Monday, November 28, 2011

က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင် (Written by လူထုစိန်ဝင်း)


ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင်တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။

အာရှရဲ့ ထိပ်ဆုံးက
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မား ခဲ့တယ်။ ဥရောပနိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံ ထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ သင်ကြားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာအမျိုးသမီးအများစုဟာ သေစာရှင်စာလောက်တော့ တတ်ကြတယ်။ လက်မှတ်ထိုးတဲ့နေရာမှာ ကြက်ခြေခတ်စရာမလိုဘူး။ မြန်မာပြည်က မယ်ခွေလို အမျိုးသမီးစာဆိုတွေ စာပလွေရင်မှာပိုက်ပြီး ကဗျာလင်္ကာတွေ ရေးဖွဲ့နေချိန်မှာ ဥရောပ နိုင်ငံအတော်များများမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်။

ကွမ်းယာဆိုင်တောင်မကျန်
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး မကြာမီမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းမှန်သမျှ ကွမ်းယာဆိုင်တောင်မကျန် ပြည်သူပိုင်သိမ်းလိုက်တယ်။ သာသနာပြုကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံး လည်း သိမ်းပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ပညာရေးအဆင့်အတန်းဟာ တရိပ်ရိပ်ကျဆင်းသွားခဲ့ရတယ်။ ပညာရေးစနစ်တွေက မတည်ငြိမ်ဘဲ ခဏခဏအပြောင်းအလဲဖြစ်နေတဲ့ဒဏ်ကို ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြ ရတယ်။ ဆရာ၊ ဆရာမတွေလည်း 'ခုတစ်မျိုးတော်ကြာတစ်မျိုး'ပေါ်လစီမူဝါဒတွေကြောင့် မလုပ်တတ်၊မကိုင်တတ်ဖြစ်ပြီး လက်မှိုင်ချ နေကြရတယ်။ ကြားထဲကအချောင် နာမည်ပျက်တာပဲ အဖတ်တင်တယ်။

မရှိမဖြစ်ကျူရှင်
အပြောင်းအလဲများတဲ့ ပညာရေးစနစ်ကြောင့် ကျူရှင်တွေ ပေါ်ပေါက်လာရတယ်။ မရှိမဖြစ် အနေအထားမျိုးထိ ရောက်သွားတယ်။ အစိုးရ ကျောင်းက ဆရာ၊ ဆရာမတွေလည်း ကျူရှင်ရေစီးထဲ မျောပါလာကြတယ်။ ဒီမှာတင် အားလုံးက ဆရာ၊ ဆရာမ တွေကို ၀ိုင်းပြီးလက်ညှိုးထိုးကြတယ်။ တကယ်တော့ ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မပေးချင်ပါဘူး။ ကျောင်းမှာ ကျောင်းတက်ခေါင်းလောင်းထိုးချိန်ကစပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်အထိ တစ်တန်းဝင်တစ်တန်းထွက် မနားတမ်း သင်ကြားနေရတာဆိုတော့ ညနေစောင်းတာနဲ့ ခြေကုန် လက်ပန်းကျပြီး မောဟိုက်နေပါပြီ။ အိမ်မှာခြေပစ်လက်ပစ် နားနေချင်တဲ့ သူချည်းပါပဲ။ မတတ်သာလို့သာ နားချိန်ကလေးအဆုံးခံပြီး ကျူရှင်သင်ရတာပါ။ ဘယ်သူကသင်ချင်ပါ့မလဲ။ ငါ့ဝမ်းပူဆာမနေသာဆိုတဲ့ အခြေအနေမျိုးသာမဟုတ်ရင် ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မသင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေထိ ကျဆင်းသွားရတာဟာ ဆရာ၊ ဆရာမတွေ ကျူရှင်ပေးလို့ မဟုတ်ပါဘူး။

တွေ့သမျှလူ ပါရဂူ
ဆရာ၊ ဆရာမတွေက ကျူရှင်ကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။ ပညာရေးစနစ်ကြီးဟန်မကျလို့ ကျူရှင်တွေ ပေါ်ပေါက်လာရတာဖြစ်တယ်။ နောက်ဆုံးဘယ်လောက်ထိ အခြေအနေဆိုးလာသလဲဆိုရင် 'မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူပါရဂူ' ဆိုတဲ့စာ ချိုးတွေတောင် ပေါ်ပေါက်လာခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အစိုးရအဆက်ဆက်လက်ထက်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ညီလာခံတွေ အကြိမ်ကြိမ် ကျင်းပခဲ့ကြတယ်။ စာတမ်းတွေလည်း အများကြီးတင် သွင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ သင့်တော်အပ်စပ်တဲ့၊ မှန်ကန်ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ရပ် ဒီနေ့ထိ မထူထောင်နိုင်သေးပါဘူး။

မကြားဖူးတာတွေ
ဒီနေ့ဒီအချိန်မှာတော့ နှစ်ငါးဆယ်လုံးလုံး ကျင့်သုံးလာခဲ့တဲ့ တစ်ပါတီတစ်ဖွဲ့စည်း အာဏာရှင်စနစ်ကို ထားရစ်ခဲ့ပြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေတာ မြင်တွေ့ရတယ်။ နှစ် ပေါင်းငါးဆယ်လုံးလုံး မကြားဖူးခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားရမယ်။ အမြင်ချင်းမတူသူတွေနဲ့တောင် မတူတာတွေထားပြီး တူတာတွေအတူတွဲလုပ်နိုင်အောင် နည်းလမ်းတွေရှာရမယ်။ စတုတ္ထမဏ္ဍိုင်ကို ကြံ့ခိုင်အောင် ထူထောင်ရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး စတဲ့စကားသံတွေ နေ့စဉ်ကြားလာရတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆွေးနွေးပွဲကြီးတွေလည်း တစ်ခုပြီးတစ်ခု ကျင်းပနေတာ တွေ့ရတယ်။

ကာယကံရှင်တွေမပါဘူး
ပညာရေးနဲ့ပတ်သက်လို့လည်း လွှတ်တော်ထဲမှာ မေးမြန်းဆွေးနွေးနေကြတာ ကြားရတယ်။ မကြာခင်မှာတော့ စီးပွားရေးဆွေးနွေးပွဲကြီးတွေ လုပ်ခဲ့သလို ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးတွေလည်း လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အရင့်အရင် ခေတ်အဆက်ဆက်ကလုပ်ခဲ့တဲ့ ညီလာခံတွေလို အခရာအကျဆုံး အဓိကလူတွေကို ချန်ထားပစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူး။ ရှေးကဆွေးနွေးပွဲကြီးတွေ ညီလာခံကြီးတွေ ကျင်းပတဲ့အခါ အ စိုးရဌာနဆိုင်ရာ အရာရှိကြီးတွေနဲ့ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေနဲ့ တခြားပညာရှင်ကြီးတွေကို ဖိတ်ကြားတက်ရောက်စေခဲ့တယ်။ တကယ့်ကာယကံရှင်တွေတော့ မပါဘူး။

လယ်မင်းသားတွေ
တောင်သူလယ်သမား ညီလာခံတွေမှာ တဘက်ကြီးတွေခေါင်းမှာ ပေါင်းထားတဲ့မြို့က အရာရှိကြီးတွေနဲ့ ပါတီကောင်စီဝင်တွေ၊ လယ်သမားယောင်ယောင်၊ စပါးပွဲစား၊ ပဲစားယောင်ယောင် 'လယ်မင်းသား' တွေချည်း တက်ရောက်ပြီး ရေးပေးထားတာတွေကို ဖတ်ကြ၊ ပြောကြတယ်။ လယ်သမားစစ်စစ်တွေမပါတော့ ပကတိအခြေအနေမှန်ကို ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုနဲ့ပဲ အပ်နဲ့ထွင်းရမယ့်ကိစ္စတွေကို ပုဆိန်နဲ့ပေါက်ပြီး ရှင်းရတဲ့အဖြစ်မျိုးတွေ ဖြစ်လာရတာမဟုတ်လား။

ရင်ဖွင့်သံတွေ
အလုပ်သမားညီလာခံဆိုတာတွေလည်း အလားတူပဲ။ ဘာမှ မထူးဘူး။ အပြာရောင် အလုပ်သမားဝတ်စုံဝတ်ထားတဲ့ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ စက်ရုံမှူးတွေ၊ မန်နေဂျာတွေနဲ့ အလုပ်သမား အရာရှိတွေချည်းပဲ။ အဲဒီတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေ အနေမှန်ကို မသိရတော့ဘူး။ တစ်နှစ်လုံးရပ်ထားပြီး လူကြီးလာမှ စွမ်းအားပြည့်လည်ပြတဲ့ စက်ရုံမျိုးတွေကိုပဲ ဟုတ်လှပြီ ထင်နေကြတာ။ ဒါမျိုးတွေ မနေ့တစ်နေ့ကအထိတောင် မြင်တွေ့နေရသေးတယ်။ ဒီနေ့ဒီအချိန်မှာတော့ ဒါမျိုးတွေဆက်ပြီး ရှိမနေသင့်တော့ဘူး။ လယ်ယာစိုက်ပျိုးရေးကိစ္စတွေမှာ အညာက၊ မြစ်ဝကျွန်းပေါ်က၊ မြေလတ်က၊ ကမ်းရိုးတန်းက၊ တောင်ပေါ်ကစသဖြင့် ဒေသစုံက တောင်သူလယ်သမားစစ်စစ်တွေရဲ့ ရင်ဖွင့်သံတွေကြားရအောင် လုပ်ဖို့လိုတယ်။ အလုပ်သမားကိစ္စတွေမှာလည်း အလုပ်သမားစစ်စစ်တွေ မပါမဖြစ် ပါရပါမယ်။

ဆရာတွေကအသိဆုံး
လယ်ယာကိစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားက အသိဆုံးပဲ။ အလားတူပဲ ပညာရေးကိစ္စမှာလည်း လက်တွေ့သင်ကြားပေးနေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားခံကျောင်းသူကျောင်းသားတွေ ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အဆင့်မြင့်နဲ့ အထက်တန်းပညာရေးကိစ္စ ဆွေးနွေးပွဲတွေမှာ လက်တွေ့သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ မပါမဖြစ် ပါစေသင့်သလို အရွယ်ရောက်နေပြီဖြစ်တဲ့ အထက်တန်းနဲ့ အဆင့်မြင့်ပညာကျောင်းသားတွေရဲ့အသံတွေပါ ကြားနိုင်အောင် သူတို့ကိုလည်း ပါဝင်စေသင့်ပါတယ်။

လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေး
ရှေးကတက္ကသိုလ်ဆီးနိတ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီမှာဝန်ကြီးချုပ်က အဓိပတိဖြစ်ပြီး ကျောင်းအုပ်ကြီးက ဒုတိယအဓိပတိ ဖြစ်တယ်။ ဘာသာရပ်အလိုက် ပါမောက္ခတွေက ဆီးနိတ်လူကြီးများအဖြစ်ပါဝင်ပြီး မြို့မိမြို့ဖကိုယ်စားလှယ် နဲ့ ကျောင်းသားများရဲ့ကိုယ်စားလှယ်အဖြစ် သမဂ္ဂဥက္ကဋ္ဌက ပါဝင်ရတယ်။ တက္ကသိုလ်အုပ်ချုပ်ရေး သင်ကြားရေးကိစ္စ အရပ်ရပ်ကို ဒီအဖွဲ့က လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အစိုးရက ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ဘူး။

ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေက စပြောင်းလဲဖို့ လိုပါတယ် . . .

က ကညစ်ပေမှာခြစ်
ပညာရေးမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက မူလတန်းပညာရေးဖြစ်တယ်။ တက္ကသိုလ်အဆင့် အထက်တန်းအဆင့်တွေနဲ့ အတူရောပြီး ဆွေးနွေးတာမျိုးမလုပ်ဘဲ မူလတန်းအဆင့်ပညာရေး ဆွေးနွေးပွဲ သီးသန့် လုပ်သင့်တယ်။ မူလတန်းဆရာ၊ ဆရာမတွေကိုပဲဦး စားပေး ဖိတ်ကြားပြီး စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေ လုပ်စေသင့်တယ်။ ပညာရေးတက္ကသိုလ် ကောလိပ်တွေက မူလတန်းပညာသင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမတွေကလည်း ခေတ်မီသင်ကြားရေး နည်းစနစ်နဲ့ပတ်သက်တဲ့ စာတမ်းတွေတင်တာ၊ ဟောပြော တာတွေ လုပ်စေသင့်တယ်။ မူလတန်းအတွက် ပြဋ္ဌာန်းစာအုပ်တွေ ရေးသားပြုစုတဲ့နေရာမှာလည်း ဒီပုဂ္ဂိုလ်တွေဟာ မပါမဖြစ်ပါသင့်သူတွေဖြစ်တယ်။ မူလတန်းကလေးတွေရဲ့အကြောင်းကို မူလတန်းဆရာ၊ ဆရာမတွေက အသိဆုံးဖြစ်တယ်။ ကလေးတွေအကြောင်းမသိသူတွေကို အရေး ခိုင်းတဲ့အတွက် ရှေးက 'က ကညစ်ပေ မှာခြစ်' ဆိုတဲ့ စာအုပ်မျိုးတွေ ထွက်ရှိလာတာဖြစ်တယ်။

ကညစ်ကို မမြင်ဖူးဘူး
'ကကြီးကစွန်းပင် ရေမှာရွှင်' ဆိုတဲ့ စာကဟုတ်နေပါလျှက်နဲ့ 'က ကညစ်ပေမှာခြစ်' လုပ်ပစ်လိုက်တော့ အားလုံး ဒုက္ခရောက်ကုန်ကြရော။ က ညစ်တို့၊ ပေတို့ဆိုတာ ကလေးတွေက ဘယ်လိုလုပ်သိမှာလဲ။ ကလေး မပြောနဲ့ သူတို့ကို သင်နေရတဲ့ဆရာမတွေ ကိုယ်တိုင်တောင် ကညစ်ကို မမြင်ဖူးသလို ပေရွက်ကိုလည်း မြင်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းသုံးစာအုပ်ပြုစုရာမှာ မူလတန်းဆရာ၊ ဆရာမတွေ မပါမဖြစ်ပါသင့်တယ်လို့ ပြောခဲ့တာဖြစ်တယ်။

လျောစီးသလို
အပြောင်းအလဲတစ်ခု ပြုလုပ်တဲ့အခါမှာ လှေကားထစ်တက်သလို တစ်ဆင့်ပြီးတစ်ဆင့် အထက်ကိုတက်သွားတဲ့ပုံစံနဲ့ သွားရပါတယ်။ ဒါမှ ချောချောမောမောနဲ့ လိုရာရောက်ပါတယ်။ လျောစီးသလိုအပေါ်ကအောက်ကို လျောချတဲ့ပုံစံနဲ့ သွားတာက ၀ရုန်းသုန်းကားနိုင်လှပြီး အခန့်မသင့်ရင် တလိမ့်ခေါက်ကွေးကျသွားတတ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေကစပြောင်းလဲဖို့ လိုပါတယ်။ အပေါ်ပိုင်းပဲပြောင်းပြီး အောက်ပိုင်း အခြေခံက မပြောင်းဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီဖြစ်မလာနိုင်ဘူးလို့ ပြောလိုက်ချင်ပါတယ်။

Wednesday, November 23, 2011

မနှင်းဆီသို့ … ပေးစာ(Kamar Pale)

မနှင်းဆီသို့ … ပေးစာ
ဆူးတွေကိုမှ
သိပ်ပြီးမုန်းနေပါသတဲ့လား
မနှင်းဆီ …။

သင့်ရဲ့
အလှ
ဣနြေ္ဒ
ဘဝ
ဂုဏ်သိက္ခာ
ရှင်သန်ခြင်းမှာ
သင့်အတွက်
နှလုံးသား ခံကတုတ်ဟာ
ဆူးကလေးတွေ ဖြစ်ခဲ့တယ်။

ညောင်ရေ ပန်းအိုး
မဟူရာ ကေသာ
ပွဲတက်မင်္ဂလာ
သင့်ကိုယ်သင်
စိတ်ချယုံကြည်စေမှုကို
သင်မုန်းနေတဲ့ ဆူးကလေးတွေက
သူတို့သွေးနဲ့ ဆေးမင်ထိုးခဲ့တယ်။

ဆူးတွေကိုမှ
သိပ်ပြီးမုန်းနေပါသတဲ့လား
မနှင်းဆီ …။

ရှိစေတော့ …
ရှိပါစေတော့ မနှင်းဆီ
ကမ်းနှင့်လှေငယ်ဟာ
ဒီမျှသာပဲ
ဆုံစည်းခွင့်ဟာ ရှိခဲ့တယ်။

သတိတရားကလေးနဲ့
ရှေ့ဆက်သွားပါ … မနှင်းဆီ
ငယ်က
ထားခဲ့တဲ့
သံယောဇဉ် မေတ္တာတရားတွေက
ခုထိ
ရနံ့မပြယ်နိုင်အောင်
စွဲလို့မြဲလို့ နေဆဲပဲ။

မနှင်းဆီ
မင့်အတွက်
နောက်ဆုံး စေတနာစကားကို ဆိုပါမယ်
နေညိုချိန်
ရွှေအိုရောင် ခြယ်ရေးထားတဲ့
မိုးသားတိမ်ဆိုင်တွေနဲ့ အပြိုင်
ဆံမြိတ်မပြေခင်
အကြွေမစောစေဖို့ ။ ။

မနှင်းဆီ
ငယ်အိပ်မက်တွေကို
အပြီးတိုင် စွန့်လွှတ်လိုက်ပြီလား။
Ref:"8888peoplepower@yahoogroups.com"

Monday, November 21, 2011

ပညာရေးကွန်ယက် (၁) နှစ်ပြည့် ဈေးေ၇ာင်းပွဲတော်ရုပ်/သံ

Ref:http://www.facebook.com/burmavjmedia?sk=wall

ထိပ်တန်းကျသော အစိုးရ(Written by လူထုစိန်ဝင်း)

အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။ 

လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို
တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန်ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။

ဒီမိုကရေစီကြာတောမိုး
မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့်ပြောမှ ရိပ်မိတယ်ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူးဆိုတာထက် ဘာမှပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့နေရာမှာစိုပြီး ခြောက်ချင်တဲ့နေရာမှာ ခြောက်တဲ့ သဘောရှိတယ်ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမားဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
စာတွေအများကြီးရေးနေတော့ ဓာတ်မသိသူတွေကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခုလှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်းဆက်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ်ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ်ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို လူထုဆီကရတဲ့သတင်းတွေကို လူထုဆီပြန်ပို့ပေးရတယ်။ နည်းနည်းလေးဝါယမစိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့်မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံထိုက်တော့ပါဘူး။

စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ
သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ်ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ်ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေအတော်တော်များများမှာ ရေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြသူ တော်တော်များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်ကတစ်ဆင့် မေးတာတွေလည်းရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲမဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး။

ဖြည့်စွက်ချက်
စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေးချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သားအများစုကြီးရဲ့ကျောပေါ်မှာပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင်တစ်ယောက်ပါ။ တိုင်းသူပြည်သားများအနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန်အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်းထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေးယူသင့်တယ်လို့ သူက လက်ခံပါတယ်။

တချို့ကစောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်ဘူးလားလို့ စောဒကတက်ကြတယ်။ တက်ပါစေ။ ဒီလိုကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တဲ့အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး . . .

ခါးစည်းခံခဲ့ရ
တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမားများပြားလွန်းတဲ့ဒဏ် ကို တောရောမြို့ပါမကျန် နှစ်ငါးဆယ်လုံးလုံး ခါးစည်းခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန်မထူနိုင်အောင်ဖြစ်နေတာလို့ သူကဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာထိုင်ဖို့ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးကောက်လို့ မပြီးနိုင်တော့ဘူး။

ပြာတာတောင် ဆရာခေါ်ရ
ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်းရှင်းတမ်းလည်း ဘယ်တော့မှမမြင်ရဘူး။ တောက တောင်သူလယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ပြာတာကိုတောင် ကြောက်ပြီး ဆရာခေါ်နေကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာမဟုတ်ဘူး။ ထည့်လိုက်ကြရတာပဲ။ အမတော်ကြေးထုတ်ချေးတဲ့အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန်ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။

အမတော်ကြေးစနစ်ပြင်ဖို့လို
အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမားတွေရဲ့ အခက်အခဲ ပြေလည်သွားတာမဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ဘ၀ အမှန် တကယ်တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာအကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုးပေးကြရမှာဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ တရားမ၀င်ငွေကောက်ခံမှုမျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။

ထိပ်တန်းကျသော အစိုးရ
နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါလို့ ညွှန်းလိုက်တဲ့အတွက် ရှာပြီးဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။

"အစိုးရ"
''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"

Sunday, November 20, 2011

မန္တလေးမြို့ အိုးဘိုထောင်အတွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် ပရဟိတဘုန်းတော်ကြီးတစ်ပါးက ခေါ်ယူမွေးစား

မန္တလေးမြို့ အိုးဘိုထောင်အ တွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင်စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်း ဆရာတော်က နိုဝင်ဘာလ ၁၇ ရက်နေ့က ခေါ်ယူမွေးစားခဲ့ကြောင်း သတင်းရရှိသည်။

''ကလေးအမေက ကိုယ်ဝန်ကြီးနဲ့ ထောင်ထဲကို ရောက်လာတယ်။ မွေးဖွားခါနီးမှာ ထောင်ဆေးရုံကတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံကို ပို့ပေးခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တယ်လို့ သိရတယ်။ ကလေးက ထောင်ထဲမှာ ၇ နှစ် လောက်နေ ခဲ့ရတယ်။အခုမွေးစားတဲ့ သူပေါ်လာတယ်။ အခုလို မွေးစားတဲ့သူပေါ်လာတဲ့အတွက် ကလေးရဲ့ ရှေ့ရေးအတွက် ကောင်းသွားတာပေါ့'' ဟု ကလေးမိခင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကလေးငယ်၏ မိခင် ကျန်းမာရေးမကောင်းသဖြင့် ပြင်ပတွင် ဆေးကုသမှုခံယူစဉ် နီးစပ်သူများက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင် စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်းသို့ ဆက် သွယ်ပေးခဲ့ကြောင်း သိရသည်။

''ကလေးရဲ့ မိခင်ကျန်းမာရေး မကောင်းလို့ ဗဟိုအမျိုးသမီးဆေးရုံမှာ အမျိုးသမီးရောဂါနဲ့ ဆေးလာကုတော့ ကလေးကပါလာတယ်။ နီးစပ်သူတွေက ဘုန်းဘုန်းနဲ့ လှမ်းဆက်သွယ်တယ်။ ဒါနဲ့ကလေးကို မွေးစားဖြစ်သွား တယ်။ ကလေးပုံစံလေးက ချစ်စရာလေးပါ။သူ့မှာအပြစ်မရှိဘဲနဲ့ ထောင်ထဲမှာ နေနေရတာ မကောင်းပါဘူး''ဟု အာရှအလင်းရောင် ဆရာတော်ဘဒ္ဒန္တစိန္တိတက မိန့်ကြားသည်။

အိုးဘိုအကျဉ်းထောင်အတွင်း ၇ နှစ်ကြာ နေထိုင်ခဲ့သော ကလေး၏ အမည်မှာ မသွန်းဝသန်ဖြိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က မွေးဖွားခဲ့ကြောင်း၊ လက်ရှိတွင် အသက် ၇နှစ် ၃ လရှိပြီဖြစ်ကြောင်း၊ မိခင်ဖြစ်သူမှာ ထောင်ဒဏ် ၂၆ နှစ် ကျခဲ့နေရသော အကျဉ်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/

Friday, November 18, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကြေညာချက်အရ သိရသည်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
အဆိုပါဆုံးဖြတ်ချက်မကြေညာမီတွင် "ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက် ၂ ရပ်မှာ
(၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်
(၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဟူ၍ ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး တက်ရောက်လာသူတစ်ဦးကို တွေ့ရစဉ်
ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် သတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအားတွေ့ရစဉ်
Ref: http://www.news-eleven.com/

Monday, November 14, 2011

၁၄-၁၁-၂၀၁၁ မွန်းလွဲ ၁း၀၀ နာရီတွင် N.L.D. ရုံးတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်/သံ

------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (၁၄ နိုဝင်ဘာလ ၂၀၁၁)

Saturday, November 12, 2011

မစုစုနွေး၏ပြည်မြို့ခရီးစဉ်ရုပ်/သံ

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးဟာ သူ့ရဲ့ပထမဆုံးနယ်ခရီးစဉ်အဖြစ် ပြည်မြို့ကို သွားရောက်ခဲ့ပြီး အနီးနား မြို့နယ်နဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးရဲ့နေအိမ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အဓမ္မလယ်မြေသိမ်းခံရတာမှုတွေ ဘဏ်စုငွေပြန်မရတာတွေအပါအ၀င် အခြားအထွေထွေပြသနာတွေနဲ့ပက်သက်လို့ တောင်သူလယ်သမားတွေဘက်ကတင်ပြဆွေးေ​နွးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မကွေးတိုင်းအတွင်း စစ်စရန် ၊ ၀ဲကြီး ၊ ထောက်မ ၊ ကံမစတဲ့ကျေးရွာတွေနဲ့ ပဲခူးတိုင်းဒေသကြီးက ပန်းတောင် ၊ တလုတ်ပင် ၊ ဥသျှစ်ပင် ၊ သူရဲတန်း ၊ သီးကုန်း ၊ စတဲ့မြို့ရွာတွေက တောင်သူလယ်သမား ၁၀၀ ကျော်လောက်တက်ရောက်ဆွေးနွေးခြဲ့​ကတယ်လို့လည်းသိရပါတယ်။

တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာတော့ မစုစုနွေးဟာ သွေးနှင့်ခလေးကူညီရေးအဖွဲ့ရဲ့ 7 days ဆိုင်းဘုဒ်တင်ပွဲကိုသွားရောက်ခဲ့​ပါတယ်။

အဲဒီနောက် ပြည်မြို့ အန်အယ်ဒီရုံးချုပ်မှာ ဒေါက်တာဦးခင်မောင်ဝင်းကိုလည်းသွားရောက် တွေ့ဆုံခဲ့သလို ပြည်မြို့ ရွှေစံတော်ဘုရားကိုလည်းသွားရောက်​ဖူးမြော်ခဲ့ပါတယ်။

မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၂ ခွဲ ချခံခဲ့ရတာဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူ့ရဲ့ အနစ်နာခံလှုပ်ရှားခဲ့မှုတွေကြော​င့် ကနေဒါနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့က ပေးအပ်ချီးမြင့်တဲ့ လွတ်မြောက်ရေးဆု ၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်တဲ့ လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ဆု အပါအ၀င် အီတလီနိုင်ငံ Agrate မြို့က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သားဆု တွေကို ရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။
Ref:http://www.facebook.com/burmavjmedia?sk=wall

Friday, November 11, 2011

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင်ကျင်းပ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သ၀ဏ်လွှာ ပေးပို့

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းကို ဦးဇာဂနာ၊ လှုမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ သတင်းမီဒီယာများကိုယ်စား ပြည်သူ့ခေတ်ဂျာနယ်၏ အယ် ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေးမှူး ဦးကျော်သူ၊ တိုင်းရင်းသားများကိုယ်စား ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုယ်စား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေးသမားများကိုယ်စား Generation Wave မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမှ ကိုအောင်ထွန်း၊ လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။ 
ထို့နောက် ဦးဇာဂနာက "ကျွန်တော် တကယ် အမှန်ပြောရရင်တော့ ဆုမတောင်းတော့ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ရင်ထဲမှာမတူညီတဲ့ဆန္ဒတွေ အားလုံးရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ဆန္ဒတွေ အားလုံး ဒီကနေ့ကစပြီး ပြည့်ကြပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ် ခင်ဗျာ" ဟု ပြောကြားခဲ့သည်။
ထို့နောက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ကဗျာအား အဆိုပါပုဂ္ဂိုလ် ၁၁ ဦးက ရွတ်ဆိုခဲ့ကြသည်။ 
 ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖတ်ကြားခဲ့ရာ ယင်းသ၀ဏ်လွှာ အပြည့်အစုံမှာ "အရာခပ်သိမ်းသည် အမြဲ မပြတ် ပြောင်းလဲနေသည်။ ကာလဒေသအခြေအနေနှင့် လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ရေးသည် မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း သက်ဝင်လှုပ်ရှားရန် လိုသည်။ ထိုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပြုလုပ်နေမှသာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လိုအပ်မည့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုရမည်ဖြစ်ပါသည်။" ဟူ၍ဖြစ်သည်။

အခမ်းအနားတွင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှတ်တရစကားပြောကြားခဲ့သည်။ ယင်းအပြင် ကိုမင်းကိုနိုင်၏ မိခင်ဒေါ်လှကြည်ကလည်း အမှတ်တရစကားပြောကြားခဲ့သည်။
ထို့နောက် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဂုဏ်ပြုရန် မတက်ရောက်နိုင်သေးသည့်သူများ၊ ဂုဏ်ပြုခံနိုင်သည့်နေရာတွင် မရှိသည့်သူများ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူများ အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် စားပွဲနံပါတ် ၁၁ ကို နေရာ လွတ်အဖြစ် ထားရှိပြီး ၎င်းတို့ ကိုယ်စား ဂုဏ်ပြုစီစဉ်ထားရှိခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများ၏ မိသားစုဝင်များက အဆိုပါစားပွဲဝိုင်းတွင် ဆုတောင်းခဲ့ကြသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ ကျင်းပခဲ့သည့် ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊ ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 
Ref:http://www.news-eleven.com/

အသံတွေကြားနေရတယ်

အသံတွေကြားနေရတယ်

ထိုင်ဆိုထိုင် လျှောက်ဆိုလျှောက်
ပြောဆိုပြော ရေးဆိုရေး
မြင်ဆိုမြင် ကြားဆိုကြား
ဝင်ဆိုဝင် ထွက်ဆိုထွက်နေရတဲ့ခေတ်ကြီးထဲ၊

အသံတွေကိုကြားနေရတယ်
ပျော့ပြောင်းနေပါပြီ(မာနေတာတွေ၊မပြောင်းတာတွေကိုမစဉ်းစားဘူး)
ခဏခဏတွေ့ နေတာပဲ(စောင်းကြိုးတွေကုန်တာထည့်မပြောဘူး)
အရှေ့ အနောက်ကလူတွေလာနေပြီ(ခရီးစရိတ်တွေသာကုန်ပြီးပြန်တာမသိဘူး)
လွှတ်နေပါပြီ လွှတ်အုံးမှာပါ(ဆင်ကြီးကိုခွေးမျှော်သလို)
ဥပဒေတွေပြင်နေပါပြီ(ဟိုကလေလည်လိုက်တာကိုအမြီးလေးတနှန့် နှန့် )၊

အသံတွေကိုကြားနေရတယ်
တရားဝင်မှတ်ပုံတင်ပါ(တရားဝင်ဖြစ်နေတာနားမလည်ဘူး)
လွှတ်တော်ထဲဝင်ပါ(မိအေးနှစ်ခါနာရအောင်၊လွှတ်တော်ပြင်ပရဲ့ တန်ဘိုးကိုနားမလည်ဘူး)
၂၀၀၈ကိုလေးစားပါ(စစ်ဖိနပ်အောက်တိုးဝင်နေမှန်းမသိဘူး)
အသံတွေကြားနေရလား
ကြားရင်အကြောင်းမပြန်နဲ့ ။

မြတ်သစ်(dawn)

Wednesday, November 9, 2011

Monday, November 7, 2011

Bangkokpost-Morning Focus:Mon November 07th, 2011

Ref:Bangkokpost

Friday, November 4, 2011