Tuesday, May 4, 2010

မွန်တစ်ရာကျော် ဖမ်းဆီးမိ

တောလမ်းမှထိုင်းနိုင်ငံသို့ဝင်ရောက်စဉ် ထိုင်းရဲ၊ စစ်တပ်ဖမ်းဆီးရမိပုံ

မင်းထက်အောင်၊ ကောင်းဝါ မေ ၄၊၂၀၁၀။
တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မွန်တိုင်းရင်းသားတစ်ရာကျော်ခန့်အား ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့အနီး ဇာလီဖောင်းရွာ တောစပ်တစ်နေရာ၌ ယမန်နေ့ညနေပိုင်းတွင် ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲများပူးပေါင်း ဖမ်းဆီးမိကြောင်း ဒေသခံထိုင်းအာဏာပိုင်အချို့ ပြောကြားချက်အရ သိရသည်။

“ အုပ်စုနှစ်စုခွဲပြီးတောလမ်းအတိုင်းလမ်းပြအကူအညီနဲ့လမ်းလျှောက်လာကြတယ်၊ သူတို့ပွဲစားသတ်မှတ်တဲ့ နေရာမရောက်ခင် ဒီကဖမ်းမိလိုက်တာဖြစ်တယ်”ဟု စကားပြန်မှတဆင့် ထိုင်းအရာရှိတစ်ဦး ပြောကြားခဲ့ပါသည်။

အဆိုပါ အဖမ်းဆီးခံရသူအားလုံးသည် လူကုန်ကူးပွဲစားများအဆင့်ဆင့်ဖြင့် ထိုင်းနိုင်အတွင်းပိုင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသူများဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်များကိုကိုယ်းကားပြီး ထိုင်းရဲအရာရှိများ သုံးသပ်ယူဆကြသည်။

၎င်းအဖမ်းခံရသူများကို စံခလပူရီရဲစခန်း၌ တစ်ညချုပ်နှောင်ခဲ့၍ ယနေ့တွင် ဘုရားသုံးဆူနယ်စပ်မြို့ဖက်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

“ကျနော်အထင်တော့ပွဲစားတွေရွေးလိုက်လို့ချက်ချင်းပြန်လွှတ်ပေးတာဖြစ်တယ်” ဟု ထိုကိစ္စနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသော ထိုင်း-မြန်မာစကားပြန်တစ်ဦးက ယူဆပါသည်။

အဖမ်းဆီးခံရသူအားလုံးစုစုပေါင်း(၁၀၃)ဦးတွင် ကျား(၄၀)ဦး၊ မ(၆၃)ဦး ဖြစ်ရာ မွန်တိုင်းရင်းသားများဖြစ်ကြသည်ဟု သိရပါသည်။ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ လာရောက်ကြသူများဟု ဆိုပါသည်။

ထိုသို့ တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်နိုင်ရန် လူတစ်ဦးလျှင် မြန်မာကျပ်ငွေငါးသိန်းနှင့်ညီမျှသော ဘတ်ငွေ(၁၇၀၀၀)ကို အလုပ်နေရာရောက်သည့်အခါ ကာယကံရှင်များပြည်တွင်းသို့ ဖုန်းအဆက်အသွယ်ပြုလုပ်ပြီးမှသာ မြန်မာပြည်ရှိပွဲစားများကို ငွေထုတ်ပေးမည်ဟု သိရပါသည်။

ယခုအကြိမ်ဖမ်းဆီးရမိခြင်းသည် စံခလပူရီမြို့နယ်၌ ယခုလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။