Sunday, October 30, 2011

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတုထ္ထအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်သူများကိစ္စနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရ

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ စတုထ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၁နာရီ ၅၅မိနစ် အချိန်အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုအပြီး၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ကာ သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ပါသည်။

''ယခင် ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေးလည် ပတ်သုံးစွဲခွင့်ရရှိရေးတို့၏ အရေးကြီးမှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်း သာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်'' ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိခဲ့ပါသည်။

ထို့နောက် သတင်းထောက်များအား မေးခွန်းသုံးခု မေးမြန်းခွင့်ပြုခဲ့ပြီး ပထမဆုံးမေးခွန်းကို ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက မေးမြန်းခဲ့ပါသည်။ ''လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာပြောရရင် နိုင်ငံရေး အကျဉ်းသားအချို့ လွှတ်ပေးတာ၊ the labour union ဖွဲ့ခွင့်ပေးတာ၊ ဆန္ဒပြခွင့်ပေးတယ်။ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီအရာတွေက NLD ပါတီပြန် မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များဖြစ်ပါပြီလား'' ဟု ဦး အောင်လှထွန်းက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။

"NLDပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာ တည်ပါတယ်။ အဲတော့ ဒီဥပဒေ အတည်ပြုပြီးတော့ ထွက်လာတဲ့အထိ ကျွန်မတို့စောင့်ပြီးမှ ပြောနိုင်မယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေက ထွက်လာပြီ ဆိုလို့ရှိရင် အစည်းအဝေးခေါ်ရမှာပေါ့။ ဒါကျွန်မ တို့ရဲ့ ပါတီစည်းမျဉ်းစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်'' ဟု ဒေါ် အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။

''ကျွန်တော်သိထားတာကတော့ ဥပဒေပါ အကြောင်းအရင်းရဲ့ အဓိက အချက်သုံးချက်ကတော့ သိထားပြီးပါပြီ။ NLD က ဥပဒေပညာရှင်အချို့လည်း သိထားပြီးထင်ပါတယ်''ဟု ဦးအောင်လှထွန်းက ဆက်လက် မေးမြန်း ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဟုတ်တယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို မသိရသေးလို့၊ ကျွန်မတို့ မမြင်ရသေးလို့ မပြောသေးတာပါ'' ဟု ပြောကြားခဲ့ပါသည်။

အဆာဟိရှင်ဘွန်း သတင်းစာမှ ဦးတင်မောင်ဝင်းက '' ၀န်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာလည်း လေးကြိမ်ရှိတာ သိရပါတယ်။ အဲတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲတော့ ဘယ်နေ ရာတွေမှာ ဘယ်လိုတွေပေါ့နော်၊ နည်းနည်းအသေးစိတ် သိလိုရမယ်ဆိုရင်လည်း သိချင်တာလေးတွေရှိပါတယ်''ဟု မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းကို ဦးအောင်ကြည်က ''ကျွန်တော်တို့ သြဂုတ် ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းစဉ်မှာပါမက၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ကျွန်တော်တို့သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥစ္စာဟာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကိုကျော်စွာမင်း မေးမြန်းခဲ့သော''အခု ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ NLD ပါတီ မှတ်ပုံတင်ဖို့ ကိစ္စရပ်ရယ်၊နောက်တစ်ခါနိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးရေးကိစ္စရပ်ရယ်၊ နောက်တစ်ခါ အန်တီစုအနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံဖို့ကိစ္စရပ်တွေကိုရော ဆွေးနွေးခဲ့တာရှိပါသလား''မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။

''ကျွန်မတို့ ဒီကိစ္စကို အားလုံး ဆွေးနွေးပါတယ်။ အမြဲပဲ တွေ့တိုင်းလည်း ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဘာလို့လဲဆိုရင် ဒါဟာကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ ဆက်နွှယ်နေတဲ့ကိစ္စမို့ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါသည်။ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် အစီအစဉ်ရှိမရှိ ဟူသော ဦးအောင်လှထွန်း၏ မေးခွန်းကို ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့ပါသည်။

''ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်လှမ်းပြီးတစ်လှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒါအားလုံးလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့က စုံလည်းမခုန်ဘူး။ ရပ်လည်း မနေပါဘူး'' ဟု ဦးအောင်ကြည်က ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်

အစိုးရသစ် လက်ထက်တွေ့ဆုံမှု
၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်

အစိုးရသစ် လက်ထက်တွေ့ဆုံမှု
၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်

Friday, October 28, 2011

Thursday, October 27, 2011

Ma Ha Nwe ..Win KO Khine (Rakhine song)


 ရခိုင်ပြည်နယ်ရှိ ဓည၀တီခေတ်နန်းတော်မြို့ရိုး ရှေးဟောင်းနယ်မြေအား ထိန်းသိမ်းတူးဖော်ခြင်းများ ပြုလုပ်သွားမည်
ဓည၀တီမြို့ဟောင်းအား လေ့လာနေသူတစ်ဦး
သမိုင်းဝင် နယ်မြေများအား ထိန်းသိမ်းခြင်း နည်းပါးခဲ့မှုကြောင့် ပျက်စီးပျောက်ကွယ် မသွားစေရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဓည၀တီခေတ်နန်းတော်မြို့ရိုးများအား ထင်ရှားစွာတွေ့မြင်နိုင်သော အနေအထားတွင် ရှိနေသည့်အတွက် ထိန်းသိမ်းတူးဖော်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တူးဖော်သုတေသနပြုလုပ်ခြင်းများကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်၍ စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းသို့ ထိန်းသိမ်းရာတွင်လည်း ဥပဒေ၊ နည်း ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် သတိပေးတားမြစ်ချက်များလည်း ရှိနေကြောင်း၊ မူလပုံသဏ္ဌာန် လက်ရာမပျက်စေရေးကိုဂရုပြုကာ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အနုလက်ရာများဖြစ်သော နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းတော့၊ ကျောက်ပန်းတမော့၊ စဥ့်ချပ်များ၊ သစ်သားပန်းပုလက်ရာများ အစရှိသည်တို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျ ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ဘီစီ ၃၃၂၅ အချိန်ကာလမာရ ယုမင်းလက်ထက်တွင် ဓည၀တီခေတ်ကို လည်းကောင်း၊ ဘီစီ ၁၅၀၇ တွင် ကံရာဇာကြီးမင်းသည် ဒုတိယဓည၀တီ ခေတ်ကိုလည်းကောင်း၊ဘီစီ ၅၈၀ တွင် စန္ဒသူရိယမင်းသည် တတိယ ဓည၀တီခေတ်ကိုလည်းကောင်း တည် ထောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တွေ့ရှိချက်များအရ တတိယဓည၀တီ မြို့ဟောင်းသည် ကျောက်တော်မြို့၊ မဟာမြတ်မုနိဘုရားကြီးအား ဗဟိုပြုကာ ကျုံးများ၊ မြို့ရိုးများအား တွေ့ရှိထားပြီးဖြစ်ကြောင်း၊ ယင်းအတွက် ဓည၀တီမြို့ဟောင်း တူးဖော် သုတေသနပြုလုပ်ခြင်းကို ၂၀၀၄ ဖေဖော်ဝါရီလကုန်အထိ နောက်ဆုံးပြုလုပ်ခဲ့ကြောင်း ထိုသို့ပြုလုပ်ရာတွင် နန်းမြို့ရိုးဝင်ပေါက်၊ နန်းတော်ရာ အပါအ၀င် တူးဖော်မှုကုန်း(၄)ကုန်း၊ အပြင် မြို့ရိုးနှင့် အတွင်းမြို့ရိုးနေရာများ၊ မြို့ထောင့်များ၊အတွင်းနန်းတော် မာရဘင်အုတ်ရိုးတန်းနေရာများ အပါအ၀င် စမ်းသပ်တူးဖော်မှု ၁၃ ခုကို တူးဖော်ခဲ့ရာ အုတ်ဖြင့်တည်ဆောက် ထားသော မြို့ရိုးသုံးထပ်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရှိရပါသည်။

ထို့ကြောင့် ဆက်လက်လုပ်ဆောင်စရာများအား ဆောင်ရွက်ကာ ထိန်းသိန်းစောင့်ရှောက်ထားခဲ့မှုများရှိသည့်တိုင် ယဉ်ကျေးမှုအမွေအနှစ် ဒေသ ၃၇ နေရာအတွင်း ထည့်သွင်းထားခြင်း မရှိသေးသော်လည်း မကြာမီ သတ်မှတ်ထိန်းသိမ်းသွားရန်ရှိကြောင်းလည်း သိရသည်။ သို့သော်လည်း နိုင်ငံတော်က ကာကွယ်ထိန်းသိမ်းသည့်အဆင့် သုံးဆင့်တွင် သင့်တော်သောအဆင့်၌ထားကာ ကာကွယ်ထိန်းသိမ်းခြင်းများ ပြုလုပ်သွားမည် သာဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထို ဓည၀တီမြို့ဟောင်းအပြင် ဝေသာလီမြို့ဟောင်းနှင့် အခြားသော ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်သည့် ရှေးဟောင်းနယ်မြေများကိုလည်း ယဉ်ကျေးမှုအမွေအနှစ် ဒေသများအဖြစ် အဆင့်များသတ်မှတ်ကာ ကာကွယ်ထိန်းသိမ်းသွားရန်ရှိကြောင်းလည်း သိ ရှိရပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့သည်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းထားခြင်းခံရသော ဒေသ တစ်ခုဖြစ်ရာ ရှေးဟောင်းနယ်မြေများ၏ အရေးပါမှုကို လေ့လာသူများလည်း ရှိကြောင်းနှင့် ထိန်းသိမ်းထားခြင်းသည် အရေးပါကြောင်းလည်း သိရှိရပါသည်။

ရခိုင်ပြည်နယ်အတွင်း ခေတ်ကြီးလေးခေတ် ထွန်းကားခဲ့သဖြင့် ယင်းခေတ်လေးခေတ်တို့၏ အမွေအနှစ်များကို လေ့လာရှာဖွေလျှက် ရှိနေသေးကြောင်း၊အချို့မှာ တိမ်မြုပ်ပျောက်ကွယ်နေသေးသော်လည်း အချို့ကို တွေ့ရှိခဲ့သည်များလည်း ရှိခဲ့ကြောင်း သမိုင်းသုတေသီ အသိုင်းအ၀ိုင်းမှ ပြောဆိုကြပါသည်။ လက်ရှိအနေအထားတွင် မြောက်ဦးမြို့နယ်အတွင်း၌ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ ပျောက်ဆုံးခြင်းများကို တွေ့ရှိ လာရကြောင်း၊ ယခင်ကလည်း လူမသိသူမသိ ပျောက်ဆုံးမှုများလည်း ရှိခဲ့နိုင်ဖွယ်ရှိကြောင်းနှင့် ရှေးဟောင်း အမွေအနှစ်များအား ရှိရင်းစွဲဒေသမှ တရားမ၀င်သယ်ဆောင်ခြင်းကို သတိပြုရန်လိုအပ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/

Bangkokpost-Morning Focus: Flood Relief Operations Center situation

Ref:BANGKOKPOST

Wednesday, October 26, 2011

အထူးအဆန်း မိန်းကလေးသစ်ပင်

သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ
ဝိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

Tuesday, October 25, 2011

Sunday, October 23, 2011

Ariel shots of the flooding situation in Pathum Thani and Northern Bangkok on Saturday October 22.

Ref:http://www.bangkokpost.com/

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကလေးသူငယ်များ ပျောက်ဆုံးခြင်း၊ ကလေးအလောင်းများ တွေ့ရှိနေရခြင်းဆိုသည့် သတင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သက်ဆိုင်သူများက အကြောင်းရင်းများအား ထုတ်ဖော်ပြောကြား

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတစ်ခု၏ ကျောင်းဆင်းချိန် မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးသူငယ်များ ပျောက်ဆုံးနေခြင်း၊ ကလေးသူငယ်များ၏ အလောင်းများကို တွေ့ရှိနေရခြင်း ဆိုသည့် သတင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သက်ဆိုင်သူများက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထွက်ပေါ်နေသည့် သတင်းအများစုမှာ ကောလဟာလသာ ဖြစ်နေပြီး ပျောက်ဆုံးမှု အချို့မှာမူ ရပ်ကွက်အချို့တွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း မိဘ အချို့ထံမှ သိရှိရသည်။

ထွက်ရှိနေသော သတင်းများကြောင့် မြို့နယ်အများစုရှိ မြို့နယ် ပညာရေးမှူးများက ကျောင်းအုပ်ကြီး များအား အစည်းအဝေး ပြုလုပ်၍ သတိပြုရမည့် အကြောင်းအရာများ ရှင်းလင်းမှု၊ ကျောင်းမှကလေးများ ပျောက်ခဲ့ပါက အကြောင်းကြား ရမည့်ဖုန်းနံပါတ်များ ပေးထားမှုတို့ ပြုလုပ်ခဲ့သည်။


အောက်တိုဘာလ ၁၅ ရက်တုန်းက သုဝဏ္ဏ(က)ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်မှာ ကလေးအလောင်းတွေ ရင်ခွဲထားပြီး တွေ့ရတယ်လို့ သတင်းတွေကြောင့် သတင်းထွက်နေတဲ့ အဲဒီနေရာတွေကို သွားစုံစမ်း ခဲ့တယ်။ ပြီးတော့ စံပြဆေးရုံကြီးမှာ ကလေးအလောင်းတွေ ရောက်ရှိ လာခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့တယ်။ တာဝန်ကျဆရာဝန်တွေ မှုခင်းရဲ တာဝန်ရှိသူတွေလည်း မေးမြန်းခဲ့တယ်။ ထွက်ရှိခဲ့တဲ့ သတင်းကတော့ လုံးဝမမှန်ပါဘူး . . .

အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တောင်ဥက္က လာပမြို့နယ်မှ ကျောင်းအုပ်ကြီး ဒေါ်ယဉ်ကြည်ဌေးက “ကျောင်းအနေနဲ့ ခွင့်မတိုင်ဘဲ ပျက်တဲ့ကျောင်းသား၊ ကျောင်းသူတွေရှိခဲ့ရင် သူတို့အိမ်တွေ ကို ချက်ချင်းလိုက်မယ်၊ စုံစမ်းမယ်။ အတန်းပိုင်ဆရာမ အားလုံးကလည်း နေ့စဉ် ကျောင်းသားတွေရဲ့ကျောင်းဆင်း၊ ကျောင်းတက် အချိန်ဇယားကို တိတိကျကျ လုပ်ရမယ်လို့ မှာကြား ထားပါတယ်။ မိဘ၊ ဆရာ ကျောင်းသားတွေကို အဆက်မပြတ်အောင် ဆက်သွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းမှ ရှစ်တန်းကျောင်းသား မောင်ချစ်ဖူးစံ မှာ အဆိုပါနေ့က ကျောင်းတက်ရန် ဒဂုံမြို့သစ်အရှေ့ပိုင်း နေအိမ်မှထွက် ခဲ့သည့်လမ်း၌ အမည်မသိ လူနှစ်ဦး က ခေါ်ယူသွားသည့် ဖြစ်စဉ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

မောင်ချစ်ဖူးစံ၏ မိခင်ဖြစ်သူ မအေးအေးခိုင်က “ကလေးကတစ်ခါ မှကျောင်းမပျက်ဖူးဘူး။ အဲဒီနေ့က ကျောင်းတက်ဖို့ အိမ်ကနေ မနက် ၆ နာရီကျော်လောက်က ထွက်သွားတယ်။ ကျောင်းဆင်းချိန် မွန်းလွှဲ ၁၂ နာရီကျော်ရောက်တော့ ကလေးက အိမ်မရောက်သေးဘူး။ ကျောင်းကို သွားစုံစမ်းတော့ ဆရာမက ကလေး ဒီနေ့ ကျောင်းမတက်ဘူးလို့ ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာ ကလေးပျောက်တဲ့ အသံတွေကြားနေတယ် ဆိုတော့ အရမ်းစိတ်ပူသွားတယ်။ သွားတတ်မယ်ထင်တဲ့ နေရာတွေ လိုက်ရှာတယ်။ မတွေ့တာနဲ့ ရပ်ကွက်ရုံး က တာဝန်ရှိသူတွေကို သွားပြီး ပြောခဲ့တယ်။ ကလေးက ည ၇ နာရီ ကျော်မှာ အိမ်ပြန်ရောက်လာခဲ့ပါ တယ်။ ကျွန်မကို သူတွေ့တွေ့ချင်း ဖက်ပြီးငိုတယ်။ ကလေးက မူးဝေ နေတယ်။ ဗိုက်အရမ်းဆာတယ် ဆိုပြီး ထမင်းစားတယ်။ ရေအရမ်း သောက်ပါတယ်။ နောက်နှစ်ရက် အထိတော့ အရင်ကလို မသွက်လက်တော့ဘူး၊ တမှိုင်မှိုင်တတွေတွေနဲ့ပဲ နေပါတယ်” ဟု ပြောကြားခဲ့သည်။

မောင်ချစ်ဖူးစံကလည်း “ကျွန်တော်က ကျောင်းသွားတဲ့အခါမှာ အရှေ့တည့်တည့်ကိုအဖြူရောင်ကား တစ်စီးကဆိုက်ပြီးတော့ အသားမည်းမည်း မုတ်ဆိပ်မွှေးတွေနဲ့ လူနှစ်ယောက် ဆင်းလာပြီးတော့ ကျွန်တော့်ကို သူတို့ က မင်းအမေမူးလဲနေတယ် ဆိုပြီးတော့ လက်နဲ့ပုတ်ပါတယ်။ ပြီးတော့ ကားပေါ်ကိုခေါ်တင်ပါတယ်။ သိပ်မကြာတဲ့ အချိန်မှာကျွန်တော်ကို သူတို့တွေက မျက်နှာကို အ၀တ်စနဲ့အုပ်ပါ တယ်။ ပြီးတော့ ကျွန်တော် သတိ လုံးဝမရတော့ဘူး။ သတိရတဲ့အချိန် မှာ ကျွန်တော်က ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရဘူး ဖြစ်နေတယ်။ လက်နှစ်ဖက်ကိုလည်း နောက်ပြန်ပြီးတော့ တခုခုနဲ့တုပ်ထားသလို ခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကားနာက်ဖုံးအခန်းထဲမှာ ရောက်နေတယ်။ ကားနောက်ဖုံးကို ခြေထောက် နဲ့ ကန်ပါတယ်။ အဲဒီတော့ လူကြီး တစ်ယောက်က ဖွင့်ပေးပါတယ်။ ပြီးတော့ ကျွန်တော်ဖြစ်စဉ်ကို မေးပြီးတော့ ရဲစခန်းကို သွားတိုင်မယ် ဆိုပြီးတော့ ခေါ်သွားတယ်။ ပြီးတော့သူက အဲဒီကားကို သွားကြည့်မယ်ဆိုပြီးတော့ ပြန်လှည့်ပြီး သွားကြည့်ခဲ့တယ်။ ကားကိုတော့ မတွေ့တော့ဘူး။ သူက ကျွန်တော် ဘယ်နာနေလည်း မေးပြီးတော့ လမ်းကြားတွေထဲက ခေါ်သွားတယ်။ ပိုက်ဆံနှစ်ရာပေးပြီးတော့ စစ်ကျန်ဘတ်စ် ၆၁ အနီ ကားပေါ် ကိုတင်ပေးပါတယ်။ ကျွန်တော်ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ မီးတွေလင်းနေတဲ့ သုဝဏ္ဏ ဘောလုံးကွင်းကိုပဲ တွေ့ခဲ့ပါတယ်။ ကျွန်တော်ကတော့ အရမ်းကိုကြောက်ခဲ့ပါတယ်” ဟု ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ် များနဲ့ ပတ်သက်ပြီး ပြောပြခဲ့သည်။

အလားတူ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် မသီသီစိုး(ခ)မဂျမ်း အသက် ၂၂ နှစ် ပျောက်ဆုံးနေသည်မှာ လေးလခန့် ကြာနေမှုနှင့် ပတ်သက်၍ အဘွား ဒေါ်အေးက “မြေးက ရန်ကုန်ရောက်တာ ၁၅ ရက်လောက်ပဲ ရှိသေးတယ်။ အဘွားက ကွမ်းခြံကုန်းကို သွားပြီး ပြန်လာတော့ မြေးလေး အိမ်မှာမရှိတော့ဘူး။ သူနဲ့အတူထားတဲ့ သမီးကိုမေးတော့ အိမ်က ထွက် သွားတဲ့ ညနေပိုင်းက Excel Tower ကို မပြောဘဲနဲ့သွားလို့ ဆူလိုက်တယ် ပြောတယ်။ အဲဒီကတည်းက ပြန်မရောက်တာ လေးလလောက်ရှိ သွားပြီ။ ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်”ဟုပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အသက် ၁၂ နှစ် မှ အသက် ၃၀ အတွင်းရှိသူ အချို့ ပျောက်ဆုံး နေမှုကြောင့် သက်ဆိုင်ရာ ရဲစခန်းများတွင် လာရောက်အကြောင်းကြားခြင်း၊ အမှုဖွင့်ခြင်း ကိစ္စရပ်များ ရှိနေပြီး ယင်းသို့ လူပျောက်တိုင်ချက် အများစုမှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ နေအိမ်ပေါ်မှဆင်း၍ ယောက်ျား နောက်လိုက်သွားခြင်း၊ အိမ်ဖော်များက အိမ်ရှင်များ မသိသည့်အချိန် တွင် မူလအိမ်မှပြေးပြီး အခြားအိမ်၌ အလုပ် သွားလုပ်နေခြင်း စသည့် အကြောင်းအရာအများစုဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက “ကျွန်တော်တို့ မြို့နယ်တွေမှာတော့ လူပျောက်တဲ့ ဖြစ်စဉ်အများစုကတော့ သမီးရည်းစား အချင်းချင်းခိုးရာလိုက်တဲ့ ကိစ္စတွေ၊ အိမ်ဖော်က အိမ်ရှင်ဆီကနေ လခတွေကို ကြိုယူထားပြီးတော့ အိမ်ရှင် မသိအောင် အိမ်ကနေ ပြေးပြီးတော့ တခြားအိမ်မှာ အိမ်ဖော်အဖြစ်သွား လုပ်နေတဲ့ လူတွေဖြစ်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ မြို့နယ်အချို့တွင် လူပျောက်မှု ဖြစ်စဉ်မှန်များ ဖြစ်ပေါ် နေခြင်းနှင့်အတူ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ တာမွေ စသည့် မြို့နယ်များတွင် ကလေးသူငယ်များ ပျောက်ဆုံး သတင်းများ၊ သေဆုံး နေသည့် ကလေးအလောင်းများ တွေ့ရသည်ဟု သတင်းအမျိုးမျိုး ထွက် ပေါ်နေသော်လည်း ကောလာဟလ များသာဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကံသိန်းက “အောက်တိုဘာလ ၁၅ ရက်တုန်းက သုဝဏ္ဏ (က)ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်မှာ ကလေးအလောင်းတွေ ရင်ခွဲထားပြီး တွေ့ရတယ်လို့ သတင်းတွေကြောင့် သတင်းထွက်နေတဲ့ အဲဒီနေရာတွေကို သွားစုံစမ်းခဲ့တယ်။ ပြီးတော့ စံပြ ဆေးရုံကြီးမှာ ကလေးအလောင်းတွေ ရောက်ရှိလာခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ တယ်။ တာဝန်ကျဆရာဝန်တွေ မှုခင်း ရဲတာဝန်ရှိသူတွေလည်း မေးမြန်းခဲ့တယ်။ ထွက်ရှိခဲ့တဲ့သ တင်းကတော့ လုံးဝမမှန်ပါဘူး”ဟု ရှင်းပြခဲ့သည်။

သာကေတမြို့နယ် ရဲတပ်ဖွဲမှုး ဒုရဲမှူးတင့်နိုင်က “ကလေးတွေပျောက် တယ်၊ အလောင်းတွေကိုတွေ့တယ် သတင်းတွေကြားလို့ စုံစမ်းတော့ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

အလားတူ ဒေါပုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်ဝင်းညွန့်ကလည်း “ပြီးခဲ့တဲ့ ရက်တုန်းကလည်း မဟာဗန္ဓုလ တံတားအဆင်းမှာ ကလေး တစ်ယောက်ရင်ခွဲခံရပြီးတော့ သေနေတဲ့ သတင်းထွက်ခဲ့သေးတယ်။ သွားစုံစမ်းတဲ့အခါမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးမောင်မောင်ဦးက “ မြို့နယ် အတွင်းမှာလည်း သေနေတဲ့ ကလေးငယ်တွေ အမှိုက်ပုံအနီးနားမှာ တွေ့ရတယ်လို့ ပြောနေတဲ့ အသံတွေကြောင့် နယ်မြေကိုဆင်းပြီးတော့ စုံစမ်းတဲ့ အခါမှာတော့ ဒီသတင်းတွေက မမှန်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

ဗဟန်းမြို့နယ် သတင်းတပ်ဖွဲ့ မှ ရဲအုပ်သောင်းဒန်က” ဒီဗဟန်း မြို့နယ်အတွင်းမှာတော့ နှစ်စကနေ အခု အောက်တိုဘာလ ၁၈ ရက်နေ့ အထိ လူပျောက်တိုင်ချက်ဖွင့်ထားတာက အသက်ခြောက်နှစ်ကနေ အသက် ၄၅ နှစ်အရွယ် စုစုပေါင်း ၄၀ ကျော် ရှိပါတယ်။ အဲဒီအထဲက တိုင်ချက် ၃၀လောက်တော့ ပြန် တွေ့ပါတယ်။ အများစုက ခိုးရာလိုက်တဲ့ ကိစ္စတွေ၊ အိမ်ဖော်ကိစ္စတွေ များပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက “အခုရပ်ကွက် တော်တော်များများမှာ အသက် ၁၀ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်ရှိတဲ့ ကလေး သူငယ်တွေလည်း ပျောက်ဆုံး နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တယ်။ တချို့ရပ်ကွက်တွေမှာ ဆိုရင် ကလေးသူငယ်တွေကို လိုက်ဖမ်း နေတဲ့သူတွေ ရှိနေတယ်။ တစ်ဖက် နိုင်ငံကိုရောင်းစားနေတယ်၊ ကလေးငယ်တွေ အသတ်ခံရတယ် စတဲ့ သတင်းထွက်ရှိနေတော့ အဲဒီနယ်မြေတွေကို အဖွဲ့တွေခွဲပြီး စုံစမ်း စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ကလေးတချို့က မိသားစုဝင် တစ်ဦးဦးနဲ့ စိတ်ဆိုးပြီးတော့ သူငယ်ချင်း အိမ်တွေမှာ သွားနေတဲ့သူတွေ၊ ယောက်ျားနောက် လိုက်သွားတဲ့သူတွေ၊ အပျော်လွန်ပြီးတော့ ခရီးလွန်နေတဲ့သူတွေ၊ အပျော်လွန်ပြီးတော့ သူငယ်ချင်းတွေနဲ့ ရေကူးရင်းနဲ့ သေဆုံးခဲ့ရသူတွေ အများစု ဖြစ်ပါတယ်။ အပြင်မှာ ထွက်ပေါ်နေ တဲ့ ဖြစ်စဉ်တွေက ကောလာဟလ သတင်းတွေ လိုက်လွှင့်နေတဲ့ သူတွေ ကြောင့်အများက စိုးရိမ်နေကြတာပါ။ ဒါ တကယ်တမ်းတော့ အဲဒီ သတင်းတွေက လုံးဝမှားပါတယ်” ဟု ကလေးသူငယ်များ ပျောက်ဆုံးနေသည့် သတင်းများနှင့် ပတ်သက်၍ စုံစမ်းခဲ့သည့်အပေါ် ရှင်းလင်းပြော ကြားခဲ့သည်။

Thursday, October 20, 2011

ဘယ်သူတွေ အသင့်ဖြစ်နေပြီလဲ

”ကောင်းလိုက်တာဗျာ။ ဂွတ် ထ၊ ဂွတ်ထ” ”အဘကတော့ ရေးစရာရှိရင် ဘယ်သူ့မှချန်မထားဘူး။ ရေးချလိုက်တာပဲ။ ဒါမျိုးတွေများများ ရေးစမ်းပါအဘရာ” အွန်လိုင်းပေါ်က ထင်မြင်ချက် တစ်ခုပါ။
သူများကို အလှည့်ပေးရမယ်
သိပ်မကြာမီက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုလွန်ကဲရင် အာဏာရှင် စိတ်ဝင်သွားတတ်တဲ့အကြောင်း သတိပေးစာတစ်ပုဒ် ရေးလိုက်တယ်။ ကြိုက်သူတွေရှိသလို မကြိုက်သူ တွေလည်း ရှိတယ်။ အယူအဆ တစ်ရပ်၊ သဘောထားတစ်ခုကို လူ သိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ အခါမှာ လက်ခံသူ၊ လက်မခံသူ။ ကြိုက်သူ၊ မကြိုက်သူရှိမြဲဓမ္မတာမို့ အထူးအဆန်းမဟုတ်ဘူး။ သိသင့် သိထိုက်တာမို့ ရှာဖွေဖတ်ရှုလေ့ရှိ ပေမယ့် ပြန်ပြီးရေးတာ၊ ချေပရှင်းလင်း တာမျိုး ဘယ်တော့မှမလုပ်ဘူး။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည် ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာ ပဲ။ ပြောကြပါစေ။ ကိုယ်လည်း ကိုယ်ယုံကြည်တဲ့အတိုင်း ပြောခဲ့ ရေးခဲ့ပြီးပြီမဟုတ်လား။ သူများကို လည်း အလှည့်ပေး ရမှာပေါ့။

ပြောရလောက်အောင်မဟုတ်
အထက်မှာ ဖော်ပြလိုက်တဲ့ ထင်မြင်ချက်လေးကို ရေးပြတာက အဲဒီထဲမှာပါတဲ့ ”အဘကတော့ ရေးစရာရှိရင် ဘယ်သူ့မှချန်မထား ဘူး။ ရေးချလိုက်တာပဲ” ဆိုတာ နဲ့ပတ်သက်ပြီး ပြောချင်လို့ပါ။ ဒါက ‘ဂွတ်ထ၊ ဂွတ်ထ’ပြောရလောက် အောင် မဟုတ်ပါဘူး။ သတင်း သမားတိုင်း ဒီလိုလုပ်နေကြတာပါ။ သတင်းသမားဆိုတာ ပြည်သူ လူထုရဲ့ မျက်နှာတစ်ခုပဲ ကြည့် ရမယ်။ အစိုးရမျက်နှာလည်း မကြည့်ရဘူး၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်းတွေရဲ့ မျက်နှာလည်း မကြည့်ရဘူးဆိုတဲ့ ‘ပညတ်’ချက် ဟာ သတင်းသမားမှန်သမျှ မဖြစ် မနေ လိုက်နာကျင့်ကြံရတဲ့ အခြေ ခံအကျဆုံး ကျင့်ဝတ်တစ်ခုဖြစ် တယ်။

ရှေ့ကဖုံး နောက်ကပေါ်
ဒီ’ပညတ်’ချက်ကို မလိုက်နာ ရင် သတင်းသမားကောင်း မခေါ် နိုင်ဘူး။ သတင်းသမားမျက်နှာဖုံးစွပ် ထားတဲ့ အခွင့်အရေးသမားပဲဖြစ် လိမ့်မယ်။ ဒီလူမျိုးတွေက မျက်နှာ ဖုံးစွပ်ထားပေမယ့် ရှေ့ဖုံး နောက်ကပေါ်ဆိုသလို သူတို့ဇာတိ ရုပ်က ဘွားဘွားကြီးပေါ်နေတာ ကြောင့် လူကြားသူကြားမှာ ဘယ် တော့မှ ခေါင်းမော့မနေနိုင်ဘူး။ ခပ် ကုတ်ကုတ်ပဲ နေကြရတယ်။ သူတွေ ကြားမပြောနဲ့ သတင်းလောကနယ် ပယ်မှာတောင် ‘သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့’ ဆိုတဲ့စကားလို သူတို့နဲ့ အသွေးအ ရောင်တူသူတွေချင်းသာ အပေါင်း အဖော်ပြုလေ့ရှိကြတယ်။ လူကောင်း သူကောင်းတွေကြား မတိုးရဲဘူး။

ပြဒါးတိုင်
ဒီမိုကရေစီရေချိန်ကို တိုင်းတာ တဲ့အထင်ရှားဆုံး ‘ပြဒါးတိုင်’ တစ်ခု ကတော့ သတင်းမီဒီယာဆိုတဲ့ ပြဒါး တိုင်ဖြစ်တယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိ က သတင်းစာဆိုတာ ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာပဲ ရှိတယ်။ အာ ဏာရှင်စနစ်ဆိုရင် ဆိုရှယ်လစ် အာ ဏာရှင်ဖြစ်ဖြစ်၊ စစ်အာဏာရှင် ဖြစ် ဖြစ် လွတ်လပ်တဲ့သတင်းမီဒီယာကို ဘယ်တော့မှ ခွင့်မပြုဘူး။ သူတို့ လက်အောက်မှာပဲထားတယ်။ တချို့တစ်ဝက်ကိုတော့ သူတို့ လက်သပ်မွေးထားတဲ့ လက်ကိုင် တုတ်တွေကတစ်ဆင့် ချုပ်ကိုင်တယ်။ လက်ကိုင်တုတ် တွေဆိုတာ သတင်းသမား ‘အတု’တွေပါ။ အချောင်ရှာတဲ့ စီးပွားရေးသမားတွေပဲ။

ရေးသင့်တာရေးရဲမှ
သိက္ခာရှိတဲ့ သတင်းသမား’အ စစ်’က ဘယ်သူ့လက်ကိုင်တုတ်မှ အဖြစ်မခံဘူး။ ဘယ်သူနဲ့မှ ပေါင်းပြီး စီးပွားရေးမရှာဘူး။ သတင်းသမားမို့ ဆိုပြီး ဘယ်သူ့ဆီကမှ အခွင့်ထူး လည်း မတောင်းခံဘူး။ သတင်းဖြစ် ရင်ဖြစ်တဲ့အတိုင်းမှန်တာကို ရေး တယ်။အစိုးရကကောင်းတာလုပ်ရင် ကောင်းတယ်လို့ ရေးတယ်။ အစိုးရ အကြောင်း မကောင်းရေးမှ လက် ခုပ်တီးပေးသူတွေကို ကြောက်မနေ ရဘူး။ ကြောက်ပြီး မရေးရင် သိက္ခာ ရှိသတင်းသမား မဟုတ်တော့ဘူး။ အလားတူပဲ နိုင်ငံရေးသမားတွေ ကောင်းတာလုပ်ရင်လည်း ကောင်း တယ်ရေးရမယ်။ အစိုးရငြိုငြင်မှာ ကြောက်ပြီး ရေငုံနှုတ်ပိတ်လုပ်မနေ ရဘူး။ ရေးသင့်တာရေးထိုက်တာ မှန်သမျှ ရေးရဲမှ သတင်းသမားစစ် စစ်ဖြစ်တယ်။

စာဖတ်ခန်းမရှိ
ဒီနေ့ စာနယ်ဇင်းလောကထဲ ဝင်ရောက်လုပ်ကိုင်နေသူ အများစု က လူငယ်တွေဖြစ်တယ်။ တက် တက်ကြွကြွနဲ့ မမောမပန်းကြိုးစား လုပ်ကိုင်နေကြတာ တွေ့ရတယ်။ သူတို့မှာ ဇွဲရှိတယ်။ သတ္တိရှိတယ်။ အမှန်တရားကို ချစ်တဲ့စိတ်ရှိကြ တယ်။ လေ့လာမှုအားနည်းပေမယ့် ကြိုးစားပြီး ဖြည့်ဆည်းနေကြတယ်။ သူတို့ကြုံရတဲ့ အခက်အခဲက သူတို့ လုပ်ကိုင်နေကြတဲ့ တိုက်တွေမှာ သူ တို့ကို ရှေ့ဆောင်လမ်းပြပေးမယ့် အယ်ဒီတာတွေ မရှိကြတဲ့အချက်နဲ့ သူတို့ဖတ်မှတ်လေ့လာစရာ စာအုပ် စာတမ်းတွေများများစားစား ရှိတဲ့ စာဖတ်ခန်းမျိုးတွေ မရှိတဲ့အချက် ဖြစ်တယ်။

ဒရိုင်ဘာလောက်တောင်မရ
လူငယ်သတင်းထောက်လေး တွေ အယ်ဒီတာတွေရတဲ့လခက နိုင်ငံတကာ အဖွဲ့အစည်း (INGO) တွေက ကားဒရိုင်ဘာလခလောက် တောင်ရှိတာမဟုတ်ဘူး။ ဒီခေတ် စာအုပ်ဈေးတွေကလည်း ခေါင်ခိုက် အောင်ကြီးမြင့်နေလေတော့ ဖတ်ချင် ပေမယ့် မဝယ်နိုင်ဘူး။ ဂျာနယ်တစ် စောင်ကောင်းဖို့ ဂျာနယ်လစ်ကောင်း တွေလိုတယ်။ စာမဖတ်ရင် ဘယ် နည်းနဲ့မှ ဂျာနယ်လစ်ကောင်း မဖြစ် နိုင်ဘူး။ အဲဒါကြောင့် ဂျာနယ်တိုက် တွေမှာ စာဖတ်ခန်းကောင်းကောင်း ထားပေးဖို့ အထူးလိုအပ်တယ်။ ဂျာနယ် တွေသာ နှစ်ရာလောက်ရှိနေတာ။ စာဖတ်ခန်း ဒါမှမဟုတ် စာကြည့်တိုက် ကောင်းကောင်းထားရှိတဲ့ ဂျာနယ်တိုက်က ဒါဇင်ဝက်တောင် ရှိမယ်မထင်ဘူး။

ဘယ်သူအသင့်ဖြစ်ပြီလဲ
ဂျာနယ်ပေါင်း နှစ်ရာလောက်ရှိတဲ့အထဲက သိက္ခာရှိဂျာနယ်လို့ ပြောနိုင်တာက အလွန်ဆုံးရှိမှ ဆယ့်လေးငါးစောင်ပေါ့။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြု လိုက်ပြီဆိုတဲ့အခါ၊ အဆင်သင့် ဖြစ်နေတဲ့ ဂျာနယ်ငါးစောင်တောင် ရှိပါ့မလားမသိဘူး။ နေ့စဉ်သတင်းစာ ထုတ်တယ်ဆိုတာက လူကောင်း လေး,လေးငါးယောက်လောက် ရှိရုံနဲ့ လုပ်လို့ဖြစ်တာမဟုတ်ဘူး။ အခု ရှိနေတဲ့ လူတော်လေးတွေလို ထူး ချွန်ထက်မြက်တဲ့ လူငယ်တွေ အစိတ်သုံးဆယ်လောက် အနည်း ဆုံးရှိဖို့လိုတယ်။ ဒါက ရန်ကုန် ရုံးချုပ်ကိုသာပြောတာ။ တခြားမြို့ ကြီးပြကြီးတွေမှာလည်း သတင်း အတတ်ပညာအခြေခံလောက်တော့ ကျွမ်းကျင်သူတွေ ရှိနေရမယ်။ မြန်မာတစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၄ဝဝ လောက်ရှိတဲ့အထဲမှာ အနည်း ဆုံးမြို့နယ် ၁ဝဝ လောက်မှာ သတင်းထောက်တွေရှိနေဖို့ လိုအပ်တယ်။ ကဲ ဘယ်သူတွေ အသင့် ဖြစ်နေပြီလဲ။

လူထုစိန်ဝင်း
Ref: http://popularmyanmar.com/mpaper/archives/30475

Monday, October 17, 2011

အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်အိုမင်းသွားခဲ့

 အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ငုယင်သီဖောင်သည် ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်ပုံစံမျိုး အိုမင်းသွားခဲ့ရာ ယင်းဖြစ်စဉ်ကို ဗီယက်နမ်မှဆရာဝန်များက လေ့လာကုသပေးရန် ပြင်ဆင်နေပြီး ယခုအချိန်အထိ ရောဂါလက္ခဏာ အတိအကျကို အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်ကယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၆ နှစ်ရှိပြီဖြစ်သော သီဖောင်သည် ဆင်းရဲလွန်းသောကြောင့် ကုသရန် မတတ်နိုင်ခဲ့ဘဲ ယခုအခါတွင် ဆရာဝန်များက အခမဲ့ကုသပေးမည်ဖြစ်သည်။သီဖောင်က သူ၏ရုတ်ချည်း အိုမင်းသွားမှုသည် ဘ၀တစ်လျှောက်လုံး ပင်လယ်စာမတည့်မှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေသည်။

ပင်လယ်စာနှင့် မတည့်မှုကြောင့် အရေပြားယားယံမှုမှာ ၂၀၀၈ ခုနှစ်တွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုသည်။''ကျွန်မတစ်ကိုယ်လုံးယားနေပြီး အိပ်တဲ့အချိန်မှာတောင် ကုတ်နေရပါတယ်'' ဟု သီဖောင်က ပြန်ပြောပြသည်။သီဖောင် နှင့် ခင်ပွန်းဖြစ်သူ လက်သမားဆရာသန်းတုယင်တို့မှာ ဆင်းရဲသောကြောင့် ဆေးရုံသွားမပြနိုင်ခဲဘဲ အနီးတွင် ဆေးဝယ်သောက်ခဲ့သည်ဟု ဆိုသည်။

''ဒီဆေးတွေသောက်ပြီး တစ်လလောက်ကြာတော့ ယားတာနည်းနည်း သက်သာလာပါတယ်။ဒါပေမဲ့ အရေပြားရောင်ရမ်းနီရဲတာတွေ ရှိနေတုန်းပဲ။အဲဒါနဲ့ တိုင်းရင်းဆေး ပြောင်းသုံးခဲ့ပါတယ်။ရောင်ရမ်းတာတွေက ယားတာနဲ့အတူတူပျောက် သွားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မအရေပြားတွေလဲ လျှော့လျဲပြီးတွဲကျလာ တော့တာပါပဲ'' ဟု သီဖောင်ကပြန် ပြောပြသည်။
ယင်းနောက်တွင် အခြားတိုင်းရင်းဆေးတစ်မျိုး ပြောင်းသုံးခဲ့သော်လည်း မသက်သာခဲ့ဟု ဆိုသည်။
ဆရာဝန်များကမူ သုံးစွဲခဲ့သည့် တိုင်းရင်းဆေးဝါးများကြောင့်ဟု ယူဆနေပြီး ရောဂါလက္ခဏာကို ပိုဆိုးသွားစေခဲ့သည့်အပြင် ရှားပါးသည့် အရေပြားရောဂါတစ်မျိုးဖြစ်သော mastocytosis ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများရှိနေ သည်။ ရောဂါလက္ခဏာကို အမည်တပ်မှုမှာ ဆရာဝန်များအကြားတွင်ပင် ကွဲလွဲမှုများရှိနေပြီး ကုထုံးနှင့်ပတ်သက်ပြီးလည်း သဘောကွဲလွဲနေသည်ဟု သိရသည်။ သီဖောင်မှာ အရေပြားများက အိုမင်းသည့်အသွင်ဖြစ်နေသော်လည်း ရာသီစက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံးနှင့် စိတ်တို့မှာ ပုံမှန် ၂၀ ကျော် အမျိုးသမီးတစ်ဦးအတိုင်း ရှိနေသည်ဟု သိရသည်။

 ရောဂါမဖြစ်မီပုံ
 ငုရင်သီဖေါင်းနှင့် သူမ၏ခင်ပွန်း လက်သမားဆရာလေး
Ref: http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A6382368&xgs=1&xg_source=msg_share_post

Thursday, October 13, 2011

လူတစ်ယောက် မျောက်တစ်ကောင်နှင့် အခြားဘ၀ စာမျက်နှာများ…

လူတစ်ယောက် မျောက်တစ်ကောင်နှင့် အခြားဘ၀ စာမျက်နှာများ…
 ကလေး၊ လူကြီးများ ၀ိုင်းအုံနေသော လူစုလူဝေး၏ အလယ်တွင် လူတစ်ယောက်နှင့် မျောက်တစ်ကောင် ရှိနေသည်။ ပုသိမ်ထီးလေး ဆောင်းလိုက်၊ ရှေ့ကျွမ်းနောက် ကျွမ်းထိုးပြလိုက်၊ ဇော်ဂျီတောင်ဝှေး ထမ်းလိုက်၊ အဖိုးအို တုတ်ထောက်လိုက်၊ အကြော်သည် လုပ်လိုက်၊ ရေ သည်လုပ်လိုက်၊ ဘောလုံးကန်လိုက် စသဖြင့် တုတ်တစ်ဖက်၊ သံကြိုးတစ်ဖက် ကိုင်ထားသည့် မျောက်ဆရာက ညွှန်ကြားသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြနေသော မျောက်ကလေး၏ လိမ္မာသိတတ်ပုံကို တအံ့တသြ ၀ိုင်းဝန်း၍ကြည့်နေကြသည်။

မျောက်ပွဲပြရာတွင် အသုံးပြုသည့် ပစ္စည်းပစ္စယများထည့် ထားသည့် ကျောပိုးအိတ်တစ်လုံး နှင့် မျောက်ဆရာ ကိုညီညီလွင်ဟူ သည့် လူတစ်ယောက် ကျွေးမွေးပြုစု သွန်သင်ခိုင်းစေသည့် သခင်အလိုကျ ပွဲဝင်အသုံးတော်ခံနေသည့် ရာဇာနေ၀င်းဟု အမည်ပေးထားသော မျောက်လိမ္မာလေးတစ်ကောင်၊ အမှတ်တမဲ့ကြည့်လိုက်လျှင် သူတို့နှစ်ဦး ကြားဆက်သွယ်မှုက သံကြိုးတစ်ချောင်းသာ ဖြစ်သော်လည်း စေ့စေ့ငင မေးမြန်းကြည့်လိုက်တော့ နှစ်ဦးသား ဆက်နွှယ်မှုက သံကြိုးမဟုတ် သံယောဇဉ်ကြိုးသာ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်တွင် သူတို့နှစ်ဦး ဘ၀၏ အခြားစာမျက်နှာများက....

“ကျွန်တော့် ၀ါသနာကိုက တိရစ္ဆာန်တွေကို ချစ်တတ်တယ်။ အထူးသဖြင့် မျောက်ကလေးတွေ ပေါ့။ ဘယ်နေရာမှာ မျောက်ရှိတယ်လို့ ကြားရင်ပဲ မနေနိုင်ဘူး။ သွားရှာတယ်။ ကြည့်တယ်။ သုံးလေး၊ ငါးသောင်းပေးပြီး ၀ယ်တယ်။ ကိုယ့်မှာ ရှိတဲ့ မျောက်တွေကိုလည်း ချစ်လို့ ခင်လို့ ကောင်းကောင်းမွန်မွန် မွေးမြူ မယ်ဆိုလည်း ဘယ်လောက်ပေးပေး ရောင်းပစ်လိုက်တယ်။ အသက်အရွယ် ကြီးလို့ပွဲမထွက်သင့်တော့တဲ့ မျောက် တွေဆိုလည်း ဘေးမဲ့ပေးတာ၊ ဘုန်းကြီးကျောင်း လှူလိုက်တာမျိုး လုပ်တယ်။ သတ်စားမယ့်သူဆို ဘယ်လောက် ပေးပေး လုံးဝမရောင်းဘူး”ဟု မျောက်ဆရာ ကိုညီညီလွင်က ဆိုသည်။ ဤကဲ့သို့ဖြင့် မျောက်လောကကို ပွဲထွက်မျောက်ရှစ်ကောင်ဖြင့် ဖြတ်သန်း ကျင်လည်ခဲ့သည်က ဆယ်နှစ် ဆယ်မိုး ကြာမြင့်ခဲ့ပြီဖြစ်သည်။

မျောက်ပြ ဆန်တောင်းသူ၊ တိရိစ္ဆာန်ညှင်းဆဲသူဟူသော ဝေဖန်ကဲ့ရဲ့သံများကို သည်းခံရင်း မိမိတို့၏ ထမင်းအိုးနှင့် စားဝတ်နေရေးကို ကြံဖန်ဖြည့် တင်း၍ နေကြရ . . .

သူ၏ နေအိမ်တွင်လည်း ရာဇာနေ၀င်း၊ Rဇာနည်၊ နေတိုး၊ မိညို၊ မိစံ၊ မိငယ်ဟု အမည်ပေးထားသည့် မျောက်ခြောက်ကောင်မွေးမြူထားရာ မိဘများ သားဆိုးသမီးဆိုး၊ သားကောင်း သမီးကောင်း မွေးမိသလိုပင် သူ၏ဘ၀တွင်လည်း မျောက်ဆိုးမျောက်ကောင်းများကို စွန့်ပစ်ရိုးထုံးစံမရှိသော မိဘနှလုံးသားဖြင့် မျောက်များကို ကျွေးမွေးပြုစုရင်း ဖြတ်သန်းနေရသည်။

ထိုအထဲတွင်တော့ မျောက်ကလေး ရာဇာနေ၀င်းက အလိမ္မာဆုံးနှင့် လုပ်ငန်းအကျွမ်းဝင်ဆုံး၊ မိသားစုနှင့် တစ်သွေးတစ်သားတည်းလို ဖြစ်နေ သည်မို့ အချစ်ပိုကြသည်။ မျောက်ဆရာ ကိုညီညီလွင်၏ မိသားစုနှင့် မျောက်ကလေး ရာဇာနေ၀င်းတို့ ကြား ဆက်နွှယ်မှုသံယောဇဉ်ကို မေးမြန်းကြည့်ရာ ကိုညီညီလွင်က “အရင်က လီဆောင်းဦးဆိုတဲ့ မျောက်မကြီးက မွေးပေးခဲ့တာဆိုတော့ ရာဇာ က ငယ်မွေးခြံပေါက်ပေါ့။ လူနဲ့အနေ နီးပြီး ဥာဏ်ကောင်းတယ်။ ယဉ်ပါးတယ်။ လူချစ်လူခင်ပေါတယ်။ သူကလည်း ကျွန်တော့်မိသားစု အပါအ၀င် ရပ်ကွက်ထဲက လူတွေနဲ့ခင်တယ်။ သူ့အမေမရှိတော့လို့ နှစ်လသားကတည်းက နို့တိုက်မွေးခဲ့ရတာမို့ ကိုယ့်သားသမီးလိုပဲ သံယောဇဉ်ဖြစ်ရတယ်။ ရာဇာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရပြောရရင် သူလသားအရွယ် က၀ယ်သူလည်းရှိ မိသားစုအရေးကလည်း အဆင်မပြေတာမို့ သုံးသောင်းနဲ့ ရောင်းလိုက်ဖူးတယ်။ နောက်ပိုင်း သူ့စိတ်နဲ့ပဲ မနေနိုင်လို့မရမက ရှာကြံပြီး တစ်သိန်းနဲ့ ပြန်ဝယ်မွေးထားရတယ်။ တကယ့် ကိုယ့်ကလေးလိုပါ ပဲ”ဟုဆိုရာ မျောက်နှင့် လူအကြား သံယောဇဉ်ကြိုးက တင်းလွန်းလှပါ တကား ....။

နို့စို့ကလေး အပါအ၀င်အရွယ်ငယ်၊ အရွယ်ရောက်ကလေး ခြောက်ယောက်နှင့် မိဘနှစ်ပါး အပါအ၀င် မိသားစုဝင်ရှစ်ယောက်၏ ထမင်းအိုး ကို မျောက်ကလေးရာဇာနေ၀င်းက ဖြည့်ဆည်းပေးနေရရာ “ကျွန်တော် အမှန်တိုင်းပြောရရင် မျောက်ပွဲလည် ကတာ၊ ရာဇာရှာပေးတာ တစ်နေ့ကို တစ်သောင်းခွဲနဲ့ သုံးသောင်းကြားရ တယ်။ ဒီမိသားစု စားအိုးကြီးကို သူက ဖြည့်ပေးနေတာ။ ဒါ့အပြင် တခြားမျောက်တွေစားဖို့လည်း သူ က ရှာကျွေးနေတာ။ တခြားမျောက် တွေက အစုံစားမယ့် ရာဇာကတော့ ထမင်းဖြူပဲအဓိကစားတယ်။ ရာသီ ဥတုမကောင်းလို့၊ မျောက်နေမကောင်းလို့ ပွဲမထွက်နိုင်ရင် တစ်အိမ်လုံးစားဝတ်နေရေးအခက်ကြုံတာ ပဲ”ဟု သိရရာ မျောက်ကလေးရာဇာနေ၀င်း၏ အိမ်စားဝတ်နေရေး ဖြည့် စွမ်းပေးပုံကို သိရသည်။

ရင်ခွင်ထဲမှကလေးကို နို့တိုက်ရင်း ကွပ်ပျစ်ခြေရင်းမြေပြင်တွင် ကျွမ်းပစ်နေသော ရာဇာကိုကြည့်ရင်း နို့စို့ကလေးကိုထိုးပြကာ “နောက် ဆုံးမွေးတဲ့ အမွှာနှစ်ယောက်နဲ့ ရာဇာ က အတူမွေးကြတာ။ အခုဆိုအား လုံးတစ်နှစ်နဲ့ လေးလရှိပြီ။ ကလေး အမွှာပူးမွေးတယ်ဆိုပေမယ့် သူ့လည်း အတူတူစောင့်ရှောက်ရတာဆို တော့ သုံးမွှာပူးမွှေးရတဲ့အတိုင်းပြုစု ခဲ့ရတာ။ အိမ်က ကလေးငယ်တွေနဲ့ အတူဆော့၊ အတူစား၊ အတူတူသွား လာနေတာကြောင့် ကိုယ့်သားသမီး အရင်းလိုပါပဲ”ဟု ကိုညီညီလွင်၏ ဇနီးမဥမ္မာလွင်က ဆိုရာ ဖြစ်နိုင်လျှင် မျောက်ကို အိမ်ထောင်စုဇယားမှာ စာရင်းတို့ထားတော့ မယောင်ပင်။

ဆက်လက်၍ မဥမ္မာလွင်ကပင် “အခုလောလောဆယ်မှာ ရာဇာကအိမ်ရဲ့ထမင်းအိုးပဲ။ သူပွဲ မထွက်ရင် ရှာရဖွေရတော့တာပဲ။ လူချစ်လူခင် များပြီး လိမ္မာသလို ငွေရှာလည်းကောင်း တယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့ ၁၅ ရက်ကပဲ နွားမကြီးနဲ့နွားကလေး တစ်ကောင်ကို သုံးသိန်းခွဲနဲ့ဝယ်နိုင်ခဲ့တယ်။ သူရှာပေးတဲ့ပိုက်ဆံပဲ။ ကလေးတွေ ကျောင်းစရိတ်လည်း သူပဲ။ ကျေးဇူးရှင်ပါပဲ”ဟု ပြောရာ အာဂမျောက်ပါလားဟု တွေးမိ သည်။

မိသားစုအရေးအတွက် ဘ၀ကို မျောက်ကလေးများနှင့် ရင်ဆိုင်ဖြတ်သန်း နေရသော မျောက်ဆရာမိသားစု မှာ မျောက်ပြဆန်တောင်းသူ၊ တိရစ္ဆာန် ညှင်းဆဲသူဟူသော ဝေဖန်ကဲ့ရဲ့သံ များကိုသည်းခံရင်းမိမိတို့၏ ထမင်းအိုးနှင့် စားဝတ်နေရေးကို ကြံဖန်ဖြည့် တင်း၍နေကြရသည်။

နှစ်ပေါင်းများစွာ၊ မျောက် ပေါင်းများစွာကို ကျွေးမွေးပြုစု သွန်သင်ရင်း တစ်ချိန်တွင်မျောက်ကောင် ရေများစွာဖြင့်ရုံပွဲပြရန် ကြံစည်ကြိုး စားနေသော မျောက်ဆရာ၏ အိမ်မက်ထဲက မျောက်သဘင်ဆင်ယင် ကျင်းပချိန်ကိုကား ဘယ်အခါတွင် ကြည့်ရလိမ့်မည်မသိ။

Wednesday, October 12, 2011

Tuesday, October 11, 2011

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

ကင်ဆာရောဂါနှင့် သင်္ဘောရွက်
လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ (ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)
“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။

ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။

အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်


မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို အောက်တိုဘာလ ၁၂ရကိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊

ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Ref:http://www.news-eleven.com/

Monday, October 10, 2011

အာဏာရှင်အနံ့အသက်တွေ ကင်းရှင်းဖို့


'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့်ရေးထိုက်တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမားဆိုတာ ရှိနေရတာ မဟုတ်လား။

ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြအိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စမှန်သမျှ ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်လေတော့ တာဝန်သိပ်ကြီးပြီး စိုးရိမ်ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်းထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်း စာတွေကို အားကိုးအားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။

ထမင်းစားရေသောက်သလို
သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြတာဖြစ်လေတော့ သာမန်အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ်ထမင်းစားရေသောက်တဲ့ အလုပ်တွေလုပ်သလို တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး မဖြစ်မနေဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။

ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအ၀င် တိုင်းသူပြည်သားအားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်း အရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာဖတ်သူတိုင်းဟာ အားလပ်နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာပြတဲ့အတွက် အချိန်ကုန်သက်သာပြီး အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာသမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။
ကျန်နေတဲ့ အားအင်ကလေးနဲ့
အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံးဆယ်စုနှစ်ထဲ ရောက်နေပြီလို့ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျသွားနိုင်တယ်။ ဒီအချိန်မှာ ပိုက် ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို သယ်ပိုးထမ်းရွက်လိုတဲ့စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ်ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေး မယ့်ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။'ပညာရှိသတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။

တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုးအားထား ပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ် .. .

အာဏာရှင်စော်နံ
သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
''သမ္မတကြီးညွှန်ကြားတဲ့အတိုင်း''
''သမ္မတကြီးပြောကြားတဲ့အတိုင်း''
''သမ္မတကြီးဆုံးဖြတ်တဲ့အတိုင်း'' ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။

အမြော်အမြင်ရှိသူ
သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆန်လွန်းပြီး အာဏာရှင်အနံ့အသက်မကင်းတဲ့ ဒီလိုချီး ပင့်မြှောက်စားပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။
အပ်ကြောင်းထပ်အောင်သုံး
အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်းထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲလုပ်တာလည်း ''အန်တီစုညွှန်ကြားချက် အရ'' ၊ ပရဟိတကျောင်းဖွင့် စာသင်တာလည်း ''အမေစု တာဝန်ပေးချက်အရ''၊ စာကြည့်တိုက်ဖွင့်တာလည်း ''အန်တီစု လမ်းညွှန်ချက်အရ'' ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေကြားရတော့ တစ်ခေတ်တစ်ခါက ဘောလုံးပွဲနိုင်တာလည်း ''ဥက္ကဋ္ဌ မော်ခေါင်းဆောင်မှုကြောင့်''၊ ရေနံ တွင်းတွေ့တာလည်း '' ဥက္ကဋ္ဌမော်ကြောင့်''၊ မီးရထားလမ်းဖောက်နိုင်တာလည်း ''ဥက္ကဋ္ဌမော်ကြောင့်'' ဆိုတဲ့ အသံတွေညံနေအောင် ကြားခဲ့ရတာကို ပြန်အမှတ်ရမိတယ်။

အရိယာမဟုတ်
ဒေါ်အောင်ဆန်းစုကြည်လည်း ဥာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယမရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့နေရာမှာလည်း အံ့မခန်းလောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ အရိယာတွေမဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ် လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ၀မ်းသာပီတိဖြစ်တတ်တယ်။ ဒါသဘာဝဖြစ်တယ်။

ငါမှငါ
ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှ ငါဆိုတဲ့ အတ္တစိတ် ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသားလိုက်ပါတယ်။

Thursday, October 6, 2011

Analysis: Yingluck's trip to Burma


Ref:http://www.nationmultimedia.com/new/

Wednesday, October 5, 2011

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း

ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။
ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီး တစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ် ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ် ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်း တစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များ ပြောသည်။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ် လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင် များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင် သွားကြောင်း ဒေသခံများ ပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီး သတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံ ကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအား ၎င်းတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။
Ref: ကချင်သတင်းဌာန