Monday, January 31, 2011

လွှတ်တော်နဲ့ စစ်ကျွန်စနစ်ကိုသက်တမ်းတိုးခြင်း

လွှတ်တော်နဲ့ စစ်ကျွန်စနစ်ကိုသက်တမ်းတိုးခြင်း
(ဆွေနိုင်)

Made in ChaiNa လုပ်
မူဘိုင်ဖုန်းအသားစထဲက ထွက်လာတဲ့
စစ်ထွက်ပစ္စည်းများနဲ့
အကြွေးတွေတသီကြီး
ရင်ဘတ်စီတီးနောက်ပြန်ခရီးထွက်လာခဲ့ကြ
စုန်းစုန်းချုပ်ညနက်ခင်းထဲ အံကြိတ်သံများဆူညံပွက်လောရိုက်
စစ်ပွဲဇုံတွေချဲ့ထွင်နေလေရဲ့

နှစ်သစ်မှာ
နှစ်ချို့စစ်ပွဲတွေမပြီးသေးဘူး
စစ်မှုမထမ်း မနေရ ဥပဒေသစ်နဲ့
လက်သင့်ရာ ကြီးပွားရေး ဈေးကွက်စနစ်ထဲ
အကျင့်ပျက်ချစားမှုတွေက အစပ်အဖာ ဗလဗွ
မြို့ပြ၊ကျေးလက်အထိ

အနာဂတ်မဲ့ လူငယ် လူရွယ်တွေက
(၂၁) နှစ်ဆယ့်တစ်ရာစုရဲ့ စစ်ကျွန်စနစ်အောက်
ပြားပြားမှောက် ရေကြည်ရာကိုလွင့်မျော
မှောင်ခိုဈေးကွက်မှာ အရောင်းသွက်ပစ္စည်းတွေဖြစ်လာခဲ့

စနစ်ပျက်ကြီးထဲ
စစ်ရမက်များ မီးစွဲတောက်လောင်
ကျိန်စာသင့်ဖုတ်ကောင်တွေ
တစ်ကောင်ပြီး တစ်ကောင်
တွားယားသွား မြွေတွေလို အရည်ခွန်လဲ
အစိမ်းသေ သေနေတဲ့ ညနေခင်းကြီးရဲ့
ဆင်ဖြူတော်ကိုမှီပြီး ကြံစုပ်ကြကုံလော့

ကင်ပေတိုင်တွေနေတဲ့ မြို့တော်သစ်မှာ
နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲ
ပုဂ္ဂလိကပိုင်လွှဲပြောင်းရေးဈေးကွက်သစ်နဲ့
တံခါးပိတ်လွှတ်တော်ထဲ
အစိုးရသစ်ဖွဲ့
ခေတ်မှီ တိုးတက်သောနိုင်ငံတော်သစ်ဆီသို့
ချီတက်ကြအုံးမတဲ့
လူတွေ လူလုံးမလှတဲ့ ခေတ်မှာ
စစ်ကျွန်စနစ်သက်တမ်းတိုးတာထက်
ဘာမှမပို။