Sunday, January 23, 2011

ကလေးတွေရဲ့ မေးခွန်း...၈

မေး ။ ။ ဆရာ ဟိုတစ်နေ့က ပြောတဲ့အထဲမှာ မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့လို့ ဆိုတဲ့ စကားပါလာတယ်နော်။ ဒီတော့ ရေသည်ပြဇာတ်ထဲက ရေသည် ယောက်ျားပြောတဲ့ စကားထဲမှာ ...

ဖြေ ။ ။ မျောက်သားခင်မင်၊ စားသောက်ချင်မင့်၊ အတွင်သာပြု၊ မျောက်မျက်နှာကို ဘဟာတွက်ရှုတော့မလဲ၊ ကျေးဇူးရှင်သော၊ သခင်သော၊ မထောက်မထား၊ ပေါက်တိုင်းစားမှ၊ အမှုသွား ချောတော့မယ်လို့ ပါတယ်မဟုတ်လား။

မေး ။ ။ ဆရာ အကုန်ကို အလွတ်ရ နေတာပဲနော်။ အဲဒီစကားအတိုင်းဆိုတော့ မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ဆိုတဲ့ စကားဟာ ကိုယ်ကောင်းဖို့ အတွက်ဆိုရင် ဘာမှ ထောက်ထားမနေနဲ့လို့ ဆိုရာမရောက် ဘူးလားဆရာ။

ဖြေ ။ ။ ဒါပေါ့ကွယ့်။ ကျေးဇူးတွေဘာတွေ ထောက်မနေနဲ့ပေါ့။ တကယ်ဆိုတော့ လူမဆန်တဲ့စိတ်ကို ဖော်ပြတာပဲလို့သာ ပြောချင်ပါတယ်။ ကျေးဇူးတရား၊ ကိုယ်ချင်းစာတရား တွေကို ဖျောက်ပစ်တဲ့သဘောပါပဲ။

မေး ။ ။ အဲဒီထဲမှာပဲ ဒလဟော မလွတ်၊ ကြက်မခွပ်သလို ဆိုတာ ပါလာသေးတယ်။ ကြက်မဆိုတာ မခွပ်တတ်ဘူးလို့ ကြားဖူးတာ ကြောင့်...။

ဖြေ ။ ။ ဒလဟောမလွတ်၊ ကြက်မခွပ်သလို၊ ရွတ်ရွတ်ချွံချွံ၊ မကြံဘဲ ညှာလိုက်လို့၊ အခါကို လွန်မိလျှင်၊ ကိုယ်ဝန်တစိ၊ ခွင့်မတော်ရင်၊ ကိုယ်ပေါ်မှာ ပိရော့မယ်၊ တိခနဲ ဖြတ်၊ ဦးခင်အောင်သတ်လိုက်မှ၊ တစ်ဇာတ် ပြောင်းလို့ သူကောင်းဖြစ်တော့မယ် လေဟယ်။

မေး ။ ။ ဆရာက အားလုံးကို အလွတ်ရနေတော့တာကိုး။

ဖြေ ။ ။ ငယ်ငယ်ကတည်းက ကြိုက်လွန်းလို့ ဖတ်ခဲ့တာရယ်၊ ဆရာအဖြစ် သင်ပေးခဲ့တာရယ်ဆိုတော့ နှုတ်လွတ်ရ နေတော့တာပေါ့ကွယ်။ မဆန်းလှပါဘူး။ အေး- ခုနပြောတဲ့ အထဲမှာ ကြက်မခွပ်သလို ဆိုတာကို မင်းက မေးတယ်။ ငါတွေ့ခဲ့ဖူးတဲ့ မူရင်းစာတွေမှာ ကြက်မရဲ့ ခွပ်သလိုသာ တွေ့ခဲ့ဖူးတယ်။ မင်းတို့ ပြဋ္ဌာန်းစာမှာတော့ဖြင့် ရဲဆိုတာ ပြုတ်ကျန်နေတယ်။ တည်းဖြတ်သူကြောင့်လား။ စာစီသူကြောင့်လားတော့ဖြင့် မပြောတတ်ဘူး။ ငါတို့ ကြားခဲ့၊ သိခဲ့ရဖူး သလောက်တော့ ကြက်မရဲ ခွပ်သလို ဆိုတာမျိုးကိုပဲ ကြားခဲ့ဖူးတယ်။ ဒီလိုကွယ့်။ ကြက်မများဟာ ကြောက်တတ်တယ်။ ခွပ်လေ့မရှိဘူး။ ဒါပေမယ့် မိသားအုပ် ကြက်မ၊ ဆိုလိုတာက သားသမီး ကြက်ပေါက်စလေးတွေကို ထိန်းကျောင်းနေတဲ့ ကြက်မကျတော့ သူ့မိသားစုအုပ်နားကို လူကကပ်သွားရင် သူ့ကို ကျွေးနေကျ လူကိုတောင် အမွေးတွေ ပွထလာပြီး ရန်မူချင်တယ်။ ခွပ်ချင်တယ်။ ငါကိုယ်တိုင် ကလေးဘဝက မိသားအုပ် ကြက်မနား ကပ်သွားမိလို့ လိုက်ခွပ်တော့ ထွက်ပြေးခဲ့ရတာ မှတ်မိနေသေးတယ်။ မိသားအုပ် ကြက်မ ခွပ်တာကို ကြက်မရဲ ခွပ်တယ်လို့ ခေါ်ကြတယ်။ လူကြီးတွေ ပြောကြတာ မှတ်မိသလောက်တော့ ကြက်ပေါက်စလေးကို စွန်သုတ်သွားတာကို တောင်ပျံတက်ပြီး လိုက်ခွပ်တာ။ ဝါးတစ်ပြန်၊ ထန်းတစ်ပြန်လောက် ထိအောင် ရောက်သွားတတ်တယ်လို့ ပြောတယ်။ သားဇော သမီးဇောပေါ့ကွယ်။ အဲဒါကို ကြက်မရဲ ခွပ်တယ်လို့ ပြောလေ့ရှိတယ်။ စွန်ရဲ၊ ကျားရဲ၊ သားရဲဆိုသလို ရဲလာတဲ့ ကြက်မပေါ့ကွယ်။

မေး ။ ။ ကြက်မရဲ ပြောတာနဲ့ တစ်ဆက်တည်း မေးလိုက်ရဦးမယ်။ ရေသည်က သူ့အဖြစ်ကို ပြန်စဉ်းစား တော့ ဝက်စားကျင်းကော်၊ ပြုချေသော် တော်မယ် မထင်ပါဘူးလေ တယ်လို့ ဆိုထားတယ်။ ဝက်စား ကျင်းကော်ဆိုတာ။

ဖြေ ။ ။ အေးကွယ့်။ ငါလဲ လူကြီး တွေပြောပြလို့ သိရတာ။ ဝက်တွေကို ကျွေးတဲ့အခါ ဝက်စားဖို့ သစ်သား ခွက်ရှည် လုပ်ပေးထားရတယ်။ ခွေးများကို ကျွေးသလို မြေအိုး၊ အင်တုံလိုဟာမျိုးနဲ့ ထည့်ကျွေးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ဝက်တွေက အစာစားပြီးရင် အဲဒီခွက်ကို နှုတ်သီး နဲ့ ထိုးလှန်ပစ်ခဲ့ကြသတဲ့။ ဒီတော့ မြေအိုးတွေ၊ ဘာတွေ ကွဲကုန်တော့တာပဲပေါ့။ ဒီတော့ သစ်သားလို စားကျင်းမျိုးနဲ့ ထည့်ကျွေးရတယ်။ အဲဒါကိုတောင် စားကျင်းကို ကော်ပြီး မှောက်ပစ်ခဲ့တတ်တာကြောင့် ကျင်းဘေးက ဝါးတိုင်ကလေးတွေ မြေမှာစိုက်ပြီး ညှပ်ထားရသေးတယ်။ ဒါကြောင့် ကျေးဇူးကန်းတဲ့သူ၊ ကျေးစွပ်တဲ့သူကို ဝက်စားကျင်း ကော်လုပ်တယ်လို့ တင်စားပြီး ပြောတတ် ကြတယ်။

နောက်တစ်ခု ပျားစားလက် ဆေးဆိုတဲ့စကား ရှိသေးတယ်။ ကျေးဇူး မသိတတ်သူ၊ မေ့လျော့တတ်သူကို ပျားစားလက်ဆေးပဲလို့ ပြောတတ်ကြတယ်။

မေး ။ ။ အဲဒါကိုတော့ မကြားဖူး ဘူး ဆရာ။ ဘာကြောင့်ပြောတာလဲ။

ဖြေ ။ ။ အေး ဒီခေတ်မှာတော့ဖြင့် အသုံးနည်းကြပါတယ်။ အညာကျေး လက်ဘက်က ရှေးလူကြီးတွေ သုံးတတ်ကြတယ်။ ဒီလိုကွယ့်။ ပျားရည်ဆိုတာမျိုးက အဆီပါတာမှ မဟုတ်ဘဲကိုး။ ဒီတာ့ ဆီပြန်ဟင်းတို့၊ ဆီကြော်မုန့်တို့ကို ကိုင်မိ၊ စားမိတဲ့အခါမှာ လက်ကိုရော၊ ပါးစပ်ကိုရော ဆပ်ပြာနဲ့ မဆေးရင် ချွဲကျိနေတတ်သလို မဟုတ်ဘူး။ ရေနဲ့ ဆေးလိုက်ရင် လျှောခနဲ ပြောင်စင်သွားတာပဲ။ ငါတို့ကတော့ ပျားရည်ကို သောက်ရင် ဇွန်းကလေး၊ ဘာလေး နဲ့နည်းနည်းပဲ သောက်ကြတာ။ သူတို့ တောင်ပေါ်တောထဲနေကြသူ တွေကတော့ ပျားအုံကိုတွေ့ရင် ပျားဖွပ်ပြီး ပျားလပို့ခေါ်တဲ့ ပျားရည်အိမ်ကိုပါ စားပစ်လိုက်ကြတာ။ ဒီတော့လက်မှာ ပျားရည်အလူးလူး၊ ပါးစပ်မှာလဲ ပျားရည်တရွှဲရွှဲပေါ့။ ဒါပေမယ့် ရေနဲ့ဆေးချလိုက်ရင် လျှောခနဲပြောင် စင်သွားတာပဲ။ ငါ့မှာ လက်ဆောင် ပေးတဲ့၊ ကန်တော့တဲ့ပျားရည် ပုလင်းတွေ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ ခွက်တွေ၊ ဘာတွေ ရှာမနေတော့ဘဲ ပုလင်းဖွင့်ပြီး မော့သောက်ချင်သောက် လိုက်မိတယ်။ နှုတ်ခမ်းမှာတော့ဖြင့် စေးထန်းထန်း ဖြစ်နေသပေါ့။ ဒါပေမယ့် ရေဆေးချလိုက်ရင် လျှောခနဲ ပြောင်စင်သွားတာပဲ။ အဲဒီလို လုပ်မိတိုင်း ပျားစားလက်ဆေးဆိုတဲ့ စကားကို သွားသွားသတိရမိတယ်။ ဒီတော့ ကျေးဇူးမေ့တတ်သူကို ပျားစားလက် ဆေးလို့ခေါ်တာ အလွန်ကို ထိမိတယ်လို့ ထင်မိတယ်။ သို့သော် ဝက်စားကျင်း ကော်လောက်တော့ မဆိုးဘူးပေါ့ကွယ်။

မေး ။ ။ နောက်မေးချင်တာ ရှိသေးတယ်။ ရေသည်ယောက်ျားက လောကီလူ့ဘောင်ကြီးကို သံဝေဂရ လာတာကြောင့် တောထွက်ခွင့် တောင်းတော့ မင်းကြီးက တောခို မယ့်ကိစ္စကို တဝကြီး ခွင့်တော်သာ လိုက်ကဲ့လို့ မိန့်တော်မူလိုက်တယ်။ အဲဒီတောခိုတယ်ဆိုတာ။

ဖြေ ။ ။ အေး မင်းပြောတာကို နားလည်ပါတယ်။ ရယ်စရာတော့လဲ အကောင်းသား။ တောရိပ်ခိုတယ်၊ တောရမှီး၊ တောခိုတယ် ဆိုတာရဲ့ မူရင်းကတော့ ရသေ့ရဟန်းများလူနဲ့ နီးရာမှာမနေတော့ဘဲ လူ့လောက ရပ်ရွာကို ဖယ်ခွာပြီး တောတောင်ထဲ မှာ ခိုမှီးပြီး တရားကျင့်သုံးနေ ထိုင် တာကို ဆိုလိုတာပဲ။ စိတ်ပုတီးနဲ့ ရိပ် ကြီးခိုတော့မယ်။ ဂနိုင်မှီးလို့ မြိုင်ကြီးခိုတော့မယ် ဆိုတာမျိုးတွေ ရှေးဟောင်းကဗျာလင်္ကာတွေမှာ တွေ့ရလေ့ ရှိပါတယ်။ တောရခိုပြီးဆိုတဲ့ အသုံးဟာ လူ့ဘောင်ကို စွန့်ခွာသွားတဲ့ သဘောပါပဲ။ အဲဒီမှာ အလံနီ သခင်စိုးကြီးက ဥပဒေကို ကျောခိုင်းပြီး လက်နက်ကိုင် တော်လှန် ရေးလုပ်ဖို့ တောကျေးလက်တွေဆီ ထွက်သွားတော့ ငါမှတ်မိသလောက် ဗမာ့ခေတ် သတင်းစာမှာ အယ်ဒီတာ ဦးအုန်းခင်က သခင်စိုးကြီး တောခိုသွားပြီလို့ ဟာသနှောပြီး ရေးလိုက်တယ်။ စာဖတ်သူတွေကလဲ ငါကိုယ်တိုင် အပါအဝင် ရယ်မောလိုက်မိကြတယ်။ အဲဒီကစပြီး တောခိုတယ် ဆိုတဲ့ ဝေါဟာရဟာ ဥပဒေကို ကျောခိုင်းပြီး အစိုးရကို တော်လှန် တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောင်း သွားတော့တာပဲ။

ပါဠိတို့၊ သက္ကတတို့လို လူတွေမသုံးတော့တဲ့ Dead Languages - ရှင်သန်မှု မရှိတော့တဲ့ ဘာသာ စကားတွေမှအပ ရှင်သန်နေတဲ့ လူ အများသုံးစွဲနေတဲ့ ဘာသာစကားတွေမှာ ဝေါဟာရအနက်တွေ ကျဉ်းသွားတာ၊ ကျယ်သွားတာ၊ အနက်အဓိပ္ပာယ် ရွေ့လျားသွားတာတွေ ရှိနေစမြဲပါပဲ။ တစ်ခါက ဆောင်းပါးတစ်ခုထဲမှာ သဂြုင်္ိဟ်ဆိုတဲ့ ဝေါဟာရ အကြောင်းကို ငါရေးခဲ့ဖူးသေးတယ်။ သဂြုင်္ိဟ်ဆိုတာ ပါဠိ၊ သင်္ဂဟ- ထောက်ပံ့ကူညီခြင်းက လာတာပဲ။

သေသူကို နောက်ဆုံးကူညီခြင်းအဖြစ် ထောက်ပံ့ကူညီပြီး မီးရှို့၊ မြေမြှုပ် သရဏဂုံတင်စသည်ဖြင့် ကူညီတာကို သဂြုင်္ိဟ်တယ်လို့ သုံးစွဲခဲ့တာ ခုတော့ သဂြုင်္ိဟ်တယ်ဆိုရင် သေသူရဲ့ အလောင်းကို ဖုတ်ကြည်း မြှုပ်နှံတာမှာသာ သုံးနေကြတာ မင်းတို့အသိပဲ။ ဝေါဟာရနယ် ကျဉ်းသွားတာပေါ့။ ဒါမျိုးတွေက အများကြီးပဲ။ အထူးသဖြင့် အင်္ဂလိပ် ဘာသာ စကား၊ ပါဠိဘာသာ စကားစတဲ့ မွေးစား ဝေါဟာရတွေက ပိုပြီး အနက် အဓိပ္ပာယ် ရွေ့လျားတတ်တယ်။

အောင်သင်း
copy from http://www.zaygwet.com/index.php မှ