Thursday, May 6, 2010

ကြံ့ဖွံ့ပါတီကြီးလာချေပြီ

ဓာတ်ပုံမိုးမခမှ (ရဲဘော်ဖိုးသံချောင်း)
ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန်ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီဆိုတာကြီး ရွေးကောက်ပွဲခတ်ကွင်းထဲကို ဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရသလိုလိုပါပဲ။အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင်စနစ်ကနေ နောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင်အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်းပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက် အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ကြံ့ဖွံ့ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်းရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့စကားတွေကတော့ ပြန်ရုပ်လို့မရတော့ပါဘူး။ သမိုင်းဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖစစ်ဗိုလ်တွေ အပြတ်လုပ်တော့မယ်ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေအထက်မှာနေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင်ငွေတွေ၊ အဓမ္မကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ပါတီကိုပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲအတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်းမဲဆွယ်နေကြတာ စတဲ့ မသမာမှုမျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖစစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက်မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ်ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည်ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်းလုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်းသိလျက်နဲ့ လုပ်လာတာတွေဟာ နအဖဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ်ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ်ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာမဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ်ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင်သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရားအညစ်ခံရလို့ ကြုံတွေ့ရတဲ့အရှုံးကို အလွယ်နဲ့ လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကတဆင့် စပေ့စ်ရှာသူတွေ ဘယ်လိုဖြစ်ကြမယ်ဆိုတာကတော့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့်ပွဲကြီးပွဲကောင်းဖြစ်မှာ မုချပါပဲ။
ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့အရင်မျိုးဆက်စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိဟောင်းတွေလည်းပါပါတယ်။ အဲဒီတော့ ကြံ့ဖွံ့ကညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယအမျိုးအစားကတော့ ငြိမ်ခံကောင်းမှငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်ကကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့လုပ်သမျှကို မြွေမြွေချင်းခြေမြင်သလိုမြင်နေမယ့် တစည ကိုယ်စားလှယ်တွေထက် စိတ်တော်သိဘောင်းတော်ငြိမ့် ပထမအမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ်အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒခံယူပွဲနည်းလုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့လွတ်အောင် ကြည့်သာရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော်ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ်ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်းညီညွတ်ရေးဟာ ပိုကောင်းလာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေးနေပြည်တော်ကို စစ်တိုင်းမှူးတွေလာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာမဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲချလိုက်တာဖြစ်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကားပြောနေတာမျိုးကို လုံးဝမလိုလားပါဘူး။ မဆလခေတ်လွှတ်တော်နဲ့ ညောင်နှစ်ပင်ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြားမကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက်ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲကထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း”ရဲ့နောက်ခံသီချင်းထဲကစာသားတကြောင်းလိုပဲ“အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆိုလိုက်ကြပါစို့လား။
မူရင်း http://http://www.khitpyaingnews.org/