Monday, May 3, 2010

ဗုံးခွဲမည့် သတင်းကြောင့် စစ်တွေနှင့် ရန်ကုန်-စစ်တွေ ကားလမ်းတွင် လုံခြုံရေး တင်းကျပ်


မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗုံးဖေါက်ခွဲမည်ဟု သတင်းများ ထွက်ပေါ် နေသောကြောင့် စစ်တွေမြို့ရှိ အဓိက အချက်အချာကျသော နေရာများနှင့် ရန်ကုန်-စစ်တွေ ကားလမ်း တလျှောက်တွင် လုံခြုံရေးကို အထူး တိုးမြှင့် ချထားကြောင်း မျက်မြင် စစ်တွေမြို့ခံများနှင့် ခရီးသွားပြည်သူများက ပြောသည်။
စစ်တွေ တက္ကသိုလ်မှ ကျောင်းသား တဦးက စစ်တွေမြို့ရှိ အရေးကြီးသော နေရာများတွင် လုံခြုံရေး တိုးမြှင့် ချထားခြင်းကို ယခုကဲ့သို့ ပြောသည်။

"မနေ့ကစပီး လုံထိန်းတွေနဲ့ ရဲတွေကို အဖွဲ့လိုက် ဦးဥတ္တမ ပန်းခြံ၊ လောကာ နန္ဒာစေတီ၊ ဘုရားကြီး၊ စစ်တွေ- ရန်ကုန် ဘတ်စ်ကားဂိတ်တွေ အပါအ၀င် နေရာအတော်များများမှာ တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရတယ်။ တနေရာစီမှာ ရဲနဲ့ လုံထိန်းကား ၃စီး လောက်ကိုပါ တွေ့ရပါတယ်။ အခု စစ်တွေမှာ ဗုံးဖေါက်ခွဲမယ် ဆိုပြီး သတင်းတွေ ပြန့်နေပါတယ်။ အဲဒါကြောင့် ခုလို လုံခြုံရေး တိုးမြှင့် ချထားတာ ဖြစ်တယ်လို့ လူတွေက ပြောနေကြပါတယ်။" ဟု ပြောသည်။

၎င်းအပြင် စစ်တွေ-ရန်ကုန် ကားလမ်း တလျှောက်တွင်လည်း လုံခြုံရေးကို တိုးမြှင့်ထားပြီး တံတားများနှင့် စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များ အားလုံး ကားပေါ်မှ ဆင်းကာ စစ်ဆေးခံရသည်ဟု ရန်ကုန်မှ စစ်တွေသို့ ဘတ်စ်ကားဖြင့် လာသူ တဦးက ပြောသည်။

"အခု ခရီးသည်တိုင်း စစ်ဆေးရေးဂိတ်နဲ့ တံတားတွေကို ရောက်ရင် ကားပေါ်က ဆင်းပြီး လမ်းလျှောက်ရပါတယ်။ စစ်ဆေးရေး ဂိတ်တွေနဲ့ တံတားတွေကို ရောက်ရင် ကားပေါ်မှာ နေခွင့် မပြုပါဘူး။ အရင်က ဒီလို လုပ်တာ မရှိပါဘူး၊ ခုတရက်နှစ်ရက်အတွင်းမှာ ခုလို လုပ်တာ ဖြစ်ပါတယ်။ စစ်သားတွေနဲ့ ရဲတွေက အထုတ်အပိုးတွေကို စစ်ဆေးပါတယ်။ လူတွေကို သေသေချာချာ စစ်ဆေး မေးမြန်းတာတွေ လုပ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ပုံမှန်ရောက်ချိန်ထက် အချိန် ၂ နာရီခန့် နောက်ကျပီးမှ စစ်တွေကို ရောက်ပါတယ်။" ဟု ပြောသည်။

ထိုသို့ စစ်ဆေးသည့် အတွက် ခရီးသွားပြည်သူများ ဒုက္ခရောက်ကြရပြီး စစ်ဆေးရာတွင် စစ်တွေမှ အထွက်ကိုရော အ၀င်ကိုပါ စစ်ဆေးသည်ဟု သူက ပြောသည်။

"ရန်ကုန်-စစ်တွေ ဘတ်စ်ကားဂိတ်ကနေ အထွက် စစ်တွေက တပ်ထိန်း ဂိတ်မှာ အရမ်း စစ်ဆေးပါတယ်။ ကျောက်တော်က ဂစ္ဆပနဒီတံတားနဲ့ မင်းပြားမြို့ ရာမောင်တံတားမှာဆိုရင် ခရီးသည်တွေကို ကားပေါ်ဆင်းခိုင်ပြီး တံတားထိပ် ဟိုဘက် ဒီဘက် လမ်းလျှောက်ရပါတယ်။ ဗုံးလှန့်ထားတဲ့ အတွက် ခုလို ဆောင်ရွက်တာလို့ သိရပါတယ်။"

ယခုအခါ စစ်တွေတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် စစ်တွေ လူထု အနေဖြင့် လူစုလူဝေး ရှိသော နေရာများ မသွားကြသဖြင့် ဈေးများနှင့် ပွဲလန်း သဘင်များတွင် လူအရောက် နည်းပါးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်လည်း ဗုံးလှန့်ထားကြောင်း သတင်းရရှိသည်။