Monday, May 17, 2010

ရန်ကုန်မြို့မှာ မိုးရွာပြီ


၂၀၁၀ ပြည့်နှစ်၊မေလ ၁၇ ရက်နေ့က ပထမဆုံးမိုးရွာသွန်းနေမှုအဖြစ် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် တွေ့ရစဉ်


၂၀၁၀ ပြည့်နှစ်၊မေလ ၁၇ ရက်နေ့က ပထမဆုံးမိုးရွာသွန်းနေမှုအဖြစ် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် တွေ့ရစဉ်

၂၀၁၀ ပြည့်နှစ်၊မေလ ၁၇ ရက်နေ့က ပထမဆုံးမိုးရွာသွန်းနေမှုအဖြစ် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် တွေ့ရစဉ်

၂၀၁၀ ပြည့်နှစ် ဇန်န်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ မိုးရေချိန်လုံးဝမရှိခဲ့သော ရန်ကုန်မြို့တွင် ရက်ပေါင်း ၁၃၆ ရက်ကြာမြင့်ပြီးသော ကာလအတွင်း ပထမဆုံးမိုး မေလ ၁၇ ရက်နေ့တွင် ရွာသွန်းခဲ့ကြောင်းနှင့် ယင်းနေ့တွင်ပင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်၍ မုန်တိုင်းမိုးရွာသွန်းနိုင်ခြေရှိမှုကို ဆက်လက်စောင့်ကြည့်ဖွယ် ရှိနေကြောင်း သတင်းရရှိပါသည်။

မိုးရွာသွန်းမှုသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စတင်ခဲ့ပြီး ရွာသွန်းချိန်မှာမူ များစွာကြာမြင့်မှုမရှိခဲ့ကြောင်း သိရှိရသည်။ နှစ်စဉ် မိုးကြိုမိုးရွာသွန်းမှုသည် ဧပြီလ ၁၅ ရက်နေ့ ၀န်းကျင်၌ စတင်ခြင်းဖြစ်သော်လည်း ယခုနှစ်တွင် မေလ ၁၇ ရက်နေ့ ရောက်ရှိမှ ရွာသွန်းခြင်းဖြစ်သည့် အတွက် တစ်လကျော် နောက်ကျသော မိုးကြိုမိုးလည်းဖြစ်သည်။

မိုးရွာသွန်းမှုကို တာမွေမြို့ နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့ နယ်၊ ဒဂုံမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ် စသည့်မြို့နယ်များတွင် ကြုံတွေ့ခဲ့ရပြီး ၁၅ မိနစ်ဝန်းကျင်မှ မိနစ် ၂၀ ၀န်းကျင် သာ ရွာသွန်းခဲ့ကြောင်း သိရှိရသည်။

အပူကို ကြာရှည်ခံစားနေရသည့် ရန်ကုန်မြို့နေသူများအဖို့ ၂၀၁၀ ပြည့်နှစ်အတွက် ပထမဆုံးမိုးကို မြင်ရခြင်းသည် ၀မ်းမြောက်ဖွယ် အကောင်းဆုံးသော အခြေအနေတစ်ရပ်ကို ကြုံရသကဲ့သို့ ဖြစ်ခဲ့ကြရပြီး ရန်ကုန်မြို့တွင်း မိုးရွာသွန်းခဲ့ရာနေရာတိုင်းတွင် မိုးကိုထွက်ကြည့်ကြသူ များရှိခဲ့ကြကြောင်း သိရှိရပါသည်။

''ပထမဆုံးမိုးကို မြင်ရတော့ သိပ်ကိုဝမ်းသာတယ်။ အခုကြုံနေရတဲ့ ရေ၊ မီးကိစ္စတွေကလည်း မိုး ရွာလိုက်ရင် ပြီးသွားတော့မယ်လို့ ထင်နေတာရယ်၊ အပူကို ရက်အကြာကြီး မခံမရပ်နိုင်အောင်ကြုံခဲ့ပြီးပြီဆိုတော့ ဒီအပူက လွတ်ချင်နေတာရယ်ကြောင့်ပါ။ ဒါပေမယ့် မိုးရွာတုန်း ခဏလေးပဲ အေးပြီး ပြန်ပူလာတာပါပဲ။ ဒါပေမယ့် နောက်ပိုင်း ရက်တွေ မိုးပုံမှန်ရွာလိုက်ရင်တော့ အပူလျော့သွားမယ်လို့ မျှော်လင့်တယ်'' ဟု ဗဟန်းမြို့နယ်တွင် နေသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့သည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၄၂.၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၂ နှစ်အ တွင်း ယခင် စံချိန်ဟောင်း ၄၂ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်ကာ စံချိန်ကျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် အပူချိန် စံချိန်ကျိုးပြီး လေးရက်အကြာတွင် မိုးရွာသွန်းမှုကို စတင်ကြုံတွေ့ရ ခြင်းဖြစ်ကြောင်း သိရှိရသည်။

''ဒီမိုးက မင်္ဂလာရှိသော မိုး၊ ကျက်သရေရှိသောမိုးပါ။ အားလုံးမျှော်နေကြတဲ့မိုး၊ ပြည်သူတွေ တောင့်တနေတဲ့မိုးပေါ့။ အဆုံးစွန်တော့ ပြောလို့မရသေးတာတစ်ခုက ဒီမိုးပြီးရင်ရော ပူနေဦးမလားဆိုတာက ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် အေးစေချင်ပါပြီ။ 'သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ'ဆိုတာလိုပဲ ဘယ်အရာကမှတော့ ကြာရှည်အစိုးမရပါဘူး။ မေလ ၁၆ ရက်နေ့ညမှာ သောကြာကြယ်နဲ့ လနဲ့နီးတာကို မြင်ခဲ့ကြရတယ်။ ၁၇ ရက်နေ့မှာတော့ မိုးရွာတယ်။ ပြည် သူတွေကတော့ ကောင်းတာတွေ ဖြစ်လာစေဖို့ပဲ မျှော်လင့်နေကြပါတယ်''ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဦးစိုးညွန့်ကသုံးသပ်သည်။

မေလ ၁၇ ရက်နေ့တွင်ပင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအား နည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါက မုန်တိုင်းမိုးအဖြစ် ဆက်လက် ရွာသွန်းဖွယ်ရှိသည်ဟုလည်း သိရှိရပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် အစပ်တွင်ဖြစ်ပေါ်ခြင်းဖြစ်ပြီး လတ်တလော အခြေအနေအရမူ မုန်တိုင်း ဖြစ်ပေါ်ပါက အိန္ဒိယနိုင်ငံသို့ ၀င်ရောက်နိုင်သည်ဟုလည်း ခန့်မှန်းမှု များရှိနေကာ အတိအကျ ကောက်ချက်ချရန်မှာ အချိန်စောနေသေး ကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်မည်၊ မ၀င်ရောက်မည်ဆို သည်ကို ဆက်လက်စောင့်ကြည့်ရန်သာ လိုကြောင်းလည်း သိရှိရသည်။

''မုတ်သုံက နောက်ကျနေပြီးတော့ မုန်တိုင်းက ဆွဲလာမှပဲ ဆက်ဝင်လာမယ့် သဘောရှိနေတယ်။ မုန်တိုင်းကိုတော့ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရမှာပဲ။ မုန်တိုင်းကြောင့် မိုးရွာတာကိုတော့ ကြုံရနိုင်တယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်သည့်နေ့တွင် ၄င်း၏ အမြင်ကို ပြောပြသည်။

အနောက်တောင်မုတ်သုံလေသည် တောင်ပိုင်းဒေသများသို့ မေ လ ၅ ရက်နေ့ဝန်းကျင်တွင် ၀င်ရောက်ရမည်ဖြစ်သည့်အတွက် လက်ရှိတွင် ရက်သတ္တပတ် နှစ်ပတ်ခန့် နောက်ကျကာ မြစ်ဝကျွန်းပေါ်ဒေသ များသို့မူ မေလ ၁၅ ရက်နေ့ဝန်းကျင်တွင် ၀င်ရောက်ရမည်ဖြစ်၍ မေ လ ၂၅ ရက်နေ့ခန့်တွင် ၀င်ရောက်ပါကလည်း ၁၀ ရက်ခန့် နောက်ကျမည်ဟု သိရှိရပါသည်။

''ရာသီဥတုအနေအထားအရ ရန်ကုန်မှာ မိုးက ပထမဆုံး နောက်ကျရွာတယ်။ ရာသီဥတုက မြန်မာနိုင်ငံမှာ ပြောင်းတော့ပြောင်းလဲနေပြီ။ ဒါကို အရင်က သတိမထားခဲ့မိကြတာ။ ဒီနှစ်မှာတော့ သတိမထားဘဲ မနေနိုင်အောင် ဖြစ်လာပါတယ်''ဟု မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်းက ပြောပါသည်။
အပူရက်ရှည်ကြာပြီးနောက် မိုးရွာသွန်းမှုကို ရန်ကုန်မြို့နေ ပြည်သူများ ၀မ်းမြောက်ကြိုဆိုခဲ့ကြသော်လည်း မိုးနှင့်အတူ မိုးသက်လေပြင်း၊ မုန်တိုင်း စသည်တို့ရောလျက် ပါဝင်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်ဟုလည်း သိရှိရသည်။