့်သလား၊ ကြားနေသင့်သလား၊ အမှန်အတိုင်း တင်ပြသင့်သလား စသော မီဒီယာ၏ အခန်း ကဏ္ဍသည် ယနေ့အချိန်တွင် အရေးကြီးလာသည်ဟု လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ထင်မြင်ယူဆမိပါသည်။ မီဒီယာ အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာဆရာ များတွင် တစ်ယောက် အပါအဝင်ဖြစ်သော၊ သတင်းစာဆရာ အဖြစ် ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့သော သတင်းစာဆရာ လုပ်သက် နှစ်(၅ဝ)ရှိခဲ့သော ဆရာ တက္ကသိုလ်ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာ သတင်းစာဆရာဘဝအစကို အရင်ဆုံးပြောပြပေးပါဆရာ။
ဖြေ။ ။ ၁၉၅ဝ ကျော်ကာလမှာ ကျွန်တော်က အားကစားကို ဝါသနာပါတယ်။ ဘောလုံးပွဲတွေလည်း အတော်လေး ကြည့်တဲ့အချိန်။ အဲဒီအချိန်မှာ မဏ္ဍိုင်သတင်းစာက ဆရာဦးထိန်လင်း၊ ဆရာ ဦးထွေးအောင်တို့နဲ့ ဘောလုံးပွဲကြည့်ရင်း ခင်မင် ရင်းနှီးလာတယ်။ ဘောလုံးပွဲ ကြည့်တဲ့အခါ အတူတူ ကြည့်တယ်။ အတူတူပြန်တယ်။ ရန်ကုန်ဘူတာကြီး ကနေ အတူတူ ပြန်ကြတယ်။ အဲဒီမှာ သူတို့နဲ့ ဘောလုံးပွဲ အကြောင်းတွေ ပြောရင်း ခင်မင်သွားတယ်။ အဲဒီမှာ ဦးထိန်လင်းက မင်း အားကစား ဝါသနာပါတာပဲ။ အားကစားအကြောင်း ဆောင်းပါးလေး ဘာလေး ရေးပါလားဆိုတာနဲ့ ကျွန်တော် မဏ္ဍိုင်သတင်းစာမှာ ဘောလုံးဆောင်းပါးလေး စရေးဖြစ်တယ်။ ''ဆိုဗီယက်ပြည်ထောင်စုရဲ့ ဘောလုံးလောကအကြောင်း''စရေးဖြစ်တယ်။ အဲဒီမှာရေးရင်းနဲ့ ပြည်တွင်းအားကစား သတင်းတွေရေးဖြစ်တယ်။ နောက်သူတို့နဲ့ အဆက်အသွယ်ရပြီး မဏ္ဍိုင်မှာ အားကစား သတင်းထောက် စလုပ်ခဲ့တယ်။ ၁၉၅၅-၅၆ ကာလတွေမှာပါ။ ကျွန်တော်က တက္ကသိုလ်လည်း တက်နေတဲ့ အချိန်ဆိုတော့ အားကစားသတင်းတွေ ရေးတယ်။ အားကစားဆောင်းပါးတွေရေးပေးတယ်။ နောက်တစ်ခါ ဘွင်းဘွင်း သတင်းစာအတွက် ဘောလုံး သတင်းတွေရေးဖြစ်တယ်။နောက် ၁၉၅၉ ဗန်ကောက်မှာ လုပ်တဲ့ ပထမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဘွင်းဘွင်း သတင်းစာ ကိုယ်စားပြုပြီး ကျွန်တော်သွားရတယ်။ ကျွန်တော်ရယ်၊ ဦးထိန်လင်းရယ်၊ ဟံသာဝတီက ကိုသန်းညွန့်ရယ် သုံးယောက် သွားကြတယ်။ ကျွန်တော့်ရဲ့ သတင်းစာဆရာဘဝ အစကတော့ အားကစား သတင်းထောက်ဘဝနဲ့ စခဲ့တယ်။ အားကစားသတင်းကို ကျွန်တော် နှစ်အတော်ကြာကြာ ရေးခဲ့တယ်။ နောက်တံခွန်ဂျာနယ်ကို စထောင်တဲ့ထဲမှာ ပါခဲ့တယ်။ တံခွန်ဂျာနယ် ဆိုတဲ့ အမည်ကိုလည်း ကျွန်တော်ပဲရွေးပြီး ပေးခဲ့တာ။
မေး။ ။ ဆရာ သတင်းစာဆရာ ဘဝနဲ့ ဘယ်ခေတ်တွေကို ဖြတ်သန်းခဲ့ရပါသလဲ ဆရာ။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေကို ပြောပြပါဦး။
ဖြေ။ ။ ဖဆပလ နှောင်းပိုင်း၊ ပါလီမန်ဒီမိုကရေ စီခေတ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်။နဝတခေတ်။ နအဖ ခေတ်။ ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။
မေး။ ။ ဆရာ အဲဒီခေတ်တုန်းက နေ့စဉ်ထုတ် သတင်းစာ ဘယ်နှစ်စောင်လောက်ရှိလဲ။
ဖြေ။ ။ ကျွန်တော် မှတ်မိသလောက် နေ့စဉ်ထုတ် သတင်းစာ အစောင်(၂ဝ) လောက်ရှိမယ်။
မေး။ ။ အဲဒီခေတ်တုန်းက အစိုးရကထုတ်တဲ့ သတင်းစာ ဘာတွေရှိခဲ့လဲ။
ဖြေ။ ။ အဲဒီခေတ်တုန်းက အစိုးရက ထုတ်တဲ့ သတင်းစာဆိုတာ မရှိဘူး။ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ သတင်းစာတော့ ရှိတယ်။ မဏ္ဍိုင်သတင်းစာ ဆိုရင် ဖဆပလကို ကိုယ်စားပြုတယ်။ ဖဆပလရဲ့ အသံကို အဓိကထားတယ်။ ပြည်ထောင်စု သတင်း စာဆိုရင် သန့်ရှင်းဖဆပလကို ကိုယ်စားပြုတယ်။ ၁၉၅၈-၆ဝ ကာလကျတော့ ဦးနုကို ထောက်ခံတဲ့ သတင်းစာရှိတယ်။ အိုးဝေသတင်းစာ ဆိုရင် ဦးနုကို ထောက်ခံတဲ့ သတင်းစာ အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက် ဖဆပလဘက်က ဆိုရင် မဏ္ဍိုင်သတင်းစာဟာ ဖဆပလရဲ့ အာဘော်လို့တောင် ပြောလို့ရတယ်။ ဖဆပလအဖွဲ့က ငွေကြေး အကုန်အကျခံပြီး ထုတ်တယ်။ နောက်ပိုင်းကျတော့ ဖဆပလအဖွဲ့ချုပ်က နေပြီး မဏ္ဍိုင်သတင်းစာကို ဦးထွန်းဝင်းကို လွှဲပေးလိုက်တယ်။
မေး။ ။ အဲဒီခေတ်က သတင်းစာပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေအကြောင်း ပြောပြပေးပါဦးဆရာ။
ဖြေ။ ။ အဲဒီခေတ်တုန်းကတော့ သင်တန်းတွေ မတက်ခဲ့ရဘူး။ ဖဆပလခေတ်တုန်းကတော့ ဘာ သင်တန်းမှမရှိဘူး။ ကိုယ့်ဘာသာကို လက်တွေ့ ကွင်းပေါ်မှာ၊ လုပ်ငန်းခွင်ပေါ်မှာပဲ ကိုယ့်လက်တွေ့နဲ့ ကိုယ်ရေးရသားရတယ်။ ကျွန်တော် သင်တန်း တက်တာက ကြေးမုံကို ပြည်သူပိုင်သိမ်းပြီးတော့မှ။ အဲဒီတုန်းက တက္ကသိုလ်မှာဖွင့်တဲ့ သင်တန်းတွေတော့ ရှိတယ်။ နှစ်လည်း သိပ်မကြာလိုက်ဘူး။ ကျွန်တော်က အဲဒီတုန်းက တက္ကသိုလ်တက်နေတော့ သင်တန်းလည်း မတက်ဖြစ်ခဲ့ဘူး။ နောက်ကျတော့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဖွင့်တဲ့ ကမ္ဘာအေး သင်တန်းမျိုးတော့ ရှိတယ်။ ကျွန်တော် မတက်ဖြစ်ခဲ့ဘူး။ ၁၉၆၆ မှာ ကြေးမုံကို ကျွန်တော် ရောက်တယ်။ ကြေးမုံကို စာမေးပွဲ ဝင်ဖြေရသေးတာနော်။ အဲဒီအချိန်တုန်းက ရပ်သွားတဲ့ သတင်းစာ တွေကနေ အပြင်မှာ ရောက်နေတဲ့ သတင်းစာ ဆရာတွေ ဝင်ဖြေကြရတယ်။ ဝင်ဖြေတော့ ကြေးမုံမှာ ကျွန်တော် အားကစား သတင်းထောက် အနေနဲ့ တာဝန်ယူရတယ်။ အဲဒီနောက်ပိုင်း ၁၉၆၇ မှာ ပြန်ကြားရေး ဝန်ကြီးဌာနကနေ စာပေဗိမာန်မှာဖွင့်တဲ့ သတင်းစာပညာ အတတ်သင်တန်းကျောင်း သင်တန်း ပထမအပတ်မှာ ကျွန်တော်တို့ တက်ခဲ့ရတယ်။
မေး။ ။ အဲဒီခေတ်က သတင်းစာပညာ သင်တန်း ပထမအပတ်မှာ ဆရာနဲ့ အတူတူ တက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲဆရာ။
ဖြေ။ ။ အဲဒီခေတ်က ကျွန်တော်နဲ့အတူတူ သတင်းစာပညာ သင်တန်း တက်ခဲ့တဲ့သူတွေက ကိုခင်မောင်ထွေး (ခင်မောင်ထွေး-ပျဉ်းမနား)၊ နောက်မောင်ပေါ်ထွန်း ချစ်စံဝင်း၊ စာရေးဆရာ မောင်ဝံသ တို့က ကျွန်တော်နဲ့ အတူတူ သတင်းစာ သင်တန်း ပထမအပတ်မှာ တက်ခဲ့တဲ့ သင်တန်းသားတွေဗျ။
မေး။ ။ ဆရာ့ကို ဟန်ဂေရီကိုကိုကြီးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။
ဖြေ။ ။ ၁၉၇ဝ မှာ အဲဒီသတင်းစာ သင်တန်းကနေ ထပ်ဆင့်ရွေးပြီး ဟန်ဂေရီကို လွှတ်တယ်။ သတင်းစာပညာ သင်တန်းတက်ဖို့။ ကျွန်တော်ရယ်၊ ဦးစောမြင့် (ယခုကွယ်လွန်)ရယ်။ နှစ်ယောက် တစ်နှစ် သင်တန်း တက်ခဲ့ရတယ်။ ဟန်ဂေရီကနေ သတင်းစာ ပညာဒီပလိုမာ ဘွဲ့ရခဲ့တယ်။ အဲဒါကို မူတည်ပြီး သတင်းစာလောကက လူတွေက ကျွန်တော့်ကို ဟန်ဂေရီကိုကိုကြီး၊ ဟန်ဂေရီကိုကိုကြီးလို့ ခေါ်ကြတာပေါ့။
မေး။ ။ ဆရာ့ရဲ့ သတင်းစာဆရာဘဝ တစ်လျှောက် အမှတ်ရစရာလေး တစ်ခုလောက် ရှိရင် ပြောပြပေးပါဆရာ။ ဖြေ။ ။ ကျွန်တော့်သတင်းစာဆရာ ဘဝတစ်လျှောက် အမှတ်ရစရာ တစ်ခုကတော့ ၁၉၈၃ ခုနှစ်၊ အာဇာနည်ကုန်း ဗုံးပေါက်မှုပါပဲ။ အဲဒီတုန်းက တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာပြည်ကိုလာလည် တယ်။ သမ္မတနဲ့အတူ ဝန်ကြီးအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများပါတယ်။ အဲဒီ အဖွဲ့လာတော့ သူတို့ အစီအစဉ်ထဲမှာ အာဇာနည် ကုန်းကို အလေးလာပြုဖို့ အစီအစဉ် ရှိတယ်။ ကျွန် တော်ကလည်း တောင်ကိုရီးယား သတင်းစာဆရာတွေကို ဆက်သွယ်ရေး တာဝန်ယူထားရတယ်။ အဲဒီတုန်းက ဆက်သွယ်ရေးတာဝန်ကို ကျွန်တော်နဲ့ အတူတူ ယူရတာက ဦးစပ်ကိုင်ဖ။ နောက်မြန်မာ့ သတင်းစဉ်က ဦးခင်မောင်မြင့်။ ဦးဇော်မြင့်။ အဲဒီနေ့မှာ ကျွန်တော်တို့က အင်းယားလိတ် ဟိုတယ်မှာ ရှိနေတယ်။ တောင်ကိုရီးယား သတင်းစာဆရာတွေ ကိုလည်း အင်းယားလိတ်မှာပဲ ထားတယ်။ တောင်ကိုရီးယား သတင်းစာဆရာ အဖွဲ့က ကြိုတင်ရောက် နေကြတယ်။ ကျွန်တော်က မြန်မာ့အလင်း သတင်းစာမှာ အလုပ် လုပ်နေချိန်။ မနက် ပိုင်းကျတော့ တောင်ကိုရီးယား သတင်းစာ ဆရာအဖွဲ့နဲ့ ကျွန်တော်တို့တွေ အာဇာနည်ကုန်းကို ထွက်ခဲ့ကြတယ်။ အာဇာနည်ကုန်းကို ရောက်တော့ အာဇာနည်ကုန်းက အခြေအနေတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေ သူတို့ကို လိုက်ပြကြတယ်။ လိုက်ပြပြီးတော့ ကျွန်တော်တို့ တွေ တောင်ကိုရီးယားသမ္မတအဖွဲ့လာမှာကို စောင့်နေကြတယ်။ အဲဒီမှာ ကားတန်းတစ်တန်းက ဦးဝိစာရလမ်း အတိုင်းတက်လာပြီးတော့ အာဇာနည်ကုန်း ကိုပတ်။ မပတ်ခင်မှာ ကျွန်တော်ရယ်၊ ကိုဇော်မြင့်က ဗိုလ်စိန်မှန်ဂူနားမှာ ရပ်စောင့်နေကြတယ်။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်) ကြေးမုံကိုတင်ကြိုင် ပေါ့။ ကျွန်တော်တို့နဲ့ စကားပြောပြီး ဓါတ်ပုံရိုက်ဖို့ နေရာကောင်းယူဦးမယ် ပြောပြီး ကျွန်တော်တို့နားက ထွက်သွားတယ်။ ကားတန်းကလည်း အာဇာနည်ကုန်း အဆောက်အဦအတွင်းလည်း ရောက်ရော ဗုံးထပေါက်တာပဲ။ ကျွန်တော်နဲ့ ဗုံးပေါက်တဲ့နေရာက ပေ ၁၅ ပေ ၂ဝ လောက်ပဲ ဝေးမယ်။ ဗုံးပေါက်တဲ့ အချိန်မှာ ကျွန်တော်နဲ့ကိုဇော်မြင့်နဲ့က ဗိုလ်စိန်မှန် ဂူနားမှာ မှောက်လိုက်ကြတယ်။ မှောက်လိုက်ပြီး ခေါင်းပေါ်မော့ကြည့်လိုက်တော့ အာဇာနည်ကုန်း ခေါင်မိုးကြီးက ဘာမှမရှိတော့ဘူး။ ပွင့်သွားပြီ။ ကျွန်တော်လည်း ဗုံးပေါက်တဲ့ နေရာနားကို အပြေးအလွှား သွားချိန်မှာ ဝန်ကြီးဦးအောင်ကျော်မြင့်၊ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်)တို့ လဲပြိုနေတာတွေ့ရတယ်။ တခြားသူတွေလည်း လဲနေတာ တွေ့ရတယ်။ ကျွန်တော်လည်း ရှိတဲ့ကားတွေနဲ့ လဲပြိုနေတဲ့သူတွေကို ခေါ်ပြီး စစ်ဆေးရုံ(၂)ကို ပို့ပေးခဲ့တယ်။ ဆေးရုံအထိလိုက်ပြီး လိုအပ်တာတွေ ကူညီပေးခဲ့တယ်။ နောက် သတင်းစာတိုက်ကို ပြန်ရောက်တော့ ဖြစ်ရပ်တွေကို ပြန်ပြောပြတယ်။ အဲဒီ ဖြစ်ရပ်ကတော့ ကျွန်တော့် သတင်းစာသမားဘဝ တစ်လျှောက်မှာ မှတ်မှတ်ရရ အဖြစ်ဆုံးပါပဲ။
မေး။ ။ ဆရာက အဲဒီတုန်းက မြန်မာ့အလင်း သတင်းစာမှာဆိုတော့ အဲဒီ ဖြစ်ရပ်တွေကို သတင်းစာထဲမှာ ပြန်ရေးခဲ့သေးလား။
ဖြေ။ ။ ရေးလို့မရဘူး။ ကျွန်တော်တို့ အစစ်ခံရတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစစ်ခံရတယ်။ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ဖြစ်ရပ်အားလုံးကို ပြန်အစစ်ခံရတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ကို ပြန်စစ်တယ်။ ဖြစ်ရပ်အမှန်ကိုပေါ့ဗျာ။ ဖြစ်ရပ်ကိုပေါ့။
မေး။ ။ ဆရာက အဲဒီတုန်းက ဗုံးပေါက်ကွဲမှုမှာ သတင်းစာဆရာတွေ ဘယ်သူတွေ ဆုံးသွားလဲ။
ဖြေ။ ။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်)အဲဒီနေရာမှာပဲ ဆုံးသွားတယ်။ နောက်ရုပ်ရှင်ကော်ပိုရေးရှင်းက ကိုအုန်းကျော် ဆိုတဲ့လူလည်း အဲဒီမှာပဲဆုံးသွားတယ်။ ကျွန်တော်တို့က အဆောက်အဦ အပြင်မှာ ဆိုတော့ ကျွန်တော်တို့က လွတ်သွားတယ်။ သူတို့က အဆောက်အဦအထဲမှာ မလွတ် တော့ဘူးပေါ့။
မေး။ ။ ဆရာ မီဒီယာသမား တစ်ယောက်ဟာ ဘက်လိုက်သင့်ပါသလား။ ဖြေ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းပြောရမယ်။ ဘယ်နေရာမှာမဆို ဘက်လိုက်မှုနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ သို့သော် သတင်းစာသမား၊ မီဒီယာသမား ကတော့ ကြားမှာနေသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မီဒီယာသမားဆိုတာက နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးတဲ့ သူတွေလေ။ နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပြည်သူရဲ့ဆန္ဒ၊ သဘောထား၊ အမြင်တွေကို တင်ပြပေးရသလို၊ နိုင်ငံတော်က ပြည်သူကို သိစေချင်တဲ့၊ ပြည်သူအတွက် လုပ်ဆောင်ပေးနေတဲ့ ကိစ္စတွေကို ပေါင်းကူး ဆက်ဆံပေးရတဲ့ အနေအထားလေ။ အဲဒီကြားမှာ ဘက်မလိုက်သင့်ဘူး ဆိုတဲ့ ခံယူချက်ကိုတော့ မီဒီယာသမားက စွဲကိုင်ထားဖို့တော့ လိုတာပေါ့။ ပြည်သူ့ အကျိုးစီးပွားအတွက် ဆိုရင်တော့ မီဒီယာသမားက ပြည်သူ့ဘက်က ဘက်လိုက်သင့်တယ်၊ ရပ်တည် ပေးရမယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူ့အကျိုး စီးပွားအတွက် ဆိုရင်တော့ ပြည်သူ့ဘက်က မီဒီယာသမားတွေ အနေနဲ့ ဘက်လိုက်သင့်တယ်။
မေး။ ။ မီဒီယာက အမှန်ကိုအမှားဖြစ် အောင်ပြောနေရင် အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲဆရာ။
ဖြေ။ ။ မီဒီယာက အမှန်ကို အမှားဖြစ်အောင် ပြောနေတယ်ဆိုတာက ဘယ်လို မီဒီယာမျိုးလဲဆို တာပေါ် မူတည်တာပေါ့။ အမှားကြီးပဲ ပြောလာရင် အမှားကို အမှန်ထင်တဲ့သဘောသဘာဝက ရှိတယ် လေ။ အမှားတွေကိုများများ ပြောလာပါများရင် ကြာလာတော့ ဒါတွေဟာ မှန်များမှန်မလားမသိဘူး ဆိုပြီး တွေးလာတတ်တယ်လေ။ ဒါတွေက မဖြစ်သင့် တဲ့၊ မလုပ်သင့်တဲ့ ကိစ္စတွေပဲ။ မြောက်မြားစွာသော အမှားတွေကို အမှန်ထင်လာအောင်၊ ခေါင်းထဲ စွဲသွားအောင် လုပ်တာမျိုးကတော့ မပြုသင့် မပြုအပ်တဲ့ လုပ်ရပ်ပဲ။ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုမယ့်သူ တစ်ယောက် အနေနဲ့ကတော့ ကိုယ်လုပ်တဲ့ အလုပ်က မှန်သလား၊ မှားသလားဆိုတာကတော့ ချင့်ချိန် ဖို့လိုတာပေါ့။ အဓိကအားဖြင့် ပြည်သူနဲ့ နိုင်ငံတော်ကြားမှာ ပေါင်းကူးပေးရတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍဟာ အမှန်ကို အမှန်ပဲ ပြောသင့်တယ်။ အမှန်ကို အမှန်ပဲ ဖော်ပြသင့်တယ်။ အမှန်ကိုပဲသိအောင် ဆောင်ရွက်သင့်တယ်။ ဒါမှသာလျှင် သမာသမတ်ကျတဲ့ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် ဖြစ်မှာပေါ့။ မဟုတ်ဘဲနဲ့အမှားကိုပဲ ဆက်ကာဆက်ကာ ဖော်ပြပေးနေတယ်ဆိုရင် ပြည်သူ အပေါ်မှာ မှန်ကန်တဲ့ ပြုကျင့်မှု မဟုတ်ဘူးလေ။ သတင်းစာ၊ မီဒီယာဆိုတာက ပြည်သူတွေ ခံစားနေရတဲ့ အနေအထား၊ ပြည်သူတွေ ရင်ထဲမှာ ရှိနေတဲ့ ခံယူချက်၊ ပြည်သူတွေရဲ့ လိုလား တောင့်တချက်တွေကို ဖော်ပြပေးသင့်တာပေါ့။ ဒါမှသာလျှင် သတင်းစာသမား ကျင့်ဝတ်နဲ့အညီ သတင်းစာသမားကောင်း တစ်ယောက် ပီသမှာပေါ့။
မေး။ ။ သတင်းစာသမား တစ်ယောက်ရဲ့ ကျင့်ဝတ်တွေက အချက် ဘယ်လောက်လဲရှိလဲ။
ဖြေ။ ။ အချက်ရယ်လို့ ပြောရရင်တော့ အများကြီး ပဲဗျ။ ဒီအပေါ်မှာ ပြုကျင့်တဲ့အနေအထား၊ ရပ်တည် တဲ့ အနေအထား။ သူဘယ်လိုပေါ်မှာ ရပ်တည်သလဲ။ ဘယ်သူ့ဘက်က ရပ်တည်သလဲ။ ဘယ်ရပ်တည်ချက် နဲ့ သူလုပ်ကိုင်နေသလဲ။ ဒီအပေါ်မှာ တည်နေတာ ကို။ သူ့အကျင့်စာရိတ္တပေါ်နဲ့ရပ်တည်ချက် ကောင်း သလား။သူဦးတည်တဲ့ လမ်းကြောင်းကကော မှန်ကန်သလား။ ဒါတွေကိုကြည့်ပြီး၊ ရပ်တည်ချက် ကိုကြည့်ပြီး သတင်းစာသမားကောင်းတစ်ယောက် ဆိုတာကို ပြောရမှာပါ။ သတင်းစာဆိုတာ ပြည်သူ တွေရဲ့ နားမျက်စိဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မျက်စိထဲမှာ အမှန်ကိုမြင်အောင်၊ ပြည်သူတွေရဲ့ နားထဲမှာ အမှန်ကို ကြားအောင် ကိုယ်ကလုပ်ပေးရ မယ်။ ဒါကိုမှ လုပ်မပေးဘူး၊ ဒါကိုမှ လမ်းလွှဲတဲ့ အနေအထားကို တွန်းပို့မယ်ဆိုရင်တော့ ဒါဟာ သတင်းစာဆရာကောင်းတစ်ယောက်လို့ ပြောလို့ မရဘူး။
မေး။ ။သတင်းစာဆရာ စစ်စစ် မြန်မာပြည်မှာ ရှိလားဆရာ။
ဖြေ။ ။ အများကြီးရှိပါတယ်။ သတင်းစာဆရာ ကောင်းတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သတင်းစာဆရာစစ်စစ်တွေ အများကြီးရှိနေပါတယ်။ ရပ်တည်နေကြပါတယ်။ သူတို့ရဲ့ရပ်တည်ချက်တွေ မှန်တယ်မမှန်ဘူးဆိုတာ သူတို့ရဲ့သမိုင်းက အဆုံး အဖြတ်ပေးသွားမှာပါ။
မေး။ ။ သတင်းစာဆရာတစ်ယောက် အနေနဲ့ ဒီနေ့ခေတ် လူငယ်သတင်းသမားတွေ ကို ဘာပြောချင်လဲဆရာ။
ဖြေ။ ။ မီဒီယာသမားကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာက ပထမဦးဆုံးကိုယ့်ရဲ့ရပ်တည်ချက် မှန်ကန် ဖို့လိုတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက် မှန်ကန်မှသာလျှင် ကိုယ့်ရဲ့လုပ်ဆောင်ချက်က မှန်ကန်မှာလေ။ ကိုယ့် လုပ်ဆောင်ချက် မှန်မှသာလျှင် ကိုယ်လမ်းညွှန်တဲ့၊ ကိုယ်ဦးဆောင်မှုပေးတဲ့ ပြည်သူကို အသိပေးတဲ့ နေရာမှာ ကိုယ်မှန်မှန်ကန်ကန် သတင်းတွေပေးနိုင်မယ်။ မှန်မှန်ကန်ကန် သဘောထားတွေကို ပေးနိုင်မယ်။ မှန်ကန်တဲ့ ယူဆချက်တွေကို တင်ပြပေးနိုင်မယ်။ ပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကို ဖော်ထုတ်ပေးနိုင်မယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကြိုးစား ဆောင်ရွက်သွားမယ် ဆိုရင် အနာဂတ် လူငယ်သတင်းသမားတွေ အနေနဲ့ အများကြီး တိုးတက်သွားမှာပါ။ ဒါမှသာ အားလုံးရိုသေလေးစားတဲ့ မီဒီယာ လောကကြီး ဖြစ်မှာလေ။
မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလမှာ မီဒီယာအခန်းကဏ္ဍက ဘယ်လောက် အရေးပါသလဲဆရာ။
ဖြေ။ ။ တကယ်အရေးပါပါတယ်။ ရွေးကောက်ပွဲ တစ်ခုဟာ နိုင်ငံတော်မှာ မရှိမဖြစ် ဖြတ်သန်းသွားရမယ့် ကာလတစ်ခုပါ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ရွေးကောက်ပွဲဟာ မပါမဖြစ်ဘဲ။ ဒီရွေးကောက်ပွဲမှာ မီဒီယာတွေ က ရွေးကောက်ပွဲ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ဦးတည်ချက်တွေကို မီဒီယာသမားတွေကပဲ ပြည်သူတွေကို လမ်းညွှန် ပေးနိုင်မယ်။ ရှင်းပြနိုင်မယ်။ သတင်းပေးနိုင်မယ်။ ဒီလိုပဲ နိုင်ငံတော်က ထားရှိတဲ့ သဘောထားတွေ ကိုလည်း ပြည်သူတွေ လေ့လာနိုင်အောင်၊ ဝေဖန် အကဲဖြတ်နိုင်အောင် မီဒီယာသမားတွေကပဲ ပေးရမှာ ဖြစ်တဲ့အတွက် ဒီသတင်းစာ၊ မီဒီယာဟာ ရွေး ကောက်ပွဲအကြိုကာလမှာ အရေးကြီးသလို ရွေး ကောက်ပွဲပြီးတဲ့ ကာလမှာလည်း အရေးပါတဲ့နေရာ မှာ ရှိနေပါတယ်။ မီဒီယာတွေက ရွေးကောက်ပွဲ ကာလမှာရှိနေတဲ့နိုင်ငံရေးအနေအထား၊ တိုင်းပြည်ရဲ့ လက်ရှိအနေအထား၊ သွားရမယ့်ဦးတည်ချက် ဒါတွေကို အများပြည်သူ ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစား တွေးခေါ် ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ပေးရ မှာက မီဒီယာသမားတွေပါ။ ဘယ်ပါတီ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့ ချုပ်ကိုင်မှုကို မခံရဖို့ မီဒီယာသမားတွေ သတိထားရမယ်။ ပါတီတွေနဲ့တော့ တွေ့ရမှာပေါ့။ ပါတီတွေရဲ့ တင်ပြပေးတာတွေကို ဖော်ပြပေးသင့်တယ် ထင်တာကို ဖော်ပြပေးရမယ်။ သို့သော် ပါတီတွေရဲ့ ကြိုးဆွဲရာကို မခံရဖို့ အရေး ကြီးတယ်။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ ရွေးကောက်ပွဲကို ဖြောင့်ဖြောင့်တန်းတန်း ချောချော မွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။ လမ်းခင်းပေးနိုင်တယ်။ ဆိုတော့ ၁၉၆ဝ ကျော်လောက်က တည်မြဲသန့်ရှင်း အဓိကပြိုင်ကျတဲ့ကာလမှာ သတင်းစာသမားက အများကြီး လုပ်ခဲ့ရတယ်။ ဥပမာအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ရွေးကောက်ပွဲ အခြေအနေကို လှည့်လည် သွားပြီးတော့မှ ဝေဖန် တယ်။ အကဲဖြတ်တယ်။ သဘောထားဆန္ဒ တွေကို လိုက်တောင်းခံတယ်။ အထောက်တော် သတင်းစာ ဆိုရင် မြန်မာပြည်တစ်နံ တစ်လျားကိုသွားပြီး ဘယ်မြို့နယ်ကတော့ဖြင့် ဘယ်သူကတော့ဖြင့် အလားအလာ ကောင်းတယ်။ ဘယ်မြို့နယ်ကတော့ ဖြင့် ဘယ်အင်အားစု ကတော့ဖြင့် ဘယ်လိုအခြေ အနေရှိတယ်။ အဲဒါမျိုးတွေကိုတောင် တိုင်းပြည်ကို အချိန်မီတင်ပြနိုင်ခဲ့တယ်။ အခုလို အနေအထား ဆိုရင် မီဒီယာတွေက ဒီလိုဟာမျိုးတွေကို လုပ်နိုင် တာပေါ့။ ဒါအမှန်တွေပဲလေ။ ဘယ်သူ့ဘက်မှ လိုက်တာမှ မဟုတ်ဘဲ။ လက်ရှိအနေအထားအရ ပြည်သူတွေရဲ့ ဆန္ဒဘယ်လို ရှိတယ်။ ပြည်သူတွေ ဘယ်ဘက်ကို ယိမ်းယိုင်နေတယ်။ ဦးတည်နေတယ်။ စတဲ့ ပြည်သူရဲ့ ထင်မြင်ချက်၊ အလားအလာတွေကို မီဒီယာတွေက လုပ်ပေးလို့ ရတယ်လေ။ ဒါတွေကို လုပ်ပေးနိုင်ရင် ပြည်သူတွေက ဒီ ၂ဝ၁ဝ ရွေး ကောက်ပွဲ အလားအလာကို ခန့်မှန်းလို့ရမယ်။ တွက်ဆလို့ရမယ်။ အကဲဖြတ်လို့ရမယ်။
မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ကာလတွေမှာ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်မလဲလို့ ဆရာထင်ပါသလဲ။
ဖြေ။ ။ မီဒီယာတွေဟာ ရွေးကောက်ပွဲ အကြို ကာလမှာ အရေးပါသလို၊ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာလဲ မီဒီယာရဲ့အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဦးဆောင်မှုပေးတဲ့ အနေအထားမှာရှိတယ်။ လမ်းညွှန်မှုပေးတဲ့ အနေ အထားမှာရှိတယ်။ ပွင့်လင်းတဲ့ အနေအထားမျိုး ရောက်အောင် မီဒီယာတွေက လုပ်ဆောင်ပေးရမယ်။ ဖော်ပြပေးရမယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ပီပီပြင်ပြင် ရပ်တည်ဖို့တော့ လိုတယ်။ ရွေးကောက်ပွဲ အပြီးကာလမှာလည်း ပြည်သူယုံကြည်တဲ့ မီဒီယာ တွေဖြစ်ဖို့လိုတယ်။
မေး။ ။ သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လိုဖြစ်လာနိုင်မလဲလို့ ဆိုတဲ့ မေးခွန်းကိုလဲ ဖြေပါဦးဆရာ။
ဖြေ။ ။ အဲဒါကတော့ ထွက်ပေါ်လာတဲ့ ရလဒ် အပေါ်မှာ မူတည်တယ်။ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ ဘယ်လိုအစိုးရမျိုးဖြစ်လာမလဲ။ ဘယ်လို ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းမယ့် အစိုးရမျိုးဖြစ်မလဲ ဆိုတာ မူတည်တယ်။ ပွင့်လင်းမှုကိုပေးမယ့် အလားအလာမျိုး ရှိမလား။ ဒါဆိုရင် သတင်းစာလွတ်လပ်ခွင့် ရှိလာနိုင်မယ်လေ။ ကျယ်ကျယ်ပြန့်ပြန့် ရေးလာနိုင် မယ်လေ။ သို့မဟုတ်ဘဲနဲ့ စည်းတွေကမ်းတွေ ဘောင်တွေနဲ့ သွားမလား ဆိုတာ မသိနိုင်သေးဘူးလေ။ ဘာမှ ကြိုတင်ပြီး ပြောလို့မရသေးဘူး။
မေး။ ။ ဆရာ ဘာများပြောချင်သေးလဲ။
ဖြေ။ ။ အဓိကကတော့ဗျာ မီဒီယာသမားတွေ အနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ ပြည်သူ့ အကျိုးစီးပွားကို လုပ်ဆောင်ပေးကြဖို့၊ ရပ်တည်ပေးကြဖို့ပဲ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။ အွန်လိုင်း-ဝဏ္ဏ
လျှပ်တစ်ပြက် သတင်းဂျာနယ်မှ

Monday, April 26, 2010

ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားများ၏ လက်ကိုင်တုတ် မဖြစ်စေရန် သတိပြုသင့်

မီဒီယာသည် နိုင်ငံရေးကြော်ငြာ မထိုးမိစေရန် ဆရာလူထုစိန်ဝင်း တိုက်တွန်းထား နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး လုပ်ဆောင်ကြမည့် ပါတီဝင် လူပုဂ္ဂိုလ် အသီးသီးတို့၏ အင်တာဗျူးများသည် ဂျာနယ်များ အနေနှင့် အခမဲ့ဝါဒ ဖြန့်ပေးနေခြင်း၊ ကြော်ငြာ ခမရဘဲ ကြော်ငြာ ပေးနေကြခြင်းသာ ဖြစ်ကြောင်း ဆရာလူထုဦးစိန်ဝင်းက လျှပ်တစ်ပြက်ဂျာနယ်သို့ ပြောကြားခဲ့သည်။ နိုင်ငံရေး သတင်းများအား ဖော်ပြပေးနေသည့် ပြည်တွင်း ဂျာနယ်များသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ကိုယ်စား အခမဲ့ ဝါဒဖြန့်ပေးနေသလို ဖြစ်နေသကဲ့သို့ သတင်းထောက်များသည် ကိုယ့်ထမင်း ကိုယ်စားကာ နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားများ၏ လက်ကိုင်တုတ် အဖြစ် အသုံးချခံဘဝသို့ ရောက်မှန်းမသိ ရောက်ရှိနေကြောင်း သုံးသပ်ပြောဆိုခဲ့သည်။ ''ဘယ်နိုင်ငံရေးပါတီမဆို၊ဘယ်နိုင်ငံရေးသမားမဆိုကျွန်တော်တို့ကောင်းအောင်လုပ်မှာပါလို့ ပြောကြမှာချည်းပဲ။ ဒီမိုကရေစီရရင် ဘာလုပ်ကြမယ်ဆိုပြီးပြောကြမှာပဲ။ အဲ့ဒါတွေက သူတို့တရား ဟောတဲ့အခါ ဝါဒဖြန့်ချိတဲ့အခါမှာ သူတို့ဝါဒတွေကို လိုက်ရေးလို့ မရဘူး။ မီဒီယာတွေအနေနဲ့က ဒီနိုင်ငံရေးပါတီတွေဟာ ဘယ်လိုမူဝါဒနဲ့လုပ်မယ့်ပါတီတွေလဲ၊ နိုင်ငံရေးပါတီလုပ်မယ့် ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ။ ဒီလူတွေရဲ့ ဏမသ်ငူန ကို ပြည်သူလူထုသိအောင် လုပ်ပေးရမှာ။ အခုချိန်မှာက ရှင်းရှင်းပြောရရင် ဒီနိုင်ငံရေးလုပ်မယ့်သူတွေကို တိုင်းပြည်က ဘယ်သူမှမသိဘူး။ အဲ့ဒီလို နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ Profile ကို ပြည်သူလူထုကသိမှဘယ်သူတွေကို မဲပေးသင့်တယ်၊ ဘယ်သူတွေကို မဲမပေးသင့်ဘူးဆိုတာ ပြည်သူလူထုက ဆုံးဖြတ်နိုင်ကြမှာ''ဟု ဆရာလူထုဦးစိန်ဝင်းက လျှပ်တစ်ပြက်သတင်းဂျာနယ်မှတစ်ဆင့် အကြံပြုပြောကြားခဲ့သည်။ နိုင်ငံရေးပါတီသတင်းများသည် မည်သူက ဘာပြောသည်၊ မည်သူကဘာလုပ်မည် ဟူသည့် နိုင်ငံရေးသမားများ၏ပြောစကားများကိုသာ ရေးသားဖော်ပြကြခြင်းဖြစ်ကြောင်း ယင်းသို့ နိုင်ငံရေးသမားများ၏ပြောစကားများကို ဖော်ပြရေးသားမည့်အစား နိုင်ငံရေးပါတီများ၏ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ဝါဒများကို ပြည်သူ အများသိရှိနားလည်အောင် ရေးသားဖော်ပြပေးရန် လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ၁၉၆ဝပါတီရွေးကောက်ပွဲများတွင် မီဒီယာသတင်းသမားများသည် နိုင်ငံရေးပါတီများသို့သွားကာ အင်တာဗျူးခြင်းမရှိကြောင်း၊ မြို့တော်ခန်းမအောက်တွင် ဖွင့်ထားသည့် သတင်းထောက်အသင်း၌ နိုင်ငံရေးပါတီဝင်နိုင်ငံရေးသမားများကသာ ဏမနျ ဃသည်နမနညနန လုလုပ်ကြရကြောင်း၊ ပါတီများ၏ ဝါဒဖြန့်ကြော်ငြာများကို သတင်းထောက် အသင်းသို့ လာပို့ကြရကြောင်း (၁၉၆ဝ)ခုနှစ်၊ ဗမာ့ခေတ်သတင်းစာ၊ အိုးဝေသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ သူရိယသတင်းစာများ၏ အတွေ့အကြုံများကို ဆရာလူထု ဦးစိန်ဝင်းက ပြောပြခဲ့သည်။ ''ဆရာတို့ခေတ်မှာ ဦးလှတို့ လူထုဒေါ်အမာတို့က စည်းကမ်းထုတ်ထားတာရှိတယ်။ ဘယ်သတင်းထောက်ကမှ နိုင်ငံရေးပါတီင်္မှာ ပါဝင်ဆောင်ရွက်ခြင်းမှာ မပါခဲ့ကြဘူး။ ဦးလေးလှရဲ့တူတစ်ယောက်ရှိတယ်။ သူကနိုင်ငံရေးပါတီမှာပါခဲ့တယ်။ အဲ့ဒီပါတီမှာအမတ်ဖြစ်သွားတယ်။ နောက်ဆုံး သူ့ကိုတောင် ဆရာတို့တိုက်က ထုတ်ပစ်လိုက်တယ်။ အဲ့ဒီလိုမျိုး ဆရာတို့ခေတ်က စည်းကမ်းတိကျခဲ့တာ''ဟု ရှင်းပြပြောဆိုခဲ့သည်။ ဖိုးစိုင်း

မူရင်း SnapShot News Journal

Sunday, April 25, 2010

နယ်ခြားစောင့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်စောထိန်မောင် သဘောထားတုံ့ပြန်ချက်

နအဖ စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီမှ ဗိုလ်ချုပ်စောထိန်မောင် ပေးပို့သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန် တင်ပြပေးလိုက်ပါသည်။ အဆိုပါ ဗိုလ်ချုပ်ရဲမြင့် ထံသို့ ပေးပို့သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားသော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံ့ပြန်လိုက်သော ပြတ်သားသည့် ပေးစာတစောင်ဖြစ်ပါသည်။
KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချုပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။ ဗိုလ်ချုပ်ရဲမြင့် ကိုလည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားပါသည်။

စာပါအကြောင်းအရာများတွင် နအဖတပ်မတော်မှ ၎င်းတို့အပေါ် တောင်းဆိုထားသော အချက်များကို ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ် စောထိန်မောင်နှင့် ၎င်းတို့အဖွဲ့မှ ပြန်လည်တုံ့ပြန်ရေးသားထားချက်များ ဖြစ်သည်။ ထုတ်ပြန်ချက် အပြည့်အစုံသို့
http://sawkyawkhwi.blogspot.com .. မှကူးယူဖော်ပြသည်။

=========================================================================
တိုင်းရင်းသား FM ရေဒီယို စတင်အသံလွှင့်တော့မည်

တိုင်းရင်းသားဘာသာဖြင့်အသံလွှင့်မည့် FM ရေဒီယိုအစီအစဉ်ကို မလ(၁)ရက်နေ့တွင်စတင်အသံလွှင့်တော့မည်ဟုရေဒီယိုတာဝန်ခံတစ်ဦးမှပြောပါသည်။အဆိုပါရေဒီယိုအစီအစဉ်တွင်ဗမာဘာသာ၊မွန်ဘာသာနှင့်ကရင်ဘာသာဖြင့်အသံလွှင့်သွားမည်ဟုသိရပါသည်။
ယခင်ကအခြေအနေအကြောင်းကြောင်းကြောင့် ရေဒီယိုထုတ်လွှင့်မှုအစီအစဉ် ခေတ္တရပ်ဆိုင်းထားရ သော်လည်း ယခုအခါလိုအပ်ချက်များကို ပြင်ဆင်ပြီးစီး၍ ပြန်လည်ထုတ်လွှင့်တော့မည်ဟု အဆိုပါ ရေဒီယို တာဝန်ခံတစ်ဦးမှပြောပါသည်။

“ကျွန်တော်တို့ရေဒီယိုအစီအစဉ်ကတော့ မွန်ဘာသာဆိုရင် နံက်(၈)နာရီကနေ (၈)နာရီခွဲတစ်ကြိမ် ညနေ(၄)နာရီကနေ (၄)နာရီခွဲတကြိမ်လွှင့်ပါမယ်။ ကရင်ဘာသာကတော့ နံက်(၈)နာရီခွဲကနေ(၉)နာရီခွဲအထိ တစ်ကြိမ် ညနေ(၄)နာရီခွဲကနေ(၅)နာရီတစ်ကြိမ်လွှင့်ပါမယ်။ ဗမာအစီအစဉ်ကတော့ နံက်(၁ဝ)နာရီကနေ (၁ဝ)ခွဲအထိစ်ကြိမ် ညနေ(၆)နာရီကနေ(၆)နာရီခွဲအထိ FM (88) မီဂါဟပ်ကနေထုတ်လွှင့်သွားမှာပါ။ တစ်ပါတ် ကို(၃)ရက်ပေါ့။ သောကြာ၊စနေ၊တနင်္ဂနွေရက်တွေမှာထုတ်လွှင့်သွားပါမယ်။ အရင်ကခေတ္တ ရပ်ဆိုင်းထားရတဲ့အတွက် ရေဒီယိုပရိသာတ်တွေကို အနူးအညွတ်တောင်းပန်ပါတယ်”ဟု အဆိုပါရေဒီယို တာဝန်ခံ မှရှင်းပြပါသည်။

အဆိုပါရေဒီယိုအစီအစဉ်များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းအထိ သက် ရောက်မှုရှိသည်ဟု ရေဒီယိုအဖွဲ့ဝင်များ၏ စစ်တမ်းကောက်ယူချက်အရသိရသည်။ ၄င်းတိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်ဖြစ်မြောက်ရေးအတွက် (FTUB) ခေါ် မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ်မှ ကူညီပံ့ပိုးပေးခဲ့သည်ဟု တိုင်းရင်းသားဘာသာရေဒီယိုတာဝန်ခံမှပြောပါသည်။

Saturday, April 24, 2010

လူသတ်မှူးကြီးမကြာခင် ဦးနေ၀င်းလိုနိဂုံးချုပ်ရတော့မည်


ရန်ကုန်မြို့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သေးဆုံးသူများ၏ နောက်ဆက်တွဲ ဓါတ်ပုံများ
ရန်ကုန်မြို့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သေးဆုံးသူများ၏ နောက်ဆက်တွဲ ဓါတ်ပုံများhttp://www.sky-news.info/2010/04/bomb_24.html မှ

သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်

Saturday, 24 April 2010 22:00 သျှမ်းသံတော်ဆင့်
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။

“နအဖကအရင်စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး”ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။

ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။



မနေ့ကညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။

ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။

ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။

“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။

ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။

မွန်ပြည်သစ်ပါတီ အမြင့်ဆုံးတပ်လှန့်ထား

ပုံ-ကောင်းဝါ -မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးပြအခမ်းအနား

မင်းထက်အောင်၊ ကောင်းဝါ ဧပြီ ၂၄၊၂၀၁၀။
မင်းထက်အောင်(ဧပြီ-၂၄)။ ။ မွန်ပြည်သစ်ပါတီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အားလုံးနှင့် အုပ်ချုပ်ရေးဌာနအသီးသီးတို့အား ယမန်နေ့နံနက်ပိုင်းမှစ၍ အမြင့်ဆုံးတပ်လှန့်ထားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

ထိုင်းနယ်စပ်တစ်နေရာ၌ ယမန်နေ့တွင် သတင်းထောက်များနှင့်မွန်ပြည်သစ်ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်ပြောကြားရာ “မြို့ပေါ်မှာရှိတဲ့ရုံးတွေ ဒီနေ့ကစပြီး ပိတ်လိုက်ပြီ” ဟု ဆိုပါသည်။

သို့ရာတွင် မွန်ပြည်သစ်နယ်မြေအတွင်းသို့ နအဖတပ်များ ဝင်ရောက်ကျူးကျော်လာခြင်းမရှိသေးကြောင်း၊ စစ်အစိုးရပ်တပ်ဖွဲ့များ ပုံမှန်လှုပ်ရှားမှုသာ ရှိနေကြောင်း ဒေသအသီးသီးရှိ မွန်ပြည်သစ်တပ်များနှင့် ဆက်သွယ်မေးမြန်းချက်များတွင် ပြောဆိုကြသည်။

ယမန်နေ့မွန်ပြည်သစ်ပါတီ ထုတ်ဖေါ်ပြောဆိုချက်အရ ပြည်သူ့စစ်အသွင်မပြောင်းလဲနိုင်ကြောင်း အဆိုပါပြန်လည်အကြောင်းကြားစာကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်သက်နိုင်ဝင်းထံ လွန်ခဲ့သည့် (၂)ရက်က မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ လူလွှတ်၍စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။

ထိုသို့ လူလွှတ်စာပေးပို့ခဲ့ပြီးနောက် တိုင်းမှူးမည်သို့ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်ကို မသိရှိရသေးပေ။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ယခုလ (၂၁)ရက်နေ့တွင်အစည်းအဝေး ခေါ်ယူခဲ့ပြီး ဗဟိုကော်မတီဝင်အများစုက နအဖတောင်းဆိုချက်ကို လက်မခံဟု ဆုံးဖြတ်ကြသည်။

ပြီးခဲ့သည့်ဧပြီလ (၇)ရက်နေ့တွင် စရဖအကြီးအကဲဗိုလ်ချုပ်ရဲမြင့်နှင့် မွန်ပြည်သစ်ပါတီအကြီးအကဲများ တွေ့ဆုံခဲ့ကြရာ၌ မွန်ပြည်သစ်တပ်ဖွဲ့များ ပြည်သူ့စစ်အသွင်ပြောင်းလဲရေး ဧပြီလ(၂၂)ရက်နေ့ကို နောက်ဆုံးထား၍ ရတခတိုင်းမှူးထံ အကြောင်းပြန်ရန် ဖိအားပေးပြောကြားခဲ့သည်ပြီးနောက် မွန်ပြည်သစ်ပါတီ ဗဟိုအစည်းအဝေးခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ ဗဟိုကော်မတီအစည်းအဝေးကျင်းပချိန်သည် နာရီပိုင်းအနည်းငယ်မျှသာကြာမြင့်ခဲ့ပြီး နအဖ၏အထက်ပါ အဆိုပြုချက်ကို လက်မခံဟု ဗဟိုကော်မတီအများစုက ဆုံးဖြတ်သဘောတူခဲ့ကြသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခုနှစ်သဘောတူညီချက်များသည် နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေးသာဖြစ်ပြီး မွန်ပြည်သစ်တပ်ဖွဲ့များ တပ်နေရာတည်ရှိခွင့်နယ်မြေများကို စစ်အစိုးရသတ်မှတ်ပေးခဲ့သည်။

တဖန် နိုင်ခြေးမွန်က “၁၉၉၅ ခုနှစ်က နှစ်ဖက်လူကြီးများ ပြောဆိုခဲ့ကြတဲ့အတိုင်း အပတ်အခတ် ရပ်စဲမှုကိုဆက်လက်ထိန်းသိမ်းသွားပြီး နောင်တက်လာမယ့်အစိုးရသစ်နဲ့ တပ်နေရာချထားတာတွေ ဆက်လက်ဆွေးနွေးသွားချင်တယ်”ဟု မွန်ပြည်သစ်က တောင်းဆိုထားကြောင်း ဆက်လက်ပြောဆိုခဲ့ပါသည်။

အပစ်အခတ်ရပ်စဲနိုင်ရေးဆွေးနွေးစဉ်ကာလတလျှောက်၌ မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီနှင့်တပ်ဖွဲ့များ အနာဂတ်ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအရဆက်လက် ဆွေးနွေးသွားလိုကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရသည် တရားဝင်အစိုးရမဟုတ်သည့်အတွက် ၄င်းတို့သတ်မှတ်ပေး၍မရကြောင်း၊ နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးသွားရန်တိုက်တွန်းခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်သောကိုယ်စားလှယ်များ ပြောကြားခဲ့သည်။

 မူရင်သတင်း http://www.kaowao.org/b/index.php
------------------------------------------------------------------------------------------------------------
မွန်ပြည်သစ်ပါတီ၏ ထိမ်းချုပ်ဒေသရှိကျေးရွာသားများ ရှောင်တိမ်းနေ


ဆူးပန်း၊ ကောင်းဝါ ဧပြီ ၂၄၊၂၀၁၀။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား စစ်ရေးတင်းမာမှုရှိလာနိုင်မည်ဟု သတင်းထွက် ပေါ်နေသော ကြောင့် မွန်ပြည်သစ်ပါတီအုပ်ချုပ်ရေးနယ်မြေအတွင်းမှာရှိသည့် ရွာသားများသည် နီးစပ်ရာ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးရှောင်တိမ်းလာမှုများပြားလာသည်ဟု ဒေသခံများမှပြောပါသည်။ ထို့အပြင် မွန်ပြည်သစ်ပါတီဌာနချုပ်အနီး ရေးချောင်းဖျားဒေသဘက်မှ ရွာသားများမှာလည်း ပြောင်းလဲလာသောအခြေအနေအရပ်ရပ်ကြောင့် စိုးရိမ်ပူပန် မှုဖြစ်ပွါးနေသည်ဟု ဒေသခံများမှပြောပါသည်။ ထိုင်းမြန်မာနယ်စပ်ရှိ ခလော့ဂနီမွန်ဒုက္ခသည်စခမ်းနှင့် ဗလဲ့ဒွန်ဖိုက်စခမ်းအတွင်း ပြောင်းရွှေ့မှုအခြေအနေများကို ဒေသခံရွာသူတစ်ဦးမှ အခုလိုပြောပါသည်။

ပုံ-ကောင်းဝါ - တောင်စောင်းတခုပေါ်မှမြင်ရသော ဗလဲ့ဒွန်းဖိုက်ကျေးရွာ

“ဗလဲ့ဒွန်ဖိုက်မှာဘဲအပြောင်းအရွေ့များတယ်။ ဗလဲ့ဒွန်ဖိုက်မှာတော့ ပစ္စည်းတွေအကုန်လုံး ပြောင်းပို့လိုက် ကုန်ပြီး။ တချို့သူတွေကရှမ်းကုန်းမှာပို့တယ်။ တချို့သူတွေက ဝင်းကမှာအိမ်ရှိတော့ ဝင်းကကိုပို့တယ်။”
အဆိုပါဖြစ်စဉ်ကို ခလော့ဂနီဒုက္ခသည်စခမ်းကော်မီတီတစ်ဦးကို ဆက်သွယ်မေးမြန်းရာ၌ ထူးခြားမှု မရှိဟုပြောကြားခဲ့သော်လည်း ပစ္စည်းများတင်ပို့သည့်ကားသမားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်
“ပစ္စည်းတွေပြောင်းရွေ့တာအမှန်ပါဘဲ။ဘာကြောင့်လဲဆိုတော့ဒီမွန်ပြည်သစ်ပါတီကတပ်မိသားစုတွေ ကိုယ်၌က နယ်စပ်ဘက်ကိုတိမ်းရှောင်လာတယ်ဆိုတော့ အဲဒီအခြေအနေပေါ်မှာရွာသားတွေစိုးရိမ်နေကြ တာပေါ့။ စခမ်းကလူတွေအနေနဲ့ပြောင်းရွေ့တာမရှိသေးပေမဲ့ ပစ္စည်းတွေကိုတော့ တော်သင့်ရာမှာ ပြောင်း ရွှေ့ထားကြပါတယ် ဟုပြောဆိုပါသည်။”

ရွာသားများတိမ်းရှောင်ပြောင်းရွှေ့ခြင်းကိစ္စနှင့်ပက်သက်ပြီး မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး ရုံးဒုတိယတာဝန်ခံ နိုင်ချေးမွန်ကို မေးမြန်းခဲ့ရာတွင် မွန်ပြည်သစ်ပါတီ၏ ပြီးခဲ့သည့်ဗဟိုကော်မီတီအစည်းအဝေး ၌ ဌာနေပြည်သူ့စစ်အသွင်ပြောင်းလဲရန်ကို လက်မခံသောဆုံးဖြတ်ချက်ကြောင့် ထိမ်းချုပ်ရာနယ်မြေအတွင်းရှိ ရွာသားများအနေနှင့် စစ်အစိုးရမှ စစ်ရေးအရထိုးနှက်တိုက်ခိုက်မှုကို စိုးရိမ်မှုများရှိခဲ့သည်ဟုဆိုပါသည်။

“လောလောဆယ်ဆယ်တော့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီရဲ့ ထိမ်းချုပ်ရာနယ်မြေမှာတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပြီးတော့ တချို့လူတွေက ပစ္စည်းတွေရော တချို့လူအနည်းအကျဉ်း တွေတော့ ရွေ့တာ ပြောင်းတာ နဲနဲပါးပါးရှိပါတယ်။”
ဌာနေပြည်သူ့စစ်အသွင်ပြောင်းလဲရေးကို လက်မခံဟု မွန်ပြည်သစ်ပါတီ အရေးပေါ်ဗဟိုကော်မီတီ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်ကို ဧပြီလ(၂၂)ရက်နေ့တွင် အရှေ့တောင်တိုင်းတိုင်းမှူးထံ အကြောင်းပြန်ခဲ့ပြီးဖြစ် ကြောင်း နိုင်ချေးမွန်ကပြောပါသည်။ စစ်အစိုးရဘက်မှဘယ်လိုတုံ့ပြန်မည်ကိုမသိသေးသော်လဲ မွန်ပြည်သစ် ပါတီဌာနချုပ်ဝန်းကျင်မှ ကျေးရွာသားတွေအနေနှင့် နောင်ဖြစ်လာမည့် ဆိုးရွားမည့်အခြေအနေကို ရှောင်လွှဲ သည့်အနေဖြင့် ၄င်းတို့အတွက်လုံခြုံရာဒေသများတွင် အခုလိုရှောင်တိမ်းလာရသည်ဟု ဒေသခံများမှ ပြောပါ သည်။
မူရင်းသတင်း  http://www.kaowao.org/b/index.php

Thursday, April 22, 2010

ကောင်းကင်ခရီး

ကောင်းကင်ခရီး
ကော်ဖတ်စားမထားတဲ့
မိုးသားပြည့်ပြည့်တိမ်တွေ
ကဆုန်စိုင်းရာလမ်း။

ကံကျွေးချ
ကတ္တီပါကော်ဇောတွေလည်း
ခင်းမထားပါဘူး။

ခါတော်မှီခေါင်းလျှော်ပြီး
ခေတ်မှိန်သွားတဲ့ စင်တင်ပြဇာတ်တွေနဲ့လည်း
ကင်းကင်းရှင်းရှင်း။

ငှက်ပျောပွဲ၊အုန်းပွဲနဲ့ စပေါ်တင်
အမြော်အမြင်ကြီး တစ်ခွဲသားနဲ့
သံသရာဆုတောင်းဆိုတာ
ဝေလာဝေး။
ဆေးမဆိုး

ပန်းမရိုက်

တောင်ပံရိုင်းတွေ

ဇက်ကုန်လွှင့်ရာလမ်း။

အဲဒီလမ်း
ဘာနဲ့မှ
မညစ်ညမ်းဘူး။

ဟောဒီကန္တာရထဲ
တလိမ့်ကောက်ကွေး ကျလာသည့်တိုင်
ဖုတ်ဖက်ခါ ထ,ပြေးနိုင်တဲ့လမ်း။

တောမှောက်တတ်ပေမယ့်
ထမင်းလုံးလောက်နဲ့
တစ္ဆေမခြောက်တဲ့လမ်း။

သူ့အရေးပြားထက်
ထိုးကွင်း ဒူးကျနဲ့
ဇာတိ ပုည
ဂုဏ်မာနကိုပြရာလမ်း။

တာထွက်ထက်
သက်လုံတွေ တံခွန်စိုက်ရာလမ်း။

အဲဒီလမ်းပေါ်
အလျှံညီးညီးတောက်ပ
ရွေ့လျားညမီးအိမ်တို့
သစ္စာနဲ့ထွန်းညှိ
တည်ရမယ့် ကတိတွေက
မောင်းနှင်အာ့း့  ။ ။

သွေးဦး
မြားနတ်မောင် အမှတ်(၈၃)၊ဧပြီလ၊၁၉၉၉ မှကူးယူဖော်ပြပါသည်

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနုနှင့်


လျှပ်တစ်ပြက် မေးမြန်းခြင်း (၁၉၆၉)ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး (၂ဝဝ၃)ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ပါတီ အမည်ဖြင့် မှတ်ပုံတင်ကာ ပါတီတွင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူထားသော ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဒေါ်သန်းသန်းနုနှင့် လျှပ်တစ်ပြက် သတင်းအဖွဲ့ တွေ့ဆုံခဲ့သည်။ သူမ၏ နိုင်ငံရေး ဆရာမှာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုဖြစ်သည်ဟု ဒေါ်သန်းသန်းနုက ဆိုသည်။ မြန်မာပြည် နိုင်ငံရေးသည် ခေတ်အဆက်ဆက် အကွဲအပြဲများဖြင့် ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတွင် တိုင်းသူပြည်သားများသာ နစ်နာခဲ့ရသည်ဟု သူမပြောပြသည်။ ဝန်ကြီးချုပ်ဟောင်း သမီးတစ်ယောက်၏ နိုင်ငံရေး သဘောတရား၊ နိုင်ငံရေး အယူအဆ ဘယ်လိုရှိသလဲ၊ တိုင်းသူပြည်သားများ အပေါ် သူမ၏ သဘောထား ဘယ်လိုရှိသလဲ သိနိုင်ရန် လျှပ်တစ်ပြက်က ဖော်ပြလိုက်ပါသည်။

အန်တီကပါတီမှာ ဘာတာဝန်ယူထားလဲ။

ကျွန်မက ဒီပါတီမှာ အတွင်းရေးမှူးချုပ် တာဝန်ယူထားပါတယ်။ အတွင်းရေးမှူးချုပ် တာဝန်ဆိုတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ရတာပေါ့လေ။
ဒါဆို ပါတီရဲ့ရုံးလုပ်ငန်းတွေ အန်တီလုပ်တာပေါ့။
ရုံးလုပ်ငန်းအတွက် ရုံးအဖွဲ့ရှိပါတယ်။ ရုံးအဖွဲ့သတ်သတ်ဖွဲ့ထားပါတယ်။
ပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ အန်တီကိုင်တယ် ဆိုတာ ဟုတ်လား။
ဘဏ္ဍာရေးဆိုင်ရာ ကိုင်တယ်ဆိုတာက ကျွန်မတို့က ဘယ်ကမှ ဘဏ္ဍာမရဘူးလေ။ မရဘူးဆို တာက ပါတီက တရားဝင်ပါတီမဟုတ်သေးတာကြောင့် သူများကို လိုက်အလှူ ခံလို့မရဘူး။ ဒါကတော့ ထုံးစံပဲ။ ပေးချင်တဲ့သူရှိရင်တောင် ဒီပါတီဟာ တရားဝင်ပါတီ မဟုတ်တဲ့အတွက်ကြောင့် ပေးသင့်၊ မပေးသင့်ချိန်ဆမှာပေါ့နော်။ ကျွန်မတို့က ဖြစ်တဲ့နည်းနဲ့ အလှူရှင်ရှာတာပေါ့။ ရှာတယ်ဆိုတာက ကျွန်မတို့အဖွဲ့ဝင်တွေဆီက တတ်နိုင်ရင် တတ်နိုင်သလိုပါ။ စပြီး ကျွန်မတို့ စုမိကတည်းက တစ်ယောက်ကို တစ်သောင်းကျစီပေါ့။ တစ်သောင်း ဆိုတာက အခုခေတ်ဘာမှ မရှိပါဘူး။ ဒါပေမယ့် မလုံလောက်လို့ လိုတဲ့အခါမှာ ကျွန်မရယ်၊ ချိုချိုရယ်၊ နေရည်ရယ် စုလိုက်ကြတယ်။ ကျွန်မတို့က တတ်နိုင်လို့တော့ မဟုတ်ဘူး။ မတည်တယ်လို့လည်း ပြောလို့မရဘူး။ မတည်တယ် ဆိုတာက ငွေပမာဏ အများကြီးကိုး။ လောလောဆယ် ကျွန်မတို့ ဘဏ္ဍာငွေ ရှာတယ်ရယ်လို့ မဟုတ်ဘူး။ ကိစ္စတစ်ခု ဖြစ်ရင် ဘယ်သူဘယ်လောက် ထည့်ကြဆိုတဲ့ သဘောပါပဲ။

ပါတီဝင်အင်အားဘယ်လောက်ရှိပြီလဲ။ ပြောလို့ရလား။
မရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ စည်းရုံးနေတဲ့ အချိန်အခါပဲ ရှိပါသေးတယ်။
စည်းရုံးရေးလုပ်ငန်းက ဘယ်နေရာတွေမှာ စနေပြီလဲ။
ရန်ကုန်မြို့မှာတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် စနေပါပြီ။ ကျွန်မတို့က ပါတီမှတ်ပုံတင် လျှောက်လွှာ တင်ရုံပဲရှိသေးတယ်။ မှတ်ပုံတင်တာ မကျသေးဘူး။ အတည်မပြုသေးဘူး ဆိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိပါတယ်။

အခုချိန်ကျမှ ဘာကြောင့် အန်တီက ဝင်ပါပြီးတော့ နိုင်ငံရေး လုပ်ရတာလဲ။ အန်တီ့အသံက အနှစ်နှစ်ဆယ်လောက် ဘာ့ကြောင့် ပျောက်နေရတာလဲ။
ကျွန်မ ဒီမှာမရှိဘူး။ ဒီကို ပြန်ရောက်တာ(၂ဝဝ၃)ခုနှစ် နှစ်လယ် ဇူလိုင်လလောက်မှ ပြန်ရောက်တာ။
ဘယ်သွားနေတာလဲ။
ကျွန်မတို့က (၁၉၆၉)ခုနှစ်ကတည်းက မြန်မာပြည်ကနေ ထွက်သွားတာပဲ။ အရင်တုန်းက အဖေက ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဆိုပြီး သူ့နည်းသူ့ဟန်နဲ့ လုပ်တယ်။ အဲဒါက သိတဲ့အတိုင်း မအောင်မြင်ပါဘူး။ ကျွန်မတို့ ဥက္ကဋ္ဌဦးသုဝေလည်း ပါခဲ့ပါတယ်။ အဲဒါပြီးတော့ (၁၉၈ဝ) ပြည့်နှစ် အဖေတို့ ဒီကို ဦးနေဝင်းရဲ့ဖိတ်ကြားချက်အရ ပြန်လာတယ်။ အဖေတို့(၁၉၈ဝ) ပြည့်နှစ်ပြန်လာတော့ ကျွန်မမိသားစုမှာ ကျွန်မရယ်၊ ကျွန်မခင်ပွန်းဦးအောင်ငြိမ်းရယ်၊ သားနှစ် ယောက်ရယ်ပေါ့။ အခုသားကြီးက အသက်(၄ဝ)ရှိပြီ။ သားအငယ်က အသက်(၃ဝ) ကျော်ရှိပြီ။ အကုန်လုံး ကျွန်မတို့ အိန္ဒိယမှာကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ အဓိက အကြောင်းရင်းက သားတွေရဲ့ ပညာရေးကြောင့်ပဲ။ သားအငယ်ကတော့ အဲဒီတုန်းက တော်တော်လေး ငယ်သေးတယ်။ (၁ဝ)နှစ်သားလောက်ပဲ ရှိဦးမယ်။ ဒီတော့ ဒီကိုပြန်ခေါ်ရင် ပညာရေးအတွက် အနှောက်အယှက် ဖြစ်မှာစိုးလို့ အိန္ဒိယမှာပဲ ကျန်နေခဲ့တယ်။ အဲဒီမှာနေတဲ့ တောက်လျှောက်မှာ အိန္ဒိယအစိုးရက တာဝန်ယူတယ်။ ကျွန်မတို့က နယူးဒေလီမြို့တော်မှာ နေတာမဟုတ်ဘူး။ ဘုံးဘားဆိုတာက အိန္ဒိယနိုင်ငံရဲ့ အလယ်ပိုင်းကမြို့ပေါ့။ အဖေ၊ အမေ ရှိနေစဉ်က သူတို့က တာဝန်ယူတယ်။ အဖေအမေပြန်လာတော့ ကျွန်မတို့ကို ဆက်တာဝန်ယူမှာလားလို့ သူတို့ကို အဖေကမေးတယ်။ အဖေက အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ပဏ္ဍစ်နေရူးနဲ့ အရမ်း ရင်းနှီးတယ်လေ။ နှစ်နိုင်ငံဝန်ကြီးချုပ် ဆိုတာထက် ညီအစ်ကို လိုတွေတောင်ဖြစ်နေတာ။ အဖေတို့ပြန်လာတော့ သူ့သမီး အင်ဒီရာဂန္ဒီလက်ထက်ပေါ့။

ကျွန်မတို့က အဲဒီတုန်းက အသက်အားဖြင့် ကြည့်ရင်လည်း အလုပ်လုပ်နိုင်တဲ့ အရွယ်ပေါ့။ အသက်(၃ဝ)ကျော် ဆိုတော့ အလုပ်လုပ်ရင် ကောင်းမှာပဲ ဆိုပြီး ဆုံးဖြတ်တယ်။ ဘာအလုပ်လုပ်မလဲ ဆိုတော့ စီးပွားရေးဆို အိန္ဒိယမှာ တော်ရုံပိုက်ဆံနဲ့မရဘူး။ ကျွန်မတို့မှာလည်း ပိုက်ဆံမရှိဘူး။ ဖေဖေက ခေါင်းထဲမှာ အကြံရတယ်။ အိန္ဒိယမှာ အသံလွှင့်ရုံ All India Radio ရှိတယ်။ အဖေကလည်း ကြိုက်တယ်။ ဒီအလုပ်က ဣနြေ္ဒရတယ်။ တခြားအလုပ်က သူတို့အိန္ဒိယလူမျိုးတွေနဲ့ ကျွန်မတို့ မတိုးနိုင်ဘူး။ ဒီမြန်မာပြည်မှာတောင် ကျွန်မတို့ စီးပွားရေးမလုပ်နိုင်တာ။ အိန္ဒိယမှာဆိုရင် စီးပွားရေးလုပ်ငန်းကို အနားတောင် မကပ်နိုင်ဘူး။ အဲဒီမှာ လခစားဝင်လုပ်ဖို့ အဲဒီတုန်းက ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကို ပြောတယ်။ အဖေတို့ပြန်သွားပြီး လစ်လပ်နေရာကို အဲဒီနေရာမှာ ကြည့်တော့ တစ်နေရာပဲတွေ့တယ်။ လစ်လပ်တာက All India Radio မှာ နိုင်ငံခြားဘာသာ (၂ဝ)ကျော် လွှင့်တဲ့အထဲမှာ ကျွန်မတို့ မြန်မာဌာန ဆိုတာ တစ်ခုရှိတယ်။ အခု ဗီအိုအေ၊ ဘီဘီစီတို့ အသံ လွှင့်သလိုပေါ့။ အဲဒီမြန်မာဌာနမှာ ကျွန်မတို့ ဘုံဘားကနေ နယူးဒေလီကို ပြောင်းတယ်။ All India Radio မှာအလုပ်ဝင်ဖို့ စာမေးပွဲဖြေတော့ ကျွန်မအဖေ မျက်နှာကြောင့်ရတာ ဆိုပြီး ကျွန်မအမျိုးသားက ကျွန်မကို ဦးစားပေးပြီး အရင်ဖြေခိုင်းတယ်။ သူကတော့ နောက် (၂)နှစ်ကျမှ နေရာလစ်လပ်လို့ ဝင်ရတယ်။ ကျွန်မတို့ အဲဒီမှာ (၁၉၈ဝ) ပြည့်နှစ်က စပြီး အလုပ်လုပ်ခဲ့တယ်။ (၂ဝ၁ဝ)ပြည့်နှစ် ကျတော့ ကျွန်မကိုယ့်ဘာသာကိုယ် အလုပ်ထွက် လိုက်တယ်။
အခု အန်ကယ်ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေတို့နဲ့ အန်တီက ပေါင်းမိတာပေါ့နော်။ ဒီနေ့လိုအနေအထားမှာ အန်တီတို့ နိုင်ငံရေး လုပ်တာ ပြည်သူလူထုက ဘယ်လောက် သက်ဝင်ယုံကြည်မယ်လို့ အန်တီထင်လဲ။
ကျွန်မတို့ ဆောင်ရွက်နေတာက ဒီမိုကရေစီရဖို့ပဲ။ ပြည်သူလူထုကလည်း ဒီမိုကရေစီ သိပ်လိုချင်တယ်။ ကျွန်မတို့ ကြိုးကြိုးစားစား လုပ်သွားမယ် ဆိုရင် ပြည်သူတွေက လက်ခံလာမှာပဲ။ ကျွန်မတို့ကလည်း ဒီလိုတရားဝင် လှုပ်ရှားနိုင်ခွင့် စောင့်နေတာကြာပါပြီ။ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ ဒေါ်နေရည်ဗဆွေ ဆိုတာက ငယ်ငယ်ကတည်းက မိဘတွေကြောင့် သူငယ်ချင်းတွေပေါ့လေ။
သုံးယောက်ထဲမှာ ဘယ်သူက အသက်အကြီးဆုံးလဲ။
ကျွန်မထင်တာ ကျွန်မအကြီးဆုံးဘဲ။ ကျွန်မနဲ့ချိုချိုနဲ့က နှစ်လလောက်ကွာတယ်။ နေရည်ကတော့ ကျွန်မတို့ထက် (၄)နှစ်ငယ်တယ်။

သမိုင်းမှာ နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး သမိုင်းတွင်ခဲ့တယ်။ အခုအချိန်မှာ အန်တီတို့ ဝန်ကြီးချုပ်ဟောင်း သုံးယောက်ရဲ့ သမီးတွေက ပေါင်းစည်းမိကြတယ်။ ဒီတော့ အန်တီတို့ ဘယ်လို နားလည်မှုနဲ့ ပေါင်းစည်းမိကြလဲ။ အခုလက်တွဲပြီး လုပ်ကြတော့ အန်တီတို့ချင်း ဘယ်လို နားလည်မှုနဲ့ လုပ်ကြလဲ။
သူများအတွက်တော့ ကျွန်မသိပ်မပြောတတ်ဘူး။ ကျွန်မအတွက် ပြောရမယ်ဆိုရင် ကျွန်မမှာ ပါတီစွဲတွေ၊ ဝါဒစွဲ၊ ဘယ်သူက ဘာဖြစ်တယ်တို့ ဘယ်သူ့အဖေနဲ့ဘယ်သူ့အဖေ ဘာဖြစ်ကြတယ်လို့ ကျွန်မမှာ ယုံကြည်ချက်မရှိဘူး။ အခုလုပ်လို့ရတာ အခုလုပ်မယ်ဆိုတဲ့ ခံယူချက်ပဲ ကျွန်မမှာရှိတယ်။ အရင်တစ်ချိန်တုန်းက ဟိုဒင်းဖြစ်တယ်ဆိုတာလည်း အဲဒီတုန်းက အခြေအနေအရ ဖြစ်ခဲ့ကြတာလေ။ အခုအချိန်မှာတော့ ကျွန်မတို့ အကုန်လုံးက မိတ်ဆွေတွေပဲ။ ကျွန်မတို့ အဖေတွေကလည်း ဖြစ်တဲ့ အချိန်မှသာ ဖြစ်တာ။ နောက်တော့ လည်း သူတို့က မိတ်ဆွေ အရင်းအချာတွေပဲ။ အဲဒီအပေါ်မှာ ကျွန်မမှာ ဘာမှပုဂ္ဂိုလ်စွဲမှရှိဘူး။ နိုင်ငံနဲ့လူမျိုးအတွက် ဖြစ်တဲ့ နည်းနဲ့ကောင်းအောင်လုပ်ပေးမယ်ဆိုတာပဲ ကျွန်မမှာရှိတယ်။
အန်တီတို့ သုံးယောက်ကို အန်ကယ်ဦးသုဝေ ခေါင်းဆောင်ပြီးတော့ ဝန်ကြီးချုပ်ဟောင်း (၃)ယောက်ရဲ့ သမီးတွေပါဝင်ပေါ့နော်။
ကျွန်မတို့ သုံးယောက်ပေါင်း အလုပ် လုပ်ဖြစ်တာကလည်း ဦးသုဝေရဲ့ ကောင်းတဲ့ idea ပါ။ အခွင့်အလမ်း ပေါ်လာရင် အလုပ်လုပ်ကြ ရအောင်ဆိုတာ ကျွန်မတို့တွေ့တိုင်း ဆွေးနွေးမိကြတယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ် မပြောခင်ကတည်းက ကျွန်မတို့ချင်း တွေ့နေကျပါ။ ကျင်းပမယ် ပြောလာတဲ့ အခါကျတော့ ဦးသုဝေက ကျွန်တော်တို့ အတူတူ စုပြီး အလုပ်လုပ်ကြရင် မကောင်းဘူး လားဆိုတော့ ဒေါ်ချိုချိုတို့၊ ဒေါ်နေရည်တို့ကို ရှင်းရှင်းပြောရရင် ကျွန်မခေါင်းထဲမှာ မရှိဘူး။ ဒီ idea က ဦးသုဝေက ပေးတာ။ ဦးသုဝေက ကျွန်မတို့၊ နေရည်၊ ချိုချို၊ ဝန်ကြီးဟောင်း ဗိုလ်ခင်မောင်လေးရဲ့သား ကိုဖိုးမင်္ဂလာတို့ လူကြီး သားသမီးတွေ အကုန်စု အလုပ်လုပ်ရင် မကောင်းဘူးလား ဆိုတော့ ကောင်းတာပေါ့လို့။ သူကတော့ ဘယ်သူမို့လို့၊ ဘယ်ဝါမို့လို့ဆိုတာ ကျွန်မမှာ မရှိပါဘူး။ အဲဒီလိုသာ ပြောကြစတမ်းဆိုရင် ကျွန်မတစ်ယောက်တည်း ဘက်ပဲ့ပြီးတော့ ကျွန်မ မပါဘဲ နေရမှာ။ ဘာကြောင့်လဲ ဆိုတော့ အခုကျွန်မတို့ပါတီမှာ ဒီကဆရာကြီးတွေ ပြောသလို နု-တင်တို့၊ ဆွေ-ငြိမ်းတို့ လျှောက်ပြီး ပတ်သက်နေမယ်ဆိုရင် အားလုံးက ဆွေငြိမ်းဘက်က လူတွေချည်းပဲ။ ဦးသုဝေ ကိုယ်တိုင်က ဦးကျော်ငြိမ်းနဲ့ အနီးကပ် အလုပ် လုပ်လာတာပဲ။ ဒီတော့ ကျွန်မမှာ ပထမက ဒီလိုလုပ်ဖို့ အကြံအစည် မရှိဘူး။ ဦးသုဝေပြောတော့ ကျွန်မ လွယ်လွယ်ကူကူနဲ့ လက်ခံလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်မတို့ပေါင်းပြီး လုပ်ဖြစ်တာ။ ဘယ်သူက ကျွန်မတို့ကို Promote လုပ်ထားလို့၊ ဘယ်သူနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ စကားတွေပဲ။
အန်တီတို့ပါတီ အမတ်နေရာ ဘယ်နှစ်နေရာလောက် ပြိုင်မယ် မှန်းထားလဲ။ လွှတ်တော်သုံးရပ် ရှိတယ်လေ။
ရွေးကောက်ပွဲဥပဒေ အထွက်ခင်တုန်းက ကျွန်မတို့ ဥက္ကဋ္ဌဦးသုဝေကော ကျွန်မတို့ကော တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါမယ်ပေါ့ဆိုပြီး အင်မတန် တက်ကြွခဲ့တယ်။ ရွေးကောက်ပွဲဥပဒေ ထွက်လာပြီးတော့ အမတ်တစ်ဦး တင်သွင်းရမှာက ငါးသိန်း။ ဒါနဲ့ မပြီးသေးဘူးလေ။ သူ့အသုံးစရိတ်က လာဦးမယ်။ ခြိုးခြိုးခြံခြံသုံးတာတောင် ခန့်မှန်းကြည့်ရင် (၁၂)သိန်း ပြောတယ်။ အမှတ်နေ ရာ(၁ဝဝ)လောက်ပဲ ကျွန်မတို့က မှန်းနိုင်တယ်။ အဲဒါတောင် ကျွန်မတို့ တော်တော်စဉ်းစားရမယ်။ ဘာကြောင့်လည်းဆိုတော့ ငွေကြေး အခက်အခဲ ရှိပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေ ရှိသေးတယ်လေ။ စည်းရုံးရေးအတွက်တို့ ဘာတို့နဲ့ဆိုရင် အမတ်တစ်ယောက်၊ တစ်ယောက်ကို တော်တော်ကုန်မယ်။ ကုန်မယ် ဆိုတော့ ကျွန်မတို့အတွက် နည်းနည်းခက်ပါတယ်။
ပါတီရဲ့ မူဝါဒ သဘောထားကို အင်တာနက်ပေါ်မှာ ဝက်ဘ်ဆိုက် လွှင့်တင်ဖို့ အစီအစဉ်ရှိလား။
ကျွန်မတို့ စိတ်ကူးရှိပါတယ်။ ပါတီအဖြစ် တရားဝင်ဖြစ်သွားပြီဆိုရင် မီဒီယာကို အားကိုးနေကိုးရမှာလေ။ ဝက်ဘ်ဆိုက်ပေါ် တင်မှ ပိုပြီးကျယ်ကျယ် ပြန့်ပြန့်ရှိမှာလေ။
ပါတီရန်ပုံငွေကို ဘယ်နည်းနဲ့ရှာမလဲ။
လွယ်လွယ်ကူကူပြောရင်တော့ သူများဆီက အလှူခံမှာပေါ့။
အလှူခံမယ် ဆိုတော့ အန်တီသူငယ်ချင်းတွေ ဆီကလား။ အန်တီ့အဖေနဲ့ ပတ်သက်တဲ့ လူတွေဆီကလား။
ကျွန်မအဖေနဲ့ ပတ်သက်တဲ့ သူတွေကလည်း တကယ်တော့ သိပ်မရှိကြတော့ပါဘူး။ အခြေအနေတွေ ပြောင်းလဲတာနဲ့အမျှ လူတွေလည်း ပြောင်းလဲလာ တယ်ဆိုတာ ကျွန်မတို့ ခေါင်းထဲထည့်ထားရမယ်။
(၁၉၉ဝ)ပြည့်နှစ် ရွေးကောက်ပွဲကို Free and Fair ဖြစ်တယ်လို့ ယူဆလား။
ဖြစ်ပါတယ်။
အခု (၂ဝ၁ဝ)ကိုကော အဲဒီလို မျှော်လင့်ထားလား။
ဖြစ်လိမ့်မယ်လို့ ကျွန်မတို့ယူဆပါတယ်။
အန်တီ့အဖေက အန်တီ့ကို ပါတီနိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှာခဲ့ဖူးလဲ။
တကယ်လို့ တစ်ချိန်ချိန်မှာ ဒီကို ပြန်လာပြီး နိုင်ငံရေး လုပ်ဖြစ်ရင် အကုန်လုံးကို အသစ်က ပြန်စပါလို့ ကျွန်မကို ပြောဖူးတယ်။ သဘောကတော့ သူ့အရှိန်အဝါကိုမယူ နဲ့လို့ ပြောချင်တာပါ။ တစ်ကပြန်စပါလို့။ အဖေ့အရှိန်အဝါကို သုံးမယ် ဆိုတာ ကျွန်မ စိတ်ကူးလုံးဝမရှိဘူး။ အခုအချိန်မှာ ဘယ်သူနဲ့မဆို စည်းစည်းလုံးလုံး ပေါင်းလုပ်နိုင်ရင် အကောင်းဆုံးပဲ။
မြန်မာပြည်သူတွေ အန်တီတို့ မဲရလာအောင် ဘာနဲ့ အရင်ဆုံးစည်းရုံးမလဲ။ အန်တီ့အဖေရဲ့ အရှိန်အဝါသုံးမလား။ ပါတီရဲ့ မူဝါဒ သဘောတရားနဲ့ပဲ လုပ်မှာလား။
အခုလည်း ကျွန်မကို ဦးနုသမီးလို့ သိနေကြတာပဲ။ ကျွန်မက ပါတီ သဘောတရားနဲ့ပဲ လုပ်မှာပါ။ ဒါကိုမှထပ်ပြီး ကျွန်မ အရှိန်အဝါ သုံးမယ်ဆိုရင် ဒါလည်းနည်းလမ်း မကျဘူးလေ။ ပါတီမူဝါဒနဲ့ပဲ စည်းရုံးရေးဆင်းမှာပါ။
ပါတီမှတ်ပုံတင် ဥပဒေအရ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် တင်ရမယ်ဆိုတော့ အန်ကယ်ဦးသုဝေက ခေါင်းဆောင်။ ဒုတိယ ခေါင်းဆောင်က ဘယ်သူဖြစ်မလဲ။
ကျွန်မကို ရွေးထားပါတယ်။
အန်တီလွှတ်တော် ကိုယ်စားလှယ်ဟောင်း အဖြစ် ဝင်အရွေးခံမလား။
ကျွန်မက ရချင်ရမယ်။ ဥပဒေအရ ဒီမှာ (၁ဝ)နှစ်တောက်လျှောက် နေတဲ့သူ ဖြစ်ရမယ်လေ။ ကျွန်မက (၂ဝဝ၃)ခုနှစ်၊ ဇူလိုင်လကမှ ဒီကိုပြန်ရောက်တာ ဆိုတော့ (၁ဝ)နှစ် မပြည့်သေးဘူး။ ဒီတော့ ကျွန်မဝင်ပြိုင်ခွင့်ရှိချင်မှရှိမယ်။ မပြိုင်ရရင်လည်း ပါတီအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်။
(၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲမှ ပြင်မယ်ဆိုပြီး တချို့ နိုင်ငံရေးသမားတွေ အခုပြောလာတာ ရှိတယ်။ အန်တီ့ သဘောထားကော ဘယ်လိုရှိလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လွှတ်တော်ကတစ်ညီတစ်ညာတည်း ပြင်နိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ယုံကြည်တဲ့သူတွေကို ကျွန်မက များများပါစေချင်တာပါ။ အင်အားကောင်းရင် ဖွဲ့စည်းပုံကိုပြင်ဖို့ အဆိုတင်နိုင်တာပေါ့လေ။ တစ်ချိန်ချိန်မှာ အတည်ပြုနိုင်မယ်လို့ ကျွန်မထင်တယ်။
အန်တီက မောင်နှမငါးယောက်ရှိတယ်ဆိုတော့ အခုလို အန်တီနိုင်ငံရေး လုပ်တော့ သူတို့က ဘာပြောလဲ။ သူတို့က အန်တီ့ အပေါ် ဘယ်လို သဘောထားရှိလဲ။
ကျွန်မကို မကောင်းဘူးလို့တော့ ဘယ်သူမှမပြောပါဘူး။ မလုပ်သင့်ဘူးလို့လည်း မပြောပါဘူး။ ကျွန်မတို့လည်း ကိုယ့်ခံယူချက်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့လေ။
ဦးနုရဲ့သမီးအနေနဲ့ မြန်မာပြည်သူတွေကို အန်တီဘာပြောချင်လဲ။
ကျွန်မအဖေက ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အများကြီး လုပ်ခဲ့တာပဲ။ ဒါပေမယ့် ဒီမိုကရေစီ ပြန်လည်ထွန်းကားတာကို သူ့မှာ မြင်မသွားရဘူး။ အခုချိန်မှာတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောနေမယ့်အစား ကိုယ်လုပ်နိုင်တာကို လုပ်ပြီးတော့ ကြိုးကြိုးစားစားနဲ့ လုပ်သွားဖို့ ကျွန်မတို့ အရေးကြီးပါတယ်။ အဲဒီအတွက် အားလုံးကို စည်းစည်းလုံးလုံး ရှိကြပါလို့ ကျွန်မပြောချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောတာတွေ ချုပ်ငြိမ်းစေချင်တယ်။ လျှပ်တစ်ပြက်သတင်းအဖွဲ့
မူရင်း http://snapshot-news.com/

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး

ရန်ပိုင် Thursday, April 22, 2010

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
  

 အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။


UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။
မူရင်း http://www.irrawaddymedia.com/bur/

Wednesday, April 21, 2010

နိုင်ငံရေးသတင်းတွေ ဘယ်လိုရေးကြမှာလဲ(Written by လူထုစိန်ဝင်း )

Written by လူထုစိန်ဝင်း
လတ်တလောကာလမှာ ဘယ်ဂျာနယ်ပဲလှန်လိုက်လှန်လိုက် မှတ်ပုံတင်လျောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းသတင်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အသားပေး ဖော်ပြထားကြတာကို တွေ့ရတယ်။

မင်းသားမင်းသမီးအင်တာဗျူးသလို
နိုင်ငံရေးပါတီတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲ အကြောင်း ဒီခေတ်လူငယ်ဂျာနယ်လစ်လေးတွေက ဖတ်ဖူးရေးဖူးကြတာ မဟုတ်လေတော့ သူတို့မေးတဲ့ရေးတဲ့ ပုံစံတွေက ရုပ်ရှင်မင်းသား မင်းသမီးတွေကို အင်တာဗျူးလုပ်ပြီး ရေးတာတွေဖတ်ရသလို ဖြစ်နေတယ်။ ပါတီတစ်ခုအကြောင်း ဂျာနယ်တစ်မျက်နှာလောက်တော့ ရေးထားတာပဲ။ ဒါပေမယ့် အဲဒီပါတီနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်း အရာတွေတော့ ဘာမှမသိလိုက်ရဘူး။ မင်းသား မင်းသမီးတွေ မော်ဒယ်တွေကို ကြော်ငြာပေးတာနဲ့ ဘာမှသိပ်မကွာခြားလှပါဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ အနှစ်သာရမပါဘူး။

အသုံးချမခံရဘူး
သတင်းသမားဆိုတာ ဘယ်သူ့ အသုံးချခံလက်ကိုင်တုတ်မှ မဖြစ်ရဘူးဆိုတဲ့အကြောင်း ကြိမ်ဖန်များစွာ ရေးဖူးပါတယ်။ နိုင်ငံရေးသမားတို့၊ စီးပွားရေးသမားတို့ ဆိုတာကတော့ သူတို့အကြောင်းကောင်းတာခဏခဏ ရေးပေးဖို့ သတင်းသမားများကို ပုံစံ အမျိုးမျိုးနဲ့ သိမ်းသွင်းကြမြဲဖြစ်ပါ တယ်။ သူတို့အလုပ် သူတို့လုပ်တာဖြစ်တယ်။ အပြစ်ပြောလို့ မရဘူး။ သူတို့လိုပဲ သတင်းသမားကလည်း သူ့အလုပ် သူလုပ်ရမှာ ဖြစ်တယ်။ သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထုသိချင်တဲ့၊ သိသင့်သိထိုက်တဲ့ အကြောင်းကိစ္စမှန်သမျှကို အမှန်ဆုံးနဲ့အမြန်ဆုံး ရှာဖွေတင်ပြပေးဖို့ဖြစ်တယ်။ သတင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ဘူး၊ မင်းဆရာပုရောဟိတ်မဟုတ်ဘူး၊ ကြားပွဲစားလည်းမဟုတ်ဘူး။

သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထုသိချင်တဲ့၊ သိသင့်သိထိုက်တဲ့ အကြောင်းကိစ္စမှန်သမျှကို အမှန်ဆုံးနဲ့အမြန်ဆုံး ရှာဖွေတင်ပြပေးဖို့ဖြစ်တယ်။ သတင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ဘူး

အခမဲ့ကြော်ငြာပေး
သတင်းသမားက ဘယ်သူ့ အတွက်မှ ၀ါဒဖြန့်မပေးရဘူး။ ဘယ်သူ့ကိုမှ စင်တင်ပေးဖို့လည်း မလိုဘူး။ ပေါင်းကူးဆက်သွယ်ပေးတယ်ဆိုပြီး ကြားပွဲလည်း မလုပ်ရဘူး။ လူငယ်တွေက ဒါကိုနားမလည်တော့ မရည်ရွယ်ပါဘဲနဲ့ နိုင်ငံရေးသမားတွေရဲ့ ကြော်ငြာကို အခမဲ့ဝါဒ ဖြန်ချိပေးသလို ဖြစ်နေကြတယ်။ နိုင်ငံရေးပါတီတွေရဲ့အသုံးချခံ ဖြစ်သွားတယ်။ ဂျာနယ်တွေမှာ ဖတ်ရတဲ့ ''ပါတီရဲ့ မူဝါဒလမ်းစဉ်က ဘာပါလဲ''ဆိုတဲ့ မေးခွန်းဟာ အင်မတန်မှကို ညံ့ဖျင်းတဲ့မေးခွန်းဖြစ်တယ်။ ဒီခေတ်မှာ ဘယ်ပါတီသွားမေးမေး ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ ဆိုတဲ့အဖြေကိုပဲ ပေးကြမှာချည်းပဲ။ ဆိုရှယ်လစ်၊ ဆိုရှယ်လစ်နဲ့ အကျယ်လောင်ဆုံးအော်ခဲ့တဲ့ သူတွေကလည်း ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီစကားပဲ ပြောနေကြတာ ကြား နေရတာပဲမဟုတ်ဘူးလား။

အမေးမတတ်ရင် ဘာမှမရဘူး

အမေးမတတ်တော့ ဘာမှမရလိုက်ဘူး။ တကယ်မေးရမှာက စီးပွားရေးသမားကုန်သည်ပွဲစားက ဈေးကွက်ကို သူ့စိတ်ကြိုက်ဝယ်လို အားနဲ့ရောင်းလိုအားအလိုက် ဖန်တီးခွင့်ပေးတဲ့စနစ်မျိုး ကျင့်သုံးမှာလား၊ အစိုးရက စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မယ့်စနစ်မျိုးကျင့်သုံးမှာလား ဆိုတာဖြစ်တယ်။ ဒီလိုမေးမှ ဒီပါတီရဲ့ စီးပွားရးမူဝါဒဟာ ဘာလဲဆိုတာ သိရမှာဖြစ်တယ်။ အလားတူပဲ ပညာရေးစနစ်ဆိုရင်လည်း မသင်မနေရပညာရေးကို ဘယ်အတန်းထိ သတ်မှတ်မှာလဲ၊ စကင်ဒီနေးဗီးယားနိုင်ငံတွေလို သူငယ်တန်းက တက္ကသိုလ်အထိ လုံးဝ အခမဲ့ပညာရေးစနစ် ကျင့်သုံးမှာလား၊ အမေရိကန်လို အစိုးရက တချို့တစ်ဝက်စိုက်၊ ကျန်တာကိုယ့်ဟာကိုယ် ကျောင်းလခပေးဆိုတဲ့ စနစ်ကျင့်သုံးမှာလား။

မေးတတ်မှ အတိမ်အနက်သိ
ကျန်းမာရေးမူဝါဒကရော ရှေးရှေးတုန်းကလို အားလုံးနိုင်ငံတော်က တာဝန်ယူပြီး ထမင်းလည်းကျွေး၊ ဆေးလည်းကုပေးတဲ့ စနစ်ကျင့်သုံးမှာလား၊ အခုလက်ရှိကျင့်သုံးနေတဲ့ စရိတ်မျှပေးစနစ်ကျင့်သုံးမှာလား၊ လျှပ်စစ်မီးမှန်မှန်မရတဲ့ကိစ္စ ဘယ်လို ဖြေရှင်းပေးမှာလဲ၊ တိုင်းပြည်ရဲ့ သယံဇာတဖြစ်တဲ့ ရေနံဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်တွေကို ဘယ်လိုအသုံးချမှာလဲ၊ သစ်တောပြုန်းတီးမှုနဲ့ မြစ်ချောင်းအင်းအိုင်တွေ တိမ်လာကောလာမှုကို ဘယ်လိုတားဆီးမှာလဲ စတဲ့မေးခွန်းတွေကို မေးလိုက်မှ အဲဒီ ပါတီတွေရဲ့ အတိမ်အနက်ကို အသေအချာသိနိုင်မှာ ဖြစ်တယ်။

လူအကြောင်းသိဖို့လို
ပါတီတွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိအောင်မေးပြီးတဲ့အခါ၊ လူတွေအကြောင်းကိုလည်း စာဖတ်ပရိသတ်ပြည်သူလူထုသိအောင် လုပ်ပေးဖို့ လိုသေးတယ်။ သူတို့တစ်တွေရဲ့ (CV) ''စီဗီ'' လို့ခေါ်တဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြရုံလောက်နဲ့တော့ သူတို့ကိုဘယ်သူမှ သိမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့ဟာ ဘယ်အရပ် ဘယ်ဒေသကလာတယ်၊ ဘာအလုပ် လုပ်တယ်၊ ပညာအရည်အချင်းဘယ် လောက်ရှိတယ်၊ နိုင်ငံရေးလုပ်ဖူး ကိုင်ဖူးတဲ့အတွေ့အကြုံဘယ်လောက် ရှိတယ်၊ ဘာကိုယုံကြည်ပြီး ဘယ် ပါတီတွေမှာ ပါဝင်ဖူးတယ်ဆိုတာ တွေကို ပြည့်ပြည့်စုံစုံမေးမြန်းပြီး ရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ နောက်ခံသမိုင်းကြောင်းက အဲဒီလူ ဘယ်လိုလူစားဖြစ်တယ်ဆိုတာ ကောင်းကောင်းညွှန်ပြနိုင်ပါတယ်။

လမ်းမတော်ဖိုးတုတ်လိုလူ
ဘယ်သူမဆို ပါးစပ်နဲ့ကတော့ စေတနာထားတတ်တာချည်းပါပဲ။ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီးမှ ပြောနိုင်တယ်။ တိုင်းကျိုးပြည်ကျိုးဆောင်မယ့် နိုင်ငံရေးသမားဆိုတာ ပါးစပ်အကျိုးပြု (Lip Service) လုပ်နေရုံနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရတယ်။ ရိုးသားဖြောင့်မတ်ရတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဗလောင်းဗလဲ လုပ်လို့မရဘူး။ ခိုင်မြဲတည်ကြည်ရတယ်။ သိက္ခာကို ရိက္ခာနဲ့မလဲရဘူး။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတဲ့ ပုတ်သင်ညိုမဖြစ်ရဘူး။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာရပ်တည်တဲ့သူ (Man Of Principle) ဖြစ်ရမယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်ပိုင်းမှာ နူးညံ့သိမ်မွေ့ရမယ်။ ပျော့ပျောင်းမှု ရှိရမယ်။ အစည်းအဝေးမှာ ငြင်းခုန်ရင်းနဲ့ တစ်ဖက်သားကို 'လက်သီးနဲ့ ထထိုးလိုက်ရ'လို့ ကြိမ်းမောင်းတတ် သူဟာ နိုင်ငံရေးသမားကောင်း မဟုတ်ဘူး။ လမ်းမတော်ဖိုးတုတ်လို လူမိုက်ပဲလုပ်သင့်သူ ဖြစ်တယ်။

၁၀ မျက်နှာကို ၁၀ ကြောင်းနဲ့ရေးတတ်ရမယ်
နိုင်ငံရေးသတင်းထောက်ဆိုတာ ပါတီတွေဆီသွား၊ သူတို့ပေးတဲ့ ကြေညာချက်လက်ကမ်းစာစောင်ကိုယူ၊ သူတို့ပြောတာကို ကက်ဆက်နဲ့ အသံသွင်းယူပြီး 'ဤ၊ သည်'မလွဲ အတိအကျပြန်ရေးတဲ့သူမဟုတ်ဘူး။ အဲဒီပြန်ရေးတဲ့သူဟာ ကြော်ငြာသမားပဲ ဖြစ်နိုင်တယ်။ သတင်းထောက် မဖြစ်နိုင်ဘူး။ သတင်းထောက်ဆိုတာက ၁၀ မျက်နှာလောက်ရှိတဲ့ ကြေညာချက်ကြီးတစ်ခုကို စာကြောင်း ၁၀ ကြောင်းလောက်နဲ့ 'လိုတိုရှင်း' ရေးတတ်ရမယ်။ နှစ်နာရီ၊ သုံးနာရီ ကြာအောင် ပြောသွားတဲ့ စကားတွေ ကိုလည်း လိုရင်းကို ထုတ်ပြီး ၁၀ ကြောင်း၊ ၁၅ ကြောင်းနဲ့ သတင်းဖြစ်အောင် ရေးတတ်ရတယ်။အင်တာဗျူးလုပ်ရာမှာ သူ့စကားကိုပြင်မရေးရဘူး။ သူမပြောတာကို ထပ်ဖြည့်မရေးရဘူး။ ဒါပေမယ့် ကြိုက်သလို ဖြုတ်နိုင်တယ်၊ တည်းနိုင်တယ်။ 'ဤ၊ သည်'မလွဲ လုံးစေ့ပတ်စေ့ ပြန်ရေးဖို့ မလိုဘူး။ အပြည့်အစုံထည့်ပေးပါမယ်ဆိုတဲ့ ကတိမျိုး ဘယ်သူ့ကိုမှ ဘယ်အချိန် အခါမှ မပေးရပါဘူး။
ရေးတာကိုပြဖို့မလိုဘူး

တချို့က အင်တာဗျူးလုပ်ထားတာကို ပြန်ရေးပြီးတဲ့အခါ စာစောင်ထဲမထည့်မီ သူတို့ကိုပြ၊ အတည်ပြုချက်ယူပြီးမှ ထည့်ပါလို့ ပြောပြလေ့ရှိတယ်။ ဒါဟာ သတင်းထောက်ကို မယုံဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ။ အကြီးမားဆုံးသတင်းထောက်သိက္ခာ ကို စော်ကားမှုဖြစ်တယ်။ သတင်းထောက်ဟာ သူရေးတဲ့ သတင်းကို သူ့အယ်ဒီတာကလွဲပြီး ဘယ်သူ့ကိုမှ ပြဖို့မလိုပါဘူး။ အင်တာဗျူးခံရမယ့် သူက သတင်းထောက်ကို၊ ဒါမှမဟုတ် သူ့စာစောင်ကို စိတ်မချရင် အစကတည်းက အင်တာဗျူးမပေးဘဲ ငြင်းနိုင်ပါတယ်။ ပြန်ပြပါဦးဆိုတာက ''ခင်ဗျားတို့ကိုမယုံလို့စစ်ဆေးဦးမယ်'' ဆိုတာနဲ့ သဘောချင်းအတူတူပါပဲ။

လံကြုတ်အင်တာဗျူးတွေ
မယုံတာ၊ စိတ်မချတာဟာ ကိုယ့်ဘက်က သမိုင်းမလှခဲ့လို့ဖြစ်တာမျိုးလည်း ရှိတတ်တယ်။ တချို့က အထူးသဖြင့်ပေါ့ပ်သတင်းလောကမှာ မင်းသမီးကိုသွားမမေးဘဲနဲ့ ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့လျှောက်ရေးတယ် ဆိုတာမျိုးတွေ မကြာခဏကြားရလေ့ ရှိတယ်။ တချို့ကျတော့ ရိုက်ကွင်းတစ်ခုမှာ ပြုံးပြနှုတ်ဆက်ပြီး ''နေကောင်းရဲ့လား''လို့ မင်းသမီးကို မင်းသားကို နှုတ်ဆက်လိုက်ရတာကို ပုံကြီးချဲ့ပြီး 'လံကြုတ်'အင်တာဗျူး တွေ ဖန်တီးတယ်ဆိုတာမျိုးလည်း တွေ့ဖူးတယ်။ အဲဒါမျိုးတွေ မကြာ ခဏကြားရကြုံရလို့သတင်းထောက် ကိုမယုံတာဖြစ်တယ်။ တစ်ဖက်သားက ကိုယ့်ကိုယုံကြည်စိတ်ချစေချင်တယ်၊ လေးစားစေချင်တယ်ဆိုရင် သတင်းသမားတွေကလည်း ယုံကြည်စိတ်ချအောင်၊ လေးစားအောင် နေကြလုပ်ကြဖို့ လိုပါတယ်။ယုံကြည်စိတ်ချမှုနဲ့ လေးစားမှု ဆိုတာ ငွေပေးဝယ်လို့ မရသလို အတင်းအကျပ်လုပ်ယူလို့လည်း မရပါဘူး။ လက်တွေ့အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်။ "Actions Speak Louder Than Words" ဆိုတဲ့ စကားအရှိသား မဟုတ်လား။
မူရင်း http://www.first-11.com/

၆-ကြိမ်မြောက် ABMA ဂျာနယ်

Tuesday, April 20, 2010

BURMA VJ Trailer

“ဒေါက်တိုင်ဖြို မြို့ ပြပြောက်ကျားစစ်ပွဲများစပြီလော”

စစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေထွက်ပေါ်လာပြီး ၊ သတ်မှတ်ရက်ခြောက်ဆယ်ဆိုတာ အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) က မှတ်ပုံမတင်ဘူးလို့ ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သလို ၊ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ သင်္ကြန်ရက်သုံးလုံးဆက်ဗုံးပေါက် ကွဲမှုကြီးနဲ့ ၊ မြစ်ဆုံရေကာတာစီမံကိန်းရုံး( အေးရှားဝေါ ) ဗုံးပေါက်ကွဲမှုတွေဟာလဲဆက်တိုက် ဖြစ်လာခဲ့ပါတယ် ။

နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လုယူထားတဲ့ စစ်အာဏာရှင်တွေအုပ်ချုပ်မှုအောက် မှာ ၊ ဗုံးပေါက်တယ်ဆိုတာ ဆန်းတော့တဲ့ကိစ္စမဟုတ်ပေမဲ့ ၊ ခု သင်္ကြန်အကြတ်နေ့ ရန်ကုန် (ကန်တော်ကြီး) ဗုံးသုံးလုံးဆက်ကွဲမှုကတော့ အတော်လေးကို အုတ်အော်သောင်းနင်း ဖြစ် သွား ခဲ့ပါတယ် ၊ သင်္ကြန်ရက်အတွင်းဖြစ်တာကြောင့်ရော သာမန်ပြည်သူတွေကြားမှာ ဖြစ်တာလို့ စစ်အုပ်စုဝါဒဖြန့်ချီရေး ယန္တယားကနေလွှင့်တဲ့သတင်းဆိုတာတွေကို ၊ သံယောင် လိုက် အမျိုးမျိုး ဝေဖန်နေကြသူတွေကြောင့်ရော ၊ အဖြစ်မှန်အခြေအနေမှန်ကို ကြားသိတွက် ဆမိသူတွေ ၊ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ခြေခြေမြစ်မြစ်နားလည်ပြီး ရန်ငါစည်း ပြတ်သူတွေရဲ့ ၊ ထောက်ခံမှုတွေကြောင့်ပါ ၊ တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး အမှန်အမှား ငြင်းကြပြောကြရင်း ၊ ဟိုးလေးတကျော်ဖြစ်လာခဲ့တာပါ ။

ဒီလိုသတင်းမျိုးကိုဝေဖန်ရေးလုပ်တဲ့အခါမှာ အမှန်ကဘာလဲ ၊ ဘယ်သူတွေကလုပ်တာလဲ ၊ ဘာကြောင့်လုပ်တာလဲ သေချာဆန်းစစ်ဘို့တော့လိုပါတယ် ၊ ထင်ကြေးနဲ့ ကြားရသလောက်နဲ့ ရမ်းဝေဖန်တာမျိုးမဖြစ်သင့်ပါဘူး ၊ တပ်ဆင်နေရင်း ကိုယ့်လက်ထဲမှာကွဲနိုင်တဲ့ဘေးအန္တရာယ် ရှိသလို ၊ မိသွားပြန်ရင်လဲ သေသည်အထိနှိပ်စက်ညှင်းပန်းမှုမျိုးစုံခံရပြီး ၊ သေဒါဏ်အမိန့်နဲ့ ၊ ထောင်ထဲမှာ အသတ်ခံရမဲ့၇က်ထိုင်စောင့်နေရမှာမျိုး ကို ၊ အကြမ်းဖက်သမားနာမည်ခံပြီး အားအားယားယား ဘယ်သူမှ အကြောင်းမဲ့လုပ်မှာမဟုတ်ပါဘူး ။

စစ်အုပ်စုထုတ်ပြန်တဲ့သတင်းတွေမှာတော့ သေဆုံးသူတွေဟာ အပြစ်မဲ့ပြည်သူလူထုတွေလို့ တွင်တွင်သုံးထားတာတွေ့ရပြီး သူတို့အာဏာပိုင်အဖွဲ့အစည်းနဲ့မဆိုင်သယောင် ဖေါ်ပြထားပါ တယ် ၊ တကယ်တမ်း သေဆုံးသူတွေနဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ဒါဏ်ရာရသူတွေကိုလေ့လာ ကြည့်တဲ့အခါ အများစုက အာဏာပိုင်အဖွဲ့အစည်းကလူတွေဖြစ်နေတာကိုတွေ့ရပါတယ် ။

ဖြစ်စဉ်မှန်ကိုစုံစမ်းကြည့်တဲ့အခါမှာ ခုဗုံးပေါက်ကွဲတဲ့ X20(SPECIALONE)မဏ္ဍပ်က သန်းရွှေအချစ်တော်မြေးလေး ဖိုးလပြည့်ကစားဘို့ ၊ ဆောက်ခိုင်းထားတဲ့မဏ္ဍပ်ဖြစ်ပြီး သန်းရွှေကစိတ်မချလို့ ပြည်လမ်းက တေဇမဏ္ဍပ်ဘေးကို CHANNEL-5ဆိုတဲ့ နှစ်တိုင်း သူပေးနေကြနာမည်နဲ့ ရဲလုံခြုံရေး တပ်ရင်းလိုက်ချပြီး ပြောင်းကစားစေခဲ့တာပါ ။

ဒါပေမဲ့ X20(SPECIALONE)မဏ္ဍပ်မှာ သန်းရွှေမြေးသာမပါတော့တာ ရေကစားသူအများစု ဟာ စစ်အုပ်စုခေါင်းကြီးပိုင်းသားသမီးတွေအများ စုဆိုတာတွေ့ရပါတယ် ၊ ဖိုးအေးအပါအ၀င် ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ရဲ့သူငယ်ချင်းတွေအများစုဖြစ်ပါတယ် ၊ ၁၄.၄.၂၀၁၀နေ့က ဖိုးလပြည့်ကိုယ်တိုင် ညနေသုံးနာရီကျော်မှာ လာရောက်ရေကစားခဲ့လို့ ဗိုလ်မှုးကြီးကိုယ်တိုင် အောက်ခြေမိးသတ် ၊ မော်တော်ပီကယ်တွေလုပ်တဲ့အလုပ်မျိုးကို ယူနီဖေါင်းကြီးတကားကားနဲ့ ကလေးကလားဆင်းလုပ် ဖါးယားပြနေရတာကိုတွေ့ရပါတယ် ၊ စစ်ဒေသမှုးကြီးနဲ့ ရဲမြို့နယ်မှုး ၊ မယက ဥက္ကဌ တတွေ ပြာယာခတ်နေမှုက X20(SPECIAL ONE) မဏ္ဍပ်ဟာ အာဏာပိုင် သားသမီးတွေ ၊ ပြည်သူတွေဆီက မတရားရယူထားတဲ့ငွေတွေကိုဖြုန်းဘို့ နေရာတစ်ခုဆိုတာ အထင်အရှားဖြစ်စေပါတယ် ။

အဲဒီတော့ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်နဲ့ စစ်အုပ်စုရဲ့ နှလုံးသွေး ၊ ရင်နင့်သည်းချာ သား သမီးရတနာလေးတွေနဲ့ ၊ သူတို့အတွက်လုံခြုံရေးယူပေးနေတဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူ တွေကို ဦးတည်တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ ထင်ရှားလာပါတယ် ၊ စစ်အုပ်စုက သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးအတွက်လုပ်တာမျိုး ၊ ဒီတခါတော့မဟုတ်ပါဘူး ။

သေတဲ့ ဒါဏ်ရာရတဲ့သူတွေထဲမှာ သာမန်ပြည်သူတွေပါတယ်ဆိုပေမဲ့ ၊ တကယ်တမ်းအများစု က စစ်အုပ်ဝုအာဏာပိုင်တွေနဲ့ ၊ ရဲ ၊ မီးသတ် ၊ ရယက ၊ မယက ၊ ကြံ့ဖွတ်တွေပါ ။ လုံခြုံရေးယူ ထားတဲ့ကြားထဲကို လက်ပစ်ဗုံးနဲ့အနီးကပ်ပစ်ပြီးတိုက်ခိုက်မှုပါ ၊ ဗုံးရှင်းလင်းရေးသမားတွေ ရောက်လာမှခွဲဘို့လုပ်ထားပုံရတဲ့ ( မိသွားတဲ့ ) အပြင်းစားရမုကွန်ထရိုးနဲ့ဗုံးတွေသာ စောစောခွဲခဲ့ရင် ပြည်သူတွေ ဒီ့ထက်ပိုထိခိုက်မှာပါ ၊ ခုဟာက ပြည်သူထိတယ်ဆိုတာ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက် ဆိုးကျိုးအဆင့်ပဲရှိပါတယ် ။

ပြည်သူလူထုထိခိုက်တယ်ဆိုတာ စိတ်မကောင်းစရာပါ ၊ ဒါပေမဲ့ စစ်အာဏာရှင်လက်ထက်မှာ ဒီလိုအနိဌာရုံတွေဟာ မဆန်းတော့ပါဘူး၊ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ပြည်သူတွေ ၊ ဒီပဲရင်းမှာဗလာချီရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင်ဘာမှာသတ်ဖြတ်ခံခဲ့ရတဲ့ သံဃာတွေ ၊ ကျောင်းသားပြည်သူတွေ ၊ မတရား သဖြင့်နှိပ်စက်မှုတွေကြောင့် အကျဉ်းထောင်အသီးသီး ၊ ရဲဘက်စခန်းအသီးသီးမှာ လူမသိသူ မသိ သေခဲ့ရသူတွေ ၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ရွာထဲလက်နက် ကြီးနဲ့ပစ် ၊ ရွာလုံးကြွတ်မီးရှို့ ၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေကြောင့် သေခဲ့ရတဲ့ပြည်သူတွေ ၊ မပြည့်စုံတဲ့စားဝတ်နေမှုဘ၀တွေမှာ တဖြည်းဖြည်းအဟာရ ချို့ တဲ့ပြီး သေခဲ့ရတဲ့ပြည်သူတွေ ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၊ ဆေးမကုနိုင်လို့ မသေသင့်ပဲသေခဲ့ရတဲ့ ပြည်သူတွေများလှပါပြီ ၊ (နာဂစ်မုန်တိုင်းတိုက်ချိန်မှာ အာဏာတည်မြဲရေးကိုပဲဦးစားပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကိုပဲအာရုံစိုက်နေလို့ ၊ ကယ်ဆယ်ရေးမလုပ်လို့ ပြည်သူတွေ

သိန်းချီသေခဲ့တာ ဘာမှမကြာသေးပါဘူး ) ။
ခုလို ကပ်ဆိုက်သလိုတိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေလွတ်မြောက်အောင်မကြိုးစားပဲ သင်္ကြန်ဆိုတာမျိုးခေါင်းစဉ်တပ် အပျော်အပါးနောက်လိုက်နေတာမျိုးတွေ ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီးမိသားစုတွေကြားသွားလာပြီး ကိုယ့်ဘို့ပဲကိုယ်သိသူတွေအတွက် ၊ ဒီလိုအနိဌာ ရုံတွေ ထပ်ထပ်ပြီးတွေ့လာရတော့မှာပါ ၊ ဖေါက်ပြန်တဲ့စစ်အုပ်စုရှိနေသမျှစစ်ပွဲတွေရှိနေဦးမှာပါ ၊ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး ၊ လပြည့်နေ့မရှိဘူး ၊ တောတွင်းမြို့ ပေါ်ခွဲခြားမှုမရှိဘူး ၊ အချိန်တိုင်း ၊ နေရာတိုင်း တိုက်ပွဲတွေရှိနေနိုင်တယ်ဆိုတာ ပြည်သူလူထု တရပ်လုံး သတိရှိ နေကြဘို့လိုတယ်ဆိုတာ ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူကြဘို့လိုပါတယ် ။

ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်မလဲလို့ အထိတ်ထိတ်အလန့်လန့် နေရတဲ့ ဘ၀မျိုးကလွတ်အောင် ၊ ငြိမ်းချမ်းရေးရှိအောင် စစ်အာဏာရှင်ကိုဆန့်ကျင်ကြ ။ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ကြိုးစားကြ ၊။

ရွှေသန်း

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၄၊ ဧပြီလ - ၂၀၁၀ ခုနှစ်)