Thursday, March 10, 2011

လိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိသည့် မောင်ငြိမ်းချမ်း

ယောက်ျား၊ မိန်းမ လိင်အင်္ဂါ နှစ်မျိုးစလုံး ပီပြင်စွာ ပါရှိသည့် မောင်ငြိမ်းချမ်း
မြန်မာ့အမျိုးသား လက်ရွေးစင် ဘောလုံးသမား ဖြစ်လိုသည်ဟုဆို မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ အ.ထ.က (၂၆)တွင် ဆဋ္ဌမတန်း စာမေးပွဲဖြေကြားပြီးသည့် အသက် (၁၁)နှစ်အရွယ်ရှိ မောင်ငြိမ်းချမ်းသည် ယောက်ျား၊ မိန်းမ လိင်အင်္ဂါ နှစ်မျိုးစလုံး ပီပြင်စွာပါရှိပြီး ဆရာဝန်ကြီးများ၏ စစ်ဆေးချက် အဖြေများအရ ၄င်းတွက် လိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိသော်လည်း အမျိုးသမီး လိင်အင်္ဂါဖြင့်သာ ဆီးသွားခြင်း၊ သားအိမ်မပါရှိခြင်း၊ ကပ္ပါယ်အိတ်မပါရှိခြင်းကြောင့် ၄င်း၏ဟော်မုန်းပြောင်းလဲမှုကို လေ့လာဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မောင်ငြိမ်းချမ်းကို (၂၈၊၁ဝ၊၁၉၉၉)ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအုပ်စု၊ ဇီးကုန်းလေး ကျေးရွာနေ တောင်သူလယ်သမား ဦးထွန်းလင်းနှင့် ဒေါ်ဝင်းအေးတို့မှ မွေးဖွားလာခဲ့သော တစ်ဦးတည်းသောသား ဖြစ်သည်။ 'သူ့ကို မွေးကတည်းက လိင်အင်္ဂါနှစ်ခုပါတာ သိတယ်။ (၂)နှစ်အရွယ်ကတည်းက ဘောလုံး ကန်တတ်နေပြီ။ (၅)နှစ်သားမှာ ရွှေဘို၊ အ.ထ.က(၁) အသင်းကနေ ဘောလုံးဝင်ကန်တာ ဆုတွေအများကြီး ရခဲ့တယ်။ စိတ်ကတော့ ယောက်ျားစိတ်ပဲ။ နေထာထိုင်တာ မိန်းကလေးလက္ခဏာ လုံးဝမတွေ့ရဘူး'ဟု ၄င်း၏ ဖခင်ဦးထွန်းလင်းက ပြောသည်။

မောင်ငြိမ်းချမ်းသည် ပြီးခဲ့သော (၈)လအတွင်းတွင် အရပ်(၁.၅)လက်မ ရှည်ထွက်လာပြီး ယခုအချိန်တွင် အရပ်(၅)ပေ (၁.၅)လက်မခန့်၊ ပေါင်ချိန်(၈၈) ပေါင်ရှိပြီဖြစ်သည်။ 'သားက အရင်က ဘောလုံးရှေ့တန်းတိုက်စစ်မှူး နေရာမှာ ကစားတယ်၊ ဒီဘောလုံးသင်တန်းကို ရောက်လာတော့ ဂိုးဖမ်းရတယ်၊ တစ်ချိန်ကျရင် မြန်မာ့အမျိုးသား လက်ရွေးစင်အသင်းမှာ ဘောလုံးသမား ဖြစ်အောင် ကြိုးစားသွားမယ်'ဟု မောင်ငြိမ်းချမ်းက ဆိုသည်။

ဆရာဝန်တစ်ဦး၏ အဆိုအရ မောင်ငြိမ်းချမ်း၏ လိင်အင်္ဂါဖွံ့ဖြိုးပြောင်းလဲမှု၊ ဟော်မုန်းဖွံ့ဖြိုးပြောင်းလဲမှု၊ စိတ်ဖွံ့ဖြိုးပြောင်းလဲမှုများကို စောင့်ကြည့်ပြီးမှသာလျှင် ယောက်ျား၊ မိန်းမလိင်အင်္ဂါ ပြောင်းလဲမှုကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယခုအခြေအနေတွင် သားအိမ်မပါရှိသော မအင်္ဂါမှာလည်း သိသိသာသာ ဖွံ့ဖြိုးလာသကဲ့သို့ ဆီးမသွားသော ကျားအင်္ဂါသည်လည်း အလုပ်လုပ်လျက် ရှိကြောင်း ထူးဆန်းစွာ တွေ့ရှိရသည်ဟု ဆိုသည်။
လျှပ်တစ်ပြက်ဂျာနယ်မှာရေးသားဖော်ပြထားပါသည်။