Monday, February 9, 2009

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုနှင့်အတူ ကိုဉာဏ်လင်းအောင်တို့အား ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်သည်။ ယနေ့ နေ့လည် (၁) နာရီခန့်က မင်္ဂလာတောင်ညွန့်တရားရုံးတွင် ၎င်းတို့နှစ်ဦးအား ဗွီဒီယိုအက်ဥပဒေ ၃၂(ခ) ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူက ပြောသည်။ “သူနဲ့ တွေ့ခွင့်ရပါတယ်၊ သူပြောတာက သူတို့ကို ဥပဒေနဲ့ အမိန့်ချတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ ချတာပါ၊ ပြောစရာမလိုတော့ပါဘူးဆိုပြီး ပြောတယ်၊ အဖမ်းခံရတုန်းက သူ့မှာ ဖုန်းတလုံးတည်းပါတာ၊ သူက ကိုဉာဏ်လင်းအောင်ရဲ့ အမှုတွဲပါ” ဟု ပြောသည်။ကိုကျော်ကိုကိုအား ၂၀၀၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ကိုဉာဏ်လင်းအောင်နေအိမ်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကိုဉာဏ်လင်းအောင် အလုပ်ထဲမှ ဆင်ဆာမဲ့ ဗွီဒီယိုအခွေများကို သက်သေခံအဖြစ် ယူသွားကာ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။“ဗွီဒီယိုဆင်ဆာမဲ့တွေ တွေ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကို စွဲတာ၊ ကျော်ကိုကိုက အဲဒီအခွေက သူနဲ့မဆိုင်ပါဘူးဆိုပြီး ထွက်ဆိုပါတယ်၊ (စရဖ)က သက်သေခံပစ္စည်း (၉) မျိုး တင်တဲ့အခါမှာလဲ ကိုဉာဏ်လင်းအောင်ပစ္စည်းတွေလို့ ရေးထားပါတယ်၊ တကယ်ဆို သူ့အမှုက လွတ်နိုင်ပါတယ်” ဟု ကိုကျော်ကိုကို၏ဖခင်က ဆက်ပြောသည်။ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်တို့အား ဖမ်းဆီးပြီးနောက် (၃) လပိုင်း (၂၀) ရက်နေ့တွင် ပထမဆုံးအကြိမ်၊ မရမ်းကုန်းမြို့နယ်တွင် ရုံးထုတ်၍ အခြားရုံးပြောင်းမည်ဟုဆိုကာ အချိန်ဆွဲထားခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသို့ ပြောင်း၍ (၂၈) ရက်နေ့မှစတင်ကာ စစ်ဆေးခြင်းပြုလုပ်ခဲ့သည်ဟု ပြောသည်။ကိုကျော်ကိုကို၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “အင်းစိန်ထောင်ဆေးရုံမှာ ပြီးခဲ့တဲ့လ (၃) ရက်နေ့ကတည်းက တက်နေတယ်၊ မျက်လုံးတွေ ဝါနေတယ်၊ အသဲရောင်အသားဝါ မပျောက်သေးပါဘူး၊ သူ့ကို ဆရာဝန်က ဆေးပြန်စစ်ပေးဖို့ရှိတယ်လို့ ပြောတယ်၊ အခုတော့ သူတို့ကို အင်းစိန်ထောင်မှာပဲ ထားတယ်” ဟု ပြောသည်။ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်တွင် မဟာဝါဏိစဗေဒဘာသာရပ်ဖြင့် မဟာတန်းတက်နေသည့် ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည်။၎င်းတို့အား ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအပေါ် ဖခင်ဖြစ်သူက “ဖခင်တယောက်အနေနဲ့ကတော့ နအဖကကြေညာသလို ဥပဒေအရ အတိအကျ လုပ်သွားမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ကျနော့်သားပြောသလို နိုင်ငံရေးအရ ချလိုက်တော့လဲ ဘာမှမဖြစ်ပါဘူး၊ ပြောလဲမပြောချင်ပါဘူး” ဟု ဆက်လက်ပြောဆိုခဲ့သည်။