Friday, March 11, 2011

ဂျပန့်ရဲ့ “၃/၁၁ ဘေးဆိုးကြီး” သို့မဟုတ် “သောကြာနေ့မည်းကြီး”

ဂျပန့်ရဲ့ “၃/၁၁ ဘေးဆိုးကြီး” သို့မဟုတ် “သောကြာနေ့မည်းကြီး”

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် သောကြာနေ့ဟာ ၃/၁၁ ဂျပန်နိုင်ငံရဲ့ ဘေးဆိုးကြီး (Japanese 3/11 disaster) လို့ မှတ်တမ်းတင်နိုင်ပါတယ်။ ဂျပန်အတွက် “သောကြာနေ့မည်းကြီး”( Black Friday)လို့လဲ ဆို နိုင်ပါတယ်။

အဲဒီနေ့ရဲ့ မွန်းလွဲ ၁၄၄၆ နာရီမှာ ဂျပန်ရဲ့ အကြီးဆုံးငလျင်အဖြစ် သမိုင်းမှတ်တမ်းတင်ရတဲ့ ၈.၉ ရိုက်တာ စကေးရှိ ငလျင်ကြီးဟာ ဂျပန်နိုင်ငံအရှေ့မြောက်ကို ဗဟိုပြုလှုပ်ခဲ့ပါတယ်။ ဒီငလျင်ကြီးကနေ ကြောက်မက် ဘွယ် အမြင့် ၂၃ ပေ(၇ မီတာကျော်)ရှိ ဆူနာမီရေလှိုင်းကြီးများဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဆူနာမီရေလှိုင်းများ က သင်္ဘောများ၊ ကားများနှင့်အိမ်များကိုတိုက်စားသွားခြင်း ထိန်းမရတဲ့ မီးလောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခြင်းဖြင့် လူရာပေါင်းများစွာကိုသေကျေစေခဲ့ပါတယ်။ အပျက်အစီးများစွာကိုလဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

နာရီပေါင်းများစွာကြာတဲ့အခါ ဆူနာမီလှိုင်းများဟာ အမေရိကန်အနောက်ဘက်ကမ်းခြေကို ရောက်သွားခဲ့ ကြပါတယ်။ ကာလီဖိုးနီးယားကနေ ဝါရှင်တန်အထိ လူများရွှေ့ပြောင်းထားဘို့ သတိပေးအမိန့်ထုတ်ထားတဲ့ အဲဒီဒေသမှာတော့ အပျက်အစီးထိခိုက်မှု မရှိသလောက်ပါ။ တောင်အမေရိက၊ ကနေဒါ နဲ့ အလာစကာ ကမ်းခြေများအပါအဝင် ပစိဖိတ်ဒေသတခုလုံးဟာ သတိပေးတပ်လှန့်ထားပေမင့် လှိုင်းများဟာ ထင်သ လောက် မဆိုးရွားခဲ့ပါဘူး။

ဂျပန်ရဲ့ အရှေ့မြောက်ဒေသမှ နျူကလီယားဓါတ်ပေါင်းဖိုရဲ့ အအေးခံစံနစ်ပျက်စီးကာ အတွင်းဖိအား စ တင်ဖြစ်ပေါ်လာပြီးနောက်မှာ ဓါတ်ပေါင်းဖိုတဝိုက်ရှိ လူအများကိုတော့ ရွှေ့ပြောင်းပေးလိုက်ရပါတယ်။

ငလျင်ဗဟိုပြုရာအရပ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မီယာဂီ ခရိုင်ရှိ အရှေ့မြောက်ကမ်းခြေမြို့ဖြစ်တဲ့ ဆဲန်ဒိုင်းမြို့ မှာတင် လူသေအလောင်းပေါင်း ၂၀၀ ကျော် ၃၀၀ ခန့်ရှိကြောင်း ရဲများကဆိုပါတယ်။ အခြား အလောင်း ၁၃၇ လောင်းကိုအတည်ပြုနိုင်ခဲ့ပြီး ၅၃၁ ဦးပျောက်ဆုံးနေကာ ၆၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၈.၉ ရိုက်တာစကေးရှိငလျင်ကြီးလှုပ်ခါပြီးနောက် ၆.၀ စကေးထက်ပိုတဲ့ ငလျင်များ အကြိမ် ၅၀ ထက် မနည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီငလျင်ကြီးကြောင့် မိုင် ၁၃၀၀ (၂၁၀၀ ကီလိုမီတာ)ရှိ ကမ်းရိုးတန်းတလျှေက်မှ မြို့ရွာ ဒါဇင်ပေါင်းများစွာ မှာ ကြီးမားတဲ့လှုပ်ခါမှုများဖြစ်ခဲ့ပါတယ်။ ဗဟိုပြုရာအရပ်မှ အတော်အလှမ်းဝေးတဲ့ တိုကျိုမြို့အထိ ထိခတ် လှုပ်ခါခဲ့ပါတယ်။ မီယာဂီ ခရိုင်ရဲ့ လူပေါင်း ခုနစ်သောင်းနေထိုင်ရာ ‘ခဲဆဲန်နုမ’ မြို့ရဲ့နေရာတော်တော်များ များကို ညဘက်မှာ ဆိုးဝါးစွာ ထိန်းမနိုင်သိမ်းမရ မီးလောင်ကျွမ်းနေကြောင်း အဲန်အိပ်ခ်ျခေ သတင်းဌာနမှ ကြေညာခဲ့ပါတယ်။

ဒီငလျင်ဟာ ၁၉၀၀ ခုနှစ်နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံးငလျင်ဖြစ်ပြီး လွန်ခဲ့တဲ့လက နယူးဇီလဲန်နိုင်ငံ ခရစ်ချတ်ခ်ျ မြို့မှာလှုပ်ခဲ့တဲ့ ငလျင်ထက် အဆ ၈,၀၀၀ နီးပါးခန့်ရှိကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။

ဒီငလျင်မှထွက်ပေါ်လာတဲ့စွမ်းအင်ဟာ အမေရိကန်နိုင်ငံရဲ့ တလသုံးလျှပ်စစ်စွမ်းအင်နီးပါးခန့်ရှိကြောင်း
အမေရိကန် ဘူမိဗေဒသုတေသန သိပ္ပံပညာရှင် ဘရိုင်ယဲန် အက်တ်ဝါတာ က ပြောပါတယ်။

တိုကျိုမြို့မှာ ရထားလိုင်းများ ရပ်ဆိုင်းထားရပါတယ်။ ဒိအတွက်ကြောင့် ရေခဲမှတ်လောက် အအေးဒဏ်အောက်ရှိ ညအချိန်မှာ သောင်းပေါင်းများစွာသောလူတွေ တိုကျို၌ ရှုပ်ထွေးသောင်တင်နေကြပါတယ်။ မြို့ပြင်ထွက်ရန်ကြိုးပမ်းနေတဲ့ ကိုယ်ပိုင်ကားများ၊ ဘတ်စကားများနဲ့ ထရပ်ကားများဖြင့် လမ်းတကာမှာ ပြည့်ကျပ်နေကြပါတယ်။ တိုကျိုမြို့တော်မှာ မြို့တော်ခန်းမ၊ တက္ကသိုလ်ပရဝဏ်များနဲ့ အစိုးရရုံးများတွင် ခိုလှုံရေးစခန်း ၃၃ ခု ဖွင့်လှစ် စောင့်ရှောက်ပေးထားပါတယ်။ သို့သော် လူအများကတော့ ၂၄ နာရီဖွင့် ကဖေးဆိုင်များနဲ့ဟိုတယ်များတွင် ခိုနားနေကြပါတယ်။

နျူကလီးယားဓါတ်ပေါင်းဖိုတည်ရှိရာ ‘အိုနဟာမ’မြို့အနီးဝန်းကျင်မှလူအများကို ဓါတ်ပေါင်းဖိုမှ အနည်းဆုံး ၂ မိုင်ကွာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အစိုးရကနှိုးဆော်ထားပါသည်။ ဓာတ်ပေါင်းဖိုမှာ စိမ့်ယိုမှုမရှိသေး ပေမင့် ယင်းရဲ့အူတိုင်မှာ ပိတ်ချပြီးနောက်ပိုင်းတောင်မှ ပူနေဆဲဖြစ်ပါတယ်။ ဓါတ်ပေါင်းဖိုမှာ တိုကျိုရဲ့ အရှေ့မြောက် မိုင်၁၇၀( ၂၇၀ ကီလိုမီတာ) အကွာတွင်တည်ရှိပါတယ်။ ယိုစိမ့်မှုဖြစ်နေစဉ် ဓာတုအန္တရယ် ကာကွယ်ပေးရန်သင်တန်းဆင်းစစ်သည် ဒါဇင်ပေါင်းများစွာကို စေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

အခြား ဓါတ်ပေါင်းဖို ၂ ခုမှာလဲ ပြဿနာများပေါ်ပေါက်လျက်ရှိနေပေမင့် ဓါတ်ရောင်ခြည် ယိုစိမ့်မှု မရှိသေးပါ။

မီယာဂီ ရှိသင်္ဘောကျင်းမှ လုပ်သား ၈၀ ကိုတင်ဆောင်သွားတဲ့ သင်္ဘောကို ဂျပန်ကမ်းခြေစောင့်များကအပူတပြင်းရှာဖွေနေကြပါတယ်။

အဆိုးဝါးဆုံးဒဏ်ခံရတဲ့ ကမ်းရိုးတန်းဒေသများရဲ့ အဝေးပြေးလမ်းမကြီးများ ပျက်စီးကုန်ပါတယ်။ ဂျပန်ရဲ့အရှေ့မြောက်ဒေသနဲ့ တိုကျိုတွင် ရထားလိုင်းများပိတ်ထားပါတယ်။ တိုကျိုမှာ ရထားစီးခရီးသည်တနေ့လျှင် ၁၀ သန်းခန့်ရှိပါတယ်။ တိုကျို နာရီတာလေဆိပ်လဲ အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

အရှေ့မြောက်ကမ်းရိုးတန်းရှိ မီနာမီဆိုးမ မြို့တမြို့တည်းတွင် အိမ်ခြေ ၁,၈၀၀ ခန့် အပြင်းအထန်ပျက်စီးသွားခဲ့ပါတယ်။

တိုကျိုနဲ့အနီးတွင် အဆောက်အဦးပေါင်း ၄ သန်းကျော် လျှပ်စစ်စွမ်းအင်ပြတ်တောက်သွားခဲ့ပါတယ်။အိချိဟာရ မြို့တွင် ကော်စမို ရေနံသန့်စင်စက်ရုံမှာမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ မီးညွန့်ဟာ ပေ ၁၀၀ (မီတာ ၃၀) ကျော်မြင့်တက်ခဲ့ပါတယ်။

ကနဦးခန့်မှန်းချက်အရ အကြီးအမားဆုံရှုံးပျက်စီးမှုများရှိကြောင်း၊ ထိုခန့်မှန်းချက်နဲ့အညီ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကက်ဘိနက်အတွင်းရေးမှူးအကြီးအကဲ ယူခိအို အဲဒနိုကပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သည်များကို အထိခိုက်ခံရဆုံးဒေသသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ယင်းကပြောပါတယ်။ ရိက္ခာနဲ့အသုံးအဆောင်ပို့လေယဉ်နဲ့ ဟယ်လီကော့ပတာများလဲ သွားနေကြပါတယ်။

မီယာဂီ ခရိုင်ရှိ နျူကလီးယားဓါတ်ပေါင်းဖိုတခုရဲ့ တာဘိုင်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားသဖြင့်ငြှိမ်းသတ်ပြီးစီးသွားကြောင်း တိုဟိုးခု လျှပ်စစ်စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ အနီးအနားရှိ ဓါတ်ပေါင်းဖိုတခုတွင် ရေစိမ့်ထွက်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ ယိုစိမ့်မှုဟာ ဆူနာမီကြောင့်လား အခြားအကြောင်းကြောင့်လားတော့ သေချာမသိရှိရသေးကြောင်း ဆိုပါတယ်။

ယခု သဘာဝဘေးဒဏ်ကြောင့် စုစုပေါင်းဆုံးရှုံးမှုမှာ ၁၀ ဘီလျံခန့်ရှိမည်ဟု ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဘဏ်အုပ်စုJefferies International Ltd. ကခန့်မှန်းပါတယ်။

၂၀၁၁ ခုမတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၄၄၆ နာရီတွင် ဂျပန်တွင်လှုပ်သွားသော ပြင်းအား ၈.၉ ရှိ ငလျင်မှာ၁၈၀၀ ခုနှစ်နှောင်းပိုင်းမှတ်တမ်းများအရ ဂျပန်မှာ အကြီးဆုံးလှုပ်တဲ့ငလျင်ဖြစ်ပြီး ကမ္ဘာ့အပြင်းဆုံးငလျင်
တခုလဲဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒ သုတေသနအဖွဲ့ကဆိုပါတယ်။

ယင်းငလျင်မှာ အနက် ၆ မိုင်(၁၀ ကီလိုမီတာ)ဖြင့် အရှေ့ဘက်ကမ်းရိုးတန်းမှ မိုင် ၈၀ (၁၂၅ ကီလိုမီတာ)အကွာတွင် ဗဟိုပြုဖြစ်ပေါ် လှုပ်ခဲ့ပါတယ်။ တိုကျိုမှ ၂၄၀မိုင်( ၃၈၀ ကီလိုမီတာ)ကွာဝေးပါတယ်။

ဂျပန်၊ ရုရှား၊ အင်ဒိုနီးရှား၊ နယူးဇီလဲန် နဲ့ ချီလီနိုင်ငံမျာအပါအဝင် ပစိဖိတ်၊ အရှေ့တောင်အာရှ၊ လက်တင်
အမေရိက ဒေသတို့တွင် ဆူနာမီ သတိပေးချက်ကိုထုတ်ပြန်ထားပါတယ်။

ယခင်ဖြစ်ပေါ်ခဲ့တဲ့ ဂျပန်ရဲ့အဆိုးဆုံးငလျင်များမှာ လူပေါင်း ၁၄၃,၀၀၀ ကိုသေစေခဲ့တဲ့ ၁၉၂၃ ခုနှစ် ခန်တို ဒေသ ငလျင်(ပြင်းအား ၈.၃)နဲ့ လူပေါင်း ၆,၄၀၀ သေစေခဲ့တဲ့ ပြင်းအား ၇.၂ ရှိ ၁၉၅၅ ခုနှစ် ခိုဘေး ငလျင်တို့ဖြစ်ကြပါတယ်။

ဂျပန်ဟာ “မီးအဝန်း”ခေါ် ကမ္ဘာ့ငလျင် ၉၀%ဖြစ်ပေါ်တဲ့ ပစိဖိတ်ဒေသရဲ့ ငလျင်နဲ့မီးတောင်ဇုံပေါ်မှာတည်ရှိ နေပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း ၂၃၀,၀၀၀ ခန့်ကို သတ်သွားခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ဆူနာမီဟာ ဒီဒေသမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၀ ဖေဖော်ဝါရီတွင် ချီလီနိုင်ငံအလယ်ပိုင်းမှာ လူ ၅၂၄ ဦးသေကျေစေခဲ့တဲ့ ၈.၈ ပြင်းအားရှိငလျင်ကနေ ဆူနာမီ လဲ ဒီအရပ်မှာပဲဖြစ်ခဲ့ပါတယ်။

( ၂၀၁၁ ခု မတ်လ ၁၁ ရက်နေ့ သတင်းများကိုမှီငြမ်းပါသည်။ )
မောင်မောင်လှကြိုင်

ဆောင်းပါးပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။