Monday, May 24, 2010

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊၂၅ ရက်နေ့ နံနက် ၁ နာရီထိ မီးငြိမ်းသတ်နေရဆဲ

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေကြောင်းသိရှိသည်။ မီးလောင်ကျွမ်းမှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ်ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေးစတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံလောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိskyhallမှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက်လောင်ကျွမ်းနေကြောင်းသိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhallသို့ လှေကားထောင်မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။

Updated - ည ၇ နာရီ ၄၀မိနစ်: ထပ်မံရရှိသောသတင်းများအရ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ်များဖြင့် မလုံလောက်သောကြောင့် ပဲခူးတိုင်းအတွင်းရှိ မီးသတ်ယာဉ်များပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။ ယခုလက်ရှိတွင် မီးသတ်ယာဉ်စုစုပေါင်း ၆၅ စီး ဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။ skyhallရှိ စားသောက်ဆိုင် အပါအ၀င် ဆေးပစ္စည်းနှင့် အခြားပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ စတိုခန်းများကိုလည်း မီးလောင်ကျွမ်းနေကြောင်း သိရသည်။

updated -၂၅ရက်နေ့ နံနက် ၁ နာရီ: ယခုအချိန်ထိ မီးငြိမ်းသတ်နေရဆဲဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် စတုတ္ထထပ်နှင့် ခေါင်မိုး (skyhall)မှလွဲပြီး တစ်ခြားသို့ ကူးဆက်မှုမရှိသေးကြောင်းနှင့် လက်ရှိအနေအထားအရ အခြားနေရာများကို မကူးဆက်ရအောင် ထိန်းသိမ်းနေရကြောင်းသိရသည်။ စတုတ္ထထပ်ရှိ မီလောင်ကျွမ်းမှုကို ငြိမ်းသတ်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ၏ အချို့နေရာများတွင် အက်ကွဲမှုများဖြစ်ပေါ်နေသည်။

Updated - မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲမှ စတင်လောင်ကျွမ်းလျက်ရှိသော မီးလောင်မှုကို မေလ ၂၅ ရက်နေ့ နံနက် ၄နာရီခွဲ ၀န်းကျင်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။