Saturday, February 28, 2009

ခေတ်ပြိုင်ဝက်ဆိုက်မှ

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင်
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။ ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။ “မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့်သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။ မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ်ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။ မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။ အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ်ရှင်းထားသည်။ ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။ တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။ စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက်
ဝင်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။

Sunday, February 22, 2009

စည်းတိုက်တဲ့ည

ဘကြီးဟာ သူကြီးပြင်းခဲ့ရာ သူ့ရဲ့ရွာမဟုတ်တဲ့
မြို့ကြီးမှာ ခြောက်လုံးပတ်ဝိုင်းဆရာကြီးပေါ့။ မိုးကြီးစုန်းစုန်းချုပ်ပြီဆိုမှဖြင့် ဘကြီးရဲ့
ဘေထိခေါ်သံကြားရာ တ၀ါးဝါးရည်မောသံများနဲ့အတူ မြို့စားများ ပြေးလွှားရောက်လာကြ။ စည်းတိုက်တဲ့ည ၀ိုင်းတော်သားများနဲ့ ဘကြီးခေါင်းညိမ့်မပျက် တချက်ချင်းပတ်မကြီးဖိတီးပြ အချီ့ အချ အတက်အဆင်း ဘေထိသံပြင်းပြင်းနဲ့ ဆက်တွန်းနေရဲ့။ ဘကြီးဟာ ခေါင်းညိမ့်မပျက်ပေမဲ့ ညဘယ်လိုနက်သွားတယ် မသိလိုက်ခင်မှာပဲ နှဲအချွှဲ့ ယခွန်းအဆွဲ ဟာခနဲ ဟင်းခနဲ အုပ်အော်သောင်းနင်း ဘေထိသံရှည်မျောထဲ တ၀ိုင်းတော်သားလုံး
့ 
ရင်ခုံသံနဲ့အတူ လွန့်ပျံရီဝေလို့ ။့ နက်သထက် နက်တဲ့
ညထဲ ဘေထိ ဘေထိသာ အသေအချာရလိုက်ပြီးနောက် မိုးစင်းစင်းလင်းသွားတဲ့အခါ အိပ်မောကျဟောက်သံများသာ ကာရံညီတေးသွားအဖြစ်ကျန်ခဲ့တယ်။

Thursday, February 12, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ယနေ့ ကျင်းပသော ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသူများက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ထိုး တောင်းဆို ကြကြောင်းသိရသည်။ အခမ်းအနားတက်ရောက်လာသူများထဲမှ လူ ၅၀၀ ခန့်က ကိုယ်တိုင်လက်မှတ်ထိုး၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် ဖမ်းဆီးထား သော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု အန်အယ်လ်ဒီမှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။ “ဒီနေ့ အခမ်းအနားမှာ ထူးခြားတာက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တခြားသော နိုင်ငံရေးပါတီဝင်တွေ ၊ လွှတ်တောာ် ကိုယ်စားလှယ်တွေ စတဲ့ အခမ်းအနား တက်ရောက်လာသူတွေက လက်မှတ်ထိုးတောင်းဆို ကြ တယ်၊ နံရံမှာ လက်မှတ်ထိုးဖို့ ဘုတ်ကြီးလုပ်ထားတာ၊ အဲဒီ နံရံကြီး တခုလုံး ပြည့်သွားတာပဲ၊ လက်မှတ်ပေါင်း ၅၀၀ ၊ ၆၀၀ ထက် မနည်း ရှိမယ်”ဟု ၎င်းက ပြောပြသည်။အဆိုပါ လက်မှတ်ထိုး အစီအစဉ်သည် အန်အယ်လ်ဒီ လူငယ်များ၏ အစီအစဉ်ဖြစ်ပြီး ယနေ့ စတင်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်။အခမ်းအနားတွင် စည်းလုံးညီညွတ်သည့် ပြည်ထောင်စု စိတ်ဓာတ်သည် ယခုအချိန်တွင် များစွာ လျော့နည်း ကျဆင်းနေကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး စသည့်အထွေထွေအကြပ် အတည်းများကို ကျော်လွှားနိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်မှု ပြန်လည်တည် ဆောက်ရမည် ဖြစ် ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် အန်အယ်လ်ဒီ၏ တောင်းဆိုချက်များကို လိုက်လျော ရ မည်ဖြစ်ကြောင်း စသည့် အဓိကအချက်များပါဝင်သည့် ကြေညာချက်တစောင်ကိုလည်း အန်အယ်လ်ဒီ က ထုတ်ပြန် ကြောင်း သိရသည်။ယနေ့ နေ့လယ် ၁၂း ၃၀ နာရီ မှစတင်ကျင်းပသည့် ယင်းအခမ်းအနားသို့ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ၊ သြစတေးလျ စသည့် နိုင်ငံခြား သံတမန်များနှင့် ဖိတ်ကြားထားသူများအပါအ၀င် လူပေါင်း ၁၀၀၀ ကျော်ခန့် တက်ရောက်ပြီး အခမ်းအနား ကျင်းပရာ အန်အယ်လ်ဒီ ရုံးချုပ် အနီးတွင် စစ်အစိုးရက ကြံ့ဖွံ့၊ ရဲ များအပါအ၀င် လုံခြုံရေး အင်အား ၁၀၀၀ ကျော်ခန့် ချထားသည်ဟု ဦးအုံးကြိုင် က ပြောဆိုသည်။အခမ်းအနားတွင် သခင်စိုးမြင့်က သဘာကတိအဖြစ်ဆောင်ရွက်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်(စီအီးစီ) အဖွဲ့ဝင်များဖြစ်သော ဥက္ကဌ ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ သုံးဦး ကျန်းမာရေးမကောင်း၍ အခမ်း အနား တက်ရောက်နိုင်ခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။ မန္တလေး အန်အယ်လ်ဒီ ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်သွယ်ရေး တာဝန်ခံ ဦးမောင်မောင် သန်း ၏ နေအိမ်တွင် ကျင်းပကြောင်း သိရသည်။ယင်း ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပတ်သက်ပြီး ယမန်နှစ်တွင် နအဖ အာဏာပိုင် ရဲချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ(စီအာပီပီ) ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူသတိ ပေးထားသည့်အတွက် ယခုနှစ်တွင် စီအာပီပီ အနေနှင့် အခမ်းအနား မကျင်းပနိုင်ကြောင်း၊ ကြေညာချက်လည်း မထုတ်ပြန်ကြောင်း စီအာပီပီ အဖွဲ့ဝင် ဦးထောင်ခိုထန်း က ပြောသည်။“စီအာပီပီအနေနဲ့ ကြေညာချက်တွေ ထုတ်မယ်၊ အစည်းအဝေးတွေ လုပ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူ မယ်ဆိုတော့ ပြည်ထောင်စုနေ့ ကြေညာချက်ကို လည်း စီအာပီပီ အနေနဲ့ မထုတ်တော့တာ”ဟု ၎င်းက ဆက် ပြောသည်။တခြားသော တိုင်းရင်းသားများ စုစည်း၍ ရန်ကုန်မြို့တနေရာတွင် ပြည်ထောင်စုနေ့ ညစာ စားပွဲ ပြုလုပ်ရန်ရှိ ကြောင်းလည်း သိရသည်။နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သော ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက်ပြည်ထောင်စု နေ့ သ၀ဏ်လွှာတွင် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး အားသွန်ကြိုး ပမ်း ရန်၊ မူဝါဒ လမ်းစဉ်(၇) ရပ် အောင်မြင်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။

Monday, February 9, 2009

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုနှင့်အတူ ကိုဉာဏ်လင်းအောင်တို့အား ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်သည်။ ယနေ့ နေ့လည် (၁) နာရီခန့်က မင်္ဂလာတောင်ညွန့်တရားရုံးတွင် ၎င်းတို့နှစ်ဦးအား ဗွီဒီယိုအက်ဥပဒေ ၃၂(ခ) ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူက ပြောသည်။ “သူနဲ့ တွေ့ခွင့်ရပါတယ်၊ သူပြောတာက သူတို့ကို ဥပဒေနဲ့ အမိန့်ချတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ ချတာပါ၊ ပြောစရာမလိုတော့ပါဘူးဆိုပြီး ပြောတယ်၊ အဖမ်းခံရတုန်းက သူ့မှာ ဖုန်းတလုံးတည်းပါတာ၊ သူက ကိုဉာဏ်လင်းအောင်ရဲ့ အမှုတွဲပါ” ဟု ပြောသည်။ကိုကျော်ကိုကိုအား ၂၀၀၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ကိုဉာဏ်လင်းအောင်နေအိမ်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကိုဉာဏ်လင်းအောင် အလုပ်ထဲမှ ဆင်ဆာမဲ့ ဗွီဒီယိုအခွေများကို သက်သေခံအဖြစ် ယူသွားကာ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။“ဗွီဒီယိုဆင်ဆာမဲ့တွေ တွေ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကို စွဲတာ၊ ကျော်ကိုကိုက အဲဒီအခွေက သူနဲ့မဆိုင်ပါဘူးဆိုပြီး ထွက်ဆိုပါတယ်၊ (စရဖ)က သက်သေခံပစ္စည်း (၉) မျိုး တင်တဲ့အခါမှာလဲ ကိုဉာဏ်လင်းအောင်ပစ္စည်းတွေလို့ ရေးထားပါတယ်၊ တကယ်ဆို သူ့အမှုက လွတ်နိုင်ပါတယ်” ဟု ကိုကျော်ကိုကို၏ဖခင်က ဆက်ပြောသည်။ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်တို့အား ဖမ်းဆီးပြီးနောက် (၃) လပိုင်း (၂၀) ရက်နေ့တွင် ပထမဆုံးအကြိမ်၊ မရမ်းကုန်းမြို့နယ်တွင် ရုံးထုတ်၍ အခြားရုံးပြောင်းမည်ဟုဆိုကာ အချိန်ဆွဲထားခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသို့ ပြောင်း၍ (၂၈) ရက်နေ့မှစတင်ကာ စစ်ဆေးခြင်းပြုလုပ်ခဲ့သည်ဟု ပြောသည်။ကိုကျော်ကိုကို၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “အင်းစိန်ထောင်ဆေးရုံမှာ ပြီးခဲ့တဲ့လ (၃) ရက်နေ့ကတည်းက တက်နေတယ်၊ မျက်လုံးတွေ ဝါနေတယ်၊ အသဲရောင်အသားဝါ မပျောက်သေးပါဘူး၊ သူ့ကို ဆရာဝန်က ဆေးပြန်စစ်ပေးဖို့ရှိတယ်လို့ ပြောတယ်၊ အခုတော့ သူတို့ကို အင်းစိန်ထောင်မှာပဲ ထားတယ်” ဟု ပြောသည်။ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်တွင် မဟာဝါဏိစဗေဒဘာသာရပ်ဖြင့် မဟာတန်းတက်နေသည့် ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည်။၎င်းတို့အား ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအပေါ် ဖခင်ဖြစ်သူက “ဖခင်တယောက်အနေနဲ့ကတော့ နအဖကကြေညာသလို ဥပဒေအရ အတိအကျ လုပ်သွားမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ကျနော့်သားပြောသလို နိုင်ငံရေးအရ ချလိုက်တော့လဲ ဘာမှမဖြစ်ပါဘူး၊ ပြောလဲမပြောချင်ပါဘူး” ဟု ဆက်လက်ပြောဆိုခဲ့သည်။

Monday, February 2, 2009

မိုးမခ၀က်ဆိုက်မှ

ဒေါ်စုက ကုလသမဂ္ဂကို အားမရကြောင်း ထုတ်ပြောပြီ အေပီ၊ ရိုက်တာ သတင်းဌာန ဖေဖော်ဝါရီ ၂၊ ၂၀၀၉

ယနေ့နံနက်က မစ္စတာ ဂမ်ဘာရီ နှင့် ဒေါ်စု တွေ့ဆုံစဉ် (photo:Reuters)

စစ်အစိုးရကို ဖြောင်းဖျခြင်းမပြုနိုင်သည့် ကုလသမဂ္ဂအား ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်ဒေါသထွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဒေါ်စု၏ ပါတီက ဆိုသည်။ အကျယ်ချုပ် ချခံထားရသော ဒေါ်စုသည် ယနေ့နံနက်ပိုင်းက ကုလသမဂ္ဂက စေလွတ်သည့် အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ၁ နာရီကျော် တွေ့ခွင့်ရခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “(နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်) ဒေါ်စုက ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ချင်ပါတယ်” ဟု မစ္စတာဂန်ဘာရီအား ပြောလိုက်သည်ဟု ဆိုသည်။ သို့သော်လည်း “မည်သည့် အောင်မြင်မှု ရလဒ်မျှ မရှိသည့် တွေ့ဆုံမှုမျိုးကိုမူ လက်ခံနိုင်ခြင်းမရှိ”ဟု ဒေါ်စုက ဖြည့်စွက်ပြောခဲ့ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။ မစ္စတာ ဂမ်ဘာရီ၏ ၂ နှစ်တာ ခရီးစဉ် ၆ ခုအတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တိုးတက်မှုများ မရှိခဲ့ဟု ဒေါ်စု၏ အဖွဲ့ချုပ်က သတ်မှတ်ထားသည်။ အကျဉ်းသားများ လွတ်မြောက်မှု၊ နိုင်ငံရေးဆွေးနွေးပွဲများ စသည်တို့ ဖြစ်ပေါ်လာခြင်းမရှိဟု ဆိုသည်။ ယခု မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ဒေါ်စုက မစ္စတာ ဂမ်ဘာရီကို “အနိမ့်ဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်တာမျိုး ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မစ္စတာ ဂမ်ဘာရီ နှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ ယနေ့ တွေ့ဆုံစဉ်။ (photo:AP)

Sunday, February 1, 2009

ခေတ်ပြိုင်ဝက်ဆိုက်မှ

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်းလက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ
(ဦးဝင်းတင်)
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။ လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။ လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။ ၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။