Friday, May 7, 2010

သစ္စာမြတ်နိုးမှု အတိုင်းအတာ

ဝမ်းနည်းပူဆွေးနေသော မိတ်ဆွေရောင်ရင်းများနှင့် တပည့်များအကြားတွင် အဆိပ်ခွက်ကို ရဲရဲရင့်ရင့် လှမ်းကိုင်နေသော ဆိုကရေးတီးစ်(ဂျက်ကွက်ဇ်လူးဝစ်ဒေးဗစ်၏ ၁၇၈၇ ခုနှစ်လက်ရာ The Death of Socrates)
Written by ဇေ၀င်းနောင်
"အမှန်ပြောလျင် အကျွန်ုပ်ကို စိတ်မဆိုးလေနှင့်"
ဆိုကရေးတီးစ်
"အမှန်တရားအားလုံးဟာ တွေ့ ရှိတာနဲ့တစ်ပြိုင်နက် နားလည်ဖို့ လွယ်ကူပါတယ်။
အဓိကအချက်ကတော့ အဲဒီအမှန်တရားတွေကို တွေ့ရှိဖို့ပဲ"
ဂယ်လီလီယိုဂါလိလဲ

အမှန်တရား (တစ်နည်းအားဖြင့် သစ္စာ)ဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ ကိစ္စတစ်ခု ဖြစ်ခြင်းရှိခြင်းရဲ့ အခြေအနေမှသည် တိကျမှန်ကန်တဲ့အချက်အလက် (ဒါမှမဟုတ်) အစစ်အမှန်အခြေအနေလို့ သဘောတူညီနိုင်ခြင်း၊ စစ်မှန်တဲ့ အရာတွေ၊ အဖြစ်အပျက်တွေ၊ တကယ်ဖြစ်တည်မှုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ သဘောတူညီလက်ခံနိုင်ခြင်း၊ စံ (ဒါမှမဟုတ်) မူလပကတိအခြေအနေမှ မဖောက်ပြန်ခြင်းကို အမှန်တရားလို့ ဖွင့်ဆိုကြပါတယ်။ ရှေးသုံးအရပြောရရင် အမှန် တရားဆိုတာမှာ အပြုအမူ၊ ၀ိသေသ လက္ခဏာ၊ နုတ်ထွက်စကားတို့ မဖောက်ပြန်မှု၊ အခြားအရာများ ပြောင်းလဲသွားသော်လည်း မပြောင်းမလဲ ကြွင်းကျန်ရစ်မှု၊ ရိုးသားမှုတို့ပါ ပါဝင်ပါလိမ့်မယ်။ ဒီစံသတ်မှတ်ချက်တွေဟာ အများစုလက်ခံထား ကြတာဖြစ်ပေမဲ့ အခြားငြင်းခုံလောက်ဖွယ်ရာ ဆွေးနွေးစရာကောင်းတဲ့ အမှန်တရားဆိုတာနဲ့ ပတ်သက်တဲ့အမြင်တွေ၊ သီအိုရီတွေရှိပါသေးတယ်။
အမှန်တရားဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ၊ဘယ်အရာတွေဟာ အမှားအမှန်ဆိုတာကို ဖြစ်စေသလဲ၊အမှန်တရားဆိုတာကို ဘယ်လိုဖွင့်ဆိုဖော်ထုတ်မလဲ စတဲ့မေးခွန်း တွေနဲ့ပတ်သက်လို့လဲ အမြင်အမျိုးမျိုးရှိကြပါတယ်။

နယ်ပယ်စုံမှာ အမှန်တရားကို ရှာခဲ့ကြတာ၊အမှန်ကိုသိဖို့ ကြိုးစားခဲ့ကြတာ၊အမှန်ကိုဖြန့်ဖြူးခဲ့ကြတာဟာ လူသားတို့ရဲ့တိုးတက်မှုအတွက် အဓိကကျတဲ့လုပ်ဆောင်မှု ဖြစ်ပါတယ်။ဂယ်လီလီယိုက ကမ္ဘာဟာ စကြ၀ဠာရဲ့ဗဟိုချက်မှာ မရှိဘူး၊နေဟာစကြာ ၀ဠာရဲ့ဗဟိုချက်မှာ ရှိတယ်ဆိုတဲ့ ကော်ပါးနီးကပ်စ်စတင်ဖော်ထုတ်ခဲ့တဲ့ အမှန်တရားကိုသက်သေပြဖို့ ကြိုးစားခဲ့တာဟာ ဒီကနေ့ သိပ္ပံပညာရပ်အားလုံးအတွက် အကျိုးကျေးဇူးကြီးလှပါတယ်။ဒီလိုပါပဲ ဆိုကရေးတီးစ်ရဲ့ ကိုယ်ကျင့်သီလဆိုင်ရာ ဒဿန တို့ကိုရှာဖွေခြင်း၊အပြန်အလှန်စစ်မေးခြင်းဖြင့် အမှန်တရားကိုသင်ယူခြင်း ဆိုတဲ့နည်းနာတွေဟာလည်း ဒဿန နယ်ပယ်တင်မကဘဲ အမှန်တရားကို ရှာဖွေရေးအတွက် စံပြုပုံစံတို့ကို လမ်းကြောင်းပြပေးခဲ့ပါတယ်။

မသက်ဆိုင်တဲ့နယ်ပယ်တွေက ဒီနှစ်ယောက်ကိုနှိုင်းယှဉ်ပြချင်တာဟာ သူတို့ရဲ့အမှန်တရားကိုရှာဖွေခြင်း သက်သက်ကိုသာမကဘဲ အမှန်တရားအတွက် စွန့်ဝံ့ခြင်း အတိုင်းအတာကိုပါ စံပြုခိုင်းနှိုင်းဖို့ရာ ဖြစ်ပါတယ်။

ဘီစီ ၄၀၀ ၀န်းကျင်က ဂရိ အေသင်မြို့ပြနိုင်ငံမှာ ပေါ်ထွန်းခဲ့တယ်လို့ ယူဆရတဲ့ ဆိုကရေးတီးစ်အကြောင်း (သိပြီးသားပဲဖြစ်ဖြစ်)နည်းနည်းပြန်ကောက်ချင်ပါတယ်။အနောက်တိုင်းဒဿနိကဗေဒကို ကနဦးစတင်အုတ်မြစ်ချသူလို့ ယူဆ ရတဲ့ ဆိုကရေးတီးစ်ရဲ့အကြောင်းဟာ သူ့တပည့်တွေ၊ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေ က တစ်ဆင့်ပဲ ကျွန်တော်တို့သိခွင့်ရ ခဲ့တာပါ။ အဓိကကတော့ ပလေတိုရဲ့ Dialogues တွေကပေါ့။ (ဆိုကရေးတီးစ် တကယ်ရှိခဲ့မရှိခဲ့ဆိုတာကတော့ အငြင်းပွားစရာရှိပါတယ်။ ဒါကို တော့ ပညာရှင်တို့ရဲ့ ကိစ္စဖြစ်လို့ အကျယ်မပြောတော့ပါ)

ရူပဗေဒ၊ သင်္ချာ၊ နက္ခတ်ဗေဒနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ် ရည်ညွှန်းခံရတဲ့ အီတလီသားဂယ်လီလီယိုဂါလိလဲကတော့ အေဒီ ၁၅၆၄ မှာ မွေးခဲ့တာပါ။ ကော့ပါးနီးကပ်စ်ဝါဒ (Copernicanism)(နေကစကြ၀ဠာရဲ့ဗဟိုချက်ဖြစ်တယ်ဆိုတဲ့အယူအဆ)ကိုခိုင်မာစေတဲ့ အထောက်အထား တွေရှာဖွေခဲ့သူ၊ တယ်လီစကုပ်ကို အဆင့်မြှင့်ပေးခဲ့ပြီး နက္ခတ်ဗေဒလေ့လာမှုတွေ ဆောင်ရွက်ခဲ့သူတစ်ဦး အနေနဲ့တင်မကဘဲ သိပ္ပံပညာရဲ့ ဖခင်ကြီး၊ ခေတ်သစ်သိပ္ပံရဲ့ဖခင်ကြီး၊ ခေတ်သစ်ရူပဗေဒရဲ့ဖခင်ကြီး အဖြစ် ပါ ဂုဏ်ပြုခံရသူပါ။

ဘယ်လမ်း ပိုကောင်းတယ်ဆိုတာမသိနိုင်၊ မမြင်နိုင်တဲ့အခါမျိုးမှာ၊ ဘယ်လမ်းကိုရွေးရွေး နေ့ချင်းညချင်း သစ္စာထင်ရှားရှိလာမှာ မဟုတ်တဲ့ အခါမျိုးမှာ အမှန်တရားကိုပဲ ဆက်လက်ကိုင်စွဲရင်းစွန့်ဝံ့တာဟာ မြင့်မြတ်တယ်ဆိုတာ . . .

သူတို့နှစ်ဦး ပေါ်ပေါက်ခဲ့တဲ့ ကာလဟာနှစ် နှစ်ထောင်လောက်ကွာကြသလို သူတို့ရဲ့လေ့လာမှုနယ်ပယ်ကလည်း ကွာခြားပါတယ်။ သူတို့ရဲ့ အယူအဆ၊တွေ့ရှိမှုတွေ၊ အကျိုးပြုမှုတွေထက် သူတို့ရဲ့ အမှန်တရားအပေါ်မှာ စွဲမြဲမှု၊ ဆင်ဆင်တူတဲ့ ကံကြမ္မာကို ကြုံရချိန်မှာ တုံ့ပြန်ကြပုံ ကိုပဲနှိုင်းယှဉ်လိုတာပါ။ သူတို့နှစ်ဦးရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေဟာ ယနေ့ခေတ်အခါမှာ လက်ခံနိုင်ပေမဲ့ သူတို့ခေတ်သူတို့အခါတုန်း ကတော့ တစ်ကယ့်ကို အနရာယ်တွေအဖြစ် မှတ်ယူခံခဲ့ရတာပါ။


ဖော်ထုတ်ခဲ့တဲ့ အမှန်တရားအတွက် ဆိုကရေးတီးစ်ဟာ အေသင် ခုံရုံးတင်ခံခဲ့ရသလို ဂယ်လီလီယို ကလည်း ရိုမန်ကက်သလစ်ကျောင်းတော်ရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။

စပါတာနဲ့ မဟာမိတ်မြို့ပြနိုင်ငံတွေကို စစ်ရှုံးလို့ အကျဘက်ရောက်လာတဲ့ အေသင်မြို့ပြမှာ လူတစ်စုသာ ပါဝင်တဲ့ ဒီမိုကရေစီစနစ်တစ်မျိုးကို ဖော်ဆောင်နေကြတဲ့အချိန်ကာလမှာ ဆိုကရေးတီးစ် နေထိုင်ခဲ့ရတာပါ။ဒီလိုခေတ်အခါမှာ ကောင်းစားနေ ကြတဲ့ ၀စနာလင်္ကာရ (အပြော အဟောအတတ်) ကျွမ်းကျင်လိမ်မာသူတွေ၊ နိုင်ငံရေးသမားတွေအတွက် အမှန်တရားကို အပြန်အလှန်စစ်မေးပြီးရှာဖွေတတ်တဲ့ ဆိုကရေးတီးစ်ဟာ ရန်သူတစ်ယောက်လို သတ်မှတ်ခံရတာပါ။ သူ့ကိုတင်တဲ့စွဲချက်ကတော့ အေသင်ကလူငယ်တို့ရဲ့ စိတ်နှလုံးကို ယိုယွင်းပျက်စီးစေမှုပါ။ ဒီအမှုနဲ့ပဲ ဆိုကရေးတီးစ်ဟာ အဆိပ်သောက် သေဖို့ပစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အဲဒီအခါမှာ မိတ်ဆွေတွေနဲ့ တပည့်တွေက သူ့ကို ပြေးစေလိုပေမဲ့ ဆိုက ရေးတီးစ်ဟာမပြေးဘဲ သေလမ်းကိုပဲ ရွေးခဲ့ပါတယ်။ (စွဲချက်တင်မှုကို ချေပရာမှာလည်း ဆိုကရေးတီးစ်သာ သူအပြစ်ရှိတယ်လို့ဆိုခဲ့ပြီး အသနားခံခဲ့ရင်လည်း လွတ်နိုင်ပါတယ်)

သူမပြေးခဲ့တဲ့ အကြောင်းအချက် တွေရှိခဲ့ပါတယ်။ ပထမအချက်က ထွက်ပြေးတယ်ဆိုတာ သေမှာကြောက်တာကို ဖော်ပြပါတယ်။ဒါက စစ်မှန်တဲ့ Philisopher တစ်ဦးမှာ မရှိသင့်တာလို့ သူယုံကြည်ထားတာပါ။ ဒုတိယအချက်က သူသာအေသင်က ထွက်ပြေးခဲ့ရရင် ဘယ်အရပ်မှအမိမြေနဲ့ မတူနိုင်ဘူးလို့ ယူဆလို့ပါ။နောက်တစ်ချက်ကတော့ ဥပဒေကြောင်းအရ ဆုံးဖြတ်ခဲ့တာတစ်ခုကို ချိုးဖောက်တာဟာ လူမှုသဘောတူညီချက် (Social Contract) ကိုချိုး ဖောက်တာဖြစ်ပြီး ဆိုကရေးတီးစ်ရဲ့ မူ ၀ါဒနဲ့ မကိုက်ညီလို့ပါတဲ့။

အတွေးအခေါ် ပညာရှင်နဲ့ နက္ခတ်ပညာရှင်အများစုက ကမ္ဘာကြီးဟာ စကြာဝဠာရဲ့ဗဟိုချက်လို့ လက်ခံထားကြတဲ့ ခေတ်အခါမှာ ဂယ်လီလီယိုဟာ ကော့ပါးနီးကပ်စ်ရဲ့ နေဗဟိုအယူအဆကို သက်သေပြခဲ့သူပါ။ ရိုမန်ကျောင်းတော်ဟာ ဒီ အတွက်သူ့ကို စစ်ဆေးခဲ့ပြီး သူ့အယူအဆတွေမှားယွင်းကြောင်း ၀န်ခံခိုင်းခဲ့ပါတယ်။ ကျမ်းစာကို ဖီလာဆန့်ကျင်ပြီး မှားယွင်းတယ်လို့ကျောင်းတော်က သုံးသပ်ခဲ့ပါတယ်။ဒီအယူအဆကို ထောက်ခံမှုကို စွန့်လွှတ်ဖို့ ဖိအားပေးခံခဲ့ရတဲ့ ဂယ်လီလီယိုဟာ သူ့အယူအဆကို စွန့်လွှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ Concerining the Two Chief World Systems ဆိုတဲ့ကျမ်းနဲ့ နေဗဟို အယူအဆကို ထပ်မံဖော်ထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာ မမာမကျန်းဖြစ်နေရှာတဲ့ ဂယ်လီလီယိုဟာ ရောမကို သံကြိုးတန်းလန်းနဲ့ ခေါ်ဆောင်ခံခဲ့ရပါတယ်။အပြစ်ရှိတယ်လို့ထပ်ပြီး ၀န်ခံခဲ့ရပြီး တစ်သက်လုံးနေအိမ်မှာပဲ အစောင့်အရှောက်နဲ့ အထိန်းသိမ်းခံသွားရပါတယ်။ နောင်နှစ်ပေါင်း ၃၀၀ ကျော် အကြာ ၁၉၉၂ ခုနှစ်မှာမှပဲ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့ နေစကြာဝဠာအမြင်ဟာ မှန်ကန်တယ်လို့ ၀န်ခံခဲ့ပါတယ်။

ဆိုကရေးတီးစ်ဟာ အမှန်တရားကို မစွန့်လွှတ်ဘဲ ငြင်းဆန် No လုပ်ခဲ့ပြီး ဂယ်လီလီယိုကတော့ အသက်ရှင်ရပ်တည်မှုအတွက် အကျပ်ကိုင်ဝန်ခံခိုင်းမှုကို Yes လုပ်ခဲ့ရပြီး အသက်ရှင်မဲ့လမ်းကို ရွေးခဲ့ပါတယ်။ လူ့ဘောင်လူ့လောကကို အကျိုးပြု နိုင်ခဲ့မှုပေတံနဲ့တိုင်းရင် ဆိုကရေးတီးစ်ထက် ဂယ်လီလီယိုက ပိုပြီး အကျိုးပြုနိုင်မှုများတယ်လို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အမှန်တရားအတွက် စွန့်ဝံ့ခြင်းမှာတော့ ဆိုကရေးတီးစ်ဟာ စံပြုပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ အမှန်တရားကိုဆုပ်ကိုင် ထားသည်ဖြစ်စေ၊ စွန့်လွှတ်သည်ဖြစ်စေ လတ်တလောအကြောင်းမထူးတဲ့ အခြေအနေမျိုးမှာ အသက်ကိုစွန့်ပြီး အမှန်တရားအပေါ်မှာ မြဲမြံခဲ့တာဟာ သစ္စာမပျက်ယွင်းတာပါပဲ။ ကိုယ်ပြောခဲ့တာတွေကိုမှ ကိုယ်ကမယုံကြည်ဘဲမှားပါတယ်လို့ ၀န်ခံ တဲ့အပြုအမူမျိုးဟာ အမှန်တရား အပေါ်သစ္စာပျက်ယွင်းတာပါပဲ။ ရှင်သန်ရပ်တည်မှုအတွက် အမှန်တရားကို ရင်ထဲကမဟုတ်ပေမဲ့ နှုတ်မြွက်စွန့်လွှတ်ခဲ့ရတဲ့ ဂယ်လီလီယိုကို နားလည်ပေးလို့ရပေမဲ့ အမှန်တရားကို အသက်နဲ့လဲပြီးကိုင်စွဲသွားရဲတဲ့ ဆိုက ရေးတီးစ်ရဲ့သတ္တိကတော့ ဂုဏ်ပြုထိုက်တာ အမှန်ပါပဲ။

တကယ်တမ်းကျတော့ အိုမင်းနေပြီဖြစ်တဲ့ အသက်ဇီဝရုပ် အဆုံးသတ်သွားရုံနဲ့ ဆိုကရေးတီးစ်ဆိုတဲ့သူ လောကအလယ်ကအပြီးပိုင် ပျောက်ကွယ်သွားပြီလို့ ပြောနိုင်တာမှ မဟုတ်ပေပဲ။ သူရှာဖွေခဲ့တဲ့သစ္စာ၊ သူယုံကြည်တဲ့ အမှန်တရားဟာ သေခြင်းမဲ့ အမတဖြစ်တယ်ဆိုတာ ဆိုကရေးတီးစ်ကိုယ်တိုင် လည်းမြင်ခဲ့ပြီးဖြစ်တာကို ချေပချက်ကထာ Apology မှာ တွေ့နိုင်ပါတယ်။ (Apology ဆိုတာ တောင်းပန်တာမဟုတ် ဘဲ ဂရိတို့ထုံးစံအရ ခုံရုံးမှာ ချေပရတာကို ဆိုလိုပါတယ်။ အင်္ဂလိပ် စကားနဲ့ပြန်ဆိုမှုမှာ Apology ဟာ အနက်သွေဖီသွားပေမဲ့ တကယ်တမ်း က ခုခံချေပမှုလို့ အနက်ရတဲ့ ဂရိ စကားလုံး apologia က လာတာပါ)

ဆိုကရေးတီးစ် ရုံးတော်မှာ နောက်ဆုံးပြောခဲ့တာက "ခွဲခွာရမည့် အချိန်ကားရောက်ရှိလာခဲ့ချေပြီ။ ကျွန်ုပ်တို့သည် ကိုယ့်လမ်းကိုယ်သွားကြရတော့မည်။ ကျွန်ုပ်ကား သေလမ်း၊ သင်တို့ကား ရှင်လမ်း၊ ဘယ်လမ်းပိုကောင်းသည်ဆိုခြင်းကို ကား အဂ္ဂဘုံသာ သိပေလိမ့်မည်"

The hour of departure has arrived, and we go our ways--I to die, and you to live. Which is better God only knows.

ဘယ်လမ်းပိုကောင်းတယ်ဆိုတာ မသိနိုင်၊ မမြင်နိုင်တဲ့အခါမျိုးမှာ၊ ဘယ်လမ်းကိုရွေးရွေး နေ့ချင်းညချင်း သစ္စာထင်ရှားရှိလာမှာ မဟုတ်တဲ့ အခါမျိုးမှာ အမှန်တရားကိုပဲ ဆက်လက်ကိုင်စွဲရင်း စွန့်ဝံ့တာဟာ မြင့်မြတ်တယ်ဆိုတာ ဆိုကရေးတီးစ်က ညွှန်ပြခဲ့တဲ့ လမ်းပါ။

စာကိုး။ ။ဇော်ဂျီ၏ ပလေတိုး နိဒါန်း၊
Wikipedia ၊ Plato's Apology (Translated by Benjamin Jowett)၊
O'Connor, J. J.; Robertson, E. F.. "Galileo Galilei"
Merriam-Webster's Dictionary
http://www.first-11.com/  မှ