Saturday, April 13, 2013

Daw Aung San Suu in Japan

Type your summary here. Type the rest of your post here. ref:http://www.youtube.com/watch?v=A4iAdP-lRU4&feature=em-uploademail

Saturday, April 6, 2013

အမျိုးသားကျန်းမာရေးကွန်ယက်(NLD)အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ

အမျိုးသားကျန်းမာရေးကွန်ယက်(NLD)အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ယက်ဖွဲ့စည်းရာတွင် အလှူငွေ သိန်း ၄ ထောင်ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းကွန်ယက်၏ ဘဏ္ဍရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းထံမှ သိရသည်။

မြန်မာငွေ သိန်း ၃၈၂၆ သိန်း၊ အမေရိကန်ဒေါ်လာ ၁၆၄၀၀ ၊ ယမ်းငွေ ၁ သိန်းကို လှူဒါန်းမှုအသီးသီးမှ အမျိုးသားကျန်းမာရေးကွန်ယက်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသားကျန်းမာရေးကွန်ယက...် (NLD)ကို ၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဌ (၁) ဒေါက်တာသန်းအေး၊ ၊ ဒု ဥက္ကဌ (၂ )ဒေါက်တာ ရွှေပုံ၊၊ ဒု ဥက္ကဌ (၃) ဒေါက်တာ မြသော်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး နှင့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ဖွဲ့စည်းရခြင်းသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး အဆင့်အတန်းတိုးတက်မြင့်မားစေပြီး ကူညီဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
ref:https://www.facebook.com/PopularNewsJournal

 
 

Tuesday, April 2, 2013

လမ်းမတော် ဖိုးတုတ်အကြောင်း(အပိုင်း၃)

လမ်းမတော် ဖိုးတုတ်အကြောင်း(အပိုင်း၃)
*****************************


ဗိုလ်တစ်ထောင်ငမိုးနဲ့ လမ်းမတော်ဖိုးတုတ်

... နဂိုကတည်းက စာသင်ခန်းကျောခိုင်းကျင့် ရှိသူ မောင်မိုးမှာ မမြသစ်နှင့် ချစ်သူဘ၀ရောက်ပြီးနောက် စာသင်ခန်းကို လုံးဝနီးပါး ကျောခိုင်းနေလိုက်သည်။

ဒါကိုသိသွားသည့် မမြသစ်က ကျောင်းမှန်မှန်မတက်ရင် သူနှင့် နောက်ထပ်မတွေ့တော့ဖို့ ရာဇသံပေးလာသည်။

သူတို့နှစ်ယောက်အကြားမှာ အရင်ကလို ပြေသွယ်ချောမွေ့နေသည်များ တန့်ရပ်သွားသည်။

မောင်မိုး ဆိုင်လာလျှင် မြသစ်က လက်ခံစကားမပြော။ ရှေ့ကဆိုင်ကိုကူးပြီး ရှေ့ကဆိုင်မှာ သွားထိုင်နေသည်။

တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ သွားတိုင်းပင် မမြသစ်ကစကားမပြော။ သူလာသည်ကို မြင်သည်နှင့် ရှေ့ဆိုင်ကို ကူးသွားသည်။

မောင်မိုးက နဂိုကတည်းက စိတ်မြန်သူဖြစ်သည့်အလျောက် သူ့ကို ဒီလိုလုပ်ရပါ့မလား လို့ သူများဆိုင်မရှေ့မှာ ရှူး ရှူးဒိုင်းဒိုင်း သွားလုပ်သည်။

ပြဿနာအစက အဲဒီလို။

အဲဒီနေ့က မပြောမလည်ဖြစ်ခဲ့သည့် ပြဿနာမှာ မြသစ်အဒေါ်ကတဆင့် မြသစ်အဖေနားသို့အထိ ပေါက်ရောက်သွားသည်။

နားမခံသာအောင် အဆူအပူခံရပြီးနောက် ဖခင်ဖြစ်သူက မြသစ်ဆိုင်မထွက်ရဟု တစ်ချက်လွှတ် အမိန့်ထုတ်လိုက်သည်။

အိမ်မှုကိစ္စတာဝန်ယူနေသူ ညီမ၀မ်းကွဲလှခင်ကို ဆိုင်ထွက်စေပြီး မြသစ်ကို လှခင်လုပ်ရမည့်ကစ္စကိုပြောင်းပြီး တာဝန်ယူခိုင်းလိုက်သည်။

မြသစ်မှာ ဆိုင်မထွက်ရရုံမက အပြင်သို့လည်း မထွက်ရတော့ . . .။

ဖခင်ဖြစ်သူကို အလွန်ရိုသေကြောက်ရွံ့ရသည့်အတိုင်း မောင်မိုးနှင့် အဆက်အသွယ် ပြန်လုပ်ဖို့ကို လုံးဝ စိတ်မကူးရဲ။

မောင်မိုးက နည်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်ပေမယ့် ဘယ်လိုမှ အရာမထင် အကြောင်းမထူး ဖြစ်ခဲ့သည်။

မြသစ်ကိုယ်တိုင်ကလည်း မောင်မိုးကို ယတိမပြတ်သေးသော်လည်း စိတ်ကုန်သလို ဖြစ်နေသမို့ မြသစ်ကိုယ်တိုင်ကလည်း ပြန်လည်ဆက်သွယ်ဖို့ မကြိုးစားတော့။ အသည်းနှလုံးကျွဲခတ်သည့်နှယ် ခံစားနေရသူမှာ မောင်မိုး။

မောင်မိုးက မြသစ် မှ မြသစ်။ သူငယ်ချင်း အလိန်နှင့် တိုင်ပင်ပြီး ဖြစ်နိုင်သမျှသော နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးစားကြည့်သည်။

ဘယ်လိုမှ အကြောင်းထူးမလာ။

စိတ်မထိန်းနိုင်သူ မောင်မိုးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူဆုံးဖြတ်လိုက်သည်က သူ့ဘ၀ကို ကပြောင်းကပြန် ဖြစ်သွားကြမည်။ ဆုံးဖြတ်ချက်အမှား။

သူငယ်ချင်း အလိန်က တားသေးသည်။

မရ. . . ။

တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဟောဟောဒိုင်းဒိုင်း လုပ်တတ်သည့် စရိုက်အခြေခံရှိသူ မောင်မိုးက စဉ်းစားတွေးခေါ်မှုပိုင်းတွင် အားနည်းသည်။

သူပြုလုပ်သည့်အကြောင်းကနေ တန်ပြန်လာမည့်အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားတတ်သူမဟုတ်။

သူက တုံးဆိုတိုက်၊ ကျားဆို ကိုက်သမား။

လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ မတူညီသည့်ကွာခြားချက်မှာလည်း ဒါပဲ ဖြစ်၏။ လမ်းမတော်ဖိုးတုတ်က ခေါင်းသမား။ မကောင်းမှုပြုပေမယ့် အတွေးအခေါ်ရှိသည်။ စဉ်းစားချင့်ချိန် ပိုင်းခြားဝေခွဲမှုရှိသည်။ သူများဟာကို ကျူးကျော်တော့မည်ဆိုလျှင် ကိုယ့်ဟာကိုယ်လုံအောင် ထိန်းသည့် ပြင်ဆင်မှု လုပ်တတ်သည်။ ဗိုလ်တထောင်ငမိုးက ရှူးရှူးဒိုင်းဒိုင်းသမား။ လုပ်တော့မည်ဆိုလျှင် ဘာကိုမှ မစဉ်းစား။

အုပ်တံတိုင်းမှန်းသိလျက် ခေါင်းနှင့် တိုက်ရမည်ကို နောက်မတွန့်တတ်သူ။ ဒါကြောင့်လည်း လူမိုက် သက်ဆိုးမရှည်။

ခုကိစ္စတွင် အခွင့်အရေးပေါ်လာမည့် အချိန်ကို စောင့်သင့်ပါလျက် မစောင့်။ သူလုပ်ချင်တာကို ဇွတ်လုပ်လိုက်သည်။

အုပ်တံတိုင်းကို ခေါင်းနှင့်ပြေးဆောင့်လိုက်သည့် အဖြစ်။

ကျည်ဆန်လာမည့် လမ်းကြောင်းကို ရင်ဘတ်နှင့် ထိုးခံလိုက်သည့် အဖြစ်။

တစ်နေ့ . . .။

ရထားလုံးတစ်စီးငှားပြီး မြသစ်ကို အိမ်ပေါ်မှာ အတင်းတက်ဆွဲသည်။ မြသစ်ဦးလေး ဦးတင်မောင်က ၀င်ရောက် ထားဆီးခဲ့ရာ မောင်မိုးက အသင့်ဆောင်လာသည့် ဓားမြှောင်ဖြင့် ထိုးထည့်လိုက်သည်။

ဦးတင်မောင် ပုံလျက်သား လဲကျသွားသည်။

မြသစ်လည်း ဓားသွားအဖျား ခတ်ခံလိုက်ရသည်။

အိမ်တွင်းရှိနေသူများ ကြောက်လန့်တကြား အောင်ဟစ်သံများကြောင့် အိမ်နီးပါးချင်းများ ၀ိုင်းလာကြသည်။

မောင်မိုးက မဆိုင်သူမကပ်နှင့်ဟု ဓားတ၀င့်ဝင့်ကြိမ်းမောင်းပြီး ထွက်ခဲ့သည်။ မည်သူမျှ အနားမကပ်ရဲကြ။

ပုလိပ်တွေက မောင်မိုးတို့ အိမ်လာဝိုင်းသော်လည်း မောင်မိုးကို မမိ။

မောင်မိုးကလည်း အဖမ်းမခံ။ တိမ်းရှောင် ပုန်းအောင်နေခဲ့သည်။

သူငယ်ချင်းဖြစ်သူ အလိန်ကလည်း အစစအရာရာ အကူအညီပေးခဲ့သည်။ မောင်မိုးကျူးလွန်လိုက်သည့်အဖြစ်မှာ သေးသေးကွေးကွေးအမှု မဟုတ်။ အဲ့သည့်ခေတ်အချိန်ကာလ ဖြစ်တောင့်ဖြစ်ခဲ အမှုကြီး စာရင်းဝင်သည်။ ဓားထိုးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အလိုမတူသော မိန်းကလေးတစ်ဦးကို အဓမ္မ လက်ရောက်ဆွဲမှု။

၃၂၆ ၊ ၃၇၆၊ ၄၅၂။ နောက်ထပ်တိုးလာသည်က ၀ရမ်းပြေးမှု။

ဗိုလ်တထောင်ပုလိပ်ဌာနတစ်ခုလုံး ယောက်ယက်ခတ်ကုန်သည်။ အလုပ်ရှုပ်ကုန်သည်။ မောင်မိုးတိမ်းရှောင်နေသည်မှာ လေးလရှိပြီ။

သူနှင့်ပတ်သက်သည့် ကောလဟလသတင်းများကလည်း ဟုတ်တာ တွေရော၊ မဟုတ်တာတွေပါ ရောပြွမ်းထွက်လာသည်။

တုတ်၊ ဓားပြီးသည်။ ကျည်လွဲသည်။ ကိုယ်ပျောက်သည် . . . စသည့် ကောလဟလ သတင်းများဖြင့် မောင်မိုးအမည်ကို ထင်ပေါ်လာစေခဲ့သည်။

နောင်ဗိုလ်တထောင်ငမိုးဟူ၍ နာမည်ကြီး လူမိုက်ဖြစ်လာစေရန် ဤသို့မှ အစပျိုးခဲ့သည်။

ဗိုလ်တထောင်ငမိုး အမည်ဖြင့် လူမိုက်လောကတွင် နာမည်ကြီးလာသော်လည်း ဗိုလ်တထောင်ငမိုး၏ ရပ်ကွက်နေ လူထုအပေါ် စော်ကား မော်ကား မလုပ်ဘဲ ရပ်ကွက်ကို စောင့်ရှောက်ခဲ့သောကြောင့် လူချစ် လူခင် များခဲ့သည်။

ဒါပေသိ မြန်မာ့အလင်းအယ်ဒီတာ ဆရာသင် အား သတ်သည့်လူသတ်မှုကို ကျူးလွန်လိုက်သောအခါတွင်မူ လူထု၏ အော့နှလုံးနာ ရွံမုန်းကြီးကို ခံလိုက်ရသည်။ တကယ်တော့ ကိုမိုးက ဆရာသင် ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူမသိ။

သူက ကျေးဇူးရှင်အဖြစ်ယုံကြည်ကိုးစားထားသော ပုဂ္ဂိုလ်၏ခိုင်းစေချက်ကြောင့် ထိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်၏

သူ၏ တွေးခေါ်မြှော်မြင်မှုအားနည်းချက်ကြောင့် ထိုပြစ်မှုကြီးကို တဇောက်ကန်း ကျူးလွန်ခဲ့ရာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြင့် တစ်ကျွန်းသို့ ရောက်သွားခဲ့သည်။

တရားခံတစ်ယောက်ကို ပြစ်ဒဏ်ချမှန်ပြီးမှ တရားရုံးတွင် အမှုကို တစ်ဖန်ပြန်လည်စစ်ဆေးရသည့် မှုခင်းဟူ၍ အင်္ဂလိပ်လက်ထက်က ဗိုလ်တထောင်ငမိုး၏အမှုတစ်ခုသာ ရှိခဲ့ကြောင်း မှုခင်းရာဇ၀င်တွင် မှတ်တမ်းတင်ခဲ့သည်။

ဆရာသင်သတ်မှုတွင် အသွားစေခိုင်းသူက ဘာမှ မဖြစ်ဘဲ အစွယ်ဖြတ်သွားသူက ပြစ်ဒဏ်ထိခံခဲ့ရသည်။

တရားသည် မတရားသို့နှယ် ဖြစ်ရှိသွား၏။

တရားချိန်ခွင်လျှာသည် အလှည့်အပြောင်း လမ်းကြောင်းက အဓိကတရားခံဖြစ်သည့် အသွားစေခိုင်းသူကို တရားခွင်သို့ ပြန်တင်ခဲ့သောကြောင့် အစွယ်ဖြတ်သူမုဆိုးမှာ ကျွန်းဒဏ်မှ လွတ်မြောက်သွားသည်။

လူမိုက်ဘွဲ့ခံထားသည့် ဗိုလ်တထောင်ငမိုးနှင့် လမ်းမတော် ဖိုးတုတ်တို့ နှစ်ယောက်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက ရန်ကုန်မြို့တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြသူ နှစ်ယောက်ဖြစ်၏။

နှစ်ယောက်စလုံး လက်ဖျားငွေသီး ခဲ့ကြသည်။

လမ်းမတော်ဖိုးတုတ်က ဗိုလ်တထောင်ငမိုးထက်ပို၍ ၀င်ငွေလမ်းဖြောင့်ခဲ့သည်။

ထိုစဉ်ကာလက လမ်းမတော် ဖိုးတုတ်၏ တစ်လ၀င်ငွေ ဘယ်လောက်ရှိသည်ကို လမ်းမတော်ဖိုးတုတ်မှတစ်ပါး မည်သူမှ အတိအကျ မပြောနိုင်။

သို့တစေ အနီးကပ်ဆုံး ခန့်မှန်းသည်မှ ထွက်လာသည့် အဖြေမှာ . .

တစ်လသုံးထောင်ထက် နည်းလိမ့်မည် မဟုတ်ဟု တွက်ချက်ခန့်မှန်းကြသည်။

လမ်းမတော်ဖိုးတုတ်၏အပိုင်းမှာ လောင်းကစားဝိုင်းကြီးတွေ နေ့စဉ်လုပ်သည့် ဟိုတယ်များ၊ ဘိန်းခန်းအသေးအကြီးပေါင်းစုံနှင့် ကုန်စို ကုန်ခြောက် အကြီးအကျယ် အရောင်းအ၀ယ်လုပ်သည့် ပွဲရုံကြီးများ၊ မြန်မာတစ်ပြည်လုံး အရက်နှင့် အပေါင်ဆိုင်လုပ်ငန်းကို ချုပ်ကိုင်ထားသည့် လိုင်စင်စီကြီးများ၊ သိမ်ကြီးဈေး၊ သံဈေးလို အရောင်းအဝေယ် ဖွံ့ဖြိုးသည့်လုပ်ငန်းများ ရှိကြသည်။

အဲဒီလုပ်ငန်းတွေကရသည့် ဆက်ကြေးဝင်ငွေအပြင် ကြည့်မြင်တိုင် - စက်ဆန်းပြေးဆွဲနေသည့် ဘတ်(စ်)ကားများ၊ ဟိုတယ်နှင့် ကစားဝိုင်းများတွင် ဂိတ်ထိုးသည့် တက်(ခ်)စီ စတန်းများ ထံ၌လည်း နေ့စဉ် ဆက်ကြေးဝင်ငွေရသည်။

အခြား အမည်မဖော်နိုင်သော လုပ်ငန်းအမျိုးမျိုးက လစဉ်ရသည့် ဆက်ကြေးဝင်ငွေများလည်း ရှိသည်။

တစ်လ သုံးထောင်လောက်ရသည့် ၀င်ငွေမှာ ဖြစ်နိုင်လောက်သည်ဟု တွက်ချက်မှု ကိန်းဂဏန်းထွက်ခဲ့သည်။
ရွှေဒင်္ဂါးတစ်ပြား တစ်ဆယ့်ခြောက်ကျပ်၊ တစ်ဆယ့်ရှစ်ကျပ် ခေတ်လောက်က ဖိုးတုတ်၏ ၀င်ငွေ သုံးထောင်ခန့်ရှိသည်ဟု ဆိုကြရာ အတော်များသည့် ငွေကြေးဟု ဆိုနိုင်၏။

သို့တစေ ထိုမျှသောငွေကြေးများကို သူတစ်ယောက်တည်းက သပိတ်ဝင် အိတ်ဝင် ရသည်တော့မဟုတ်။

သူက ခေါင်းကိုင်အဖေ ဂေါ့ဖားသားဆိုတော့ တပည့်တပန်းများ၏ စားဝတ်နေရေးကို သူကလုံးဝတာဝန်ယူထားရသည်။

သူက ဆက်ကြေးရသလို သူက ပြန်ပေးရသည့် ဆက်ကြေးအမျိုးမျိုးလည်းရှိပြန်သည်။

အဲ့ဒီ သူက ပြန်ပေးရသည့် ဆက်ကြေးငွေပမာဏမှာ ရာဂဏန်းမဟုတ်၊ ထောင်ဂဏန်းအထိ စာရင်းပေါက်သည်။

ရာဇ၀တ်မှုများလိုက်ရာတွင် နာမည်ကြီးသည့်ရှေ့နေ့ကြီး ပန်ကာ ဦးအေးကို အမှုလိုက်ခအပြင် ဥပဒေရေးရာကိစ္စ အကြံပေးရသည့်အတွက် လစဉ် ပုံမှန်ဝင်ငွေလည်း ပေးထားရသည်။ မနည်းပါ။

တကယ်တော့ လမ်းမတော်ဖိုးတုတ် က ဆင်သတ်ရသည့် နာမည်ကို ခံရတာပဲရှိသည်။

ဆင်တကောင်လုံးကို သူကမရ။ ဆင်သတ်ပြီး အရပ်ဝေနေရသူ။

အဲ့ဒီလို ရက်ရက်ရောရောဝေနိုင်လို့လည်း ဥပဒေအပြင်က လူဖြစ်နေပါလျက် ဥပဒေ၏ အဆုံးအမကို မခံရဘဲ ကင်းလွတ်ခွင့်ရနေခြင်းဖြစ်၏

အမှုလိုက်ရဲအင်စပတ်တော် ဦးဟုတ်ဂွမ် သတ်မှုနှင့် ထောင်ထဲ ခဏ၀င်ရသည့်ကလွဲလို့ အုပ်ရိုးအတွင်း လူအဖြစ် အနေမကြာခဲ့ရ။

လမ်းမတော်ဖိုးတုတ်က ခေါင်းသမား။

ရှေ့နေကြီးတစ်ယောက်ကိုပင် သူ့အတွက် အကြံပေးအဖြစ် လစာပေး၍ လက်တွဲထားခဲ့သည်။ ဗိုလ်တထောင်ငမိုးက ခေါင်းသမားမဟုတ်။

ရှူးရှူးဒိုင်းဒိုင်း စိတ်ထင်သလို တုံးဆိုတိုက်၊ ကျားဆိုကိုက် ခဲ့သည်ကြောင့် အုတ်ရိုးအပြင်မှာထက် အုတ်ရိုးအတွင်းမှာ အနေများခဲ့ရသည်။

နောက်ဆုံး တစ်ကျွန်းသို့ပင် သွားခဲ့ရသည်။

အဲ့ဒီလောက်ဆို သူတို့နှစ်ယောက် ခေတ်ရေစီးကြောင်းအရ ထင်ပေါ်သူဖြစ်ရပ်ဖြစ်ကြောင်း ဖော်ပြချက် ပြည့်စုံလောက်ပါပြီ။

သူတို့နှစ်ယောက်၏ ဘ၀နိဂုံးဇာတ်သိမ်းပိုင်းကို ဆက်လက်ဖော်ပြရပါမည်။ သို့မှသာ မကောင်းသော ပြုလုပ်မှုဖြစ်စဉ်နှင့် ယှဉ်တွဲခဲ့ဖူးသူများ၏ ဘ၀နိဂုံးအဆုံးသတ် ဘယ်သို့ ရှိသည့်ပုံရိပ်ပေါ်လာမည် ဖြစ်ပါသည်။ မကောင်းမှုပြုခြင်း၏ တုံ့ပြန်မှု အကျိုးသက်ရောက်မှုမှာ တမလွန်အထိမစောင့်ဆိုင်း။ ပစ္စုပ္ပန်တည့်တည့်ကြီးမှာပင် မကောင်းသော တုံ့ပြန်အကျိုးကို ပေးတတ်၏။ အရာရာတွင် တုံ့ပြန်မှုဟူသည် ရှိစမြဲ။

ကောင်းသောလမ်းကို လျှောက်လျှင် ကောင်းသောလမ်းဆုံးသို့ ရောက်မည်။ မကောင်းသောလမ်းကို လျှောက်လျှင် မကောင်းသောလမ်းဆုံးသို့ ရောက်မည်။ ဤသည်မှာ နိယာမစစ်မှန်သော သဘာဝတရားပင်။

ကျွန်းပြန်ကြီး ဦးမိုးမှာ ထောင်က လွတ်လာပြီးနောက် စိတ်ရောကိုယ်ပါ ပြောင်းလဲ သွားသည်။

ကျွန်းပြန်ကြီးဟူသော နာမည်တစ်လုံးထပ်တိုးပြီး တပည့်တပန်းတွေက သူ့ကို ယခင်ပုံစံအတိုင်း ဆက်ဆံကြသည်။ ငွေကြေးထောက်ပံ့ပေးသူတွေကလည်း ယခင်အတိုင်း အပေးအကမ်း ရှိလာသည်။ သို့တစေ ဦးမိုးက တပည့်တပန်းတွေ ချဉ်းကပ်လာသည်ကိုလည်း ခေါင်းခါလိုက်သည်။

အပေးအကမ်းရှိလာသည်များကိုလည်း လုံးဝ ငြင်းပယ်လိုက်သည်။

အသက်အရွယ်ထောက်လာပြီကတစ်ကြောင်း၊ လာလမ်းဆိုပေမယ့် ပြန်လမ်းကောင်းရန် ကြိုးစားရတော့မည်ကို ထဲထဲဝင်ဝင် အသိတရားရလာသည်က တစ်ကြောင်းတို့ကြောင့် အတိတ်ကို ပြည်ဖုံးကားချ၍ အနာဂတ်လမ်းကြောင်း အကောင်းဘက်သို့ ဦးတည်ရန် ယတိပြတ်ဆုံးဖြတ်လိုက်သည်။

နှမဖြစ်သူ ဒေါ်အေးမြထံတွင် မှီခိုနေထိုင်ပြီး ပူလောင်သော စည်းဝိုင်းကနေ အေးသက်သော စည်းဝိုင်းထဲသို့ ၀င်ရန် ကြိုးစားလိုက်သည်။

ပိတ်ဖြူအင်္ကျီ၊ ပိတ်ဖြူလုံချည် ၀တ်လျက် စိပ်ပုတီးကို လက်ကမချဘဲ သိမ်ကုန်းကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် သီတင်းသုံးရာ ရန်ကုန်ကျောင်းတိုက်တွင် အနေများလာသည်။

ဆရာတော်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ရင်း ဆရာတော်၏ အဆုံးအမ၌ တည်ငြိမ်ရင့်ကျက်လာသည်။

မကောင်းတာမှန်သမျှကို စွန့်၍ ကောင်းတာမှန်သမျှကို လုပ်ကိုင်နေထိုင်ခဲ့ရာမှ ကိုရင်ကြီး စည်းပါရစေဟု ဆရာတော်ထံ ခွင့်ပန် လျှောက်ထားခဲ့သည်။

ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ကိုရင်ကြီးအဖြစ် ဆရာတော်၏ခြေတော်ရင်းမှာပင် ဆရာတော်၏အဆုံးအမတွင်တည်၍ နေထိုင်ခဲ့သည်။

credit;kyaw Mya than
(ဆက်လက်ဖော်ပြပါမည်)
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
  ref:https://www.facebook.com/MyanmarNewsUpdates

Monday, April 1, 2013

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၂)

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၂) ***************************
(ဗိုလ်တစ်ထောင် ငမိုးအကြောင်းပါဝင်သည်)

အဲဒီတုန်းက တပည့်တပန်းအားကိုးနှင့် လုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်ကိုယ်တော် ကြဲခဲ့ခြင်းဖြစ်၏။
...
ထိုစဉ်က လမ်းမတော်အပိုင်မှာ နာမည်ကြီးနေသည့် မြန်မာလူမိုက်ကြီးတစ်ယောက်ရှိသည်။

ပုဏ္ဏားဘကွန်း။ ပုဏ္ဏားဘကွန်းက ကိုယ်တိုင်လည်း ဇ ရှိသည်။ တပည့်တပန်းအင်အားလည်း ကောင်းသည်။ အဲ့ဒီအချိန် ကိုဖိုးတုတ်မှာလည်း တပည့်တပန်း အသင့်အတင့်ရှိနေပြီ။ ပုဏ္ဏားဘကွန်းလောက်တော့ အသိုင်းအ၀ိုင်းမကောင်းသေး။ ပုဏ္ဏားဘကွန်းမှာ မတ်စတီးခန်းနှင့် လက်ဝါးချင်း ရိုက်ထားသူ။ ဒါကြောင့် ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းကို ရှင်းပစ်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ပုဏ္ဏားဘကွန်းကို မရှင်းလျှင် နယ်မြေတစ်နယ်မြေတည်းမှာ ဗိုလ်နှစ်ဗိုလ်ဖြစ်နေမည်။

ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်အောင်ရိုး ထုံးစံမရှိ။ ကိုဖိုးတုတ်က စတင်၍ စိန်ခေါ်လိုက်သည်။ ပုဏ္ဏားဘကွန်းက ကျ လူ။ ကိုဖိုးတုတ်က တက် လူ။

တစ်နေ့ . . .

ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းနေသည့် ဆယ့်တစ်လမ်းထဲသို့ တစ်ယောက်တည်းဝင်သွားပြီး ပုဏ္ဏားဘကွန်းအိမ်ရှေ့တည့်တည့်မှာ ရပ်လိုက်သည်။

"ပုဏ္ဏား ဘကွန်း အောက်ကိုဆင်းခဲ့၊ ကျုပ်တစ်ယောက်တည်း လာတယ်။ ခင်ဗျားလည်း တစ်ယောက်တည်း ဆင်းခဲ့။ ခင်ဗျားနဲ့ ကျုပ် သွေးစမ်းရအောင် "

သုံးခါတိတိ ခေါ်သည်။

ပုဏ္ဏားဘကွန်းကား ဆင်းမလာ။
တကယ်တော့ ပုဏ္ဏားဘကွန်းကလည်း သွေးနီသူ တစ်ယောက်ပါ။ ဒါပေသိ ရုတ်တရက်မမျှော်လင့်သောဖြစ်ရပ်ကြောင့် ရုတ်တရက်ဘာလုပ်ရမည် မဆုံးဖြတ်နိုင်ဘဲ ကြောင်သွားခြင်းဖြစ်၏။
ကျလူနှင့်တက်လူဆိုသည်ကလည်း ခြေလှမ်းများကို တုံ့ဆိုင်းသွားစေခဲ့သည်။

သုံးကြိမ်တိတိခေါ်လို့ ဆင်းမလာသည့်အဆုံး . . .

"ခင်ဗျားကြီး လူမိုက်ပုဏ္ဏားဘကွန်းမှ မဟုတ်ဘဲ၊ ဆန်တောင်းတဲ့ ပုဏ္ဏားပဲ။ လမ်းမတော်အပိုင်မှာ လူမိုက်က ခင်ဗျား မဟုတ်တော့ဘူး။ ကျုပ်ဖြစ်သွားပြီ။ ဒီကနေ့ကစပြီး ကျုပ်နာမည် လမ်းမတော် ဖိုးတုတ် "
အဲဒီလို အပြတ်ပြောပြီး ခပ်အေးအေးပင် ပြန်ထွက်ခဲ့သည်။

ထိုဖြစ်စဉ်သတင်းမှာ လမ်းမတော်နယ်မြေတွင် ချက်ချင်းပျံ့ကားသွားသည်။ တဆင့်စကားက နိယာမထုံးစံအတိုင်း ဖြစ်စဉ်ထက်ပို၍ ကျယ်ကားသွားသည်။ အဲ့ဒီကစပြီး လမ်းမတော်ဖိုးတုတ်ဆိုသည့် လာမည်တစ်လုံး ဟိန်းထွက်လာခဲ့သည်။ လူမိုက်သွေးကြွ၊ ဇ ရှိသူတွေ သူ့ထံ ဗိုလ်ဝင်ခံလာကြသည်။ အဲ့ဒီအချိန်က လမ်းမတော်ဖိုးတုတ်နှင့် မရှေးမနှောင်းခေတ်ပြိုင် နာမည်ထွက်လာသူမှာ ဗိုလ်တထောင် ငမိုး။ ဗိုလ်တထောင်ငမိုးကလည်း ခေသူမဟုတ်။ မိုက်သွေးကြွသည့် နေရာတွင် ဇကြီးသူဖြစ်၏။

လမ်းမတော်ဖိုးတုန်ခေတ်ထလာသည့်အခါ မတ်စတီးခန်း မှေးမှိန်သွားသလို၊ ဗိုလ်တထောင်ငမိုး ခေတ်ထလာသည်တွင် မန်မဆာနာမည်ပျောက်သွားသည်။ မတ်စတီးခန်း၊ မန်မဆာ ဟူသည့် ကုလားလူမိုက်ကြီး နှစ်ယောက် နာမည်ကျော်ထွက်လာသည်။ နယ်မြေခြင်းက တခြားစီမို့ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းသည့် ပြဿနာမပေါ်။ သူ့နယ်နှင့်သူ တစ်ဗိုလ်တစ်မင်း လွှမ်းမိုးကြီးစိုးခဲ့ကြသည်။ သူတို့နှစ်ယောက် နာမည်ကြီးတာ တူညီပေမယ့် စရိုက်လက္ခဏာချင်းတော့ မတူ။

လမ်းမတော်ဖိုးတုတ်က ကုလားလူမိုက်များ၏ ကြီးစိုးမှုကို မခံချင်သောကြောင့် လူမိုက်လောကထဲသို့ ၀င်ရောက်ခဲ့သူ။

ဗိုလ်တစ်ထောင်ငမိုးက ငယ်စဉ်ဘ၀ အခြေအနေယိုင်နဲ့ခဲ့ရာမှ ထင်ရာစွတ်လုပ်တတ်သော သူ၏ပင်ကိုပါ ညာဉ်ဆိုးကြောင့် လူမိုက်အဖြစ် အသိအမှတ်ပြုခံရသူ။

မောင်မိုး က စနေသား။

မောင်မိုးဆိုသောအမည်မှာ နေ့သင့်နံသင့် မှည့်ခေါ်သည့် "စုဠိ" အမည်မဟုတ်။
ချစ်စနိုးခေါ်ဝေါ်ရာမှ သေရာပါ နာမည်ဖြစ်သွားသည့် "အနတ္တသညာ" အမည်ဖြစ်၏။
ဗိုလ်တထောင်ဘုရားပွဲတွင် နာမည်ကြီးရုပ်သေးပွဲ ကပြနေသည်။
ထိုနေ့ညက ကပြမည်ဟု ကြော်ငြာထားသည့် ဇာတ်ထုပ်မှာ ငမိုးရိပ် မိကျောင်း ဇာတ်ထုပ်။
ရွှေပွဲလာ ပရိသတ်တို့အလွန်စွဲမက် ကြိုက်နှစ်သက်သည့်ဇာတ်ထုပ်။
နေ့စေ့ လစေ့ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရသူ မဗုံဗုံမှာ ခင်ပွန်းဖြစ်သူနှင့် အိမ်နီးချင်း မိတ်ဆွေသင်္ဂဟများ တားမြစ်သည့်ကြားထဲက ၀ါသနာကို မတားနဲ့တော့ရှင်၊ မဗုံဗုံမှာ ပွဲခင်းထဲသို့ ရောက်နေခဲ့သည်။

ရှင်ဘုရင်နှင့် ၀န်ကြီးများ တိုင်းပြည်တည်ပြီး ကြပြီ။
ဗိုက်ထဲက တစစ်စစ်နာလာပေမယ့် မဗုံဗုံက အိမ်ပြန်ဖို့ လုံးဝစိတ်မကူး။
အဲသည့်အချိန် ခင်ပွန်းဖြစ်သူ ကိုဖိုးခင် ပွဲထဲသို့ ရောက်နေသည်။
သို့စေကာမူ သူတို့နှစ်ယောက်မှာ တစ်ကွဲတစ်ပြားစီ ရှိနေကြသည်။
ငမိုးရိပ်မိကျောင်းက လူယောင်ဖန်ဆင်းလျက် ရေခင်းသူမယ်ပွင့်နှင့် တွေ့ပြီး ကြည်နူးဆွတ်ပျံ့ဖွယ်ရာ နှလုံးသားစကားထာ ဖွဲ့နေချိန်အရောက် မဗုံဗုံဗိုက်ထဲက ကျွမ်းသူပုန်ထလာသည်။

မဗုံဗုံက ဇွဲတင်းကြည့်သေးပေမယ့် ပွဲခင်းထဲမှာ ဆက်နေလို့ မရတော့။
အဖော်များ အကူအညီနှင့် အိမ်ကို အသော့ ပြန်နှင်ခဲ့ရသည်။
အိမ်အရောက် ရေမြွာပေါက်ပြီး သားယောင်္ကျားလေး တစ်ယောက် လူ့ပြည်ရောက်လာသည်က စနေနေ့သို့ အ၀င် မနက်သုံးနာရီ။
ကိုဖိုးခင်မှာ အိမ်ပြန်မရောက်သေး။ ပွဲခင်းထဲမှာပင် ရှိနေသေးသည်။

ငမိုးရိပ်ဇာတ်ထုပ်ထဲမှ . .

"မောင်ကြီးရဲ့ နှမလေးတို့ တစ်ယောက်နဲ့တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်သူတွေ ဖြစ်ကြပေမယ့် မောင်ကြီးရဲ့ မျိုးရိုးဇစ်မြစ်ကို နှမလေးမသိသေးသမို့ နှမလေး သိပါရစေလားရှင် "
"နှမလေးသိချင်လှမှတော့ မောင်ကြီးက မပြောဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြောရတော့မှာပေါ့။ မောင်ကြီးက ဟောဒီ ဗိုလ်တထောင် ခြင်ထောင်တန်းက ကျောက်ကုန်သည် မောင်မိုးပါ နှမငယ် "
အမှန်တော့ မင်းသားကြိုးဆွဲပြောလိုက်သည်မှာ ဇာတ်စကား မဟုတ်ပါ။

ဗိုလ်တထောင်တွင် ကပြနေသည့်ပွဲဖြစ်သမို့ ဗိုလ်တထောင် ပွဲကြည့်ပရိသတ်အကြိုက် ထွင်လုံးထုတ်၍ ဗိုလ်တထောင်ခြင်ထောင်တန်းက မောင်မိုးပါတဲ့ ဟု ပြောလိုက်ခြင်းဖြစ်၏။
ထိုအချိန်တွင် မဗုံဗုံမီးဖွားသတင်းပြောဖို့ ကိုဖိုးခင်ကို လာရှာသူနှင့် ကိုဖိုးခင်တို့ တွေ့ပြီး ကိုဖိုးခင် အိမ်ပြန်လိုက်လာသည်။
သားယောင်္ကျားလေးဆိုကတည်းက ကိုဖိုးခင်က သူ့သားနာမည်ကို ရွေးပေးလိုက်သည်။ အနွတ္တသညာနာမည်။
လူမိုက်ဟု အများက အသိအမှတ်ပြုလာသောအခါ ကိုတို့ ဦးတို့ ထပ်ကမတပ်ဘဲ စရိုက်နှင့် ညီထွေစွာ ဗိုလ်တထောင် ငမိုးဟု ခေါ်ခဲ့ကြသည်။

မောင်မိုးက ရုပ်ရည် ကြည်လင်သန့်ပြန့်သည်။
လူချောကြီးဟု မဆိုသပေမယ့် နှစ်လိုဖွယ်ရာ အဆင်းအင်္ဂါနှင့်ပြည့်စုံ၍ လူရည်သန့်သည်။ သတ္တိကောင်းသည်။ မဟုတ်မခံစိတ်ရှိသည်။
မတရားမှုကိုတွေ့လျှင် ကိုယ်နှင့် ဆိုင် ဆိုင် မဆိုင်ဆိုင် ပါဝက်ပတ်သက်တတ်သည်။ ဒါက ကိုမိုး၏ ပင်ကို စရိုက်။
ကိုမိုးက လမ်းမတော် ဖိုးတုတ်လို လူမိုက်လုပ်ဖို့ ရည်ရွယ်ချက် လည်းမရှိ။ အများက လူမိုက်အဖြစ် အထင်ရောက်လာသည့် အပြုအမူမျိုးကိုလည်း မလုပ်ခဲ့။ လူမိုက်သွင်ပြင် ဟန်ပန်လည်း မဆောင်ခဲ့။
လူငယ်ဘာဝ ချစ်သူအတွက် မခံချင်စိတ်ဖြင့် တဇွတ်ထိုး၊ တဇောက်ကန်း၊ လုပ်မိခဲ့ရာမှ လူမိုက်ဟု အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီး မကောင်းသော ဘ၀လမ်းကြောင်းပေါ်သို့ ရောက်ခဲ့ရ၊ လျှောက်ခဲ့ရသူဖြစ်၏။
မိခင်ဖြစ်သူက ဘိုကလေးဈေးထဲမှာ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက် ဆိုင်ဖွင့်ထားသည်။
မောင်မိုးက မိခင်ဖြစ်သူထံသွားရင်း ဈေးထဲသို့ မကြာခဏရောက်သည်။

မမြသစ်တို့ သားအမိက ဆန်တန်းမှာ ဆန်ရောင်းသည်။

မိခင်ဖြစ်သူ၏ဆိုက်ကိုသွားတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်သန်းရစမြဲ ရှိသည်။
ကိုမိုးကို တန်းတန်းစွဲခင်မင်သည့် စိတ်တူကိုယ်တူ ရင်ဘတ်ပေးပေါင်းသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။
ဘဦး ခေါ် အလိန်။ အလိန်က သူဌေးသား။ မိဘတွေက ချမ်းသာသည်။ နိုင်ငံခြားပို့ ဆေးပြင်းလိပ်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာခဲ့ကြသည်။
စစ်မဖြစ်မီကာလက ထိုလုပ်ငန်းမှာ ပေါ့ပေါ့သေးသေး လုပ်ငန်းမဟုတ်။ လုပ်ငန်းကြီး စာရင်းထဲ ၀င်သည်။
နိုင်ငံခြားမှ စီးကရက်ကို လူတိုင်း ဖောဖောသီသီ သောက်နိုင်သော်လည်း ဆေးပြင်းလိပ်ကိုမူ လူတစ်ရာမှာ ဆယ်ယောက်လောက်သော်မှ ပုံမှန်မသောက်နိုင်ကြ။

လုပ်ငန်းရှင် သူဌေးကြီးများသာ သောက်နိုင်ကြသည်။
အလိန့်မိဘများပို့သည့် ဆေးပြင်းလိပ်များမှာ ရောင်းတန်းဝင်၍ လူကြိုက်များပြီး ဈေးကောင်းရသည်။
အလိန်က သွေးချင်းလေးယောက်တည်းမှာ တစ်ဦးတည်းသော ယောင်္ကျားလေး၊ သူ့ကိုမွေးပြီး စီးပွားပိုတတ်လာသောကြောင့် အရမ်းအလိုလိုက်ထားသည်။ ရွှေလက်ပတ်ကြိုး၊ စိန်လက်စွပ်၊ ရွှေကြိုးကိုပင် အရွယ်နှင့် မလိုက်အောင် ဆင်ပေးထားသည်။ မုန့်ဖိုးဆိုလည်း လက်ဝါးဖြန့်တိုင်း ရနေသည်။
အဖေကတလှည့်၊ အစ်မနှစ်ယောက်က တစ်လှည့်ဖြင့် အလျှံပယ် ရနေသည်။ ရှေးရေစက်ကြောင့်လားမသိ။ အလိန်က မောင်မိုးကို အရမ်းခင်သည်။ တန်းတူ ရည်တူ ပေါင်းသည်။ အ၀တ်အစားကအစ မောင်မိုးကို ၀ယ်ခြမ်းပေးသည်။ မောင်မိုး လူမိုက်မဖြစ်ခင်ကတည်းကပင် သူတို့နှစ်ယောက် ပေါင်းသင်းမှု မှာ ခိုင်ကြည်ခဲ့သည်။

မောင်မိုးကို တစ်ယောက်တည်း မတွေ့ရတတ်သလို၊ အလိန်ကိုလည်း တစ်ယောက်တည်း မတွေ့ရတတ်။
သူတို့နှစ်ယောက်မှာ အမြဲတမ်း တပူးတွဲတွဲ ရှိကြသည်။
မောင်မိုး မမြသစ်တို့ ဆိုင်ရှေ့ ဖြတ်သွားတိုင်း မကြာခဏဆိုသလို မျက်လုံးချင်း ဆုံချိန်ခဲ့ရာမှ သွေးသစ်တက်စ မမြသစ်၏ ရုပ်ပုံလွှာမှာ မောင်မိုး၏ မျက်စိထဲတွင် စွဲထင်သွားသည်။
တစ်ယောက်က လူပျိုပေါက်စ၊ စိတ်ကစားတတ်စအရွယ်၊ တစ်ယောက်က အပျိုဖျန်း၊ စိတ်သဝေထိုးတတ်စအရွယ်။
မမြသစ်ကလေးက အချောအလှကြီး မဟုတ်ပေမယ့် ဖြူဝင်းသော အသား၊ အပြုံးလှသော သွားတတ်ကလေးနှင့် ရိုးရိုးယဉ်ယဉ် အလှရိပ်ထင်သည်။

မောင်မိုးကလည်း ရုပ်ရည်မခေ။
လူချောတစ်ယောက်မဟုတ်ပေမယ့် မိန်းကလေးတို့ စိတ်ဝင်စားသည့် ရုပ်ဆင်းအင်္ဂါ ပြည့်စုံသည်။
အလိန်ကလည်း မောင်မိုးကို တင့်တယ်လျောက်ပတ်သော အဆင့်ထက်သာလွန်သည့် ၀တ်စားဆင်ယင်မှုကို ပံ့ပိုးပေးရုံမက ရိုးကုန်တိုက်မှာရောင်းသည့် ဆယ့်လေးကျပ်တန် အယ်လ်ဂျင် ရွှေရောင် နာရီကလေးတစ်လုံးကိုပါ ၀ယ်ပေးခဲ့သည်။

တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုစကားအတိုင်း မောင်မိုးကလည်း လူလတ်တန်းစား သားသမီးများ ၀တ်ဆင်မှုအဆင့်ကို မီအောင် ၀တ်ဆင်နိုင်ခဲ့သည်။

မောင်မိုးက အခွင့်အရေးရတိုင်း မမြသစ်အပေါ် စိတ်ဝင်စားမှုကို မျက်လုံးအထာနှာင့်တစ်မျိုး၊ နှလုံးသားပုံရိပ်အမူအရာနှင့် တစ်သွယ်၊ စကားပြော အပြုံးအမျိုးမျိုးဖြင့် တစ်ဖုံ ချစ်နေမိကြောင်း သိပါစေကြောင်း ပြသခဲ့သည်။

တစ်ခါတရံသာ နှုတ်ခမ်းစူဝန်းသည်က လွဲလို့ မမြသစ်မျက်နှာ မလွှဲ။

သူမဘက်ကလည်း လိုက်လျော အထာသဘောကို အပျိုဖျန်းကလေးတို့၏အတတ်ပညာဖြင့် တုန့်ပြန်ခဲ့သည်။ ထိုမှတဆင့်တက်၍ ချစ်သ၀ဏ်လွှာပါးသည်။ ဟင့်အင်း အမူအယာ ပြပေမယ့် ဆန်တောင်းထဲက စာခေါက်ကလေးကို လျှင်လျှင်မြန်မြန် လက်ကစား၍ ယူလိုက်သည်။

သူတို့နှစ်ယောက်ကြားမှာ နားလည်မှုအပြည့်အ၀ရှိသွားကြသည့်နောက် မောင်မိုးဆိုင်ရှေ့မှာ ရပ်ခွင့်ရသွားသည်။ နေ့ခင်း ဈေးရောင်းပါးချိန်တွင် မမြသစ်အဒေါ်က အိမ်ခဏပြန်တတ်သည်။ နေ့စဉ်တော့ မဟုတ်။

အဒေါ်ဖြစ်သူ အိမ်ပြန်သောနေ့မျိုးတွင် သူတို့နှစ်ယောက် အပြုံးချင်းချိတ်၍ စကားဖလှယ်ကြသည်။ စကားကြွယ်ကြသည်။

ချစ်တတ်သူတို့ အပေးအယူမျှကြပြီဆိုတော့လည်း ကြည်နူးရွှင်မြူးစရာတွေ အပြည့်အသိပ်ပေါ့။ တစ်ခါတရံတော့လည်း စိတ်သဘောမတွေ့စရာ မကြည်သာစရာ စိတ်အနှောင့်အယှက် ဖြစ်စရာကလေးတော့ ကြားဝင်လာတတ်သည်။

မောင်မိုး ကျောင်းမှန်မှန် မတတ်သည့် ကိစ္စအတွက် မကျေမနပ်ပြောလာသည်။ ဆိုင်ကို မလာဖို့ တားမြစ်စကားပြောလာသည။် သူပြောသည်ကို နားမထောင်ဘဲ တစ်ဘက်လှည့်ပြီး စိတ်ကောက်နေတတ်သည်။

မောင်မိုးကလည်း မောင်မိုးမို့ ပြောစရာ ဖြစ်နေသည်။

(ဆက်လက်ဖော်ပြပါမည်)

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ref:https://www.facebook.com/photo.php?fbid=519347738106880&set=a.445129605528694.104366.439724399402548&type=1