Wednesday, July 11, 2012
၆၅နှစ်မြောက်အာဇာနည်နေ့
အာဇာနည်
ဆယ်စု
ရာစု
ထောင်စု လီလီ
ကျူးသီ ကမ္ပည်း
ကမ္ပည်း မှတ်တိုင်
မှတ်တိုင် သမိုင်း
သမိုင်း မော်ကွန်း
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။
ဇင်ဝေ
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။
အာဇာနည်များ
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်
မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃)ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဒီးဒုတ်ဦးဘချို (၅၄) နှစ်
စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။
သခင်မြ (၄၉) နှစ်
လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။
ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်
မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
ဦးဘဝင်း (၄၆) နှစ်
ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
မန်းဘခိုင် (၄၃) နှစ်
ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
စပ်စံထွန်း (၄ဝ) နှစ်
ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။
ဦးအုန်းမောင် (၃၄) နှစ်
သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S)အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။
ကိုထွေး (၁၈) နှစ်
ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄)ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။
လူသတ်သမားများ
ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့် လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။ သူရိယသတင်းစာကို စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့် သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။
မောင်စိုး (သေနတ်သမား)
မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ် နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ ရင်ခံရသည်။
သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏ အတွင်းရေးမှူးဖြစ်သည်။ ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။
မောင်စိန် (သေနတ်သမား)
ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏ နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
ရန်ကြီးအောင် (သေနတ်သမား)
အသက် (၁၈)နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့် နောက်ဆုံးအချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့် သေနတ်သမားအဖြစ် အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို ဦးစောနှင့် မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။ သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။
ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။ ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။
မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း အသိပေးခံခဲ့ရသည်။
မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။
ဘညွန့်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။ ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ ဦးစော၏အိမ်အတွင်း နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။ သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ) နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။
မှတ်ချက်။ ။
ဦးခင်အောင်ရေးသားသော“ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ”စာအုပ်မှကောက်နုတ်တင်ပြသည်။
Saturday, May 19, 2012
“အမေ”(မင်းအောင်သက်လွင်)
“အမေ”
ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
 နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
 သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
 မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
 နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
 အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
 ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
 လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
 ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။
သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
 အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
 သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
 အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
 သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
 အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
 သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
 သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
 အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
 သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်း​တောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
 အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။
ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
 သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။
သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
 အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
 သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
 သားသမီးသုံးယောက်ပေါင်းပြီး​ ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
 အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ
သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
 ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
 စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။
 ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
 အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ
ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
 ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။
 စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
 အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။
သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
 တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။
သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
 တို့အမေကတော့ တောခြုံမြက်ကြားနား။
 အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
 အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ
အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်
နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
 မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
 တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
 လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်​မှာ
 အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
 ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်​။
အမိမဲ့သား ရေနည်းငါး
 သားဆိုးအမေ တပေပေ
 လင်ဆိုးမယား တဖားဖား
သားကိုသခင်၊ လင်ကို ဘုရား
 မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
 သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
 သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
 သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ
အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
 အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
 အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
 အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
 အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
 အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
 အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။
ဆရာမပြ၊ နည်းမကျ တဲ့၊
 အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
 ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
 ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
 အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
 နောင်တနဲ့ အမေ့သားသမီးတွေ။
အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
 ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
 ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။
မင်းအောင်သက်လွင်
ရင်ခွင်သစ်facebookမှကူးယူဖော်ပြပါသည်။
Thursday, May 17, 2012
ချစ်သုဝေ ( သို့မဟုတ်) မြန်မာ့ အင်ဂျလီနာဂျိုလီ
 ထိုင်းနိုင်ငံ၊ တောင်ပိုင်းဖန်ငဒေသဟာ၂၀၀၄ ခုနှစ်လောက်က အရှေ့တောင်အာရှနဲ့ တောင် အာရှနိုင်ငံတော်တော်များများမှ ထောင်သောင်းချီတဲ့၊ လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီး ဆုံးရှုံးစေတဲ့၊ သန်းပေါင်းများစွာသော လူသားမျိုးနွယ်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ၊့     ကြမ်းတမ်း ခက်ထရော်လှတဲ့ မှော်သားနဲ့ အတိပြီးနေတဲ့ ။
 ဒီလှိုင်းတွေရဲ့  ထိုးစစ်ဒေသ၊
 ဆူနာမီလို ရေအောက် ၀ံပုလွေအန္တရာယ်။
 ဒီလို ရန်ဆူး ရန်စွယ် ထူပြောလှတဲ့ဒေသမှာ သမုဒရာ ၀မ်းတထွာအတွက် လာရောက် အလုပ်လုပ်ကိုင် ရုန်းကန်နေကြရတဲ့ ထောင်၊သောင်းချီတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေလည်း သဘာဝဘေးဒဏ်တွေရဲ့  သားကောင်တွေ ဘ၀နဲ့ ရုန်းကန်ရှင်သန်နေကြရသလို မိုးလေ၀သရဲ့  အတိုက်စားခံ ဓါးစာခံတွေ ဖြစ်ခဲ့ရတဲ့ ပင်လယ်ကမ်းခြေ ဘ၀စာမျက်နှာများရဲ့ လှိုင်းပုတ်သံတွေပါ။
 ၂၀၀၄ ဆိုနာမီမတိုင်ခင်က၊ ဒီဒေသမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် အစပိုင်းကစပြီး ယခုအချိန်အထိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေများစွာ ပေါ်ပေါက်လာခဲ့ပေမဲ့ အများစုဟာ ခုအချိန်မှာ အကြောင်းအမျိုး မျိုးနဲ့  ဆင်းရဲတွင်းက ထွက်ခွာသွားကျပေမဲ့ ခုအချိန်ထိ မြန်မာရွေ့ပြောင်းအလုပ်သမား ကလေးငယ် တွေရဲ့ပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအဖွဲ့အစည်းတစ်ခုကတော့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း။
 ဖောင်ဒေးရှင်းရဲ့  လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံ၊ ဖန်းငဒေသတွင်းမှာ အလုပ်လုပ်ကိုင် နေ ထိုင် ရှာဖွေစားသောက်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ထင်ဟပ် ပေါ်လွင် စေပြီး မြန်မာ့အခြေခံ လူ့အဖွဲ့အစည်းနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးဟာ ကျနော်တို့ လူ့  အဖွဲ့ အစည်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတယ်ဆိုတာကို ပညာပေးရုပ်ရှင် ဇာတ်လမ်း တိုတစ်ကားကို ရိုက်ကူးပုံဖော်တဲ့အခါ။
အဓိက၊ ကလေးသရုပ်ဆောင်များနှင့် ချစ်သုဝေ၊ရဲတိုက်။
ဒီရုပ်ရှင်ဇာတ်လမ်းလေးကို မြန်မာနိုင်ငံက နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ကြီးကြပ်ရိုက်ကူးပြီး စွယ်စုံရအနုပညာရှင်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာမှလည်း ၀န်းရံ ကူညီပံပိုးပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြတဲ့ ရုပ်ရှင်မင်းသားရဲတိုက်နဲ့ အဆို တော် မင်းသမီးချစ်သုဝေတို့ပါ။ သူတို့လေးတွေဟာ အလုပ်တာဝန်တွေများနေတဲ့ကြားက ၊ထိုင်း နိုင်ငံမှာ လာရောက်လုပ်ကိုင် ရုန်းကန် စားသောက်နေကြရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေရဲ့ ပညာရေးအတွက် အနုပညာကြေးမယူဘဲ၊ အခမဲ့ရိုက်ကူးပေးခဲ့တဲ့ မေတ္တာဒါန ပါ။ ရုပ်ရှင်ဇာတ်ကားအကြောင်းကို လာရောက်သတင်းယူခဲ့တဲ့ VOA အကြီးတန်းသတင်းထောက် Mr.Ron Corben ဟာ ရိုက်ကွင်းမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ မင်းသမီးလေးချစ်သုဝေနဲ့  ပတ်သက်ပြီး သူ့ရဲ့အမြင်ကလည်း အံ့သြ၀မ်းသာမှုတွေနဲ့ စိုစွတ်နေပါတယ်။
 “ ကျနော့်အနေနဲ့ နှစ်ပေါင်းများစွာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ၊ နိုင်ငံတကာ က နိုင်ငံရေး၊ခေါင်းဆောင်တွေ၊ လူ့ အခွင့်အရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်ပေါင်း မြောက်များစွာကို၊ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ မြန်မာမင်းသမီးလေး အဆိုတော်ချစ်သုဝေကို အင်တာဗျူးရတာ ကျနော့်အနေနဲ့  တော်တော့်ကို စိတ်လှုပ်ရှားမိပြီး အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ် ဆိုတဲ့ စကားတွေထဲမှာ ရိုးသားတဲ့သံစဉ်တွေ လွင်နေပါတယ်။    ဆက်ပြီး သူ ပြောပြတာက သူမရဲ့စကားလုံးတွေဟာ သူမရဲ့ရင်ထဲက စီးဆင်းကျလာတာပါ။ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ သူမရဲ့ လူမျိုးတွေ နေထိုင်စားသောက် လုပ်ကိုင်နေတာ ကိုယ်တိုင်တွေ့မြင် ခံစားရတော့ သူမအနေနဲ့ ကြေကွဲထိခိုက်ဖြစ်မိပုံရပါတယ်။ ကျနော် လိုက်လံ ကြည့်ရှုခဲ့ဖူးတဲ့ ရိုက်ကွင်းတိုင်းလိုလိုမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့  ရင်းရင်းနှီးနှီး အကျွမ်း တ၀င် စကားပြောဆိုနေတာကို တွေ့ရတတ်သလို အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စ တွေကို မေးမြန်းစူးစမ်းလေ့ရှိပါတယ်။ အလုပ်သမားတွေနဲ့ စကားစမြည်ပြောဆိုပြီးတိုင်း သူမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ အစဉ်တွဲခို နေတတ်ပါတယ်။ သူ့တို့ လူမျိုးအတွက်၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအတတ်နိုင်ဆုံး ကူညီဆောင်ရွက် ဖြည့်ဆည်းပေးချင်ပုံရပါတယ်။ ကျနော် သူမကို လေးစားချစ်ခင်စိတ်နဲ့  မြန်မာနိုင်ငံရဲ့ Angelina Jolie ခေါ်လိုက်ပါရစေ။”
မင်းသမီးချစ်သုဝေကို၊ရိုက်ကွင်းတိုင်းမှာ အနီးကပ် အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက၊ မချစ်စုလှိုင်ရဲ့  ရင်ထဲက ကျသက်လာတဲ့ စကားလေးတွေကလည်း ချစ်သုဝေဆိုတဲ့ မင်းသမီးလေးရဲ့  စာနာမှုပုံရိပ်လေးတွေကို ထင်ဟပ်စေပါတယ်။  “ တိုင်းခြားနိုင်ငံ ထဲမှာ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ကျမတို့အဖွဲ့အစည်းရဲ့လုပ်ငန်းတွေကို၊ ရှင်းပြတိုင်း အလုပ်သမားမိသားစုတွေရဲ့ ဘ၀တွေကို ပြောပြ တိုင်း၊ အမချစ်သုဝေယောက် ထိခိုက်ခံစားရပြီး ကြေကြေကွဲကွဲ၊ မျက်ရည်ကျတတ်ပါတယ်။ မြန်မာ နိုင်ငံထဲမှာ အမ ရနေတဲ့ အနုပညာကြေးတွေ၊ ကျော်ကြားတဲ့ရုပ်ရှင်ဇာမ်းလမ်းတွေကို ဥပက္ခောပြု လစ်လျူရှု၊ လက်လွှတ်အဆုံးရှုံးခံ၊ ထိုင်းနိုင်ငံကို လာရောက်ပြီး အဖွဲ့အစည်းအတွက် ကိုယ်ကျိုးတွေ စွန့် ၊ အနစ်နာခံ လာလုပ်ပေးတာပါ။ အခကြေးငွေမယူဘဲ လာရိုက်ပေးရတာ ပိုပြီး ဝမ်းသာတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့  ပြောပြတဲ့ အမချစ်သုဝေရဲ့  မွန်မြတ်မှုကို ဘယ်သူ သာဓုမခေါ်ခေါ် ခေါ်ခေါ် မြန်မာရွေ့ ပြောင်းမိသားစုတွေရဲ့ သာဓုခေါ်သံတွေကတော့ ပင်လယ်ပြင်မှာ ပဲ့တင်ထပ်နေမှာ သေချာ လှပါတယ်။”
 “ မြန်မာနိုင်ငံက နိုင်ငံကျော်အနုပညာရှင်တွေ၊ ကျနော်တို့ အဖွဲ့အစည်းကို လာရောက်ပြီး အကူ အညီ ပေးတာ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ သူတို့တတွေကို လူသားဆန်တဲ့ အနုပညာရှင်တွေလို့ မြင်ပါတယ်။ အဓိကအားဖြင့် လူငယ်အနုပညာရှင်တွေ အနေနဲ့ မိမိတို့ ကျွမ်း ကျင်တဲ့ အနုပညာနဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေအတွက် အပင်ပန်း အဆင်းရဲခံ၊ အနစ်နာခံပြီး အနုပညာကြေးငွေ မယူဘဲ လာရောက်ကူညီတာဟာ ကျနော် တို့  အဖွဲ့အစည်းကို ကူညီတယ်ဆိုတာထက် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွေ့ ပြောင်းအလုပ် သမား မိသားစုတွေရဲ့  ကလေးငယ်တွေ ပညာရေးအတွက် လာရောက်ပြီး အနုပညာနဲ့  အလုပ် အကျွေး ပြုကြတာလို့ ပဲ ထင်မြင်ယုံကြည်မိပါတယ်လို့ ” ပြောပြသွားတဲ့ ဒီရုပ်ရှင်ကားတိုလေးကို ထုတ်လုပ်မဲ့ ပညာရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ရဲ့  စကားသံတွေထဲမှာလည်း ပီတီရွှန်းဝေနေတဲ့ လှိုဏ်သံတွေ မြည်ဟီးနေရှာပေါ့။
 မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ၊ ပညာရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ကျနော် တို့လူ့အဖွဲ့အစည်းမှာ မောင်ရဲတိုက်တို့၊ မချစ်သုဝေတို့လို အောင်မြင်ကျော်ကြားတဲ့ လူငယ် အနုပညာ ရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာ့ အင်ဂျလီနာဂျူလီ လို့  ချစ်သုဝေကို တင်စားခေါ်ဝေါ်ရင်း ရဲတိုက်ကိုလည်း မြန်မာရွေ့ ပြောင်းတို့ ရဲ့စီဇာချားဗစ်လို့ဂုဏ်ပြုလိုက်ပါရစေ။
 ရွေ့ ပြောင်းမြန်မာအလုပ်သမားမိသားစုများအတွက် မရွေ့ ပြောင်းသော မေတ္တာ၊ ကရုဏာ၊ စေတနာ များစွာဖြင့်။
 မောင်လွမ်းနီ၊ခန့်ဇော် ပူးတွဲရေးသည်။
 ၁၇၊၀၅၊၂၀၁၂။
 (စာကြွင်း။) မင်းသမီးချစ်သုဝေအား ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie နှင့် တင်စား ဖော်ပြခြင်းမှာ  Angelina Jolie အနေဖြင့် မြန်မာဒုက္ခသည်အရေးနှင့် ကမ္ဘာပေါ်ရှိအဖိနိပ်ခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေသည့်အပေါ် ခိုင်းနှိုင်းရေးသာခြင်းဖြစ်ပါသည်။ (စာရေးသူ)ေ၇ွ ပြောင်းတွေအပေါ် ထား၇ှိတဲ့ မေတ္တာစေတနာ ကရုဏာတရားတွေဟာလည်း ဘယ်တော့မှာ မရွေ့ပြောင်းမှာသေချာ။ မင်းသားလေးမောင်၇ဲတိုက်ကိုလည်း ကမ္ဘာ့ေ၇ွ့ ပြောင်းအလုပ်သမားတွေရဲ့ သူရဲကောင်း မက်စီကိုရွေ့ပြောင်းအလုပ်သမားသူရဲကောင်း Cesar Chavez လို့  တင်စားခြင်းဖြစ်ပါတယ်။
Ref:http://www.bteain.com/chitthuwai-or-myanmar-angelina-jolie/
Saturday, February 18, 2012
ဖေဖော်ဝါရီလ 15ရက်နေ့ မှဖေဖော်ဝါရီလ 21 ရက်နေ့အထိ ၇ ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ခရီးယာယီများမည်။ လမ်းခရီးအန္တရာယ်မရှိပါ။ မရောက်ဖူးသောခရီးများရောက်မည်။ ချစ်သူ ဟောင်းနှင့်ပြန်ဆုံမည်။ ချစ်သူသစ်တွေ့မည်။ ချစ်သူထံမှလက်ဆောင်ရမည်။ ပညာရေးအောင်မြင် မည်။ အလုပ်အကိုင်အဆင်ပြေမည်။ စိတ်ရော ကိုယ်ရော မအားမနားဖြစ်နေမည်။ ဝမ်း၊ ခါးနာရတတ် သည်။ ငွေဝင်၊ ငွေထွက်ကြမ်းမည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇။
အထူးဟော- ဤတပတ်မှာ စိတ်လှုပ်ရှားမှုများမည်။
ယတြာ - အုန်းထမင်းဘုရားကပ်လှူပါ။
တနင်္လာ
စိတ်ကူးနှင့် အလုပ်လွဲချော်တတ်သည်။ စကားမကျွံ၊ နှုတ်မလွန်စေနှင့်။ လူခင်ခြင်းစိတ်ဝမ်းကွဲ မည်။ ချစ်သူ၏အထင်လွဲခြင်းခံရမည်။ စပ်တူမလုပ်သင့်သေးပါ။ ငွေလိမ်ခံရတတ်သည်။ ခြေ၊ လက် ခိုက်မိတတ်သည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ အတိုက်အခံများမည်။ နေရာဒေသ၊ အိမ်ပြောင်းရွှေ့မှုဖြစ်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - သတိလက်မလွတ်သင့်ပါ။
ယတြာ - အသက်ကြီးသူကိုတနင်္လာနေ့နံနက်တွင် ပိုက်ဆံလှူဒါန်းပါ။
အင်္ဂါ
အလုပ်ရှုပ်နေမည်။ စိတ်ဗျာများနေရတတ်သည်။ ဒီအလုပ်မပြီးသေးဘူး၊ ဟိုအလုပ်ကအရေး တကြီးပေါ်နေမည်။ ထိုသို့ ဖြစ်နေသည်မှာ ခရီးသွားစရာတွေကရှိနေတတ်ပါသည်။ လူမှုရေး၊ အချစ်ရေးတို့ တာဝန်မကျေမှုလစ်ဟင်းမှုတွေကြောင့် ဆက်ဆံရေးမှာတင်းမာခြင်းတွေဖြစ်လာတတ် သည်။ ဤတပတ်အတွင်းမှာ တော့ဒီလိုပဲဖြစ်နေမည်။ အရေးကြီးတာကို ဦးစားပေးဆောင်ရွက်လိုက်ပါ။ မိသားစုအရေးကိုလည်း ပြီးမှလုပ်လိုက်ပါ။ ကောင်းသောအခွင့်အရေးတို့ပေါ်လာမည်။ ဦးစားပေးလုပ် ပါ။
အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။
အထူးဟော - ဆုံးဖြတ်ချက် မြန်ဆန်မှုထက် မှန်ကန်မှုကိုဦးစားပေးပါ။
ယတြာ - ဇီးသီး ၁ ပန်းကန် ကိုအိမ်ဘုရားမှာ လှူထားပါ။
ဗုဒ္ဓဟူး
ခရီးဝေးရောက်မည်။ အချစ်ရေးရှုပ်မည်။ အိမ်ထောင်ရှိသူတို့ နောက်အငယ်ပေါ်မည်။ အလုပ် အကိုင်အဆင်ပြေမည်။ အလုပ်ရမည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ ရုတ်တရက်ခိုက်မိမည်။ ကား၊ ဆိုင်ကယ် အမြန်မမောင်းသင့်ပါ။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ မိတ်ဆွေသစ်တွေ့မည်။ ထီပေါက်ကိန်း ရှိ၍ ထီထိုးပါ။ သူတပါးအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ ချစ်သူထံမှလက်ဆောင်ရမည်။ အကြီးအကဲတို့က သင့်ချစ်သူနှင့်သင့်ကို သဘောမတူဖြစ်မည်။ လက်ထပ်ရတတ်သည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇။
အထူးဟော - အချစ်စန်းပွင့်မည်။
ယတြာ - ဘုရားကို ရေသန့်လှူပါ။
ကြာသပတေး
အားလုံးစိတ်သစ် လူသစ် ဖြစ်နေမည။် နေရာသစ်ရောက်ရတတ်ပြီး အလုပ်သစ်လုပ်ရတတ် သည်။ ချစ်သူအသစ်လည်းရမည်။ ဒီတပတ်မှာ အဟောင်းတွေကျော်ပြီး အသစ်တွေ့ဖြစ်ဖို့ရှိနေပါ သည်။ လုပ်ရဲအောင်လုပ်ပါ။ သင့်ဘက်ကလည်း အင်အားသစ်နှင့် ကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေ က လက်တကမ်းမှာ ရောက်နေပါပြီ။ စိတ်ရှုပ်စရာနှင့် စိတ်ညစ်စရာတွေတော့ကြုံမှာပါ။ ပစ်ထားလိုက် ပါ။ ဇွဲနှင့် သတ္တိပေါင်းလိုက် လျှင်အောင်မြင်မှုဆွတ်ခူးနိုင်ပါပြီ။
အကျိုးပေးဂဏန်း - ၃၊ ၁၊ ၅။
အထူးဟော - ကံကောင်းပါသည်။
ယၾတာ - အိမ္ဘုရားကို ပန္ကပ္လွဴပါ။
သောကြာ
အပြောထက်အလုပ်နှင့်သက်သေပြလိုက်ပါ။ တကယ်အလုပ်မဖြစ်ဘဲအပြောနှင့် ပြီးသော ကာလ ဖြစ်တတ်ပါသည်။ လုပ်ငန်းတချို့အကောင်အထည်ဖော်ရမည့်ကာလဖြစ်ပါသည်။ ရှေ့မတိုးရဲ နောက်မဆုတ်ရဲ ဖြစ်နေရတတ်သည်။ ဆုံးဖြတ်ချက်တခုတည်း ပြီးအောင်လုပ်ပါ။ အဝေးခရီးရောက်ရ တတ်သည်။ ကျန်းမာရေးချူချာမည်။ ငွေဝင်ကောင်းမည်။ ငွေအစုလိုက်ဝင်မည်။ လူလိမ်ငွေလိမ် ခံရ မည်။ ချစ်သူတစ်ယောက်က လက်ထပ်ခွင့်တောင်းလိမ့်မည်။ ယခုတစ်ပတ်မှာအချစ်ရေး၊ အလုပ် အကိုင်၊ မိသားစုအရေးတို့အတွက် ခေါင်းရှုပ်ရတတ်သည်။
အကျိုးပေါ်ဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - တကယ်လုပ်လျှင်အဟုတ်ဖြစ်မည်။
ယၾတာ - အိမ္ဘုရားကို သစ္သီး ၉မ်ိဳး လွဴပါ။
စေန
ပညာရေးနှင့် အလုပ်အကိုင် တို့လေးလေးနက်နက်အားစိုက် စရာမလိုပါ။ ပေါ့ပေါ့ပါးပါး လေးနှင့် အောင်မြင်မှုရပါမည်။ အလုပ်အကိုင်ကောင်းမည်။ overtime ရမည်။ ခရီးစဉ်များမည်။ အချစ်ရေးကံကောင်းမည်။ သင့်အပေါ်ကူညီသူတွေများမည်။ လူယုံမထားရ။ ငွေလိမ်ခံရတတ်သည်။ ကျန်းမာရေးဂရုစိုက်ပါ။ အန္တရာယ်မရှိပါ။ ဘဝမှာ တိုးတက်မြင့်မားမှုတွေပေါ်လာမည်။ ကြိုးစားပါက ဆက်လက်အောင်မြင်နေမည်။ အပေါင်းအသင်းအတွက် မိသားစုအတွက် အလုပ်များနေမည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - ကံကောင်းနေမည်။
ယတြာ - ဘုရားကိုစနေနေ့တွင် ထီးလှူပါ။
Ref:http://www.myitmakhamediagroup.com/detail.php?newid=711&catid=29
Wednesday, February 15, 2012
မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။
ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြေညာထားသော အသိပေးစာတစ်ခု
တရုတ်နိုင်ငံနှင့် ထိစပ်နေသော ပြည်နယ်များဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တရုတ်လူမျိုးများ ရွှေ့ပြောင်းရောက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများစွာ အခြေချလုပ်ကိုင်မှုတို့နှင့်အတူ ဘာသာ စကားသည်လည်း လွှမ်းမိုးမှုရှိလာကြောင်း တိုင်းရင်းသားများရေးရာ လေ့လာနေသူအချို့က ဆိုပါသည်။
သူတို့က စီးပွားရေးနဲ့ ၀င်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာရှမ်းစာနဲ့ ဖော်ပြတာလုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။
“သူတို့က စီးပွားရေးနဲ့ဝင်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာ ပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာ ရှမ်းစာနဲ့ ဖော်ပြတာ လုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။ ဆိုင်တော်တော်များများကလည်း တရုတ်စာတွေနဲ့ ဖြစ်လာတယ်။ တိုင်းရင်းသား ဘာသာစကားကတော့ ပျောက်သလောက်ပေါ့။ တိုင်းရင်းသား ဘာသာစကားသင်ရင်၊ ဖော်ပြရင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်၊ ကျဉ်းမြောင်းတယ်လို့ အမြင်ရှိကြ တယ်။ တိုင်းရင်းသားကို ကြောက်တယ်။ တရုတ်ကိုတော့ မကြောက်ဘူး။ ရှမ်းရွာတွေဆိုလည်း အရင်က ရှမ်းစာနဲ့နာမည်ရေးကြတယ်။ အခု တော့မြန်မာစာနဲ့ပဲ ရေးထားကြတယ်” ဟု ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
နိုင်ငံခြားသား ၀င်ရောက်မှုများသော ပုဂံလေဆိပ်တစ်နေရာ
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကျော် ၀န်းကျင်က နိုင်ငံခြားဘာသာ စကားသင်ယူမှုတွင် အင်္ဂလိပ်ဘာသာ ပြီးပါက ဂျပန်ဘာသာသည် ဒုတိယနေရာတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင်မူ စီးပွားရေးကူးလူးဆက်ဆံမှု၊ တွင်ကျယ်မှုများပေါ် မူတည်ကာ တရုတ်ဘာသာစကားသည် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
တိုင်းရင်းသားဒေသများတွင် လည်း တိုင်းရင်းသား လူငယ်များသည် တရုတ်ဘာသာစကားကို အလုပ်အကိုင် အခွင့်အလမ်းများအတွက် သင်ယူလာကြကြောင်း သိရှိရသည်။
မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များနေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ် ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။
“မြစ်ကြီးနားမှာတော့ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ တွင်ကျယ်လာတာကြာပြီပေါ့။ အခုဆို
တော်တော်ပဲ လွှမ်းမိုးထားတဲ့သဘော ရှိတယ်။ စီးပွားရေး လုပ်ငန်းအကြီး တွေကအစ အလတ်စား၊ အငယ်စား တွေအထိပဲ။ ဆိုင်တွေမှာကတော့ ထုံးစံအတိုင်း မြန်မာစာရယ်၊ တရုတ်စာရယ်နဲ့ တင်ထားတာပေါ့။ ကချင် ဘာသာစကားနဲ့တော့ မရှိပါဘူး။ အခုဆို ဘာသာစကားပိုင်းမှာပါ တော်တော်လွှမ်းမိုးမှုရှိလာပြီ။ တရုတ် စီးပွားရေးလုပ်ငန်းတွေ ကများလာတော့ တရုတ်စာတတ်ဖို့ လိုလာတယ်လေ။ ကချင်တွေရော၊ ဗမာတွေရော လူငယ် လေးတွေ တရုတ်စကားကို သင်လာ ကြတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှ ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောပြသည်။
ပြည်နယ်ဒေသများတွင် သာမက မန္တလေးမြို့တွင်လည်း အဓိကကျသော မြို့၏အစိတ်အပိုင်းများတွင် တရုတ် လူမျိုးများ၏ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်မှုရှိလာကာ နာမည်ဖော်ပြမှုများတွင်ပင် တရုတ်ဘာသာစကား ကို တွဲဖက်ဖော်ပြမှုရှိနေသည်ဟု မြို့ခံ တစ်ဦးက ဆိုပါသည်။
မန္တလေးမြို့ရှိ စီးပွားရေးကြော်ငြာများတွင် မြန်မာစာနှင့် အင်္ဂလိပ် ဘာသာအပြင် အခြားဘာသာစကား များဖြင့် ထည့်သွင်းအသုံးပြုမှု များပြားလာခြင်းကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များအား ပြောင်းလဲရေးသားရန် ညွှန်ကြားခဲ့သည်။
ယခုအခါ မန္တလေးမြို့ပေါ်၌ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသော စီးပွားရေးလုပ်ငန်းကြော်ငြာများ တဖြည်းဖြည်း နည်းပါးသွားပြီ ဖြစ်သော်လည်း အချို့တစ်ဝက်မှာ ဆက်လက်ကြော်ငြာထားကြဆဲပင် ဖြစ်သည်။
“မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာအပြင် တခြားဘာသာစကားတွေနဲ့ ရေးထားတဲ့ စီးပွားရေး ကြော်ငြာတွေထဲကမှ အလွန်အကျူးရေး ထားတဲ့ စာသားတွေပါဝင်တဲ့ကြော်ငြာတွေ ယဉ်ကျေးမှုအရ မသင့်လျော်တဲ့ စကားလုံးတွေပါဝင်တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့သာ ရေးသားဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးပါပြီ။ နိုင်ငံတော် ဘာသာစကားဟာ မြန်မာဘာသာဖြစ်ပြီး အင်္ဂလိပ်စာကို ရုံးသုံးအနေနဲ့ အသုံးပြု တဲ့အတွက် ဒီနှစ်ဘာသာကလွဲရင် ကျန်တဲ့ဘာသာတွေကို သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ဒါဟာ ထုတ်ပြန်စရာ မလိုတဲ့ စည်းကမ်းပါ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ကျွန်တော်တို့ တရုတ်စကားပြော သင်တန်းကျောင်းနဲ့ တရုတ်စာ သင်တန်းကြော်ငြာ ဆိုင်းဘုတ်မှာ တရုတ်စာတစ်ခုတည်း အထင်အရှား ရေးထားတာမို့ စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတွေက လာပြီး မြန်မာစာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုပဲ ကြော်ငြာခွင့်ရှိတယ်ဆိုပြီး ပြောင်းလဲဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒါကြောင့် အခု မြန်မာစာ တစ်ခု နဲ့ပဲ သင်တန်းကြော်ငြာ ဆိုင်းဘုတ် တင်ထားတာပါ”ဟု မျက်ပါးရပ်ရှိ တရုတ်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
“ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ တရုတ် စာတွေနဲ့ပါ ညွှန်းထားတာ၊ ဖော်ပြထားတာ တချို့တွေ့ရပါတယ်”ဟု ခရီးသွားတစ်ဦးက ပြောပြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း က Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်း လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်းသိရပြီး အဆိုပါ ကုမ္ပဏီသည် အေးရှားဝေါလ်ကုမ္ပဏီ ၏ ဆက်စပ်လုပ်ငန်း တစ်ခုပင်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ နိုင်ငံတကာ ခရီးသွားများ ၀င်ရောက်နေရာတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း၌ တရုတ်လူမျိုး ခရီးသွားများသည် အာရှခရီးသွားများ အနက် ထိုင်းခရီးသွားများကို ကျော်လွန်ကာ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ လေကြောင်းခရီးဖြင့် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေ ၃၉၀၀၀၀ ကျော်တွင် အာရှခရီးသွား ဦးရေသည် ၂၅၉၀၀၀ ကျော် ပါဝင်ခဲ့သည်။ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်စသည့် အာရှနိုင်ငံများမှ ခရီးသွားများအနက် တရုတ် ခရီးသွားဦးရေသည် ၆၂၀၀၀ ကျော်ခဲ့ ပြီး ခရီးသွားဦးရေ စုစုပေါင်း ၏ ၁၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့သည်။
တရုတ်လူမျိုး ခရီးသွားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်မှုများပြားသော ခရီးသွားအမျိုးအစားတွင် ပါဝင်နေသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ ကြီးများတွင်ပါ ဘာသာစကားပိုင်းဆိုင်ရာ လွှမ်းမိုးမှုမြင့်တက်လာနေပြီး ယခင်က ပုဂ္ဂလိကလုပ်ငန်းများက ၎င်းတို့၏ အမည်ဖော်ပြမှုတွင် တရုတ်စာကို မြန်မာစာနှင့် တွဲဖက်ဖော်ပြခဲ့ ကြပြီး ယခုအခါ ဌာနအဆောက်အအုံများတွင်ပါ ဖော်ပြသုံးစွဲမှုရှိလာခြင်းသည် သတိပြုရန်လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
“ဘာသာစကားရောက်ရင် လူမျိုးရောက်တယ်။ ဘာသာစကား ပျောက်ရင် လူမျိုးပျောက်ပါတယ်။ တရုတ်ဘာသာစကားကို ပုဂ္ဂလိက နေရာတွေမှာသုံးတာ ကိစ္စမရှိပေမယ့် Official နေရာတွေမှာပါ သုံးစွဲမယ် ဆိုရင်၊ နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားပြီးရင် တရုတ်စာ၊ တရုတ်စကားကို မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြားဘာသာစကား တစ်ခုအဖြစ် သုံးတော့မယ်ဆိုရင် လွှတ်တော်မှာ တရားဝင်ဆွေးနွေး သင့်ပါတယ်။ အခုလိုလေဆိပ်တွေမှာ သုံးစွဲနေတာက တရုတ်ခရီးသွားတွေ က တကယ်ပဲ အ၀င်များနေလို့လား။ အင်္ဂလိပ်စကား မပြောတတ်လည်း ရပြီလား။ ဒါမှမဟုတ် ဧည့်လမ်းညွှန်တွေ စကားပြန်တွေ ခေါ်စရာမလိုတော့ဘူးလား။ သူတို့ဘာသာစကား နဲ့ပါ ဒီလိုဖော်ပြပြီး အဆင်ပြေအောင်တော့ သီးသန့်လုပ်ပေးဖို့ လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး တွေ အများကြီးပါ။ ဒီလိုဆိုရင် ပြည်နယ်မြို့တော်တွေရဲ့ အဓိကနေရာတွေ မှာ တိုင်းရင်းသား ဘာသာစကားတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်ပါတယ်”ဟု Weekly Eleven News Journal ၏အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် တရားဝင်ရင်းနှီးမြှုပ်နှံထားမှုမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါးရှိပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသည့် နိုင်ငံ ၃၀ ၀န်းကျင်တွင် အများဆုံးဖြစ်သည်။ အဓိက အားဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူး ဖော်ရေးကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ကချင်ပြည် နယ်တွင် ကျောက်စိမ်း၊ သစ်၊ ရခိုင် ပြည်နယ်တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့နှင့် အခြားဒေသတို့တွင် သတ္တုတူး ဖော်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားကာ နိုင်ငံ၏ နေရာအတော်များများ တွင် ရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။
“ကျွန်တော်တို့မှာ လူမျိုးရေး မုန်းတီးမှုမရှိပါဘူး။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုလည်း မရှိပါဘူး။ အခြေအနေတွေ မဆိုးဝါးခင် တားဆီး နိုင်ဖို့တာဝန်ရှိတဲ့ မီဒီယာအနေနဲ့ ပြတ်ပြတ်သားသား ထောက်ပြတာပါ။ တရုတ်စာ၊ တရုတ်စကားကို စိတ်ဝင်စားလာကြတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များ နေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။ ဒီလိုလူမျိုးတွေ များလာတာကိုတော့ လက်ခံလို့ မဖြစ်နိုင်ပါဘူး။ မြေမျိုလို့ လူမျိုး မပျောက်ပါဘူး။ လူမျိုရင်တော့ လူမျိုးပျောက် တတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက တံခါးပေါက်တွေမှာ သေချာ စိစစ်သင့်ပါတယ်။ အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမျိုး တွေ လုပ်သင့်ပါတယ်။ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ မြန်မာစကား ဒါမှမဟုတ် တိုင်းရင်းသား ဘာသာစကားတစ်ခုခု ပြောတတ်ခြင်းရှိမရှိ သေချာစစ်ဆေးသင့် ပါတယ်။ လူငယ်ထုနဲ့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ကူညီသင့်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Ref:http://www.news-eleven.com/
Monday, February 13, 2012
မြန်မာပြည်ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့အမှတ်တရ...
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
Sunday, February 12, 2012
ညီနောင်တိုင်းရင်းသားပါတီများစုပေါင်းကျင်းသည့်(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား
ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒ( Written by နေထွန်းနိုင်)
ပင်လုံညီလာခံတွင်ဖဆပလ၏သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်တို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား တင်ပြနေစဉ်
ဗြိတိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေးမရရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြပါသည်။
ထိုသို့ ဟန့်တားမှုများတွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများ (တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့် နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြသည်။ ဥပမာအားဖြင့် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကူးသန်းမှုကို ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေ၊ ၁၈၉၈ ခုနှစ် ကချင်တောင်တန်းလူမျိုးစုဥပဒေ အစရှိသည်တိုဖြင့် ကန့်သတ်ခဲ့သည်။
ထို့အပြင် အင်္ဂလိပ်လက်အောက်သို့ မရောက်ရှိမီ အချိန်များကလည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေထိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုများကလည်း ရှိထားခဲ့ပြီးဖြစ်ပါသည်။ ယင်းကဲ့သို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်မြင့်ချိန်တွင်ပို၍ ရှုပ်ထွေးစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူး ပေါင်းရေးကိစ္စမှာ အရေးပါလာသော ကိစ္စဖြစ်လာခဲ့ပါသည်။ ပြည်မနှင့်တောင်တန်းပူးပေါင်းအရေးဆိုမှသာ လွတ်လပ်ရေးအတွက် အာမခံချက်ရရှိမည့် အခြေအနေဖြစ်လာခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ပြည်မနှင့် တောင်တန်းပူးပေါင်းမှု မပြုလုပ်နိုင်ရန် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံး ကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော အခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသော ပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပါသည်။
အောင်ဆန်း-အက်တလီစာချုပ်တွင် ပါဝင်သော အချက်အလက်များအရ ပြည်ပနှင့်တောင်တန်းဒေသ ပေါင်းစည်းရေးအတွက် အရေးပါသော ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်များအကြား ပြည်မတောင်တန်းပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သည့် ပင်လုံစာချုပ် ကို ပင်လုံမြို့၌ ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းက ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး အပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။
ဖော်ပြပါအချက်အလက်များက လွန်ခဲ့သော ၆၅ နှစ်တာကာလ၌ စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့သည့်တိုင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ တိုင်းရင်းသားအ ရေးက အရေးပါသော ထိပ်တန်းနေရာတွင် ရှိနေဆဲဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းလာခဲ့ပါသည်။၂၀၁၂ခုနှစ်ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးပို့ခဲ့သော သ၀ဏ်လွှာ၌-
''နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်းထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် အတိတ်သမိုင်းအတွေ့အကြုံများအပေါ်အခြေခံလျက် ယခင်ကနှင့်မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့(၅) ဖွဲ့နှင့်လည်း ထိတွေ့ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ခြုံငုံသုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ပြီး အခြေအနေကောင်းမွန်သည်ကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' ဟု ပြောဆိုခဲ့ပါသည်။
ယင်းသို့ လိုအပ်ချက်နှင့်အညီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပစဉ်က သမိုင်းအကျဉ်းနှင့် မျက်မှောက်ခေတ်နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နေသည့် တိုင်းရင်းသားများ၏ အမြင်ကို ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ဖော်ပြလိုက်ပါသည်။
''တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ အကျိုးရှိကြောင်း သိနိုင်တယ်''ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြည်မနှင့်တောင်တန်းဒေသပူးပေါင်း၍ လွတ်လပ်ရေး သဘောတူညီချက်ရရှိသည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။
၁၉၄၇ ဖေဖော်ဝါရီ ရက်စွဲများ
၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃- ဒုတိယ ပင်လုံအစည်းအဝေး (ပင်လုံညီလာခံ)ကျင်းပ၊ ပထမ ပင်လုံအစည်းအဝေးကို ၁၉၄၆ခုနှစ် မတ်လ ၁ မှ ၁၂ အထိ ကျင်းပခဲ့။
ပထမအကြိမ်ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့က ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်ထားခဲ့။၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်းအက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ဆွေးနွေးပြီး သဘောတူညီချက်ကိုလက်ခံကြောင်း ဆုံးဖြတ်။
၁၉၄၇၊ ဖေဖော်ဝါရီ ၃ - ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကိုဖိတ်ကြားပြီး လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ်ရေး ဆွေးနွေးပွဲအကြောင်းရှင်းလင်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၄ - အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။
၁၉၄၇၊ ဖေဖော်ဝါရီ ၅ - ကရင်ဗဟိုအဖွဲ့ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီစာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့်ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှတစ်ဆင့် ဗြိတိသျှနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်း စောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နှုတ်ထွက်ရန် ဆုံးဖြတ်။
၁၉၄၇၊ ဖေဖော်ဝါရီ ၅ - တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်။
၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ပင်လုံညီ လာခံကျင်းပနေစဉ်အတွင်း တောင် တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့(Supreme Council of United Hill People/SCOUHP)ကို ဖွဲ့စည်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များပူးပေါင်း၍ ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့(Shan State Council) ဖွဲ့စည်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၈ - ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၉ - ဗြိတိသျှ ဒိုမီနီယံရေးရာ လက်ထောက်အတွင်းဝန် ဘော်တွမ်မလီ၊ မစ္စတာလက်ဝဒ်ခ်ျ၊ ဂျွန်လေဒင်တို့ ပင်လုံသို့ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁- ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ အပြင်းအထန် ဆွေးနွေး။
၁၉၄၇၊ ဖေဖော်ဝါရီ ၁၀- ဘုရင်ခံ အမှုဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန်နှုတ်ထွက်။
၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂- ပင်လုံသဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။
ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒအပေါ် အမြင်များ
'ဒီအဖွဲ့နဲ့တွေ့ရတဲ့အခါမှာ တစ်ခါမှမတွေ့ရဖူးသေးတဲ့သူတွေဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်း ရှိပါတယ်။ မိသားစုတွေလိုပဲ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ်လို့ စဉ်းစားမိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးကအတူတူပါပဲ။ တန်းတူညီတူနဲ့ သွေးရင်းညီအစ်ကိုမောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလိုတိုက်ဆိုင်မှုတေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး နောင်လည်းဒီလိုလက်တွဲပြီးတော့ အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်'။
ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ပြောကြားချက်)
'ပြည်ထောင်စုလို့ပြောကြရင် အဓိကကတော့ အားလုံးတန်းတူရည်တူရှိမှုက အရေးကြီးပါတယ်။ တိုင်းရင်းသားအားလုံးတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ၊ ယဉ်ကျေးမှု၊ ဘာသာစကားဆိုတာ ရှိကြတယ်။ ဒါတွေအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးမှသာ တန်းတူညီမျှတဲ့ ပြည်ထောင်စုဖြစ်နိုင်တယ်။ အထူးသဖြင့်တော့ လူမျိုး၊ လူဦးရေများတဲ့ ဗမာတွေက သူတို့ကိုယ်သူတို့ အစ်ကိုကြီးနေရာကနေပြီးတော့ ကျန်တဲ့လူမျိုးလူဦးရေနည်းတဲ့ တိုင်းရင်းသား တွေအပေါ် ဦးစီးချုပ်ကိုင်လိုတဲ့ အဲလိုစိတ်ဓာတ်တွေကို စွန့်ပယ်ဖို့လို အပ်တယ်။ လူမျိုးကြီးတဲ့လူက လူမျိုးကြီးဝါဒကျင့်သုံးတာတွေ မလုပ်သင့်သလို လူမျိုးငယ်တဲ့လူတွေကို လူမျိုးငယ်ဝါဒ မထားသင့်ဘူး။ အားလုံး တန်းတူရည်မျှရှိမှသာလျှင် ပြည်ထောင်စုစစ်စစ် မူဝါဒဖြစ်နိုင်မယ်'။
လူထုဦးစိန်ဝင်း
ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ နှစ်ပတ်လည်နေ့ ရောက်တိုင်းရောက်တိုင်းမှာ အခမ်းအနားတွေ လုပ်နေကြတာပဲ။ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်က ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာ ကျွန်တော်တို့အားလုံးမှာ မေးခွန်းတစ်ခုဖြစ်လာတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံကိုတကယ့်ကို နှစ်ပေါင်းထောင်ချီပြီးတော့ သမိုင်းကြောင်းရှိတဲ့နိုင်ငံအဖြစ်နဲ့ ကျွန်တော်တို့ဂုဏ်ယူခဲ့ကြတယ်။ ကျွန်တော်ပြန်လေ့လာကြည့်တော့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဆိုတာတွေအားလုံး လက်ရုံးရည်ကို အခြေပြုပြီးတော့ တည်ဆောက်ခဲ့ကြတာ။ အဲဒီတော့ နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းမှာ ကျွန်တော်တို့က နိုင်ငံတော်အဖြစ်နဲ့ စုစည်းနိုင်တဲ့ကာလပြောပါဆိုရင် နှစ်တစ်ရာပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။
အဲဒီတော့ ဒီပင်လုံစာချုပ်က စတုတ္ထမြန်မာနိုင်ငံကို တည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ တည်ဆောက်ခဲ့ကြတဲ့ ပင်လုံစာချုပ်။ ဒါပေမယ့် ပြည်တွင်းစစ်လက်နက်ကိုင် ပဋိပက္ခတွေကြောင့်မို့လို့ အဲဒီတုန်းက နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ ရည်မှန်းခဲ့ကြတဲ့ နိုင်ငံတော်ဟာ ရုပ်လုံးပေါ်မလာခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့မျိုးဆက်မှာတော့ ပဉ္စမနိုင်ငံတော်ကို မဖြစ်ဖြစ်အောင်လို့ တည် ဆောက်ကြတော့မယ်။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ နိဒါန်းဖွင့်လိုက်တဲ့ ပဉ္စမမြန်မာနိုင်ငံတော် တည်ဆောက်နေဆဲ အသွင်ကူးပြောင်းနေဆဲ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းနေကြတယ်။ အဲဒီတော့ ကျွန်တော်တို့က အတိတ်သမိုင်းကြောင်းကို သင်ခန်းစာယူပြီးတော့ ပြီးခဲ့တဲ့ လက်နက်နိုင်ငံတော်တွေဟာ ကာလတိုအတွင်းမှာပဲ ပြိုကွဲသွားခဲ့ကြတယ်ဆိုတာကို အလေးအနက် သင်ခန်းစာယူဖို့ လိုတယ်။
ကျွန်တော်တို့တိုင်းရင်းသားချင်း ဖြေရှင်းတဲ့ကိစ္စမှာ အစဉ်အလာတစ္ဆေခြောက်နေတဲ့ ဖက်ဒရယ်ဆိုတာဟာ နိုင်ငံတော်ပြိုကွဲတော့မယ်ဆိုပြီးတော့ ၆၂ မှာ စစ်တပ်ကနေ အာဏာသိမ်းခဲ့တယ်။ အခုချိန်အထိ ဖက်ဒရယ်တစ္ဆေခြောက်နေတဲ့ကိစ္စဟာ အခုလိုကမ္ဘာနဲ့ချီပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်း အပြောင်းအလဲထဲမှာ ဒါကြီးက မဖြစ်သင့်တော့ဘူး။ နိုင်ငံတကာကို ကြည့်ရင်လည်း ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေဟာ ပြည်ထောင်စုပုံစံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံတော်ကို၊ နိုင်ငံတော်သစ်ကို တည်ဆောက်ကြတော့မယ်ဆိုရင် နှလုံးရည်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ်ဟာ နိုင်ငံရဲ့ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)
'အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တိုင်းရင်းသားအရေးကိစ္စလည်း ပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ တိုင်းရင်းသားပြဿနာကို ပြီးပြတ်အောင် ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့သူတို့ရဲ့ သက်တမ်းအတွင်းမှာ ဘယ်အစိုးရကမှ မရခဲ့ဘူးတဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ ကတိကိုကြိုဆိုပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စု စစ်စစ်မူဝါဒနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကြားက ကွာဟချက်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေအားလုံးကို ပြေလည်ပြီးပြတ်အောင် အားလုံးညီညီညွတ်ညွတ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်ထောင်စုစစ်စစ်မူဝါဒဟာ ပြည်ထောင်စုစိတ်ဓာတ်ကို မထိခိုက်နိုင်ဘူးဆိုတာကို တိုင်းရင်းသားတွေသာမက ပြည်သူသန်း ၆၀ပါ နားလည်အောင်လုပ်ဖို့ ကျွန်တော်တို့သတင်းမီဒီယာတွေမှာ တာဝန်ရှိလာပါပြီ'။
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)
'ပြောပြီးသားစကားတွေကိုပဲ ထပ်ပြီးတော့ပြောရမှာပါပဲ။ ရိုးသားရမယ်၊ ဖြူစင်ရမယ်။ မီးကပူတာကတော့ ပူမှာပဲ။ ပူတာကိုပြောနေတာနဲ့ မရတော့ဘူး။ တိုင်းရင်းသားတွေ ရချင်တာက ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်လို့ထင်နေတဲ့ အတွေးဟောင်းကြီးကို၊ mind-set ကို ဖယ်ထုတ်လိုက်ပါ။ ပြည်ထောင်စုကြီးကနေ ဘယ်သူမှ ခွဲမထွက်ပါဘူး။ တိုင်းရင်းသားတွေအကုန်လုံး ခွဲထွက်ချင်တာ၊ တော်လှန်ချင်တာ ဘယ်သူ့မှာမှ မရှိဘူး။
quality မရှိသရွေ့ ၊ harmony မဖြစ်သရွေ့ ကျွန်တော်တို့ပြည်ဟာ ငြိမ်းချမ်းရေးနဲ့ ဝေးနေမယ်။ အဲဒါလေး ကျွန်တော်ပြောချင်တယ်။ ရက်ခြောက်ဆယ်ဖြစ်ဖြစ်၊ ရက်ကိုးဆယ်ဖြစ်ဖြစ် အပစ်အခတ်ရပ်ပြီး ကွန်ဖရင့်ပဲပြောပြော အားလုံးအတူ တွေ့ကြပေါ့ဗျာ။ လုပ်ရပ်အမှန်တွေအတွက် အခုချိန်ဟာ အချိန်ကောင်းပါပဲ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပြောနေခဲ့တာပါ။ အခုလည်း ဒီအစိုးရကအခွင့်အရေးရပြီ။ သူလည်း ရောဂါသိတယ်။ ဆေးလည်းသိတယ်။ ကျွန်တော်တို့လည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်တာပဲ။ တန်းတူညီမျှမှု ရှိချင်တာပဲ။ ခွဲထွက်တာ မဟုတ်ပါဘူး။ အဲဒီခွဲထွက်တယ်ဆိုတာကြီးက ၁၉၆၀၊ ၁၉၆၁ရောက်မှ ပေါ်လာပြီး ၁၉၆၂ မှာ ဦးနေ၀င်းက အာဏာသိမ်းလိုက်တာ။ အဲဒီတည်းက အရိုးစွဲလာတာက ဖက်ဒရယ်ဆို၊ ပြည်ထောင်စုစစ်စစ် မူဝါဒဆို ခွဲထွက်တယ်ဆိုတာမျိုး တရားသေမှတ်ထားတယ်။ အဲဒါမဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့အားလုံး စုံညီတွေ့ပါ။ စကားပြောပါ။ ကျွန်တော်ကတော့ ဒါပဲပြောချင်ပါတယ်'။
ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
'ကျွန်တော်တို့ ပါတီထောင်တယ်ဆိုကတည်းက အချက်က သုံးချက်ပဲရှိတယ်။ တိုင်းပြည်မှာ တိုင်းရင်းသားတွေအပါအ၀င် အားလုံးတန်တူညီမျှ ရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ဖက်ဒရယ်စစ်စစ်ဖြစ်ရမယ်။ ဒီသုံးချက်ကိုပဲ ပါတီထောင်ပြီးကတည်းက ပြောခဲ့တယ်။ ကျွန်တော်တို့တွေ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ပြည်ထောင်စုလို့ပြောခဲ့ပေမယ့် ခြေလှမ်းတိုင်းမှာ ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ၁၉၅၈ ခုနှစ်မှာ ဖက်ဒရယ်လို့ ပြောပေမယ့် ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၁၉၇၄ ခုနှစ်မှာ ပြည်ထောင်စုလို့ သုံးပေမယ့် သုံးတာပဲရှိခဲ့ပြီး ပြည်ထောင်စုရဲ့အနှစ်သာရကို ကျွန်တော်တို့ မရရှိခဲ့ပြန်ဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဘာမှမရှိတော့ပြန်ဘူး။ နောက် ၁၃ နှစ်တာကာလမှာ အမျိုးသားညီလာခံဖြစ်လာပြီးတော့ အခြေအနေက အရင်ကထက် ပိုဆိုးလာသလို ဖြစ်လာပြန်တယ်။ တိုင်းရင်းသားတွေက ပြည်ထောင်စုစစ်စစ်လို့ဆိုရင်၊ ဖက်ဒရယ်လို့ဆိုရင် ခွဲထွက်မယ်ပဲ ထင်ခဲ့ကြတယ်။ ခွဲထွက်ဖို့ အကြောင်းမရှိပါဘူး။ တန်းတူညီမျှရှိရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးတို့၊ ဖက်ဒရယ်ဖြစ်ရေးတို့ဆိုတာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒါကိုအားလုံးက လိုချင်ကြတာပဲ။ ခွဲထွက်၊ မခွဲထွက်တာတွေက လုပ်စရာအကြောင်းမရှိပါဘူး'။
ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)
'ဒီနှစ်ကျွန်တော်တို့ ပြည်ထောင်စုနေ့ကို မြန်မာပြည်သမိုင်းမှာ တစ်စုံတစ်ရာသမိုင်းအရ ထူးခြားမှုရှိတယ်လို့ မြင်တယ်။ အရင်တုန်းက ဒီမိုကရေစီ တိုင်းရင်းသားပါတီဆိုပြီး မရှိခဲ့ဘူး။ အခုပြည်ထောင်စုနေ့ အချိန်ကာလမှာ တိုင်းရင်းသားပေါင်းစုတွေနဲ့ တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေးတွေ ရှိနေပြီ။ ဒီနှစ်ပြည်ထောင်စုနေ့ဟာ အရင်နှစ်တွေထက်ပိုပြီး သမိုင်းတန်ဖိုးမြင့်လာတယ်လို့ ခံစားမိတယ်။ ပြည်ထောင်စုနေ့ဟာ မြန်မာပြည်သမိုင်းမှာ တကယ့်အထင်ကရနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်လွတ်လပ်ရေးရဖို့ရယ်၊ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့အတွက် ဒီပြည်ထောင်စုနေ့ကပဲ အစပြုခဲ့တယ်။ ပြည်တွင်းစစ်ထဲမှာပဲ ဝေ့လည်လည်ဖြစ်နေပြီးတော့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်မှာ နိမ့်ကျလာပြီး ကြည်နူးစရာ အဖြစ်အပျက်ရယ်လို့ မရှိခဲ့ဘူးလို့ ခံစားရတယ်။ အခုကျတော့ တစ်စုံတစ်ရာ ရောင်နီသန်းလာပြီလို့ ခံစားရတယ်။ အခုဒီအခမ်းအနားကစပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာထားပြီး တိုင်းရင်းသားတွေရော၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ အကုန်လုံး ညီညီညွတ်ညွတ် တည်ဆောက်ကြမယ်ဆိုရင် ဒီနိုင်ငံကြီးဟာ အင်မတန် ဂုဏ်သိက္ခာကျဆင်းနေရာကနေ တကယ်ကို ကောင်းမွန်တဲ့ နိုင်ငံကြီးဖြစ်လာမှာပါ။ အဲလိုဖြစ်လာဖို့အတွက် ရောင်နီလေးသန်းလာပြီလို့ မြင်တယ်။
ကျွန်တော်တို့ ပင်လုံစာချုပ်မှာ တိုင်းရင်းသာတွေက လွတ်လပ်ရေးကို အတူတူရယူကြမယ်ဆိုပြီးတော့ လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေဟာ ဗမာခေါင်းဆောင်တွေနဲ့ တစ်သွေးတည်း တစ်သားတည်း ညီတယ်ဆိုတာ ကိုပြခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း ဗိုလ်ချုပ်တို့ အာမခံခဲ့တဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ပေါ်မလာခဲ့ဘူးလို့လည်း တိုင်းရင်းသားတွေက ခံစားရတယ်။ ပြည်ထောင်စုအတွက် ပင်လုံစိတ်ဓာတ်ဆိုတာကတော့ တစ်ကယ်ကို ထာဝရမွေးမြူထားသင့်တဲ့ စိတ်ဓာတ်ပဲ။ ဒါပေမယ့် တာဝန်ခံမှုတွေကြားမှာ အားနည်းမှုတွေ ရှိခဲ့တယ်ပေါ့လေ။
ဒါကြောင့်လည်း တိုင်းရင်းသားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာပြီးတော့ အဲလိုအထင်အမြင်လွဲမှားမှုတွေကို ဒီမိုကရေစီနည်းအရ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြတော့ တိုင်းပြည်ရော ပြည်သူတွေအတွက်ပါ နစ်နာတယ်။ အများကြီး သေကျေပျက်စီးခဲ့ရတယ်။ ဘယ်လိုမှ ကောင်းကျိုးပေးတဲ့အရာကြီး မဟုတ်ပါဘူး။ အဲတော့ ပြည် ထောင်စုစိတ်ဓာတ်ကိုပဲ ကိုင်စွဲပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းသွားမယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာပဲ၊ အဲဒီအလားအလာတွေကို အခုရေးရေးလေး မြင်နေရပြီ'။
ဦးဦးလှစော(အထွေထွေအတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
ပြည်ထောင်စုစစ်စစ်မူဝါဒဆိုတာ ပင်လုံစိတ်ဓာတ်ဆိုတာကိုက ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ မခွဲထွက်ဘူးဆိုတာ ဖြစ်ပါတယ်။ ပင်လုံညီလာခံမှာကတည်းက တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကြီးကနေ ခွဲထွက်မနေဖို့ သန္နိဋ္ဌာန်ချထားခဲ့ကြတာပါ။ တိုင်းရင်းသားတွေက တန်းတူညီမျှ ရချင်တယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုတယ်။ ဒီလိုဖြစ်ချင်တဲ့ဆန္ဒက တိုင်းရင်းသားအားလုံးမှာ ရှိကြပါတယ်။ ဖက်ဒရယ်ဆိုတဲ့သဘောမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ရှိပါတယ်။ဒီအချက်က ခွဲထွက်ဖို့ ပြောတာမဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရက ပြည်နယ်တွေ လုပ်မပေးနိုင်တာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ပြောရရင် ကျွန်မတို့ပြည်နယ်အတွင်းက သယံဇာတတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ကျွန်မတို့ဘာသာ ကျွန်မတို့ စီမံခန့်ခွဲချင်တယ်၊ ကာကွယ်ချင်တယ်။ ထိန်းသိမ်းချင်တယ်။ နောက်ပြီး တိုင်းရင်းသားဒေသက ပြဿနာတွေကို ပြည်ထောင်စုအစိုးရက မကိုင်တွယ်ပေးနိုင်တာတွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့ဘာသာကျွန်မတို့ ကိုင်တွယ်ဖြေရှင်းချင်တယ်။ တိုင်းရင်းသားဒေသက ပြဿနာ၊ တိုင်းရင်းသားတွေ ဘာလိုချင်လဲဆိုတာက အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေပဲ သိကြပါတယ်။အခုချိန်မှာ ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရတွေဖွဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ထားရှိပေးပေမယ့် တိုင်းရင်းသားတွေလိုချင်တဲ့ အဆင့်ကိုရောက်ရှိဖို့ အင်မတန်မှ နည်းနေပါသေးတယ်။
ပြည်နယ်အစိုးရတွေက အလုပ်မရှိသလိုတောင် ဖြစ်နေပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်တာမဟုတ်ဘဲ ကိုယ့်ဒေသမှာရှိနေတဲ့ ကိစ္စရပ်တွေကို ကိုယ်တိုင်ထိန်းသိမ်းကာကွယ် စီမံခန့်ခွဲချင်တာပါ။ အခု တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေ လိုချင်တာလည်း အဲဒါပါပဲ။ ကျွန်မတို့ကတော့ လွှတ်တော်ထဲကနေ တောင်းဆိုနေပါတယ်။ ရပ်တည်ချက်ချင်းမတူပေမယ့် တောင်းဆိုချက်ချင်းတော့ တူပါတယ်။ ကျွန်မတို့ကတော့ တိုင်းရင်းသားဒေသတွေကို သွားပါ၊ လေ့လာပါ။ သူတို့ဘာလိုချင်လဲဆိုတာကို ဆွေးနွေးပါ။ ပြီးသွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ မမျှတတဲ့အချက်တွေကို တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလေ့လာပြီး ပြင်ဆင်သွားပါ။ ဒီလိုသဘောမျိုးပဲ ဖြစ်စေချင်ပါတယ်။ အခုချိန်မှာ ပြည်ထောင်စုအစိုးရက ပေးတော့ပေးနေတာပါပဲ။ ဒါပေမယ့် ပေးတော့ပေးတယ်။ မရဆိုတာမျိုးဖြစ်နေတာတွေကို ပြင်ဆင်စေချင်တယ်။
ဒေါ်ဒွဲဘူ(ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
'ပင်လုံစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုထဲမှာရှိနေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အေးအတူပူအမျှ နေထိုင်လိုတဲ့ စိတ်၊ တရားမျှတမှုရှိစွာ နေထိုင်လိုတဲ့စိတ်၊ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့စိတ်။ အဲဒီစိတ်ဓာတ်တွေဟာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒီစိတ်တွေဟာ ပင်လုံရဲ့ပုံရိပ်တွေ၊ ပင်လုံရဲ့ ဂုဏ်ဒြပ်တွေပဲ ဖြစ်ကြပါတယ်။ အမှန်အတိုင်းပြောရရင် ပင်လုံစာချုပ်မှာပါတဲ့ အချက်တွေရဲ့ အကျိုးရလဒ်ကို အခုထိမရခဲ့ကြပါဘူး။ ဒါကိုပဲ တာဝန်ယူရဲတဲ့ အစိုးရကတာဝန်ယူပြီး ဖော်ဆောင်ပေးမယ်ဆိုရင်၊ ဖြေရှင်းပေးမယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မူဝါဒဆိုတာ ဖြစ်လာမှာပါပဲ။ ဒါကိုပဲ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ကိုပဲ တိုင်းရင်းသားတွေက မျှော်မှန်းနေခဲ့ကြတာပါ။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်ဆိုပြီး မျှော်ခဲ့ကြတာပါ။
ဒီနေ့အချိန်မှာ တိုးတက်ပြောင်းလဲတာတွေ ရှိလာပြီလို့ပြောနိုင်ပေမယ့်အားမရနိုင်သေးပါဘူး။ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေမျှော်လင့်နေကြတာကလည်း ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ပြည်ထောင်စုစစ်စစ် မူဝါဒကိုပါပဲ။ ပြည်ထောင်စုစစ်စစ် မူဝါဒဟာခွဲထွက်ရေးမူမဟုတ်ပါဘူး။ ပြည်ထောင်စုဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတဲ့ ပင်လုံစိတ်ဓာတ်တွေကို ဆိုလိုခြင်းပါပဲ။ကျွန်တော်ပြောဖူးပါတယ်။
ပြည်ထောင်စုဆိုတဲ့ပန်းဥယျာဉ်ထဲမှာပန်းအားလုံးစုံညီပွင့်နိုင်မှ ရောင်စုံအလှတွေနဲ့ ပြည့်စုံတဲ့ ပန်းဥယျာဉ်ကြီး ဖြစ်လာမှာပါ။ ဒီလိုမျိုး ပန်းပေါင်းစုံညီပွင့်နိုင်ဖို့ကို ကျွန်တော်တို့ဆက်ပြီး မျှော်လင့်လျက်ရှိနေပါတယ်'
ဦးဇိုဇမ်(ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)
ပင်လုံစိတ်ဓာတ်ဆိုတာကလည်း ဒီမျိုးစုကိုမှ ဒီလိုမျိုး ဟိုလိုမျိုး ခွဲခြားထားတာမရှိဘူး၊ တန်းတူထားတယ်။ သူတို့မို့ ဒီအခွင့်အရေး ရစေရမယ်ဆိုတဲ့ အချက်တွေမပါဘူး။ ဒီမျိုးနွယ်စုအတွက်ကတော့ ပိုသာတဲ့ အကြောင်းအရာတွေ ထားရမယ်ဆိုတာလည်း မပါဘူး။ ဒီပင်လုံစာချုပ်မှာ အားလုံးဟာတန်းတူဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အခရာအကျဆုံးပဲ၊ ဒါဟာလူသားဆန်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အခု ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ ဖြတ်သန်းလာခဲ့သမျှ ပြည်ထောင်စုနေ့တွေထဲမှာ အထူးခြားဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေလဲ လွတ်မြောက်လာတယ်၊ ၈၈ ကျောင်းသားတွေလဲ လွတ်မြောက်လာတာ ရှိတယ်။ ဒီမိုကရေစီလိုလားခြင်းကို ကူးပြောင်းလာတဲ့ အသွင်သဏ္ဍာန်တွေ ရှိတယ်။ ရောင်နီသန်းလာတဲ့အတွက်ကြောင့် ဒါဟာ မင်္ဂလာတစ်ပါးပါပဲ။ ဒါကိုကြိုဆိုတဲ့အတွက် ပြည်ထောင်စုနေ့ကိုလည်း ကျွန်တော်တို့ ကြိုဆိုတယ်။ နောက်များမှာ လည်း ခြေလှမ်းခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်ပြီး ခရီးရောက်နိုင်ဖို့ လမ်းလျောက်စက်ပေါ်မှာ လမ်းလျောက်ပြီး ဘယ်ခရီးမှမရောက်သလိုမျိုးမဟုတ်ဘဲ တကယ့်ခြေလှမ်းစစ်စစ်နဲ့ ခရီးရောက်ဖို့ ခရီးသွားခြင်းဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်'။
ကိုငယ်ပီး (အတွင်းရေးမှူး၊ ချင်းအမျိုးသားပါတီ)
'အခုလိုကျွန်တော့် အနေနဲ့ ဒီကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလိုလာတာကလည်း အားလုံးအတွက် လာတာနော်။ အခုလိုလာပြီးတွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးကအဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD နဲ့အားလုံးနဲ့ ကျွန်တော်တို့လက်တွဲပြီးတော့ ဗမာပြည်ရဲ့ ရှေ့အနာဂတ်ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွလက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲဝင်တုန်းကအသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော်အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက်ဗမာလူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာဖြစ်တယ်'။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြောဆိုချက်)
'ပြည်ထောင်စုနေ့ဆိုတာက ၁၉၄၇ မှာ စတင်ဖြစ်ပေါ်လာခဲ့တယ်။ အဓိကကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ ပွဲပါ။ ဒါပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ တကယ်ကျတော့ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ တိုင်းရင်းသားတွေ အချင်းချင်း ဒီ့ထက်ပိုပြီး ညီညွတ်ဖို့လိုအပ်ပြီး ဒီ့ထက်ပိုပြီး အသိအမှတ်ပြု အပြန်အလှန်လေးစားမှုတွေ ရှိဖို့လိုအပ်ပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကတော့ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုအတွက် တောင်တန်းဒေသတွေ မြေပြန့်ဒေသတွေ အားလုံးပေါင်းပြီး အပြန်အလှန် ညီညွတ်မှုတွေနဲ့ ပြည်ထောင်စုကြီးကို အပြန်အလှန်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီနှစ်ပြည်ထောင်စုနေ့က ထူးခြားပါတယ်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ဖို့အတွက် ရောင်ခြည်သန်းလာပြီလို့ မြင်ပါတယ်။ ဒီထက်ပိုပြီး လင်းလာဖို့အတွက်လည်း မျှော်လင့်ပါတယ်။ အထူးသတိထားရမှာကတော့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုမပြိုကွဲဖို့ ပိုခိုင်မာလာစေဖို့က တိုင်းရင်းသားတွေအပေါ်ပဲ မူတည်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ နိုင်ငံရေးပါတီအားလုံးနဲ့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းလုပ်ဆောင်မှ ပြည်ထောင်စုစစ်စစ်ကြီး ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အတွက် အဲလိုဖြစ်ပေါ်လာစေဖို့လည်း ဆုတောင်းပါတယ်'။
ဦးစောစိန်ဝင်းအောင် (ပြန်ကြားရေးတာဝန်ခံ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ)
ပင်လုံစာချုပ် ချုပ်ဆိုစဉ်က လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ
၁။ ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊ ၂။ စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)၊ ၃။ စ၀်ရွှေသိုက်(ညောင်ရွှေစော် ဘွား)၊ ၄။ စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊ ၅။ စ၀်နွံ(လဲချားစော်ဘွား)၊ ၆။ စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊ ၇။ ခွန်ဖုန်း(မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)၊ ၈။ စ၀်ထွန်းအေး(သာမိုင်းခမ်းစော်ဘွား)၊ ၉။ ဦးတင်အေး(တောင်ကြီးလူထုကိုယ်စားလှယ်)၊ ၁၀။ ဦးကြာပု(သီပေါလူထုကိုယ်စားလှယ်)၊ ၁၁။ စ၀်ယိင်ဖ(သီပေါလူထု ကိုယ်စားလှယ်)၊ ၁၂။ ဆမားဒူဝါဆင်ဝါနောင်(မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)၊ ၁၃။ ဒူဝါဇော်ရစ်(မြစ်ကြီးနားကချင်ကိုယ်စားလှယ်)၊ ၁၄။ ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)၊၁၅။ဦးထွန်းမြင့်(မောက်မယ် လူထုကိုယ်စားလှယ်)၊ ၁၆။ဦးခွန်စော(ပင်းတယလူထုကိုယ်စားလှယ်)၊ ၁၇။ဦးဖြူ(ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊ ၁၈။ဦးဒိန်ရတန်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊ ၁၉။ဒူဝါး ဇော်လွန်း(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊၂၀။ဦးလဘန်းဂရောင်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊၂၁။ဦးလူမုန်း(ဖလမ်း ချင်းကိုယ်စားလှယ်)၊၂၂။ဦးသောင်ဇာခုတ် (တီးတိန် ချင်းကိုယ်စားလှယ်)၊ ၂၃။ ဦးကီယိုမာန်(ဟားခါး ချင်းကိုယ်စားလှယ်)
ပင်လုံစာချုပ်တွင် ပါဝင်သောအချက် ကိုးချက်
(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင် အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တစ်ဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက် သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက် ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင် စီကိုတိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
(၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။
(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
Ref:http://www.news-eleven.com/
Saturday, February 11, 2012
မိုးယုစံနဲ့ဘောလုံးအကျော်အမော်ဘက်ခမ်း
Facebook ပေါ်မှာတွေ့ရတဲ့မိုးယုစံဓာတ်ပုံ
Thursday, February 9, 2012
ရှိသေးရင် နည်းနည်းပေးပါ ...
 Here are candid photos of Myanmar Celebrities; Melody, Jenny, Chaw Yadanar and Regime Crony Zaw Zaw which are recently leaked out on internet. These photos are loudly criticized by fans of these celebrities who are enjoying with Bonus from Crony Zaw Zaw. Melod, Jenny and Chaw Yadanar are shouting for Money ?!!!
Zaw Zaw = Military Government Back Business Tycoon of Myanmar / Regime Crony
Melody = Popular Model and Actor
Jenny = Popular Singer
Chaw Yadanar = Myanmar Model and Actor
Ref:http://www.myanmarcelebrity.com/
Monday, February 6, 2012
Saturday, January 21, 2012
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
Sunday, January 15, 2012
Zarganar Hand in Hand with Khin Nyunt
Left to Right: မင်းထင်ကိုကိုကြီး၊ ကြည်ဖြူရှင်၊ ဇာဂနာ၊ ခင်ညွှန့်၊ ဇင်ဝိုင်း
Myanmar Well-known Comedian and Pro-Democracy Activist Zarganar met with Khin Nyunt, Myanmar's ex-prime minister and former chief of the Myanmar Military intelligence, who was recently released from house arrest. Director Min Htin Ko Ko Gyi, Kyi Phyu Shin and Zin Wyne were also at this meeting.
Tuesday, January 10, 2012
  ချိုးကူသံလေးကြားရဖို့(Written by လူထုစိန်ဝင်း)
နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။
သတင်းသမားတွေ နေရာပေးခံရ
ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။
အကြွေးဝန်ထုပ်ကြီး
ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။
ခွက်တစ်ဆယ်အနည်းဆုံး
မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့် အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။
စောင့်ကြည့်ချင်ကြသေး
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။
တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ . . .
တစ်နေ့တော့ပြန်လာမယ်
ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။
ရတနာသိုက်ကြီး
ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။
မြန်မာတွေရဲ့ အပြုံး
ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။
ရေကုသိုလ်
မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။
ကန်သမ္မတရဲ့ မှတ်ချက်
ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။
အပျော်တွေစိမ့်ဝင်
ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။
ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ
ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။
ချိုးကူးသံလေးကြားရဖို့
နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။
Ref:http://www.news-eleven.com/
Monday, January 2, 2012
အာရပ်နွေဦး နိဒါန်းရေးဖွဲ့သူ(Written by မြတ်သစ်)
အန္တရာယ်အလွန်ကြီးမားလာသည့်အခါ သေခြင်းတရားသည်မျှော်လင့်ချက်ဖြစ်လာသည်။ သို့ဖြင့်စိတ်ပျက်ခြင်းသည် သေဆုံးရန် မ၀ံ့ရဲသော မျှော်လင့်ချက်မဲ့ခြင်းတစ်ခုဖြစ်လာသည်။
ဆိုရန်ကဲကီးဂတ် (၁၈၁၃-၁၈၅၅)
လုံခြုံမှုမရှိသောဘ၀၊ ဘ၀ဖြစ်တည်မှုနှင့်ရှင်သန်မှုအတွက်လိုအပ်သော လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊လွတ်လပ်မှုများဆိတ်သုဉ်းသောဘ၀တွင်နေခြင်းထက် သေခြင်းက ပို၍မြင့်မြတ်သည်။ သေခြင်းတရားကိုအရေးတော်ပုံတစ်ခုအတွက်စွန့်လွှတ်ခြင်းသည် မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်သည်ဟု ခံယူထားသောလူပုဂ္ဂိုလ်များသည် နိုင်ငံအနှံ့၊ နေရာအနှံ့တွင် ရှိခဲ့ပြီးဖြစ်သည်။ အမှန်တရားအတွက် အသက်စွန့်ခဲ့သူတွေထဲမှာ တူနီးရှားနိုင်ငံသား မိုဟာမက်ဘူအာဇီဇီတစ်ယောက်လည်းအပါအ၀င်ဖြစ်သည်။
သူသည် လူသားတစ်ယောက်၏ ဂုဏ်သိက္ခာရှိရေး၊ တရားမျှတမှုရှိရေးနှင့် လူသားများသည် မိမိရပိုင်ခွင့်များရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သောသူဖြစ်သည်။ အာရပ်ကမ္ဘာရှိ သန်းပေါင်းများ စွာသော ပြည်သူလူထုကြီးသည် ဖိနှိပ်ချုပ်ခြယ်မှု၊ တရားဥပဒေမဲ့မှု၊ လူ့ဂုဏ်သိက္ခာနှင့် ကင်းမဲ့စွာဖြင့်အသက်ရှင်နေရမှုတို့နှင့် နှစ်ပေါင်းများစွာ ကြုံတွေ့နေခဲ့ရသည်။ ထိုသန်းပေါင်းများ စွာသော ပြည်သူလူထုကြီးသည် ရပ်တန့်နေသော သမိုင်းလှည်းဘီးကြီးကို ရွေ့လျားအောင် လုပ်ဆောင်ခဲ့ကြသည်။ ထိုသမိုင်းဘီးသည် တော်လှန်ရေးတည်းဟူသော စက်ခေါင်းကြီး၏ ဦးဆောင်ရာနောက်သို့ ဒရွတ်တိုက် လိုက်ပါခဲ့ရသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကတွင် ဖိနှိပ်ခံပြည်သူများသည် ရာဇပလ္လင်ထက်မှ အာဏာရှင်အစိုးရများကို ပြည်သူလူထု၏ အုံကြွမှုတည်းဟူသော တော်လှန်ရေးတစ်ရပ်ဖြင့် ဖယ်ရှားပစ်ခဲ့ကြသည်။ တော်လှန်ရေးဒီရေသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် တရစပ်ဆိုသလို ရိုက်ခတ်သွားခဲ့သည်။ ဒီမိုကရက်တစ်ကျသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ်၊ စစ်မှန်သော ခေါင်းဆောင်များက နိုင်ငံတော်၏ အနာဂတ်ကိုဖန်တီးရေး၊ ဖိနှိပ်ချုပ်ခြယ်ခံနေရသော ပြည်သူလူထု၏ လူ့အခွင့်အရေးများကို ပြန်လည်ရရှိရေးအတွက် တော်လှန်ရေးက ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
၂၀၁၁၊ ဇန်န၀ါရီလ ၂၄ ရက်နေ့။ အစိုးရဆန့်ကျင်ရေးသမားများသည် တူနီးရှားအလံတော် လွှမ်းထားသော မိုဟာမက်ဘူအာဇီဇီရုပ်အလောင်းကို သယ်ဆောင်လာကြသည်။ တူနီးရှား ပြည်သူတွေအတွက်ကတော့ သူသည် အာဇာနည်တစ်ဦးဖြစ်သည်။ ဘူအာဇီဇီသည် သာမန်လက်လုပ်လက်စားတစ်ယောက် ဖြစ်သည်။ သူက သစ်သီးဝလံရောင်းချပြီး အသက်မွေး ၀မ်းကြောင်းပြုနေရသူ။ သူက ဘွဲ့ရပညာတတ် အလုပ်လက်မဲ့ဖြစ်သည်။ ရဲမေတစ်ဦးက၎င်းင်းကို ပါးရိုက်ခဲ့ခြင်းကြောင့် အရှက်ကြီးရှက်ကာ မိမိကိုယ်မိမိမီးရှို့ပြီး အဆုံးစီရင်ခဲ့သည်။ ရုတ်တရက်ကြည့်လျှင်တော့ သည်ဖြစ်ရပ်က ဘာမှမဆန်း။ သို့သော် လူသားတစ်ယောက်၏ ဖြစ်တည်မှုနှင့်ဂုဏ်သိက္ခာကို ထိပါးစော်ကားခံရမှုအပေါ်တွင် နာကျည်းမှုဖြင့် ဘူအာဇီဇီက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုသည် တော်လှန်မှုတစ်ရပ်ဖြစ်သည်။ အာဏာရှင်အစိုးရအပေါ် မကျေနပ်ကြောင်း ဆန္ဒပြမှုဖြစ်သည်။ ဘူအာဇီဇီက အသက်ဆုံးခံပြီး တပ်လှန့်သံ ခေါင်းလောင်းသည် တူနီးရှားတစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။ အစိုးရအပေါ် နာကျည်းနေသော ပြည်သူများသည် နိုင်ငံအနှံ့တွင် လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ တစ်လအကြာတွင် တော့ တူနီးရှားသမ္မတဟောင်းဘင်အလီ ရာထူးနုတ်ထွက်ပြီး ပြည်ပသို့ ထွက်ပြေးသွားခဲ့သည်။
တူနီးရှားနိုင်ငံမှ နိုင်ငံရေးလှုပ်ရှားမှုသည် အီဂျစ်နိုင်ငံတွင်ဖြစ်ပွားခဲ့သော လူထုဆန္ဒပြမှုများအပေါ် များစွာသက်ရောက်မှုရှိခဲ့သည်။ ဤသည်ကလည်း မီဒီယာများ၏ အကျိုးကျေးဇူးများ ကြောင့်ဖြစ်သည်။ သာမန်ဈေးသည်တစ်ယောက်က ကိုယ့်အသက်ကိုမငဲ့ကွက်ဘဲ မတရားအုပ်ချုပ်နေမှုကို ဆန့်ကျင်ခဲ့သည့်အဖြစ်ပျက်အား မီဒီယာများမှတစ်ဆင့် ကမ္ဘာပြည်သူများ သိသွားခဲ့ကြသည်။ ဖိနှပ်ချုပ်ခြယ်မှုတွေကို တွန်းလှန်ဖယ်ရှားရမည်ဟူသော အသိသည် အာရပ်ကမ္ဘာမှပြည်သူများ၏ ဦးနှောက်ထဲမှာကော၊ နှလုံးသားထဲမှာပါ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်ခဲ့ပြီဖြစ်သည်။ မတရားမှုကို ဆန့်ကျင်မည့် ပြည်သူလူထုတစ်ရပ်လုံးကို မည်သူကမျှ တားဆီး၍မရတော့။ သေနတ်အသုံးပြုပြီး တားဆီးမှုသည်လည်း အရာမထင်တော့။
မျှော်လင့်ချက်မဲ့နေသည့်ဘ၀အတွက် သေခြင်းတရားကို ရွေးချယ်ခဲ့သည့် ဘူအာဇီဇီသည် မိမိပြည်သူများအတွက်သာမက အာရပ်ကမ္ဘာမှ အဖိနှိပ်ခံပြည်သူများအတွက် မျှော်လင့်ချက်များရရှိရန် သူ့အသက်ကို ပေးဆပ်ခဲ့သည် . . .
ဘူအာဇီဇီသည် တကယ်တော့ သာမန်ပြည်သူတစ်ဦးမျှသာဖြစ်သည်။ လူငယ်မျိုးဆက်သစ်ဟုဆိုရမည့် ဘူအာဇီဇီသည် တခြားလူငယ်များနည်းတူ အနာဂတ်အတွက် မျှော်လင့်ချက် ဘာတစ်ခုမှမရှိ။ သူတို့လူငယ်တွေသည် အာဏာရှင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် လူသားမျက်နှာ၊ လူသားဂုဏ်သိက္ခာ လုံးဝကင်းမဲ့နေသည့် သူတွေဖြစ်သည်။ အလုပ်လက်မဲ့ လူငယ်များသည် ဘူအာဇီဇီ၏ ဖြစ်ရပ်ကိုသိပြီးနောက် အစိုးရဆန့်ကျင့်ရေးတိုက်ပွဲထဲ ပါလာကြသည်။ သည့်နောက်တော့ ပြည်သူတစ်ရပ်လုံးက အစိုးရဆန့်ကျင်ရေးတိုက်ပွဲထဲသို့ ပါဝင်လာကြလေသည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၁ ခုနှစ်သည် အထင်ကရနှစ် တစ်နှစ်ဖြစ်သည်။ အာရပ်နွေဦးတော်လှန်ရေးသည် ဖိနှိပ်ခံပြည်သူများ၏ အောင်ပွဲတစ်ခုဖြစ်သည်အထိ ကမ္ဘာအနှံ့တွင် ထင်ရှား လာခဲ့သည်။ ထိုသို့ အာရပ်နိုင်ငံအချို့တွင် ဖြစ်ပွားခဲ့သော တော်လှန်ရေးများသည် သာမန်အရပ်သားဘူအာဇီဇီ၏ အသက်ဆုံးရှုံးခံပြီး တိုက်ပွဲဝင်ခဲ့မှုကြောင့် ဖြစ်ပေါ်ရသည် ဆိုခြင်းကို လက်မခံသည့်တိုင်အောင် ငြင်းပယ်ဖို့ ခဲယဉ်းမည်သာဖြစ်သည်။ သာမန် အရပ်သားဘူအာဇီဇီသည် ဥရောပ ပါလီမန်မှပေးအပ်သည့် အတွေးခေါ် လွတ်လပ်မှုဆိုင်ရာ ဆာခါရော့ဖ်ဆုကို ဆွတ်ခူးခဲ့သူငါးဦးတွင် ပါဝင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၁ ခုနှစ်သည် အထင်ကရနှစ် တစ်နှစ်ဖြစ်သည်။ အာရပ်နွေဦးတော်လှန်ရေးသည် ဖိနှိပ်ခံပြည်သူများ၏ အောင်ပွဲတစ်ခုဖြစ်သည်အထိ ကမ္ဘာအနှံ့တွင် ထင်ရှား လာခဲ့သည်။ ထိုသို့ အာရပ်နိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော တော်လှန်ရေးများသည် သာမန်အရပ်သား ဘူအာဇီဇီ၏အသက်ဆုံးရှုံးခံပြီး တိုက်ပွဲဝင်ခဲ့မှုကြောင့် ဖြစ်ပေါ်ရသည် ဆိုခြင်းကို လက်မခံသည့်တိုင်အောင် ငြင်းပယ်ဖို့ ခဲယဉ်းမည်သာဖြစ်သည်။ သာမန် အရပ်သားဘူအာဇီဇီသည် ဥရောပ ပါလီမန်မှပေးအပ်သည့် အတွေးခေါ်လွတ်လပ်မှုဆိုင်ရာ ဆာခါရော့ဖ်ဆုကို ဆွတ်ခူးခဲ့သူငါးဦးတွင် ပါဝင်လာခဲ့သည်။
Ref:http://www.news-eleven.com/