Sunday, May 29, 2011

သန်းရွှေသေပြီ…(Than Shwe pass away)

စိုင်းစိုင်းသန်းရွှေ(ကနေဒါ)+၀တ်မှုံကြိုင်ကြိုင်(အမေရိကား)

(သန်းရွှေသာရှောသွားရင်~~ နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ နတ်ကနားပေးမလို့ )၂
18 နှစ်ပြည့် တဲ့ သူတွေ ~~စစ်မှုထမ်းရတော့ မယ်တဲ့ 
ကြားလိုက်ရတဲ့ သတင်း ဆိုးကြောင့်  ~~နေရတာခက်ခဲ
သူထုတ်ခဲ့ တဲ့ ဥပဒေအားလုံး ~~သူကိုယ်တိုင်ဘဲချိုးဖောက်သည်
ဗိုချုပ်တွေဆိုရင်လဲ ~~သူကိုယ်တိုင်ဘဲဖြုတ်ပစ်သည်
ဘိုခင်ညွန့် တဖွဲ့ လုံးလဲ ~~မြောင်းထဲရောက်သွား
အတွေး~ တွေနဲ့ ငါပေါက်ကွဲ ~~ငါ့ ရင်မှာလှိုက်မော
ငါလေစဉ်းစားမိတာက~~ အား ~~လေယာဉ်ပျံ ကြီးမောင်းရမလားလို့ 
စုံစမ်းကြည်တယ်စပ်စုမိတယ် လေယာဉ်ဘယ်နှစ်စီးရှိသလဲလို့ 
F16 တစင်းမှမရှိတော့ ~~ဖီလင်နဲနဲအောက်တာပေါ့ 
တေဇ နဲ့ ဇော်ဇော် ကလဲ ~~ဂွင်နဲနဲတော့ ရိုက်တာပေါ့ 
တိုင်းမှုးတွေလဲစားတာများလို့ ~~နင်ကုန်ပီ
ရှေ့ တန်းကစစ်သားတွေလဲ ~~ပိုးလိုးပက်လက်လန်ကုန်ပီ
ယိုးဒယားနယ်စပ် ~~ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကဆက်ဖြစ်
စစ်ကူတွေကိုထပ်လွှတ် ~~ပေါ်တာတွေထပ်ဆွဲပစ်
မလိုချင်ဘူး ~~ထပ်လွှတ်လေယာဉ်နောက်တစင်း
ဒါပေမဲ့ လဲ လမ်းတ၀က်မှာဘဲစက်ချွတ်ယွင်း ~~ပျက်ကျ
18 နှစ်ပြည့် ~~ပီအချစ်လေး
မိန်းခလေးလဲ~~စစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှ~~ဖြစ်မယ်အချစ်လေး
အိမ်ထောင်သည်အမျိုးသမီးမပါ~~ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့ ~~ ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ~~ဒါန်ရာမျိုး
ငါမပြောရက်ပါ ~~မယ်သီလရှင် သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ~~ ၁၈နှစ်ပြည့် တာ~~ ငါတို့ ရဲ့ အပစ်တွေဘဲလို့ 
အကြောင်းမဲ့ ~~ဒီ ဥပဒေကိုထုတ်တာမဟုတ်
နင်သိဘို့ ပြောချင်လို့ ~~ တပ်ရင်းတွေမှာတတ်သားမရှိဘူး
ပေါ်တာတွေစွဲ “အား” လုံးဝမရတော့ ဘူး
ကလေးစစ်သား~~သုံးတယ်ဆိုပီး
လူ့ အခွင့် အရေးအဖွဲ့ ကအော်လို့ ~~ ပျားတုတ်
ငါ့ မှာတလမ်း ၀င်တလမ်းထွက်
နင်နေတဲ့ ရပ်ကွက်~~၃ရက်ဆက်တိုက် သန်းကောင်စရင်းကောက်မတဲ့ 
ငုတ်တုတ် ~~ငါအတွေးနဲ့ စီးမျော
အရင်တုန်းက ကြန့် ဖွန့် အဖွဲ့ ဝင် ကဒ်ပြားလေးကိုပြရင်ကောင်းမလား
ဟန်းဖုန်းလေးကိုင်ရမလားလို့ ~~ ကြန့် ဖွန့် အဖွဲ့ ဝင်ခဲ့ ဘူးတာကို
အရင်တုန်းက၀ါးရင်းတုတ်ဆို ~~စစ်ထဲရောက်ရင် G3 မို့ 
ဘုန်းကြီးတွေကိုနှိပ်စက်ခဲ့ တာ ~~ဒီတခါငါဝတ်လည်ပီလား
ထူးအိမ်သင်သီချင်းလိုမျိုး ~~အိုမေမေရေ ကယ်ပါဦးလား
ဘုန်းကြီးဝတ်ရင်ကောင်းမလား ~~သာသန၀န်ထမ်းဆိုကင်းလွတ်တယ်တဲ့ 
လူပြန်ထွက်လိုက်ရင်လဲ ~~အပြင်မှာဘာမှမလုတ်တတ်ဘူး
ချေတဖက်ပြတ်တွေမြင်ရင် ~~ငါစဉ်းစားရင်းကြက်သီးထလို့ 
သေရာပါ ပါမှာဘဲ ~~ကိုယ်ထောင်တဲ့ မိုင်း ကိုယ်ပြန်နင်းမိလို့ 
(18 နှစ်ပြည့် ပီအချစ်လေး ~~မိန်းခလေးလဲစစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှဖြစ်မယ်အချစ်လေး ~~အိမ်ထောင်သည်အမျိုးသမီးမပါ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့  ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ဒါန်ရာမျိုး
ငါမပြောရက်ပါ မယ်သီလရှင်သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ ၁၈နှစ်ပြည့် တာ ငါတို့ ရဲ့ အပစ်တွေဘဲလို့ )၂
(သန်းရွှေသာရှောသွားရင် ~~နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင်~~ ငါတကယ်ပါ နတ်ကနားပေးမလို့ )၂

Saturday, May 28, 2011

ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်


တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား

နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
(Photo: RFA) မျိုးဆက်သစ် လူငယ်အဖွဲ့မှ ထင်ရှားသော အဖွဲ့ဝင်များ ဖြစ်သည့် ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်း (ဝဲ)နှင့် ကိုဇေယျာသော် (ယာ) တို့ ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ဖမ်းဆီး ထောင်ချခြင်း မခံရမီ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

Thursday, May 26, 2011

ဇေယျာသော်နှင့် တွေ့ဆုံခြင်း

‘နိုက်ထရစ်အက်ဆစ်ဆိုတဲ့ အက်စစ်အဖွဲ့သား ဇေယျာသော် က တရားမ၀င် အသင်းဖွဲ့စည်းမှု၊ နိုင်ငံခြားငွေကိုင်ဆောင်မှုစတဲ့ ပြစ်ဒဏ်နှစ်ရပ်နဲ့ ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂျေသမားအဖြစ် အသက် ၁၆ နှစ်မှာ ဂီတလောကအတွင်း ခြေချခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂီတပုံစံသစ်တစ်ခုကို အက်စစ်ဂီတအဖွဲ့ရဲ့စတင်ခြင်း စီးရီးဖြင့် အသက်၂၀မှာ မွေးဖွားခဲ့တဲ့ ဇေယျာသော်၊ သုံးနှစ်ကျော် ထိန်းသိမ်းမှုခံရတဲ့ အသက် ၃၀ စွန်းစဖြစ်လာတဲ့ ဇေယျာသော်၊ လူငယ်တွေကို တန်ဖိုးထားတဲ့ ဇေယျာသော်၊ သူရင်ထဲမှာရှိနေတဲ့ စကားလုံးတွေကို ယခုကဲ့သို့ စတင်ပုံဖော်ကြည့်မိတဲ့အခါ . . .

မေး ။ ၂၀၀၇ ခုနှစ်မတိုင်မီ ကာလအထိ ဇေယျာသော်ရဲ့ လူငယ်တစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုမျိုးပုံဖော်ထား ပါသလဲ။

ဖြေ ။ ကျွန်တော် တစ်ယောက်တည်းရဲ့ ခံယူချက်အနေနဲ့ကတော့ ပျော်ရွှင်ပေါ့ပါးလွတ်လပ် တဲ့ ဘ၀နေထိုင်မှုပုံစံကို လိုချင်တောင့်တတဲ့ လူတစ်ယောက်ပါ။

Wednesday, May 25, 2011

မြန်မာပြည်မှပေးစာ"ခရီးသွားများ"

"မြန်မာပြည်မှပေးစာ"ခရီးသွားများ"

ထရူးမဲန် ခက်ပုတ်စ်ရဲ့ မတုပနိုင်တဲ့ သူရဲကောင်းမလေး ဟော်လီဂိုလိုက်လီ(ခိုကိုးရာမဲ့ကလေးငယ်များအနက် အသိဉာဏ်ကြွယ်ဝဆုံးသူ)ဟာ သူ့ပိုင်ဆိုင်တာတွေကို ခရီးဆောင်သေတ္တာများအတွင်း သိမ်းဆည်းထားခဲ့ပါတယ်။ လိပ်စာအစား ‘ခရီးသွားခြင်း’ဆိုတဲ့ စာတန်းလေးကို
သေတ္တာများမှာ ချိတ်ဆွဲထားပါတယ်။ နေထိုင်ဘို့အတွက် ဒီ မူလကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဘို့ရာ ပထမဆုံးတွေ့ကြုံရချိန်မှာတော့ ကျွန်မဟာ ဆယ်ကျော်သက်ရွယ် လွန်မြောက်ခါစပါ။ အံ့သြစရာနဲ့ စွန့်စားစရာလို့ထင်ခဲ့ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုလို့လဲ ရှင်းရှင်းသန့်သန့်ပဲ
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

မိုက်ကယ်ရဲ့ဟိမဝန္တာဒေသလေ့လာဆည်းပူးမှုအတွက်နှစ်မြှုပ်ထားစဉ်ကျွန်မနဲ့လက်ထပ်ပြီး
နောက်ဒီခံယူချက်ဟာပိုမိုအားကောင်းလာကာကမ္ဘာရဲ့ဝေးသီခေါင်ဖျားတဲ့အရပ်တွေဆီမကြာခဏသွားစေခဲ့ပါတယ်။ကျွန်မတို့ကိုလဲရွေ့လျားသွားလာစေခဲ့ပါတယ်။ခရီးဝေးများမှပြန်လာတိုင်း ကျွန်မတို့ရဲ့မိတ်ဆွေများဟာ လိပ်စာဟောင်းများမှာ ဆက်လက်နေထိုင်လျက်ရှိတာကို ကျွန်မ အံ့သြစွာတွေ့မြင်ရပါတယ်။

Tuesday, May 24, 2011

ခေတ်မှိန်နေတဲ့မိစ္ဆာဇာတ်ကြောင်း

ခေတ်မှိန်နေတဲ့မိစ္ဆာဇာတ်ကြောင်း
(သက်နှင်းခေတ်)

မြို့ကြီးပြကြီးမှာ
နံစော် ပုတ်ပွကားရောင်
ပေါင်ချိန်ကျ အတ္တဝါဒီကောင်များ အမှောင်ည
ရေခဲစိမ် အိပ်မက်ဟောင်းနဲ့ပင့်ကူအိမ်လို မြို့ပြဖွဲ့
အတောင်ကျွတ်ယင်ကောင်တွေ တွားယားသွား တွန်ကြူးနေပုံများ
လောင်စာဆီသုံးအင်ဂျင်စက်သံတွေလိုတဝေါဝေါမြည်လို့။

မသူတော်ကြောင်မျက်လုံးများနဲ့ဖြတ်ဖောက်ချုပ်
ချိတ်ထမိန် ခေါင်းပေါင်းစ အစပ် အဖာ ဗလပွ
နှုတ်ခမ်းနီဆိုး မိတ်ကပ်ပိုး ရုပ်သေးမြို့ပြကြီးမှာ ယိမ်းယိုင်ထ
အပူရှိန်တက် တုပ်ကွေးမိယောဂါသည်လို တဟည်းဟည်းညည်းလို့
ရာသီစာကြော်ငြာနဲ့ရွှေအိုးထမ်း နွေဦးမှာလေရူးတိုက်ခဲ့ပြီ။

မိုးမျှော်တိုက်တွေရဲ့ ခြေရင်းဘေး
ချိုတပ် မြေခွေးတွေ ဟောင်သံပေး ဇက်ကုံပြေးရာလမ်း
လယ်ပြင်မှာဆင်သွားနေသလို ထင်းထင်းကြီး။

မိန်းမပျက်မတစ်ယောက် ဈေးဦးပေါက် ဖောက်သည်မျှော်နေသလိုမျိုး
ထိပ်ပြောင်နေတဲ့လဒ သစ်ကိုင်းခြောက်ပေါ်မှာနား စားကျက်ရှာနေသလိုမျိုး
သဲချောက်တောမှာ မြွေနာတစ်ကောင် တွန့်လိမ်ကွေး သွားနေသလိုမျိုး
လက်တို၊နှာတိုနဲ့ အနာကြီးယောဂါသည် ဆီလိမ်း ခေါင်းဖြီး အလှပြင်ထားသလိုမျိုး
လူမြင်ကွင်းလယ် အရူးတစ်ယောက် လမ်းလျှောက် မစင်ပါနေသလိုမျိုး။

မြင်ရသူတိုင်း အရုပ်ဆိုးအကျည်းတန်
လက်ခုစုတ်နဲ့ခြေသုတ်ပုဆိုးလို
အထပ်ထပ် အခါခါ ညစ်ပေနေတဲ့ စစ်အစိုးရ
ခွေးရူးကောင်းစားရွာတပတ်နှယ် နိဂုံးမလှ ဘုံးဘုံးလဲကျ
မြန်မာ့မြေပေါ်မှာ အသေစောလည်းမနှမျောဘူးဟေ့။

သန်းရွှေ၏လက်ကိုင်တုတ်အာဏရှင်စစ်အစိုးရကိုရည်ညွန်းဖွဲ့ဆိုပါသည်။

Monday, May 23, 2011

အညတရသူရဲကောင်း

အညတရသူရဲကောင်း
မထင်မရှား
တစွန့်စားစား
အများအကျိုး
သယ်ဆောင်ပိုးကာ
ကိုယ်ကျိုးကိုစွန့်ု
နောက်မတွန့်ပဲ
မရွံ့မကြောက်
ပံ့ထောက်ကူညီ
စိတ်ထားရည်လျှက်
ကြည်ဖြူသဒ္ဓါ
ထက်သန်စွာဖြင့်
ခါခွင့်မလပ်
“မြတ်လုံးလ“ထူ
ခဏခဏ ကူမြဲကြောင်း
ဘဝအလှ မူလဲကောင်း
အညတရ သူရဲကောင်း
……………….
ကြိုင်လှမောင်မောင်
၂၀၁၁ မေလ ၂၃
ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။

Saturday, May 21, 2011

ပြုံးစရာ ရည်စရာ ဟဒယလေးများ

စိတ်ချပါ

အလွန်ရိုးသားသော သူဋ္ဌေးကြီးတစ်ဦး သေခါနီးအချိန်တွင် ရှေ့နေအားခေါ်ကာ အရေးကြီးသောအချက်များကိုမှာလေသည်-
သူဋ္ဌေး။ ကျနော် သိပ်နေရမယ်မထင်တော့ဘူးဗျ၊
ရှေ့နေ။ စိတ်မလျှော့ပါနဲ့ဗျာ၊
သူဋ္ဌေး။ အကူအညီတောင်းချင်လို့ ခေါ်လိုက်တာပါ၊
ရှေ့နေ။ ဟုတ်ကဲ့ ပြောပါ အစွမ်းကုန် ကူညီပါ့မယ်၊
သူဋ္ဌေး။ ကျနော်သေရင် ကျနော်ပိုင်ဆိုင်တဲ့ငွေကြေးတွေကို ကျနော့ရဲ့အုပ်ဂူထဲ ထည့်ပေးစေချင်ပါတယ်ဗျာ၊
ရှေ့နေ။ စိတ်ချပါဗျာ ကတိပေးပါတယ်၊
မကြာမီ သူဋ္ဌေးကြီးသေဆုံးသွားလေသည်၊ ရှေ့နေကလည်း သူဋ္ဌေးကြီးကို ပေးခဲ့သည့်ကတိအတိုင်း သူဋ္ဌေးကြီး၏အုပ်ဂူသို့သွားကာ သူဋ္ဌေးကြီးပိုင်ဆိုင်သမျှ ငွေကြေး ဥစ္စာများ၏ တန်ဖိုးကို စာရွက်အလွတ်ပေါ်တွင်ရေးကာ ထည့်ပေးလိုက်လေသည်။

အဲ့ဒါတော့ စိတ်ချ
ဆေးရုံတွင်တက်ရောက်ကုသနေသော လူငယ်တစ်ဦးက သူနာပြုဆရာမလေးတစ်ဦး၏လက်ကိုကိုင်ကာ ပြောလေသည်-
လူငယ်။ ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေပြီကွာ၊
သူနာပြု။ ဘေးမှာ လူတွေရှိတယ်ရှင့်၊
လူငယ်။ ကိုယ် ဂရုမစိုက်နိုင်တော့ဘူးကွာ၊
သူနာပြု။ တော်တော်ခက်တာပဲ၊
လူငယ်။ ရောဂါလည်း မပျောက်ချင်တော့ပါဘူး၊
သူနာပြု။ ဘာဖြစ်လို့လဲ၊
လူငယ်။ ဆေးရုံက မဆင်းချင်တော့လို့လေ၊
သူနာပြု။ အဲ့ဒါတော့ စိတ်ချ၊
လူငယ်။ ဘာဖြစ်လို့လဲ၊
သူနာပြု။ ရှင် ကျမလက်ကို ကိုင်ပြီးစကားပြောနေတာကို ဒေါက်တာတွေ့သွားတယ်လေ၊
လူငယ်။ အဲ့ဒီတော့............၊
သူနာပြု။ သူကလည်း ကျမကိုစိတ်ဝင်စားနေတာဆိုတော့......ရှင့်ရောဂါပျောက်ဖို့ မလွယ်တော့ဘူးပေါ့၊
လူငယ်။ ဗျာ...........................။

အသံကျယ်ကျယ်ခေါ်ပေးပါ
စတိတ်ရှိုးပွဲတစ်ခုတွင် သီချင်းဆိုပြီးနောက် စင်အောက်သို့ဆင်းလာသော အဆိုတော်တစ်ဦးအား အမှတ်တရလက်မှတ်ရေးထိုးခိုင်းသူ ပရိတ်သတ်များ ၀ိုင်းဝိုင်းလည်လျှက်ရှိရာ အမျိုးသားကြီးတစ်ဦးရောက်လာပြီး မေးလေသည်-
အမျိုးသားကြီး။ သီချင်းဆိုတာသိပ်ကောင်းတယ်နော်၊
အဆိုတော်။ လေ့ကျင့်ထားလို့ပါ၊
အမျိုးသားကြီး။ သံစဉ်တွေနဲ့ တီးလုံးတွေနဲ့ကလည်း မြိုင်ဆိုင်နေတာပဲ၊
အဆိုတော်။ ၀ိုင်းဝန်းအားဖြည့်ပေးကြတာပေါ့၊
အမျိုးသားကြီး။ အသံကိုလည်း ဟိန်းထွက်အောင်ဆိုနိုင်တယ်နော်၊
အဆိုတော်။ ပါရမီပေါ့ဗျာ၊
အမျိုးသားကြီး။ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ၊
အဆိုတော်။ ပြောပါဗျာ.... အမှတ်တရလက်မှတ်ရေးထိုးပေးရမလား၊ သီချင်းခွေထုတ်ချင်လို့များလား၊
အမျိုးသားကြီး။ မဟုတ်ပါဘူး.... ကျနော့ဇနီး ပွဲခင်းထဲမှာရှာမတွေ့လို့ အသံကျယ်ကျယ်နဲ့ အော်ခေါ်ပေးဖို့ပါပဲ၊
အဆိုတော်။ ဗျာ.......................။


အောင်စာရင်း
အလယ်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးအား မိခင်မှမေးလေသည်-
မိခင်။ သားတို့ဖြေထားတဲ့ လပါတ်စာမေးပွဲ အောင်စာရင်းတွေ မသိရသေးဘူးလား၊
သား။ သိပြီးပါပြီမေမေ၊
မိခင်။ အောင်စာရင်းကဒ်ပြားတွေကော မပေးသေးဘူးလား၊
သား။ တခြားကျောင်းသားတွေကိုတော့ ပေးနေတာတွေ့တယ် မေမေ၊
မိခင်။ ဒါနဲ့...သားရဲ့အောင်စာရင်းကဒ်ပြားကော မရသေးဘူးလား၊
သား။ သားကိုတော့ မပေးဘူး မေမေ၊
မိခင်။ ဟင်...သားကိုဘာလို့မပေးတာလဲ၊
သား။ မေမေ့ကိုပဲပေးမယ်တဲ့ မေမေကျောင်းကို ကိုယ်တိုင်လာခဲ့ပါလို့ ဆရာမကမှာလိုက်တယ်၊
မိခင်။ ဟင်.....................။
http://forverfriends.ning.com/profile/ayemyathidar345?xg_source=msg_share_post

Thursday, May 19, 2011

ကျနော်တို့ မြို့ က သူတို့ ရဲ့ စည်းကမ်းရှိသောဒီမိုကရေစီ

ကျနော်တို့ မြို့ က သူတို့ ရဲ့ စည်းကမ်းရှိသောဒီမိုကရေစီ
၂၀၁၁၊၂၀၁၀၊၂၀၀၈၊မရောက်ခင်၊
ဗိုလ်ခင်ညွန့် က လမ်းပြခဲ့ပြီ
စည်းကမ်းရှိ တဲ့သူတို့ ရဲ့ ဒီမိုကရေစီ။

မြေပုံနဲ့ လမ်းကိုပြ
ကျောချလို့ မှ ဓါးပြ မှန်းမသိ၊
၁၉၉၀ကိုပစ်
၂၀၀၈ လည်းဟုတ်နိုးနိုး
၂၀၁၀ လည်းဟုတ်နိုးနိုး နဲ့ 
ပြည်သူ့ အကျိုး ပြည်သူ့ အကျိုးဆိုပြီး
ဟိုအကောင့်ဟာကို ဟိုအကောင်မျှော်သလို။

သူတို့ ကိုခွါတိုက်လို့ မရနိုင်ဘူး
ပူးတိုက်မယ်၊
လွှတ်တော်ထဲသွားပြီး
ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့သူတွေဟာ သနားစရာ၊
စစ်အစိုးရရဲ့  စိတ်ကြိုက်ဥပဒေကို
ဝေလေလေ လိုက်နေကြတုံး။

၈၈ကစ ၂၀၁၁ထိ
ရဟန်းပြည်သူကိုနှိပ်စက်သတ်ဖြတ်နေတာ
အဲဒါ သူတို့ ရဲ့ 
စည်းကမ်းရှိတဲ့ဒီမိုကရေစီ။

၈၉ကစ ၂၀၁၁ထိ
လွတ်ငြိမ်းချမ်းသာနေကြတာ
သူတို့ အမေယောင်္ကျား
ဓါးပြခိုးဆိုးခါးမုဒိမ်းကောင်တွေသာ။

ဟေ့ ဒီမှာ
ဒို့ ခေတ်ရောက်လာလို့ က
မင်းတို့ အလှည့်နွဲ့ မရဘူးမှတ်ပါ။

မြတ်သစ်(dawn)
ကဗျာပေးပို့လာသောဆရာမြတ်အားအထူးကျေးဇူးတင်ရှိပါသည်

ကမ္ဘာကျော် Pirates of the Caribbean ဇာတ်လမ်းတွဲများ၏ စတုတ္ထမြောက် ဇာတ်လမ်း On Stranger Tides ကို ယနေ့စတင်ဖြန့်ချိ

လန်ဒန် ၊ မေ ၁၈
ကမ္ဘာကျော် ပင်လယ်ဓားပြ ဇာတ်လမ်းတွဲ Pirates of the Caribbean ၏ စတုတ္ထမြောက် ဇာတ်လမ်း ဖြစ်သော Pirates of the Caribbean: On Stranger Tides ကို ဒစ္စနေးရုပ်ရှင် ထုတ်လုပ်ရေးမှ ယနေ့ မေလ ၁၈ ရက်နေ့တွင် ဗြိတိန်၌ စတင် ဖြန့်ချိ ပြသခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်လက်၍ မေလ ၁၉ တွင် သြစတြေးလျ၌ လည်းကောင်း၊ ၂၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့တွင် လည်းကောင်း ပြသသွားမည်ဟု အင်တာနက် သတင်းများ အရ သိရှိရသည်။

ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်ဖြစ်သော ပင်လယ်ဓားပြ ကပ္ပတိန် ဂျက်စပဲရိုး နေရာ၌ ယခင်ဇာတ်လမ်းများအတိုင်း မင်းသား ဂျော်နီဒပ်၊ ၄င်းနှင့် တွဲဖက် အမျိုးသမီးဇာတ်ဆောင်နေရာတွင် မင်းသမီး ပင်နီလုပ်ခရုဇ်၊ ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြ ခေါင်းဆောင် ဘလက်ဘာ့ဒ် ဇာတ်ရုပ်အဖြစ် အဲန်မက်ရှိန်း၊ ကပ္ပတိန် ဘာဘိုဆာအဖြစ် ဂျိုဖရီရပ်ရှ် စသည့် ၀ါရင့်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ပြီး နုပျိုဆေးစမ်းချောင်းကို ရှာဖွေကြခြင်း အဖြစ် စာရေးဆရာ တင်မ်ပါဝါစ်၏ ဇာတ်လမ်းအတိုင်း ရိုက်ကူးထားသည်။  
ဂျက်စပဲရိုးသည် သူနှင့် အတိတ်က ပတ်သက်ခဲ့ဖူးပြီး အကြင်နာ တရားမဲ့သည့် အိန်ဂျယ်လီကာ (ပင်နီလုပ်ခရုဇ်) နှင့် အတူ ဒဏ္ဍာရီဆန်သော နုပျိုဆေးစမ်းချောင်းကို ရှာဖွေရန် အခက်အခဲများစွာ ရင်ဆိုင် ဖြတ်ကျော် ကြရလေသည်။ ဂျက်ကို သူမက စမ်းချောင်း ရှာဖွေတွေ့ရှိရေးအတွက် အသုံးချခြင်းလား၊ သူမအပေါ် ဂျက်က မေတ္တာ သက်ဝင်မှု ရှိသလား ဆိုသည့် အချက်များကို ဂျက်က ကိုယ့်ကိုယ်ကို ဝေခွဲမရသော်လည်း အသားစားဇွန်ဘီများ၊ ရေသူမများနှင့် ကမ္ဘာ့သမိုင်း၌ တကယ်ရှိခဲ့သော ကြောက်မက်ဖွယ် ပင်လယ်ဓားပြခေါင်းဆောင်ကြီး ဘလက်ဘာ့ဒ်ကို ဖြတ်ကျော်ကာ နုပျိုဆေးစမ်းချောင်းဆီသို့ အရောက်သွားနိုင်မည်လား ဆိုသော စိတ်ဝင်စားဖွယ် ဇာတ်လမ်း အဖြစ် ဒါရိုက်တာ ရော့ဘ်မာရှယ်က တင်ဆက်ထားလေသည်။
 ပင်လယ်ဓားပြခေါင်းဆောင်ကြီး ဘလက်ဘာ့ဒ်

Pirates of the Caribbean ဇာတ်လမ်းတွဲများ ပထမဆုံး ရုပ်ရှင် ဖြစ်သော The Curse of the Black Pearl ကို ၂၀၀၃ ခုနှစ်က စတင်ထုတ်လုပ် ပြသခဲ့ခြင်း ဖြစ်ပြီး ၄င်းနှစ်၏ ကမ္ဘာ့စတုတ္ထ၀င်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့သလို ၂၀၀၆ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်အဖြစ် ဒုတိယ ဇာတ်ကား Dead Man's Chest က ရပ်တည်နိုင်ခဲ့လေသည်။ တတိယ ဇာတ်ကား ဖြစ်သော At World's End က ဒုတိယကား၏ အောင်မြင်မှု စံချိန်ကို ထပ်မံချိုးဖျက် နိုင်ခဲ့သလို ကမ္ဘာ့ထာဝရ အကောင်းဆုံး ရုပ်ရှင်များ အနက် န၀မနေရာကို ရရှိခဲ့လေသည်။

ယခု စတုတ္ထမြောက် ဇာတ်ကား ဖြစ်သော On Stranger Tides တွင် ထူးခြားချက်အဖြစ် ယခင် အဓိက ဇာတ်ကောင် အချို့ ဖြစ်သော အဲလိဇဘက် (ကီယာနိုက်တလေ) နှင့် တန်နာ (အော်လန်ဒိုဘလွန်း) စသူတို့ မပါတော့သလို ယခင်ဇာတ်လမ်း သုံးခုကို ရိုက်ကူးခဲ့သော ဒါရိုက်တာ ဂျော့ဘာဘင်းစကီး အစား ရောဘ့်မာရှယ်က တာဝန်ယူ ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ အထူးအောင်မြင် လှသော ကမ္ဘာကျော် Pirates of the Caribbean ဇာတ်လမ်းတွဲများ၏ ထူးခြားချက်မှာ ဇာတ်ကား လေးခုစလုံး၏ ၀တ္ထုရေးဆရာ တစ်ဦးစီ ဖြစ်ကြခြင်း ဖြစ်လေသည်။
ဒါရိုက်တာ ရော့ဘ်မာရှယ်နှင့် ရိုက်ကွင်းပေါ်တွင် စကားပြောနေသော ကပ္ပတိန်ဂျက်စပဲရိုး (ဂျော်နီဒပ်)
စတင်ဖြန့်ချိလိုက်ပြီ ဖြစ်သော On Stranger Tides ရုပ်ရှင်ကို အာရှတိုက်၏ နိုင်ငံများ ဖြစ်သော ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံများတွင် မေလ ၁၉ ရက်နေ့၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့တွင် မေလ ၂၀ ရက်နေ့ တို့၌ အသီးသီး စတင်ကြည့်ရှုနိုင်တော့မည်ဟု အင်တာနက် သတင်းများ အရ သိရသည်။

Monday, May 16, 2011

Media Training for NLD Youths

Media Training for NLD Youths
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ပညာပေးအစီအစဉ်အရ ဖွင့်လှစ်ပို့ချတဲ့ သတင်းစာပညာ... သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို အဖွဲ့ချုပ်မှာ ကျင်းပခဲ့ပါတယ်။

အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျမကတော့ သတင်းသမားတွေ အမှန်တရားဘက်က ရပ်တည်စေချင်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျမတို့ဘက်က ရပ်တည်စေချင်တယ်။ ကျမတို့လုပ်တာတွေ အမြဲမှန်လို့ မဟုတ်ဘူးဘဲထား ကျမတို့က အမှန်တရားဘက်က ရပ်တည်နေလို့ပြောရတာပါ။ ကျမတို့ဟာ အခြေခံအားဖြင့် လူ့အခွင့်အရေးတွေ ရရှိဘို့၊ ဒီမိုကရေစီရရှိဘို့ အတွက် ကြိုးစားနေကြတာဖြစ်တယ်။ ဒါ့ကြောင့်လဲ သတင်းလောကက ကျမတို့ဘက်က ရပ်တည်ပေးနေသူတွေကို ကျေးဇူးတင်တယ်။ ဒါပေမယ့် စောစောကပြောခဲ့သလို သတင်းအချက်အလက် တွေကတော့ မှန်ဘို့လိုတယ်လို့ ပြောသွားပါတယ်။

သင်တန်းမှာ သတင်းစာပညာမိတ်ဆက်၊ ဂျာနယ်အကြောင်း၊ အယ်ဒီတာနှင့် မဂ္ဂဇင်းများ၊ စာပေလွတ်လပ်ခွင့်၊ ဘာသာပြန်ဗေဒ၊ သတင်း၊ သတင်းရေးနည်း၊ စာနယ်ဇင်းကျင့်ဝတ်၊ အရပ်သား သတင်းစာဆရာ အစရှိတဲ့ ဘာသာရပ်တွေကို ဟံသာဝတီဦးဝင်းတင်၊ ဦးမိုးသူ(မောင်မိုးသူ)၊ ဦးသာဘန်း၊ ဦးအုန်းကြိုင်(အောင်ဝင့်)၊ ဦးအောင်မြင့်(ဖျာပုံနီလုံဦး)၊ ဦးအောင်ရှင်(မုံရွာအောင်ရှင်)၊ ကိုဇော်မျိုးအောင် (ကွန်ပျူတာပညာရှင်) တို့က ပို့ချပေးမှာဖြစ်ပြီး သင်တန်းကာလက ရက်သတ္တပတ်တစ်ပတ် ဖြစ်ပါတယ်။ သင်တန်းသား (၃၇) ဦး တက်ရောက်ပါတယ်။

 http://www.facebook.com/home.php#!/pages/National-League-for-Democracy/199678676714208

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်ထုတ်ပြန်

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းနှင့်ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သို့ ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်ထောက်ခံခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ထွန်းလာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရသည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များချမှတ်ခဲ့ရပါကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်ကျသူများအား နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊သို့ဖြစ်၍ အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသောအားဖြင့်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ နိုင်ငံတော်သမ္မတသည် ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိပါသည်။

(က)၊ သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊
(ခ)၊ ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၈/၂၀၁၁ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Sunday, May 15, 2011

မလေးရှားမှာ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာတဲ့ ASHIN EIDDIDPALA

 15.5.2011 ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ASHIN EIDDIDPALA ၏ No 1 စိတ်ဓါတ်မြှင့်တင်ရေး ပို့ချမှုသင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ်

ခန့်သာ တက်ရောက်ကြောင်း သိရသည်။ အဆိုပါ ASHIN EIDDIDPALA ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍ မလေးရှားနိုင်ငံရောက် တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များမှ အဆိုပါ သာသနာဖျက်ဘုန်းကြီးအား
ဆန့်ကျင်ကန့်ကွက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မလေးရှားနိုင်ငံအနှံ ကန့်ကွက်စာများ လိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက်ကြေငြာခြင်း၊ SMS များပို့ကာ ကန့်ကွက်
ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ မလေးရှားရောက် မြန်မာရဟန်းတော် အချို့ကလည်း အဆိုတော် ဘုန်းကြီးအား ရဟန်းကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်မြန်မာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဆောင်ရွက် ကန့်ကွက်ကြသဖြင့် ယနေ့(15.5.2011) နေ့တွင် ကျင်းပခဲ့သည့်ပွဲတွင် လူ 30 ခန့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ထိုသို့ တက်ရောက်လာကြသူများမှာလည်း အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာ မကင်းကြောင်းများသာ ဖြစ်ကြသည်။ အဆိုပါပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်
ရေး စာတမ်းပါ တူညီဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ခန်းမအောက်တွင် တဖက်သုံးယောက်စီ ရပ်ကာ လာသမျှ လူကို လက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆိုနေကြသည်ကို တွေ့ရသည်။ လုံခြုံရေးအတွက်
RELA ခေါ် မလေးရှား ပြည်သူ့စစ်များကိုလည်း ငှားရမ်းထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့် ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေတစ်ယောက်မှတဆင့် သိရှိရသည်။ ပွဲစတင်
မည့်အချိန်မှာ နေ့လည် 12 : 00 ဟု ကြေငြာထားသော်လည်း 1 နာရီ ကျော်နေသည်အထိ လူ 15 ယောက်ခန့်သာ ရှိသည်ကို တွေ့ရသည်။ အဆိုပါပွဲတွင် ရောင်းချရန်အတွက် ASHIN EIDDIDPALA
မှ စာအုပ်များကို ခင်းကျင်းထားပြီး ရောင်းဈေးမှာ RM 100 ( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး ) ဖြစ်သည်။
စာရေးသူတို့ ရောက်ရှိသွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံရိုက်နေစဉ် ASHIN EIDDIDPALA မှ ရောက်လာပြီး “မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေ
ဆိုရင် လန့်နေပြီ” ဟု ပြောသွားခဲ့သေးသည်။ မလေးရှား စံတော်ချိန် 2 နာရီ ခန့်တွင် ရဲများ ရောက်ရှိလာပြီး စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ ပွဲတက်ရောက်လာသူများကို အထောက်အထားများ
စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့် ပွဲပျက်မလို ဖြစ်သွားခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွှံ့ပြီး ထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်းမရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် ASHIN EIDDIDPALAမှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့်ဖြင့်သာ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရကြောင်း သိရှိရသည်။
ကိုထိုက် (မြန်မာ့စတိုင်)

Saturday, May 14, 2011

ဇနီး (၃) ယောက်၊ သားသမီး (၁၇) ယောက်နှင့်အတူ ပုန်းအောင်းခဲ့တဲ့ ဘင်လာဒင်

ကမ္ဘာ့အဆိုးသွမ်းဆုံး အရက်စက်ဆုံးအကြမ်းဖက်သမားကြီး အိုစမာ ဘင်လာဒင်ကို မိန်းမများအပေါ် အချစ်ကြီးသူ နှလုံးကြီးသူဟု ယူဆကြသည်။ သူ့နောက်ဆုံး နေ့ရက်များတွင် ပါကစ္စတန်အဘော့တ်တဘဒ် မြို့ နေအိမ်ကြီးထဲမှာ မယားသုံးယောက်၊ ကလေးငယ် ၁၇ ယောက်ဖြင့် နေသွားခဲ့ခြင်းက သက်သေ ဖြစ်သည်။

စောစောပိုင်း အင်တာဗျူးတစ်ခုတွင် ဘင်လာဒင်က “ကျနော် ပြောတာကို ယုံပါ၊ ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးတွေဟာ ခင်ဗျား လှုပ်ရှားဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပြီ ဆိုရင်၊ ဘ၀ဟာ အင်မတန် ပျော်စရာ ကောင်းလာတယ်” ဟုလည်း ပြောထားခဲ့ဖူးသည်။

၉/၁၁ မတိုင်မီ ဘင်လာဒင်က ဇနီး လေးယောက်နှင့် ကလေးများကို အာဖဂန်နစ္စတန်မှာ တစ်အိမ်စီ ခွဲထားခဲ့သည်။ နောက်ပိုင်း ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက် သတ်မှတ်ခံရပြီးနောက် လင့်ဝတ္တရားများ မကျေပွန်နိုင် ဖြစ်လာခဲ့သည်။

အာဖဂန်နစ္စတန်ကို နေတိုး တပ်များ စတင် ဗုံးကြဲခါနီးတွင် အငယ်ဆုံး ဇနီးလေး Amal Ahmed al Sadah ကို ပါကစ္စတန်မှ တဆင့် ယီမင်နိုင်ငံကို ထွက်ပြေးလွတ်မြောက်စေခဲ့သည်။ အခြား ဇနီး သုံးဦးကိုလည်း အီရန် မှတဆင့် ထွက်ပြေးလွတ်မြောက်စေခဲ့သည်။
အကြမ်းဖက်ကြီးက ကြာကြာ အထီးကျန်စွာ မနေနိုင်ပါ။ ပါကစ္စတန်မှာ ပုန်းအောင်းဖို့ နေရာ အခြေတကျ ဖြစ်တာနဲ့ ဇနီးလေး al Sadah နဲ့ ၁၉၈၀ လောက်က လက်ထပ်ထားတဲ့ ဆော်ဒီ ဇနီးနှစ်ယောက်ကိုပါ ပြန်ခေါ်လိုက်သည်။ ဆော်ဒီ ဇနီးနှစ်ဦးစလုံးက ပညာတတ်တွေ ဖြစ်သည်။ Khairiah Sabar ဆိုတဲ့ ဇနီးက ကလေး စိတ်ပညာ ဆရာဝန်မ။ Siham Sabar က အာရဗီ သဒ္ဒါ သင်တဲ့ ဆရာမ။ အဲဒီ ဇနီးသုံးဦး သားသမီး ၁၇ ဦးနဲ့အတူ ဘင်လာဒင်က အိမ်ကြီးရခိုင်ထဲမှာ အတူ နေခဲ့သည်။

ယခု ထိုဇနီး သုံးဦးကို ပါကစ္စတန် အစိုးရက ထိန်းသိမ်းထားသည်။ အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း အဘော့တ်တဘဒ် မြို့ရှိ အိမ်ကြီးထဲကို သူတို့နဲ့ ကလေးတွေ ဘယ်လို အကူအညီနဲ့ ရောက်ရှိခဲ့ကြသလဲ၊ အိုစမာနဲ့ ဘယ်လို နေခဲ့ကြသလဲ ဆိုတာ မေးမြန်းချင်နေကြသည်။

အစ္စလာမ် ဘာသာအရ မယားပြိုင်ယူမှုကို ခွင့်ပြုသည်။ လင်ယောက်ျားတစ်ဦးက ဇနီးများကို တန်းတူ ကျွေးမွေးပြုစုနိုင်လျှင် ကြိုက်သလောက် ယူနိုင်သည်။ မူဆလင် ဥပဒေတွင် ယောက်ျားတစ်ယောက်က တစ်ချိန်ထဲတွင် မိန်းမ လေးယောက်ကို တပြိုင်ထဲ လက်ထပ်ယူနိုင်သည်။

အိုစမာ ဘင်လာဒင်က ခြောက်ကြိမ် လက်ထပ်ခဲ့သူ ဖြစ်သည်။ တစ်ဦးနှင့် ကွဲခဲ့ပြီး၊ နောက်တစ်ဦးမှာ လက်ထပ်ပြီး ၄၈ နာရီအကြာတွင် ဖျက်သိမ်းခဲ့သည်။

အမေရိကန် နေဗီ ဆီးလ် တပ်ဖွဲ့က အိမ်ကြီးထဲ ၀င်ရောက် စီးနင်းချိန်တွင် တတိယထပ် အခန်းထဲမှာ ဘင်လာဒင်က ဇနီးငယ်လေး al-Sadah နှင့်အတူ ရှိနေသည်။ ဇနီးငယ်က သူမအချစ်ကြီးရှေ့က ထွက်ကာနေတဲ့အတွက် ခြေထောက်ကို ပစ်ထည့်လိုက်ရသည်ဟု အိမ်ဖြူတော်မှ အတည်ပြု ပြောခဲ့သည်။
ဘင်လာဒင်မှာ ဇနီး ခြောက်ဦး ရှိခဲ့ပြီး၊ သေဆုံးချိန်တွင် ဇနီး သုံးဦးနှင့် အတူနေခဲ့သည်။
နံပါတ် (၁)။ Najwa Ghanem မှာ ဆီးရီးယားသူ ဖြစ်ပြီး ဘင်လာဒင်နှင့် ၀မ်းကွဲတော်စပ်သည်။ ၁၅ နှစ် အရွယ်တွင် သူမထက် အသက် နှစ်နှစ်ကြီးသူ ဘင်လာဒင်ကို လက်ထပ်ခဲ့သည်။ မီလျံနာလေး ဘင်လာဒင်ကို လက်ထပ်ပြီး စည်းစီမ်အပြည့်နှင့် နေမည်ဟု မျှော်မှန်းချက် ကြီးခဲ့ပေမဲ့၊ အာဖဂန်နစ္စတန် ကန္တာရ နေပူခေါင်ခေါင်တွင် ဒုက္ခမျိုးစုံနှင့် နေခဲ့ရသည်။

ပြေးရင်းလွှားရင်း ကလေး ၁၁ ဦး ရရှိခဲ့သည်။ ၉/၁၁ ဖြစ်ပြီးခိုက် စိတ်ကျန်းမာရေး မကောင်းတဲ့ သားငယ်တစ်ဦးနှင့်အတူ အာဖဂန်နစ္စတန်မှ ထွက်ပြေးပြီး ဇာတိ ဆီးရီးယားသို့ ပြန်ရောက်သွားခဲ့သည်။ ဘင်လာဒင် သေဆုံးချိန်အထိ လက်ထပ်ထားဆဲ ဖြစ်သည်။

နံပါတ် (၂)။ Khadijah Sharif မှာ ဆရာမ ဖြစ်ပြီး ဘင်လာဒင်ထက် ကိုးနှစ်ကြီးသည်။ ၁၉၈၃ တွင် လက်ထပ်ခဲ့ပြီး၊ ကလေးသုံးဦး ရရှိခဲ့သည်။ ၁၉၉၃ နှင့် ၁၉၉၆ ခုနှစ် ဆူဒန်တွင် နေထိုင်ကြစဉ် ကွာရှင်းခဲ့သည်။

နံပါတ် (၃)။ Khairiah Sabar မှာ ဘင်လာဒင်နှင့် ၁၉၈၅ တွင် လက်ထပ်ခဲ့သည်။ ဩဇာအကြီးဆုံး ဇနီး ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး ဘင်လာဒင် အပါအ၀င် လူတိုင်းက သူမထံမှ အကြဥာဏ် ယူရသည်ဟု ဆိုသည်။

၉/၁၁ ပြီးနောက် အာဖဂန်နစ္စတန်မှာ ဆော်ဒီကို အီရန်မှတဆင့် ထွက်ပြေးခဲ့သည်။ နောက်ပိုင်း ပါကစ္စတန်ကို ခိုးဝင်ပြီး ဘင်လာဒင် သေဆုံးချိန်အထိ အိမ်ကြီးထဲတွင် အတူရှိခဲ့သည်။

နံပါတ် (၄) Siham Sahar ကို အဘော့တ်တဘဒ်ရှိ အိမ်ကြီးထဲတွင်ပင် ဖမ်းမိခဲ့သည်။ ဘင်လာဒင်နှင့် ၁၉၈၇ တွင် လက်ထပ်ခဲ့သည်။ ၉/၁၁ ဖြစ်ရပ်ပြီးနောက် ပါကစ္စတန်တွင်ပင် လှည့်ပတ် ပုန်းနေခဲ့ပြီး ဘင်လာဒင်က အိမ်ကြီးထဲ ပြန်ခေါ်ယူခဲ့သည်။

နံပါတ် (၅)။ ငါးကြိမ်မြောက် ဘင်လာဒင် လက်ထပ်ခဲ့သူမှာ ဆူဒန်မှဖြစ်ပြီး မည်သည့်လူမျိုးမှန်း သဲသဲကွဲကွဲ မသိရဟု ဆိုသည်။ လက်ထပ်ပြီး ၄၈ နာရီ အကြာတွင် လက်ထပ်ပွဲကို ထူးထူးဆန်းဆန်း ဖျက်သိမ်းခဲ့ကြသည်။

နံပါတ် (၆)။ Amal Ahmed al-Sadah မှာ အငယ်ဆုံးလေး ဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ယီမင်မှ သူမ မိဘများကို ဒေါ်လာ ၅၀၀၀ ပေးပြီး လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သမီလေး တစ်ယောက် ရခဲ့သည်။ နေဗီး ဆီးလ်အဖွဲ့က ၀င်ရောက် စီးနင်းချိန်တွင် ထိုကလေးမှာ ဘင်လာဒင်နှင့် သူမ အမေကြား အိပ်ယာထဲတွင် ရှိနေခဲ့သည်။

ဘင်လာဒင် နဲ့အတူ အိမ်ကြီးထဲမှာ သစ္စာရှိရှိနေခဲ့တဲ့ ကျန်ရှိမုဆိုးမ သုံးဦးကို ပါကစ္စတန်က ပြစ်မှုဖြင့် အရေးမယူဘဲ ယီမင်နှင့် ဆော်ဒီအာရေဘီယ သို့ နှင်ထုတ်မည်ဟု ဆိုသည်။ အမေရိကန် စုံစမ်းရေး အဖွဲ့ကိုတော့ ထိုသုံးဦးနှင့် တိုက်ရိုက် မေးမြန်းခွင့်ပြုမည် ဖြစ်သည်။

မောက္ခ နိုင်ငံတကာသတင်း မှကူးယူပါသည်

Friday, May 13, 2011

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ ကျင်မွှာရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၄၀၀၀) ကျော်တို့သောက်သုံးရေ ရရှိရေးအတွက် ရေပိုက်သွယ်တန်းမှု့လုပ်ငန်းကို စတင်

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ ကျင်မွှာရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၄၀၀၀) ကျော်တို့သောက်သုံးရေ ရရှိရေးအတွက် ရေပိုက်သွယ်တန်းမှု့လုပ်ငန်းကို အမျီုးသားဒီမီုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်၏မတည်ငွေသိန်း(၆၀ ) ဖြင့်စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ရေရရှိရေးကော်မတီကို အဖွဲ့ဝင် (၇ )ဦးဖြင့်လည်းကောင်း လုပ်ငန်း အကောင်အထည် ဖော်ရေး ကော်မတီကို အဖွဲ့ဝင် ( ၅ ) ဦးဖြင့်လည်ကောင်း၊ ဖွဲ့စည်းကာ ဒေသခံလူငယ်များ၏ ပါဝင်ကူညီမှု့ဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဖလမ်းမြို့မှ (၇ )မိုင် (၅ )ဖာလုံဝေးသော “လိုင်မှိုင်း” ရေထွက်စမ်းမှ ကျင်မွှာရပ်ကွက်ထိပ် ရေလှောင်ကန်အထိ အချင်း ( ၃) လက်မရှိ ပလပ်စတစ်ပိုက်ဖြင့် သွယ်တန်းပြီး တစ်မိနစ်လျှင် စမ်းရေဂါလံ (၂၀ ) နှုန်း ရရှိအောင် ဆောင်ရွက် သွားမည် ဖြစ်သည်။

ယခုအခါ ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ၏ အကူအညီဖြင့် တိုင်းထွာ စစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် ပိုက်သွယ်တန်းမှု့ လုပ်ငန်းများ စတင်လျက်ရှိပြီး မေလလယ်တွင် ပေ (၆၆၀၀ ) အထိ သွယ်တန်းပြီးစီး သွားပြီဖြစ်သည်။ စီမံကိန်း တခုလုံးအတွက် ကုန်ကျမည့် ငွေပမာဏမှာ ကျပ် (၄၅၅)သိန်းဖြစ်သည်။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ရန်ကုန်၊ မန္တလေးမြို့များတွင် သရုပ်ဆောင် အသစ်များ ရွေးချယ်သွားမည်

မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သရုပ်ဆောင်အသစ်များအား ရွေးချယ်၍ ခေါ်ယူသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် သရုပ်ဆောင်သစ်များအား သရုပ်ဆောင်သင်တန်း အခမဲ့ ပို့ချပေး၍ သင်တန်းဆင်းပါက မာန်ထက်ချီမှ ရိုက်ကူးထုတ်လုပ်သည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင် စေမည်ဖြစ်ကာ အရည်အချင်းပြည့်ဝသူကို တိုက်ပိုင်သရုပ်ဆောင် အဖြစ် စင်တင်ပွဲထုတ်သွားရန် ရည်ရွယ်ထားသည်ဟု သတင်းရရှိသည်။

မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ များတွင် ပဏာမလူရွေးပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒါရိုက်တာမီးပွား၊ ဒါရိုက်တာကုသိုလ်၊ ဒါရိုက်တာဒေါန၊ ဒါရိုက်တာမောင်သီ၊ ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာဦးထင်ကျော်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးမြင့်သိန်းဖေ စသူတို့မှ ရွေးချယ်ပေးသွားမည်ဟု သိရသည်။

ရန်ကုန်မြို့တွင် မေလ ၂၇ ရက် နေ့၌ ၃၅ လမ်းရှိ မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးတွင် လျှောက်လွှာများအား ရောင်းချပေးသွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်နေ့နှင့် ပဏာမရွေးချယ်မည့် နေ့ရက်တို့အား လျှောက်လွှာတွင် တစ်ပါတည်း ရေးသား ဖော်ပြပေးသွားမည်ဟု သိရသည်။ မန္တလေးမှ ပဏာမ ရွေးချယ်ခံရသူများနှင့် ရန်ကုန် မှ ပဏာမရွေးချယ်ခံရသူ များထဲမှ နောက်ဆုံးအဆင့်အဖြစ် အမျိုးသား ငါးဦးနှင့် အမျိုးသမီးငါးဦးတို့ကို ရွေးချယ်သွားမည်ဟု သိရသည်။ ရွေးချယ်ခံရသည့် သရုပ်ဆောင်အသစ် ဆယ်ဦးကို မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး၏ စီစဉ်မှုဖြင့် ၀ါရင့်အနုပညာရှင်များက သရုပ်ဆောင်အတတ် ပညာရပ်များကို နှစ်လကြာသင်ကြား ပို့ချသွားမည်ဟု သိရသည်။ သင်တန်းကာလ နှစ်လအပြီးတွင် မာန်ထက်ချီဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်သည့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခွင့် ရမည်ဖြစ်ပြီး နှစ် နှစ်ကြာကာလအထိ ယင်းသို့ပါဝင်ရန် သတ်မှတ်ထားသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဗီဒီယိုလုပ်ငန်း အတွေ့အကြုံက အတိုင်းအတာတစ်ခု ရှိခဲ့ပြီးပါပြီ။ ဈေးကွက်ဝင်တယ် ဆိုတဲ့ သရုပ်ဆောင် အရေအတွက်က ရှားပါးတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ ဒါကြောင့် အခုလို သရုပ်ဆောင်အသစ် ရွေးချယ်ဖို့ စီစဉ်ဖြစ်တာပါ။ အဓိကတော့ ရွက်ပုန်းသီး အနုပညာရှင်တွေ ပေါ်ထွက်လာစေချင်လို့ ပါ”ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ဆိုသည်။

အမေတွေ အသည်းကွဲတဲ့မြေ(by Thida DVB )

ငါ၏ စွမ်းပကား(ကဗျာ)


ငါ၏ စွမ်းပကား
မီးဇာကုန်ဆီခန်းဟန် ရှိပေမယ့်
လေနီကြမ်းဒဏ် ခံနိုင်စွမ်းတယ်။
လရောင်မဆမ်းပေမယ့်
ညအမှောက်ထဲ လျှောက်လှမ်းရဲတယ်။
တိုးမပွါးချင်နေ
မခိုးမဝှက် ရိုးသားတဲ့စိတ် ငါ့ဆီရှိတယ်။
အညတရ ရဲဘော်ပေမယ့်
တော်လှန်ရဲတဲ့သတ္တိ ငါ့ဆီ အပြည့်ရှိတယ်။
ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တွက်ဆို
ပေးဆပ်ဖို့ကို အဆင်သင့်ပဲ။
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကိုတက်မယ့် မောင်းနှင်စွမ်းအား ငါ့ဆီရှိတယ်။
                                            အမေ့သား(ဒိန်းမတ်)

Monday, May 9, 2011

စာရေးဆရာ ဝေမှူးသွင်ကို ဖမ်းဆီး


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေခဲ့သူ စာရေးဆရာ ဝေမှူးသွင်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုမှာ စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ လက်မှတ်တွေ ပါဝင်ဖို့အတွက် စာရေးဆရာ ဝေမှူးသွင်က အကူအညီပေးပြီး တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် စည်းရုံးရေး ကော်မတီဝင် တဦးက အခုလို ပြောပြပါတယ်။

“ဝေမှူးသွင်က စာရေးဆရာဗျ၊ သူက မင်္ဂလာတောင်ညွန့်မှာ နေတယ်။ စနေနေ့ နေ့လယ် ၁ နာရီလောက်က SB က သူ့အိမ်ကို ၀ိုင်းပြီးတော့ ဝေမှူးသွင်ကို ဖမ်းသွားတာ။ သူ့ကို ဘာလို့ ဖမ်းလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်လိုက်ထိုးတဲ့ Campaign တခု ကျနော်တို့ လုပ်နေကြတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး ဝေမှူးသွင်က အဲဒီလက်မှတ်တွေကိုလည်း သူက လိုက်ထိုးတယ်၊ စာရေးဆရာအုပ်စု၊ သူ့ရဲ့ သူငယ်ချင်း ရေးဖော် ရေးဘက်တွေရဲ့ လက်မှတ်တွေကို နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုးပေးဖို့ လိုက်တောင်းတယ်။

“အဲဒီလို တောင်းခံတဲ့အပြင် နိုင်ငံတော်ကို အကြည်ညို ပျက်စေတဲ့ သရော်စာ တစောင်ကိုပါ သူက ပူးတွဲပြီး ဝေတယ်လို့ ကြားတယ်။ အဲဒီအတွက် သူ့ကို စနေနေ့ နေ့လယ် ၁ နာရီလောက်က သူ့အိမ်ကို SB တွေ နယ်မြေခံရဲတွေ ၀ိုင်းပြီးတော့ ဖမ်းသွားကြတယ်လို့ သိရတယ်။ အခုလည်း သူ့အိမ်ကို SB တွေ နယ်မြေခံရဲတွေက စောင့်နေကြတယ်။”

ကိုဝေမှူးသွင်ဟာ ၁၉၈၈ ခုနှစ် ကာလက လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာတွေ ရှိသလို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ အတွင်းမှာ ပါတီတခုဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လိုအပ်နေပြီ ဖြစ်ကြောင်းကိုလည်း လက်မှတ်ရေးထိုး လှုပ်ရှားနေသူတွေက ဆက်လက် ပြောပြပါတယ်။

“လက်မှတ်ထိုးတယ် ဆိုတာက နဂိုကတည်းက နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ စံနှုန်းမှာဆိုရင် ရွေးကောက်ပွဲတို့ လွှတ်တော်တို့ ခေါ်ပြီးပြီဆိုရင် လွှတ်ပေးတဲ့ ထုံးစံတွေ ရှိကြတယ်။ အခုတက်လာတဲ့ အစိုးရ သမ္မတကြီး ကိုယ်တိုင်က လွှတ်ပေးမှု မရှိသေးတဲ့အတွက် ကျနော်တို့က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ အနေနဲ့ စည်းရုံးပြီး လှုပ်ရှားနေတဲ့ သဘောပါ။ အဲဒီအပေါ်မှာလည်း ကိုဝေမှူးသွင် အနေနဲ့ သူကလည်း စာရေးဆရာတွေရဲ့ လက်မှတ်တွေ ရဖို့ ဆောင်ရွက်ခဲ့တာပါ။ အမှန်တကယ်ကတော့ နိုင်ငံတော် အစိုးရ ကိုယ်တိုင်က ဒါတွေကို လွှတ်ပေးခဲ့ရင် ကောင်းတာပေါ့ဗျာ။”

အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုးမှု လုပ်နေတဲ့ စာရေးဆရာ ဝေမှူးသွင်နဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းတွေအရ သူ့ကိုဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး သုံးစွဲတာကြောင့် ဖမ်းတာလို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေအရ ကြားနေရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
copy from http://www.voanews.com/burmese/news/wei-hmu-thwin-arrested-121539794.html

တမ်းတနေမိတဲ့ ရင်တွင်းအလွမ်း

တမ်းတနေမိတဲ့ ရင်တွင်းအလွမ်း
လွမ်းကဗျာလေးတွေ
သီမဖြစ်တာကြာခဲ့ ပေမယ့်
ရှစ်ခွင်တိုင်း မှောင်ရီညို့မှိုင်းလာရင်ဖြင့်
ရင်တွင်းမှာ...လွမ်းကဗျာထက်
လွမ်းအားတွေပိုလို့ နေရပါတယ်
အို....မိခင်။

ကလောင်ကိုင်တဲ့ လက်
ဘာ့....အတွက် စစ်လက်နက်ပုခုံးထမ်းနေ
ဒါတွေကို
သားထက်မေမေအသိဆုံးပါ။

တခါတလေ မေမေနဲ့ သား
ပြန်ဆုံနိုင်ပါ့မလား...လို့
လွန့်လူးနေတဲ့ အတွေးကွန်ချာထဲ
စိုးရိမ်ကဲနေမိတယ်။
လုပ်ကျွေးသမှု မပြုလိုတဲ့သား
ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့
အို....ရှင်တော်မြတ်ဘုရား။

တခါတလေ
မရေရာတဲ့ အတွေးက
ပိုသေချာနေ...သလို
ရင်တွင်းခံစားမိတဲ့ အချိန်တွေဆိုလေ
စိတ္တဇဆန်တဲ့ နေ့သစ်တွေဆီ
လျှောက်လှမ်းနေမယ့် အစား
ခဏလောက်ဖြစ်ဖြစ် အမေ့ရင်ခွင်ထဲ
နားယူအိပ့်စက်ခွင့်ပြုပါ...လို့
ယမ်းငွေ့တွေကြား ပြေးလွှားရင်း
ရင်တွင်း တမ်းတနေမိတယ်။

အမေ့သား(ဒိန်းမတ်)
နိုင်ငံတကာ....
အမေများနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်။

Sunday, May 8, 2011

Goldenmoon TV (မြန်မာ ရုပ်သံအစီအစဉ်) Part 1& 2:Talk Show: အရှိကို အရှိအတိုင်း ...

Goldenmoon TV (မြန်မာ ရုပ်သံအစီအစဉ်) vol. 37 (05/07/2011) Part 1&2

ဒေါက်တာသီဟ Facebook မှကူးယူးဖော်ပြပါသည်။

Saturday, May 7, 2011

ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါဘုရားစူးစေ့ (တစ်ခန်းရပ်ပြဇာတ်)

တစ်ခန်းရပ်ပြဇာတ် အပြင်ဆင်.......

သမ္မတ-သိန်းစိန် (မြန်မာနိုင်ငံ)
မစ္စတာ-နာတာဝါ ဂဲဝါး (အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
အာစီယံအလှည့်ကျ ဥက္ကဌ)
မြန်မာနိုင်ငံသမ္မတ-သိန်းစိန်နဲ့ အာစီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ-နာတာဝါ ဂဲဝါးနဲ့ တွေ့လိုက်တာနဲ့ သမ္မတသိန်းစိန်ကို တွေ့ရတာဝမ်းသာတယ်ဆိုပြီး တဦးကို တဦးဖက်လက်တကင်း လက်စွဲနှုတ်ဆက်ကြပြီး မစ္စတာ-နာတာဝါက သမ္မတ-သိန်းစိန်ကိုနေရာထိုင်ခင်းပေးလိုက်သည်။

မစ္စတာ-နာတာဝါ ။ ။ထိုင်ပါ..ထိုင်ပါ သမ္မတ-သိန်းစိန်။

သမ္မတ-သိန်းစိန် ။ ။ဟန်ပါပါနဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့ကုလားထိုင်ပေါ်ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက်တယ်။စိတ်ထဲမှာတော့ ဒီငနဲကို ငါဘယ်ကစ ရွှီး ရင်ကောင်းမလဲပေါ့။

မစ္စတာ-နာတာဝါ။ ။အာနာပါးနာဟန်နဲ့ သမ္မတအနေနဲ့ အခုလာမယ့်အာစီယံထိပ်သီးအစည်းဝေးမှာ အလှည့်ကျ ဥက္ကဌ တာဝန်ယူဖို့အဆိုကိုတင်သွင်းမယ်လို့ သတင်းကြားသိရပါတယ်၊ အဲဒါဟုတ်ပါသလား...ခင်ဗျား။

သမ္မတ-သိန်းစိန်။ ။ချက်ခြင်းဆိုသလို ဟန်မဆောင်နိုင်တော့ပဲ...ရက်-ရက်သိပ့်မှန်ကန်တဲ့ သတင်းကိုခင်ဗျားကကြိုတင်ရထားတာကိုးဆိုပြီး...ဟို-ကြည့် ဒီ-ကြည့်လုပ်ပြီး မျက်မှန်ကိုအပေါ်သို့အနည်းငယ်မြင့်တင်လိုက်တယ်။ ပြီးတော့...မစ္စတာ-နာတာဝါ အနေနဲ့ ဘာများထပ်သိချင်ပါသေးလဲဟုလှမ်းမေးလိုက်တယ်...။ကျုပ်တို့အသိုင်းဝိုင်းကတော့ ငရွှေကြီးသင်ထားပေးသလို...လိမ်စရာမရှိရင်ကိုယ့် ပေါင်ကိုယ်လိမ်မှာနော်...ဟုစိတ်ထဲကပြောလိုက်သည်။

မစ္စတာ-နာတာဝါ။ ။အာစီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူမယ်ဆိုရင်...နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့တော့လိုမယ်ထင်တယ်။ ကျုပ်အမြင် မြန်မာနိုင်ငံမှာတိုးတက်မှုတွေမရှိသလိုပဲ။

သမ္မတ-သိန်းစိန်။ ။နိုး...နိုး...နိုး ကျုပ်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာ...အရင့်-အရင်ကတည်းကပြောပြီးသားပါ။ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေမရှိဘူးဆိုတာလည်းမှားပါတယ်၊ ကျုပ်

ပြောတာခင်ဗျားမယုံရင်...အာစီယံအစည်းဝေးအပြီး ခင်ဗျားကိုယ်တိုင်လိုက်ကြည့်ဖို့...ကျုပ်ဖိတ်ခေါ်ပါတယ်။

မစ္စတာ-နာတာဝါနဲ့ သိန်းစိန်-စိတ်အတွေးထဲက လှမ်းမြင်လိုက်တဲ့ မြန်မာပြည်ကတိုးတက်မှုတွေက ဘတ်စကားပေါ်တိုးတက်တာတို့၊ ရထားပေါ်တိုးတက်တာတို့၊ သင်္ဘောအပေါ်တိုးတက်တာတို့ ဆိုတဲ့ပုံရိပ်တွေဟာတူညီနေကြတယ်။

မစ္စတာ-နာတာဝါ။ ။ပြောင်းလဲမှုတွေကော ဘာတွေရှိပါသလဲ...သမ္မတ...ခင်ဗျား။

သမ္မတ-သိန်းစိန် ။ ။ပြောင်းလဲမှုကိုသိချင်ရင်...ကျုပ်ပြောပြမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုနာဂစ်မုန်တိုင်းတွေကြားမှာ-ပြည်သူ့မျက်နှာမကြည့်ပဲ အပြောပေါင်းစုံနဲ့ အဆဲဆိုခံပြီးရေးဆွဲအတည်ပြုခဲ့တာခင်ဗျားတို့အသိပဲ။ အကယ်၍ဖွဲ့စည်းပုံကိုရေးမဆွဲပဲ နာဂစ်ကိစ္စကိုသွားဖြေရှင်းနေရင်...မြန်မာနိုင်ငံဒီမိုကရေစီရတာနောက်ကျသွားမှာပေါ့။

ကမ္ဘာကြီးက မြန်မာပြည်မှာ ဒီမိုကရေစီရှိတာမြင်ချင်တယ်ဆိုပြီးနာပူနာဆာလုပ်နေတော့...၂၀၁၀ မှာ ရွေးကောက်ပွဲကို အလောတဆယ်လုပ်လိုက်ရတာ...ခင်ဗျားတို့ အသိပဲလေ၊ သတင်းထောက်တို့၊စာနယ်ဇင်းသမားတို့၊ လေ့လာစောင့်ကြည့်ခွင့်ပေးဖို့တွေကိုတောင်အချိန်မရလို့ ငရွှေကြီးတောင်စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။

မစ္စတာ-နာတာဝါ။ ။သြော်....ဂလိုလား...ကျွတ်...ကျွတ်...ကျွတ်...ကျွတ်
ဒီ ပုံအတိုင်းဆို အလှည့်တော့မကျမှာ ကျိန်းသေတယ်ဆိုပြီး နာတာဝါစိတ်ထဲကပြောလိုက်သည်။

သမ္မတ-သိန်းစိန်။ ။သမ္မတ-သိန်းစိန်က စိတ်ထဲကနေ...လေခလေးချွန်ုပြီး..ထီးစိုင်သီချင်းတပိုင်းတစကိုဆိုနေသည်။ ယုံချငိယုံ မယုံချင်နေ...တကယ့်အဖြစ်ပျက်ပါ...ဘုရားစူးစေ့...ယုံချင်ယုံ မယုံချင်နေ...တကယ့်အဖြစ်ပျက်ပါဘုရားစူးစေ့...ဆိုပြီး တစ်ခန်းရပ်ပြဇတ်လိုက်ကာချလိုက်တော့သည်။

ရည်ညွှန်းချက်။ ။ဖြောင်လိမ်ဖြောင်စား စစ်ယူနီဖောင်းချွတ်-စစ်ယူနီဖောင်းဝတ် ခေါင်းဆောင်များနှင့် နောက်လိုက်များကိုရည်ညွှန်းသည်။

by Ko Baloi on Friday, May 6, 2011 at 6:13am

Friday, May 6, 2011

အိတ်ဖွင့်ပေးသောကဗျာ

အိတ်ဖွင့်ပေးသောကဗျာ

ဖြစ်ကြပျက်ကြ ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။

လက္ခဏာရေးသုံးပါး၊ ထိုတရားကို
တို့ကား ရှောင်ကွင်း၊ မရခြင်းကို
သွင်းထားနှလုံး ၊မှတ်ယူသုံး၍
နိဂုံးချုပ်လျှင်၊ အမှန်မြင်က
ရင်၌အေးမြ ချမ်းမြေ့မည်။

စိတ်ဓာတ်ကိုမြှင့်၊ ရင်ကောဖွင့်၍
အသင့်ရင်ဆိုင်၊ တိုက်ပွဲနိုင်အောင်
ခိုင်မာဆုံးဖြတ် မတ်မတ်ရပ်ပါ။

ဖြတ်သန်းခရီး ၊ ကန္တာရကြီးတွင်
ချွေးသီးချွေးပေါက်၊ တောက်တောက်ယိုကျ
ဘ၀တွေ့ကြုံ ၊ သင်၌စုံ၏။

ရတတ်သမျှ၊ သင့်ဘ၀တွင်
လောက်ငခြိုးခြံ၊ အနေမှန်လျက်
တရားဖက်မြဲ၊ သင့်ရောင့်ရဲပါ၊
သင့်ပွဲ၌လျှင်၊ သင်အောင်မြင်လိမ့်။

ဖြစ်ကြ ပျက်ကြ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။ ။
ထီလာစစ်သူ

copy from http://ayeyarwaddylibrary.blogspot.com/

‘ကိုယ့်ရဲ့ ကြိုးစားအားထုတ်ထားမှုနဲ့ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေ အပေါ်မှာပဲ ပရိသတ်က လက်ခံအားပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်’ ၊ ချောရတနာရဲ့ ငယ်ဘဝ

‘ကိုယ့်ရဲ့ ကြိုးစားအားထုတ်ထားမှုနဲ့ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေ အပေါ်မှာပဲ ပရိသတ်က လက်ခံအားပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်’ ၊ ချောရတနာရဲ့ ငယ်ဘဝ
“အနုပညာအလုပ်ကို စလုပ်တုန်းကသာ ရှက်ပြီးလုပ်ရဲသလို မလုပ်ရဲသလို ဖြစ်နေပေမယ့် တကယ်တမ်း လုပ်လာတဲ့အခါမှာတော့ ချောရဲ့ အနုပညာဗီဇ၊ အဖေ့ရဲ့အနုပညာ သွေး၊ ကိုယ်တကယ် သက်ဝင်တဲ့ အလုပ်နဲ့ ကိုယ့်မိသားစုကို ပြန်လည် အလုပ်အကျွေးပြုရတဲ့အတွက် ဒီအလုပ်ကို တန်ဖိုးထားမိတယ်” လို့ ဆိုလာသူက မော်ဒယ်စင်မြင့်မှ တစ်ဆင့် ညမွှေးပန်းကြော်ငြာ၊ တောင်ကြီးမောက်မယ် ရုပ်သံကြော်ငြာတွေနဲ့ ပရိသတ်ရရှိလာခဲ့တဲ့ ချောရတနာဆိုတဲ့ အနုပညာငွေကြယ်ပွင့်ပါ။

အနုပညာခရီးကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့သူမက ၂၀၁၁ ခုနှစ်မှာတော့ မတူညီတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့စောင့်ကြည့်ခြင်းကို ခံယူလာရသူပေါ့။ ဒါကြောင့် လည်း သူမဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ ခရီးကို တင်ပြပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ ရဲ့နောက်ခံတေးဂီတတွေကို ဖန်တီးသူ ဂီတမှူးပေါသျှံရဲ့ အနုပညာမျိုးဆက်ပါ။ ဆယ်နှစ်ဝန်းကျင် ကလေးအရွယ် ကစလို့ ဆိုင်းသံ၊ဗုံသံကြားရင် စောင် တစ်ထည်ကို ခါးမှာပတ်ပြီး ကတမ်း ခုန်တမ်းကစားရင်း ပျော်မွေ့နေတတ် သူပေါ့။ သူ့မှာ နန်းကြူဇူလိုင်ဆိုတဲ့ အစ်မကြီးနဲ့ သူ့ထက် ၁၂ နှစ်ငယ်တဲ့ သန္တာဗိုဆိုတဲ့ ညီမလေးရှိပါတယ်။ ခုနှစ်တစ်ခုရဲ့ စက်တင်ဘာလ၂၉ရက် နေ့မှာမွေးဖွားခဲ့တဲ့သူမရဲ့ ငယ်အမည်ရင်းကတော့ ချောစုဝေပါ။

လူရယ်လို့ ဖြစ်လာရင် ဘ၀မှာအရေးကြီးဆုံး အရာက ရိုးသားမှုပါ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ အနုပညာ လှုပ်ရှားမှုအပေါ်မှာ ပရိသတ်က လက်ခံပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်။ ကျန်တဲ့အရာတွေနဲ့ နာမည်မကြီးချင်ဘူး . . .

ဖခင်ဖြစ်သူ တာဝန်ယူဖန်တီးပေးရတဲ့ ဇာတ်ကားတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားဟန်ပန် တွေကြည့်ပြီး အဲဒီဇာတ်ကားထဲက သရုပ်ဆောင်တွေနေရာမှာ မိမိကိုယ် မိမိ အစားထိုးပြီး ခံစားလေ့ရှိပါတယ် တဲ့။ ချောရတနာက အရှက်အကြောက် ကြီးပေမယ့် ဖခင်ဖြစ်သူနဲ့ ဆရာသမားတွေရဲ့ ညွှန်ကြားမှုကြောင့် မကြောက်မရွံ့တော့ဘဲ အနုပညာလှုပ်ရှားမှုတွေ ကို စင်အောက်တွင် သာမက စင်မြင့်ထက်မှာပါ လှုပ်ရှားရင်း ပျော်မွေ့နေတတ်ပါတယ်။ သူက ရုပ်ရှင်ကြည့်တာကို ၀ါသနာထုံပြီး ရုပ်ရှင်ဇာတ်ကားတွေကို မလွတ်တမ်းကြည့်ရှုခဲ့သူပါ။ ရုပ်ရှင်ကြည့်ပြီး ပြန်လာရင် ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ခံစားပြီး ဇာတ်ကားထဲက အနုပညာရှင်တွေ ရဲ့လှုပ်ရှားမှုအတိုင်း ပြန်လည် လုပ်ဆောင်တတ်သူပေါ့။

“ချော ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာ အရမ်းပါတယ်။ အိမ်မှာကလည်း တိပ်ခွေအရောင်း ဆိုင်ရှိတယ်။ အဖေကလည်းအိမ်မှာ ရုပ်ရှင်၊ဗီဒီယိုကားတွေရဲ့နောက်ခံတီးလုံးကို အမြဲဖန်တီးပေးလေ့ ရှိတော့ ချောက အနုပညာနဲ့မစိမ်းခဲ့ဘူး။ အဖေ အလုပ်လုပ်ရင် အနားကနေ သွားကြည့်ပြီး ဇာတ်ကားထဲက မင်းသား မင်းသမီးတွေ သရုပ်ဆောင်တာကို ကြည့်ပြီး ကိုယ်သာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာကို အမြဲတမ်းတွေးမိ တယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ အနုပညာနဲ့ပတ်သက်တဲ့ အမှတ်တရ တွေကိုလည်း . . .

“ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့် ရတာကို ၀ါသနာပါတယ်။ မမို့မို့မြင့်အောင်နဲ့ ဦးကျော်သူတို့ ကားတွေ အရမ်းခေတ်စားတဲ့အချိန် ချောတို့ အိမ်ကလည်း ရုပ်ရှင်ရုံနားမှာဆိုတော့ အမြဲသွားကြည့်ဖြစ်တယ်။ မမို့ရဲ့ ချာတိတ်ကားကို အရမ်းကြိုက်ခဲ့တာ။ မှတ်မှတ်ရရ အဲဒီကားထဲမှာ မမို့က BMX စက်ဘီးကို စတန့်ထွင်ပြီး စီး တယ်။ အဲဒါကိုကြည့်ပြီးတော့ ချော လည်း အဲဒီထဲက အတိုင်းမရရအောင် လိုက်စီးခဲ့တာ ခွေးကမျက်စိနောက်ပြီး လိုက်ကိုက်လို့ ခွေးကိုက်ခံလိုက်ရတယ်။ နောက် အမှတ်တရတစ်ခုက နီနီဝင်းရွှေရဲ့ ဗွေးတုတ် စီးရီးအရမ်း အောင်မြင်တုန်းက အဲဒီအခွေဖွင့်သံကြားရင် အရမ်းကချင်လို့ စောင်ကို ခါးမှာပတ်ပြီး ထကတာစောင်တွေ ကိုဖွလို့ဆိုပြီး အမေအဆူခံရတယ်” လို့ ဆိုပါတယ်။

အသက်၁၀နှစ်ဝန်းကျင် အရွယ်ကစလို့ ဖခင်နဲ့အတူ သင်္ကြန်မဏ္ဍပ်တွေမှာ အနုပညာလှုပ်ရှားခဲ့တဲ့ သူမ က အနုပညာအလုပ်ကို ၀ါသနာပါပြီး လုပ်ဖြစ်ခဲ့ပေမယ့် အရှက်အကြောက် ကြီးသူဖြစ်တာကြောင့် သရုပ်ဆောင် အနုပညာရှင်အဖြစ် ရပ်တည်ဖို့တော့ တစ်ခါမှ မတွေးခဲ့ပါဘူးတဲ့။

သူ အနုပညာရပ်ဝန်းထဲရောက် ရှိဖို့ဖြစ်လာခဲ့တာကတော့ ဖခင်ဖြစ်သူရဲ့ဆန္ဒနဲ့ မိသားစုရဲ့တိုက်တွန်းမှု ကြောင့်ပါ။ အစ်မဖြစ်သူက သူ့ကို အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်စေလိုတာကြောင့် ၂၀၀၂ ခုနှစ်မှာ ဂျွန်လွင်ထံမှာ မော်ဒယ်သင်တန်းတက်ဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ အဲဒီ အချိန်က သူတက္ကသိုလ် ပညာသင်ယူဖို့ စောင့်ဆိုင်းနေချိန်ပေါ့။ ငွေကြေး ချွေတာသုံးစွဲပြီး စနစ်ကြီးတဲ့သူမက အစ်မဖြစ်သူ သွင်းခဲ့တဲ့ သင်တန်းကြေးကို နှမျောပြီး မော်ဒယ်သင်တန်းတက် ဖြစ်ခဲ့ပါတယ်။ မော်ဒယ်အဖြစ် နှစ်နှစ်ကျော်ဝန်းကျင် ဖြတ်သန်းခဲ့ပြီး ချိန်မှာတော့ ကြော်ငြာဒါရိုက်တာ ပီတာနဲ့တွေ့ဆုံပြီး ရင်ဂိုရဲ့ တေးစီးရီး ကြော်ငြာမှာ ဖြိုးငွေစိုးနဲ့တွဲဖက်လို့ ကြော်ငြာ သရုပ်ဆောင်အဖြစ် ပထမဆုံး လှုပ်ရှားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒါရိုက်တာဗေဒါ ရိုက်ကူးတဲ့ ‘သက္ကရာဇ်မဲ့နှလုံးသား’ ဗီဒီယိုဇာတ်ကားမှာ ဗီဒီယို သရုပ်ဆောင်အဖြစ် စတင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။ အဲဒီ ဇာတ်ကားမှာသားညီ၊ သတ္တိ၊ မျိုးစန္ဒီကျော်တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့ခြင်းပါ။

“အနုပညာရပ်ဝန်းက လူတစ်ယောက်ဖြစ်လာချိန်မှာ ဒီအနုပညာ အလုပ်နဲ့ပတ်သက်ပြီး သိရှိနားလည် လာတာက အနုပညာအလုပ်ဆိုတာ ပရိသတ်တွေအပေါ် သည်းခံပြီး လေးစားရမယ်။ ပြီးတော့ အနုပညာရပ်ဝန်း မှာ ရပ်တည်လှုပ်ရှားနေကြတဲ့ အလွှာပေါင်းစုံက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကိုလည်း တန်ဖိုးထား ပေါင်းသင်း ဆက်ဆံရမယ်ဆိုတာကို သိလာတယ်။ အဖေက အနုပညာသမား ဖြစ်ပေမယ့် ချောလျှောက်လှမ်းရတဲ့ အနုပညာခရီးက အရာရာ ချောမွေ့နေတာမျိုး မဟုတ်ပါဘူး။ အခက်အခဲတွေကို သင်ခန်းစာယူပြီး လျှောက်လှမ်းရတယ်။ အခက်အခဲကို သင်ခန်းစာယူတတ်ဖို့က အရေးကြီးပါတယ်” လို့ ချောရတနာက သူရဲ့ခံယူချက် သဘောထားကို ပြောပြခဲ့ပါတယ်။

“လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အရေးကြီးဆုံး အရာက ရိုးသားမှုပါ။ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုနဲ့ ကိုယ့် ရဲ့အနုပညာလှုပ်ရှားမှု အပေါ်မှာ ပရိသတ်က လက်ခံပေးရတဲ့ အနုပညာရှင်မျိုးဖြစ်ချင်တယ်။ ကျန်တဲ့အရာတွေနဲ့ နာမည်မကြီးချင်ဘူး”လို့ဆိုတဲ့ ချောရတနာက ရှေ့ဆက်မယ့်ခရီးနဲ့ ပတ်သက်ပြီးပြောခဲ့တာကတော့. . .

“ဘ၀ကို အေးအေးချမ်းချမ်းပဲ နေသွားချင်တယ်။ ရှေ့ဆက်မယ့်ခရီး မှာချောရဲ့အနုပညာ အရည်အသွေး ကို ပရိသတ် လက်ခံအောင်ကြိုးစားမယ်။ ပရိသတ်လက်ခံမှုနဲ့ ရေရှည်ရပ်တည်နိုင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းခွင့် ရဖို့မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ် ဆိုတာကို တင်ပြရင်း ရပ်နားလိုက်ပါ တယ်။

Wednesday, May 4, 2011

ခေါက်ချိုးပြီး အလွယ်တစ်ကူ သယ်သွားနိုင်မယ့် Feno folding notebook ကွန်ပျူတာ

နယ်သာလန် ဒီဇိုင်နာ Niels van Hoof ပုံစံထုတ်ထားသော Feno Notebook သည် အလွယ်တစ်ကူ ခေါက်ချိုးပြီး သယ်သွားနိုင်မယ့် မျိုးဆက်သစ် Notebook တစ်မျိုးဖြစ်သည်။ ပုံမှန် Notebook ကွန်ပျူတာ အများစု၏ မျက်နှာပြင် အကျယ်သည် ၎င်း၏ keyboard အရွယ်နှင့် အချိုးကျ တပ်ဆင်လေ့ရှိသော်လည်း Feno Notebook တွင်မူ သေးငယ်ကျစ်လစ်သော ကီးဘုတ်နှင့် ကြီးမားပြီး ခေါက်ချိုးနိုင်သော မျက်နှာပြင်တို့ ပါဝင်သည်။

၎င်းကဲသို့ ခေါက်ချိုးနိုင်စေရန် LCD မျက်နှာပြင်အစား ကွေးနိုင်ဆန့်နိုင်သည့် OLED မျက်နှာပြင်ကို သုံးစွဲထားပြီး Wireless mouse ကိုပါ Notebook အတွင် အလွယ်တစ်ကူ ထည့်သွင်းထားနိုင်အောင် တည်ဆောက်ထားသော သဘောကျစရာ ဒီဇိုင်းတစ်ခုဖြစ်သည်။
မြို့တော်ပုသိမ် သတင်းစဉ်

PatheinCity News

Monday, May 2, 2011

နာဂစ် မင်းကိုငါမေးမယ်

နာဂစ် မင်းကိုငါမေးမယ်

ဒီကျွန်းစုငယ်နဲ့ ဟိုဘက်ရွာအိမ်စုကလူတွေ
ဘယ်သူ မျှော်လင့်ထားကြမှာလဲ
လူတွေအိပ့်ချိန်မှာ တရွာလုံးကိုဝင်ရောက်မွှေနှောက်
မင်းရက်စက်ရာမရောက်ဘူးလား....နာဂစ်။

ငါတုန်လှုပ် ခြောက်ခြားသွားခဲ့တယ်
မိုးလင်းတော့ တရွာလုံးဟာတိတ်ဆိတ်
ငါ့ရွာကိုတောင် ငါမမှတ်မိတော့ဘူး...နာဂစ်။

ပုံပြင်မဆန်တဲ့ အဲဒီနေ့ အဲဒီညမှာ
ငါ့...သူငယ်ချင်းတွေ မင်းခေါ်သွားတယ်၊
ငါ့...အမေ ငါ့အဖေ ငါ့ အဒေါ် ငါ့ ဦးလေး
ငါ့ တူ- ငါ့သား- ငါ့ နွား- ငါ့ ခွေး- ငါ့ ဝက်- ငါ့ ကြက်
ငါ့ ဆိတ်- ငါ့ ဘဲ-
ငါ့ ညီ- ငါ့ အကို- ငါ့ မောင်နှမတွေအကုန်လုံးနဲ့
မိခင်ဝမ်းဗိုက်ထဲကခလေး အူဝဲလို့မအော်ခင်မှာ
မပြန်လမ်းကို မင်းခေါ်သွားခဲ့တယ်...နာဂစ်။

ငါ တို့ရွာငယ် ကျွန်းစုကလူတွေဟာ
တပါးသူအပေါ်
မလိုတမာစိတ်နဲ့ ရန်မလိုတတ်ဘူး၊
တစ်ဝမ်းတခါးလှရင် ကျေနပ်နေသူတွေပါ...နာဂစ်၊
လောဘနဲ့ မောဟ ဒေါသတရားတွေပါကင်းစင်ပြီး
အရိုးခံစိတ်နဲ့ မေတ္တာတရားတွေရောယှက်ကာ
ပေါင်းစည်းတည်ဆောက်ထားတဲ့ ရွာငယ်ကျွန်းစုတွေပါ...နာဂစ်။

ကံကြမ္မာကို ရိုးမယ်မဖွဲ့တတ်တဲ့ ငါတို့ရွာ
ဖြူစင်စိတ်ထားရှိတဲ့ အဲဒီ ငါတို့တရွာလုံးကို
ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်
မင်း...အလဲထိုးသွားခဲ့သလဲ...နာဂစ်။

အမေ့သား(ဒိန်းမတ်)