Friday, March 25, 2011

ပြဿနာဖြစ်နေသော ဂျပန်ဓါတ်ပေါင်းဖိုမှာ အနုမြူယိုစိမ့်မှု သံသယဖြစ်


တိုကျို။ ။ ပြင်းအားပြင်း ငလျင်ကြီးနဲ့ ဆူနာမီဖြစ်ပေါ်လာပြီး ၂ ပတ်အကြာတွင် အနုမြူဓါတ်ပေါင်းဖို တခုမှာ ပြဿနာပေါ်လာနေပါတယ်။ အနုမြူဓါတ်ပေါင်းဖိုတခုမှာ အနုမြူရောင်ခြည် စွမ့်ထွက်နေ ကြောင်း သံသယဖြစ်ရတယ်လို့ ဂျပန်အစိုးရက ၂၀၁၁ခု မတ်လ ၂၅ သောကြာ နေ့က ပြောဆိုလိုက် ပါတယ်။ တချိန်ကယူဆတွေးထင်ထားတာထက် ဓါတ်ပေါင်းဖိုမှာ အနုမြူစိမ့်ထွက်မှုဟာ ပိုမိုစိုးရိမ်စရာ ပြဿနာအဖြစ်ကောက်ချက်ချရမဲ့ အဓိပ္ပါယ်ပါ။

အနုမြူဓါတ်ပေါင်းဖိုမှ ပိုမိုဝေးကွာတဲ့အရပ်ကို လူတွေမရွှေ့ပြောင်းသေးဘို့၊ အပြင်မထွက်ပဲ အိမ်တွင်း မှာနေကြရင်ပဲ အန္တရာယ်မရှိနိုင်ပါဘူးလို့ ဂျပန်ခေါင်းဆောင်များကပြောခဲ့ကြပါတယ်။ အခုတော့ သက်ဆိုင်ရာတွေက ဓါတ်ပေါင်းဖိုဝန်းကျင်မှာနေထိုင်သူများအနေနဲ့ မိမိတို့ဆန္ဒအလျောက် ပိုမိုသင့် တင့်ကောင်းမွန်မဲ့အရပ်များဆီ ပြောင်းရွှေ့နေထိုင်လိုက ပြောင်းရွှေ့နိုင်ကြောင်းလဲ ပြောလာကြပါ တယ်။ ဆူနာမီသင့်ဒေသမှာ ရိက္ခာများလဲပြတ်လပ်လာလို့ဖြစ်ပါတယ်။

ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ တသောင်းကျော်ရှိနေပြီဆိုတဲ့ သောကြာနေ့စာရင်းများအရ အနုမြူဓါတ်ပေါင်းဖို ပြဿနာဟာ အရှိန်မြင့်လာပါတယ်။ ထိခိုက်ခံခဲ့ရတဲ့ အရှေ့မြောက်ကမ်းရိုးတန်း တလျှောက် အိမ်တွေအဖျက်ဆီးခံလိုက်ရတဲ့ သိန်းပေါင်းများစွာရှိတဲ့လူများဟာ လျှပ်စစ်မီးလဲမရှိ၊ ပူနွေး တဲ့အစားအစများလဲ မသုံးဆောင်ရ၊ အတော်များများဟာ ၁၄ ရက်လုံးလုံး ရေလဲမချိုးကြရပါဘူး။

မရေရာတဲ့ အနုမြူအခြေအနေဟာ ဖူခူရှီမ ဒိုင်အိချိ ပရဝဏ်ရဲ့အလုပ်တွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။ အန္တရာယ်ရှိမဲ့ဓါတ်ရောင်ခြည်ယိုစိမ့်မှုက ကာကွယ်ဘို့ ဓါတ်ပေါင်းဖို အပူလွန်ကဲမှုမရှိရအောင် အာဏာ ပိုင်များက အလုအယက်ကြိုးပမ်းနေကြပါတယ်။ မတ်လ ၁၁ ရက်နေ့ကစလို့ အဆင့်နိမ့် အနုမြူရောင် ခြည်စိမ့်ထွက်မှု ဖြစ်ပေါ်နေခဲ့တာပါ။ ဆူနာမီက ဓါတ်ပေါင်းဖိုရဲ့ အအေးပေးလုပ်ငန်းကို ဖြိုချပစ်ခဲ့ပါ တယ်။ အခု ကျိုးပဲ့ထွက်ရှိတယ်ဆိုတာကတော့ ဓါတ်ရောင်ခြည်များ ကြီိးမားတဲ့ပမာဏ စိမ့်ယိုခြင်းလို့ ဆိုနိုင်ပါတယ်။ ကြမ်းပြင်ရေများအတွင်း ပျံ့နှံ့ကူးစက်မှုရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။


ဖူခူရှီမ ဒိုင်အိချိဓါတ်ပေါင်းဖိုရဲ့ ယနေ့အခြေအနေဟာ လွန်စွာစိုးရိမ်စရာဖြစ်နေတုန်းပါပဲ။ ကျနော်တို့တ တွေ နိုးနိုးကြားကြားနဲ့ သတိဝိရိယရှိနေကြရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ အကောင်းမြင်နေနိုင်မဲ့ အခြေအနေမှာမရှိပါဘူး။ သတိကြီးစွာနဲ့ ဖြစ်ထွန်းတိုးတက်မှုတိုင်းအတွက် ကျနော်တို့လုပ်ဆောင်နေ ရမှာဖြစ်ပါတယ် လို့ ဝမ်းနည်းညှိုးငယ်နေတဲ့ ဝန်ကြီးချုပ် နာအိုတို ခန် ကပြောကြားလိုက်ပါတယ်။

ဓါတ်ပေါင်းဖို အမှတ် ၃ ရဲ့ ပေါက်ပြဲကွဲအက်မှုက ဓါတ်ပေါင်းဖိုအူတိုင်ရဲ့ သံမဏိခန်းမှာ ဒါမှမဟုတ် ကွန်ကရိ အားဖြည့်မံထားတဲ့ သုံးပြီးသားလောင်စာကန်မှာ အက်ကွဲကြောင်း သို့မဟုတ် အပေါက် ဖြစ်ထွန်းတာကြောင့်ဖြစ်နိုင်ပါတယ်။ လောင်စာချောင်းများကိုထိန်းထားတဲ့ အူတိုင်အတွင်းရဲ့ အပူချိန် နဲ့ ဖိအားကတော့ တည်ငြိမ်လျက်ရှိနေပါတယ်။ အူတိုင်ကို အရည်ပျော်စေမဲ့အဆင့်ထက် များစွာလျော့ ကျနေတုန်းပါ။

ဓါတ်ပေါင်းဖိုထဲ သို့မဟုတ် အနီးအနားရှိ သာမန်ထက် သောင်းပေါင်းများစွာပိုများနေတဲ့ ဓါတ်ရောင် ခြည် ပမာဏရှိနေတဲ့ရေများထဲလျှောက်နေရလို့ အရေပြားတွေလောင်ကျွမ်းသွားတဲ့ လုပ်သား ၂ ဦးကို တွေ့လိုက်ရလို့ ဓါတ်ပေါင်းဖိုအတွင်းပေါက်ပြဲခြင်းကို သံသယတွေ ပိုခဲ့ရတာလို့ အနုမြူနဲ့စက်မှုဆိုင် ရာလုံခြုံရေးအေဂျင်စီက ပြောပါတယ်။ ယူနစ် အမှတ်(၁)ဓါတ်ပေါင်းဖိုအဆောက်အဦးမှာ ဓါတ်ရောင် ခြည်ပမာဏမြင့်နေတဲ့ ရေများကို တွေ့ရှိရကြောင်း တိုကျိုလျှပ်စစ်ကုမ္ပဏီအရာရှိများကပြောပါတယ်။

ယူနစ်(၂)နဲ့(၄)များမှာလဲ ရေများကိုတွေ့ရပြီး၊ ဒီ ရေများတွင်လဲ ဓါတ်ရောင်ခြည်များစိမ့်ဝင်နေတယ်လို့ သံသယဖြစ်နေကြပါတယ်။ ယူနစ်တခုစီမှရေများဟာ မူလပင်မတခုတည်းမှ စီးဆင်းလာတယ် မလာ တယ်ကို အသေအချာမသိရသေးဘူး၊ ဒါပေမင့် ဓါတ်ပေါင်းဖိုအတွင်း ပြုဆောင်နေရတဲ့အလုပ်များကို နှောင့်နှေးစေတာကိုတွေ့ရပါတယ်လို့ အရာရှိများကပြောပါတယ်။

ဒီသောကြာနေ့ဟာ ပြင်းအား ၉ ရှိ ငလျင်နဲ့ အရှေ့မြောက်ကမ်းရိုးတန်းမြို့များကို ပြိုပြားစေခဲ့တဲ့ ဆူနာ မီတို့ဖြစ်ခဲ့ပြီး ၂ ပတ်မြောက်နေ့ဖြစ်ပါတယ်။ ရှင်းလင်းခြင်းနဲ့ နလံထူအောင် ပြန်လည်ထူထောင်မှုတွေ ဆက်လုပ်နေရင်း ပျောက်ဆုံးသူများဟာ ၁၇,၄၀၀ ဦးနဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်မယ်လို့ ခန့်မှန်းရပါ တယ်။

ဓါတ်ရောင်ခြည်ပျံ့နှံ့ခြင်းကြောင့် သူတို့ဘဝသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ ထိခိုက်သွားရတဲ့အ တွက် လယ်သမားများနဲ့လုပ်ငန်းရှင်များကို ဝန်ကြီးချုပ် ခန် က တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ နို့အစိမ်း၊ ပင်လယ်ရေနဲ့ ဘရော့ကလီ၊ ဂေါ်ဖီပန်းပွင့်၊ တရုတ်မုံလာအပါအဝင် ဟင်းသီးဟင်းရွက် ၁၁ မျိုးမှာ ဓါတ်ရောင်ခြည်ပမာဏများစွာပါဝင်နေကြောင်း သိရပြီးနောက်ပိုင်းတွင် ဓါတ်ပေါင်းဖိုအနီးဝန်း ကျင်ဒေသမှ စားသောက်ကုန်တင်ပို့မှုများကို နိုင်ငံတော်တော်များများက ပိတ်ပင်ခဲ့ပါတယ်။

ဝန်ဆောင်လုပ်ငန်းလုပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ပူလောင်နေ တဲ့ ဓါတ်ပေါင်းဖိုကို ငြိမ်းအေးအောင် သက်စွန့်ဆံဖျား ကြိုးစားလုပ်ဆောင်ပေးခြင်းအတွက် ဝန်ကြီးချုပ် က ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

နျူကလီယာပြဿနာဟာ လူသားချင်းစာနာဘွယ်ဘေးကပ်ဆိုးကြီးဆိုက်နေတဲ့ နိုင်ငံကို စိန်ခေါ်မှုတွေ အများကြီး ပေါင်းထည့်ပေးနေပါတယ်။ ချမ်းအေးနေတဲ့ ဂျပန့်အရှေ့မြောက်အရပ်ဟာ မြော်လင့်ချက်မဲ့ ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းမြင်ကွင်းတို့အပြင် သိန်းပေါင်းများစွာသော အိမ်မဲ့ယာမဲ့ သက်ရှင်ကျန်ရှိသူ များကို ကျွေးမွေးစောင့်ရှောက်ရန်နဲ့ အမှိုက်များရှင်းရေးနဲ့အလောင်းများမြှုပ်နှံရေးတို့ကို ကြိုးပမ်းလုပ် ဆောင်ရမှာတွေ ကျန်ရှိနေပါတယ်။

ပျက်စီးသွားတဲ့ကမ်းရိုးတန်း အိုနဂါဝ မြို့မှ အသက် ၄၅ နှစ်ရွယ် မက္ကင်းနစ် တိုမိုဟိခို အာဘဲ့ က “ကျနော် အိပ်မက်မက်နေတုန်းပဲလို့ ထင်နေဆဲပါ” လို့ သူ့ကားပျက်ထဲက သူပိုင်ပစ္စည်းများကို ရှာဖွေ ယူနေရင်းပြောပါတယ်။ “လူတွေကတော့ရုပ်ရှင်ထဲကလိုပဲလို့ ပြောကြပါတယ်၊ ဒါပေမင့် ကျနော် ကြည့်ရတဲ့ရုပ်ရှင်တွေထဲကထက် ပိုဆိုးပါတယ်”လို့ သူကဆက်ပြောပါတယ်။

အရာရှိတွေက ဌာနေတွေကို ဓါတ်ပေါင်းဖိုမှ ၁၂ မိုင်(ကီလိုမီတာ ၂၀)သို့ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဓါတ်ရောင်ခြည်ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ၁၉ မိုင်(ကီလိုမီတာ ၃၀)ဝေးဝေးမှာ အိမ်တံခါးတွေ ပိတ်ပြီးနေထိုင်ရန် အကြံပေးခဲ့ပါတယ်။ အမေရိကန်ကတော့ ဓါတ်ပေါင်းဖိုမှ မိုင် ၅၀(ကီလိုမီတာ ၈၀) အဝေးတွင် လူများနေကြရန် အကြံပြုခဲ့ပါတယ်။

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယူခိအို အဲဒါနို က လူတွေကို ဓါတ်ပေါင်းဖိုကနေ ၁၂ မိုင်မှ မိုင် ၂၀ အဝေးမှာ အိမ်အတွင်းမှာ တံခါးပိတ်နေရင် ဓါတ်ရောင်ခြည်ရန်မှ စိတ်ချစေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမင့် စားနပ်ရိက္ခာများပို့ဆောင်မှုက လုံလောက်အောင် အမြန်မရနိုင်တာကြောင့် ဌာနေများအနေနဲ့ မိမိတို့ဆန္ဒအလျောက် ပိုမိုကောင်းမွန်မဲ့အရပ်များဆီ ပြောင်းရွှေ့သွားလိုက သွားနိုင်ပါကြောင်း သူက ဆက်ပြောပါတယ်။ လက်ငင်းအခြေအနေကနေ ကျဉ်းကျပ်ပြီး ပိုမိုဆိုးလာရင်တော့ ရွှေ့ပြောင်းရန် စည်းကမ်းသတ်မှတ်ချက်ချနိုင်ခြေကိုတော့ ငြင်းဆန်မည်မဟုတ်ပါဟု သူကပြောပါတယ်။ အစိုးရအနေ နဲ့ ဒီ အချက်ကို ပြန်လည်ဆန်းစစ်မှုအဆက်မပြတ်ဆောင်ရွက်လျက် လိုအပ်သလို အကြံဉာဏ်များ ပေးသွားပါ့မယ်၊ စိတ်ချလုံခြုံမှုဟာ ဦးစားပေးဖြစ်ပါတယ်လို့ အဲဒါနို ကပြောသွားခဲ့ပါတယ်။

ဓါတ်ပေါင်းဖိုကို တာဝန်ယူလုပ်ကိုင်တဲ့ တိုကျိုလျှပ်စစ်ကုမ္ပဏီမှ လုံခြုံရေးထိခိုက်မှုရှိနေကြောင်း ပြင်း ထန်တဲ့ သတိပေးချက်နဲ့ အခြေအနေတည်ငြိမ်သွားလျှင် စေ့စပ်သေချာစွာ ပြန်လည်စစ်ဆေးမှာဖြစ် ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ အနုမြူနဲ့စက်မှုဆိုင်ရာလုံခြုံရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဟိဒဲ့ဟီခို နိရှိယာမ ကပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ ဓါတ်ပေါင်းဖိုအမှတ် ၃ မှာဟိုက်ဒြိုဂျင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီးမှစကာ ချိုးပဲ့ပေါက်ပြဲ ခြင်းကြောင့် ရက်အတန်ကြာ ဓါတ်ရောင်ခြည် ယိုစိမ့်ထွက်နေခဲ့ပုံ ရပါတယ်။ ဓါတ်ရောင်ခြည်ထိတွေ့ စိမ့်ဝင်နေတဲ့ရေတွေဟာ မြေကြီးထဲဝင်ရောက်သွား မသွားဆိုတာ မသေချာပါ။ လေထုထဲမှာ ဓါတ် ရောင်ခြည်ပမာဏကို ၂၅ ရက် သောကြာနေ့က တိုင်းတာလို့မရခဲ့ပါ။ ယခုရက်ပိုင်းအတွင်းတော့ လေထု တိုင်းတာမှုအရ တိုးမြင့်လာတာမတွေ့ရပါ။

ဂျပန်နိုင်ငံ နေရာတော်တောများများရဲ့ ဘုံဘိုင်ရေတွေမှာ ဓါတ်ရောင်ခြည်မြင့်မားစွာ ပါဝင်နေတာတွေ့ ရပါတယ်။ ကလေးများအတွက် အစိုးရသတ်မှတ်စံနှုန်းထက် နှစ်ဆပိုများနေတာကို တိုကျို ဘုံဘိုင်ရေ များတွင် တွေ့ရပါတယ်။ ကလေးတွေဟာ ကင်ဆာရောဂါဖြစ်စေမဲ့ ရေဒီယိုအိုင်အိုဒင်းကို ခုခံနိုင်စွမ်း မရှိလှတဲ့သူတွေ ဖြစ်ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီစိုးရိမ်မှုကြောင့် တိုကျိုမှာ ရေသန့်ဗူး တွေ ဝိုင်းဝယ်ကြလို့ ပြတ်လပ်သွားခဲ့ပါတယ်။ တိုကျိုမြူနီစီပါယ်မှ အရာရှိများက ကလေးငယ်ရှိ မိသားစုများကို ရေသန့်ဗူးများ ဝေပေးခဲ့ပါတယ်။

ပထမစိမ့်ထွက်လာတဲ့ ဓါတ်ရောင်ခြည်ဟာ အူတိုင်များဖေါင်းကြွပေါက်ထွက်မှုမှကာကွယ်ရန် အဆို့ရှင် များအတွင်း ရေနွေးငွေ့များသွတ်သွင်းခြင်းကြောင့်ဖြစ်လာတာပါ။ ဒါပေမင့် ကျိုးပဲ့ယိုထွက်မှုကြောင့် ထွက်လာတဲ့ ဓါတ်ရောင်ခြည်ပမာဏဟာ ထိန်းမနိုင်တဲ့အရေအတွက်ဖြစ်လာကာ ပတ်ဝန်းကျင်မြေထု လေထုသို့ ထိတွေ့ပျံ့နှံ့သွားပါတယ်။

စိတ်ချလုံခြုံမှုအတွက်လုပ်ဆောင်ရေးဟာ လုံလောက်ချင်မှလုံလောက်ပါလိမ့်မယ်၊ ဘေးအန္တရာယ်ကို ဘယ်လိုဘယ်ပုံကိုင်တွယ်လုပ်ဆောင်နေကြသလဲလို့ ပြည်သူများမှာ စိုးရိမ်စိတ်များ ပိုမိုနေကြပါလိမ့် မယ်လို့ အဲဒါနို ကပြောပါတယ်။ ဖြစ်ပျက်ရာဒေသမှာ အလုပ်လုပ်နေသူများအတွက် လုံခြုံစိတ်ချရမှုကို ကျနော်တို့ သေချာစွာ ပြုလုပ်နေကြပါတယ်။ ဒါဟာ ကျနော်တို့တာဝန်လို့ အမှန်တကယ်ယုံကြည်ပါ တယ် လို့ ကက်ဘိနက်အကြီးအကဲကပြောသွားပါတယ်။

အခုအချိန်မှာ စက်ရုံများရဲ့နစ်နာပျက်စီးဆုံးရှုံးမှုက တတိယစီးပွါးရေးအင်အားကြီးနိုင်ငံကို ထိခိုက်စေ ပြီး ကမ္ဘာတလွှားကိုပါ စီးပွါးရေးးဂယက် ရိုက်ခတ်စေနေပါတယ်။ စက်ရုံပျက်စီးသွားတဲ့အတွက် နစ် ဆန်းမော်တော်ကားကုမ္ပဏီက အင်ဂျင်အစိတ်အပိုင်းစက်ရုံကို အမေရိကဘက် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။

ငလျင်နဲ့ဆူနာမီဟာ ကမ္ဘာ့စရိတ်အကြီးဆုံးဘေးအန္တရာယ်များအဖြစ် မှတ်တမ်းတင်ရတာကြောင့် အခု ဘေးဆိုးကြီးကြောင့် အမေရိကန်ဒေါ်လာ ၃၁၀ ဘီလျံအထိ ဆုံးရှုံးပျက်စီးမှု ရှိမှာလို့ ဂျပန်အစိုးရက ဆိုပါတယ်။ ကျနော်တို့တတွေ အကြီးအကျယ် ဆုံးရှုံးကြရမှာကတော့ သံသယဖြစ်စရာ မရှိပါ။ အပျက် အစီးတွေကို ပြန်လည်ထူထောင်ရမှာက ကျနော်တို့တာဝန်ဖြစ်ပါတယ်လို့ ဘဏ္ဍာရးဝန်ကြီး ယိုရှိ ဟိခို နိုဒ ကပြောပါတယ်။

ဆဲန်ဒိုင်ဆိပ်ကမ်းမှာတော့ တိုယိုတာ ကားသစ်များဟာ ပျက်စီးပြီး ပုံနေပါတယ်။ ဆူနာမီ တိုက်စားသွား တဲ့ လေဆိပ်မှာတော့ အမေရိကန်မရိန်းတပ်သားများက လွှင့်ပစ်ထားတဲ့ ကစားစရာအရုပ်လေးများလို ကားပျက်များကို ဘူဒိုဇာများ ဂေါ်များနဲ့ စုပုံနေကြပါတယ်။

ဒေသတဝိုက်မှာ ဒဏ်ခံနိုင်မှု၊ စိတ်ရှည်ကြိုးစားနိုင်မှုနဲ့ဇွဲရှိမှုတို့ရဲ့ သရုပ်သကန်ကို များစွာတွေ့မြင်ခဲ့ရ ပါတယ်။ ဖူခူရှီမ ခရိုင် ကမ်းရိုးတန်းမှာရှိ ပြင်းထန်စွာဘေးဒဏ်ခံလိုက်ရတဲ့ ဆိုမ မြို့မှာ တချိန်က ဟိရိုရှိ ဆူဇူခီ ရဲ့အိမ်တည်ရှိရာနေရာမှာ အမှိုက်သရိုက်တွေစုပြုံနေခဲ့ပါတယ်။ စစ်သားများ အဲဒီနေရာမှာ အလောင်းများရှာဖွေဘို့ တူးဖော်နေတာကို သူမြင်တွေ့နေရပါတယ်။ အလောင်း ၃ လောင်းကို တူးဖော်နိုင်ခဲ့ကြပါတယ်။

ဒီအနေအထားမျိုးရောက်လိမ့်မယ်၊ နေရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော် မထင်မှတ်ခဲ့ပါဘူးလို့ ဆူဇူခီ ကဝမ်းနည်းကြေကွဲစွာ ပြောပါတယ်။ သူကတော့ ကံအများကြီးကောင်းသေးတဲ့ ဆိုမ မြို့နေသူ တယောက်ပါ။ သူ့ရဲ့ ငါးနဲ့ပင်လယ်ရေမှော်ရောင်းတဲ့ဆိုင်ကိုတော့ ဆူနာမီက ဝါး မျိုသွားခဲ့ပါတယ်။

ကျနော့်လုပ်ငန်းကတော့ သွားပါပြီ၊ ပြန်နလံထူအောင်စွမ်းနိုင်မယ်လို့တော့ ကျနော် မထင်ပါဘူး လို့ အသက် ၅၉ နှစ်ရှိတဲ့ ဆူဇူခီ ကပြောပါတယ်။ သူကတော့ အကောင်းဘက်ကို တွေးမြင်ပါတယ်။ တခု ကောင်းတာက အားလုံးက အတူတူဆွဲယူ တွဲယူသွားကြတယ်၊ တဦးကိုတဦးလဲ ရိုင်းပင်းကူညီကြ တယ်၊ ခိုးတဲ့ လုတဲ့သူလဲမရှိဘူး လို့ သူကဆိုပါတယ်။ ဒါက ကျနော် ဂျပန်လူမျိုးဖြစ်ရတာကို ဂုဏ်ယူစေ ပါတယ် လို့လဲပြောပါတယ်။

(အေပီ သတင်းထောက် ရှိနို ယူအဆ နဲ့ ဂျက်ဖ်ဒွန် တို့ရဲ့ ၂၀၁၁ ခု မတ်လ ၂၆ ရက် သတင်းဆောင်းပါး ကို ဘာသာပြန်ပါတယ်။)

မောင်မောင်လှကြိုင်
တိုကျို
၂၀၁၁ မတ်လ ၂၆
သတင်းဆောင်းပါပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်