Sunday, November 20, 2011

မန္တလေးမြို့ အိုးဘိုထောင်အတွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် ပရဟိတဘုန်းတော်ကြီးတစ်ပါးက ခေါ်ယူမွေးစား

မန္တလေးမြို့ အိုးဘိုထောင်အ တွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင်စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်း ဆရာတော်က နိုဝင်ဘာလ ၁၇ ရက်နေ့က ခေါ်ယူမွေးစားခဲ့ကြောင်း သတင်းရရှိသည်။

''ကလေးအမေက ကိုယ်ဝန်ကြီးနဲ့ ထောင်ထဲကို ရောက်လာတယ်။ မွေးဖွားခါနီးမှာ ထောင်ဆေးရုံကတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံကို ပို့ပေးခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တယ်လို့ သိရတယ်။ ကလေးက ထောင်ထဲမှာ ၇ နှစ် လောက်နေ ခဲ့ရတယ်။အခုမွေးစားတဲ့ သူပေါ်လာတယ်။ အခုလို မွေးစားတဲ့သူပေါ်လာတဲ့အတွက် ကလေးရဲ့ ရှေ့ရေးအတွက် ကောင်းသွားတာပေါ့'' ဟု ကလေးမိခင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကလေးငယ်၏ မိခင် ကျန်းမာရေးမကောင်းသဖြင့် ပြင်ပတွင် ဆေးကုသမှုခံယူစဉ် နီးစပ်သူများက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင် စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်းသို့ ဆက် သွယ်ပေးခဲ့ကြောင်း သိရသည်။

''ကလေးရဲ့ မိခင်ကျန်းမာရေး မကောင်းလို့ ဗဟိုအမျိုးသမီးဆေးရုံမှာ အမျိုးသမီးရောဂါနဲ့ ဆေးလာကုတော့ ကလေးကပါလာတယ်။ နီးစပ်သူတွေက ဘုန်းဘုန်းနဲ့ လှမ်းဆက်သွယ်တယ်။ ဒါနဲ့ကလေးကို မွေးစားဖြစ်သွား တယ်။ ကလေးပုံစံလေးက ချစ်စရာလေးပါ။သူ့မှာအပြစ်မရှိဘဲနဲ့ ထောင်ထဲမှာ နေနေရတာ မကောင်းပါဘူး''ဟု အာရှအလင်းရောင် ဆရာတော်ဘဒ္ဒန္တစိန္တိတက မိန့်ကြားသည်။

အိုးဘိုအကျဉ်းထောင်အတွင်း ၇ နှစ်ကြာ နေထိုင်ခဲ့သော ကလေး၏ အမည်မှာ မသွန်းဝသန်ဖြိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က မွေးဖွားခဲ့ကြောင်း၊ လက်ရှိတွင် အသက် ၇နှစ် ၃ လရှိပြီဖြစ်ကြောင်း၊ မိခင်ဖြစ်သူမှာ ထောင်ဒဏ် ၂၆ နှစ် ကျခဲ့နေရသော အကျဉ်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/