Saturday, January 22, 2011

ကမ္ဘာ့ကျောင်းဆရာကြီး ဦးသန့် အသက် ၁၀၂ နှစ်မြောက် မွေးနေ့

၂၀၁၁ ဇန်န၀ါရီ ၂၂ ရက်နေ့သည် ကမ္ဘာ့ငြိမ်းချမ်းရေး ပိသုကာ၊ တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ပန်းတနော် အမျိုးသားကျောင်းအုပ် ကြီး ဦးသန့်ရဲ့ ၁၀၂ နှစ်ပြည့် မွေးနေ့ရက် ဖြစ်သည်။

ဦးသန့်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်အဖြစ်နဲ့ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ သက်တမ်း နှစ်ကြိမ် နိုင်ငံတကာရေးရာများကို အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့သူဖြစ်သော်လည်း၊ သူ့ဗီဇ၀ါသနာနဲ့ မူလပရော်ဖက်ရှင်နယ် အလုပ်မှာ ကျောင်းဆရာ ဖြစ်သည်။

ပန်းတနော်မြို့ အထက်တန်းကျောင်းဆရာဘ၀တွင် အမျိုးသားပညာရေးနဲ့ စာရိတ္တမဏ္ဍိုင်ပြုပြင်ဖို့တွက် ကလောင် အမျိုးမျိုး သုံးပြီး ဆောင်းပါးများ စာအုပ်များ ရေးသားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် တာဝန်ဖြင့် နိုင်ငံတကာ ရေးရာများ ပါဝင်ဖြေရှင်းနေရချိန်တွင် ကျောင်းဆရာကြီး ဦးသန့်ရဲ့ တည်ငြိမ်ရင့်ကျက်စွာ လုပ်ကိုင် ဆောင်ရွက်မှုမှာ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ပုပ်ရဟန်းမင်းကြီး တစ်ပါးလိုပဲဟု အမေရိကန်သမ္မတဂျွန်ဆင်က ချီးကျူး ခဲ့ရသည်။

ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးဖိုးနှစ်မှာ မူဆလင် ဗုဒ္ဓဘာသာသွေးနှော ထားသူဖြစ်သည်။ ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့ပြီး၊ ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်လက်သင်ယူခဲ့သည်။ တက္ကသိုလ်မှ ပြန်လာပြီးနောက် ပန်းတနော် အမျိုးသား ကျောင်းတွင် ကျောင်းဆရာအလုပ်ကို ၀င်ရောက်လုပ်ခဲ့သည်။ အသက် ၂၅နှစ်တွင် ထိုကျောင်းတွင် ကျောင်းအုပ် ဖြစ်လာခဲ့သည်။

အသက် ၁၅နှစ်တွင် ပထမဆုံး အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါး ရေးသားခဲ့ပြီး၊ မြန်မာဘာသာဖြင့် ပြည်ရေး ပြည်ရာသင်ကြားနည်း၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (သုံးအုပ်တွဲ) အပါအ၀င် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ဂျေအက်စ်ဖာနီဗဲလ် တည်ထောင်တဲ့ ‘ဂန္တလောကမဂ္ဂဇင်း’ အဖွဲ့ဝင်ဖြစ်ပြီး၊ ဘာသာပြန်ပြိုင်ပွဲများတွင် သခင်ဘသောင်းနှင့်အပြိုင် ပထမဆု အကြိမ်ကြိမ် ရရှိခဲ့သူ ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရာထူးကို အာရှသားထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ဦးသန့်ရဲ့ ကုလသမဂ္ဂ ရာထူးသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံအရေးနဲ့ ကွန်ဂိုပြည်တွင်းစစ်ကို အောင်အောင်မြင်မြင် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့တဲ့အတွက် ကမ္ဘာက ချီးကျူးခဲ့ရသည်။

၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အထွေထွေအတွင်းရေးမှုးချုပ် ဒုတိယ သက်တမ်းတွင်လည်း ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲ၊ ၁၉၆၈ ခုနှစ် ဘာရိန်းအရေး၊ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်မှု၊ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်ခွဲထွက်မှု၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှမီးယား ပြဿနာများကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းပေးနိုင်ခဲ့သည်။ စစ်အေးခေတ် အဓိကနိုင်ငံတကာ အဖွဲ့အစည်းကြီးတွင် လူမှန်နေရာမှန် ရောက်ရှိခဲ့သူဖြစ်ကြောင်း ၂၀ ရာစု ကမ္ဘာကျော် ပုဂ္ဂိုလ်များ စာအုပ်တွင် ဖော်ပြ ထားသည်။

ကုလသမဂ္ဂမှာ ယေဘူယျအားဖြင့် အမေရိကန်ပြည်ထောင်စု ထည့်ဝင်ငွေအများဆုံးဖြင့် နယူးယော့ခ်တွင် တည်ရှိပြီး၊ အမေရိကန်ကို မျက်နှာသာအပေးဆုံး အမေရိကန် ထိန်းချုပ်ခံ အဖွဲ့အစည်းကြီးဖြစ်ကြောင်း မက်ဆာချူးဆက် တက္ကသိုလ် (M.I.T) မှ ဘာသာဗေဒပါမောက္ခ Noam Chomsky က ပြောသည်။ ဦးသန့် အတွင်းမှုချုပ်ဖြစ်တဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာသာ အမေရိကန်ရဲ့ ကုလသမဂ္ဂအပေါ် လွှမ်းမိုးတဲ့ ဩဇာကို တွန်းလှန်ထားနိုင်ကြောင်း အင်တာဗျူး တစ်ခုတွင် ဖော်ပြခဲ့သည်။

နော်အမ် ချောမ်စကီးက “ကျနော် ဦးသန့်နဲ့ ၁၉၆၆ ဒီဇင်ဘာမှာ တစ်ဦးချင်းတွေ့ပြီး စကားပြောခဲ့ပါတယ်။ သူ ဗီယနမ်စစ်ကို မလိုလားတာ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရက ဗီယက်နမ်စစ်ပွဲ ကျူးကျော်မှုအပေါ် တရားဝင်ကန့်ကွတ်မှု လုပ်မရအောင် ကုလသမဂ္ဂကို အမျိုးမျိုးပိတ်ပင်ထားတယ်။ နိုင်ငံတိုင်း ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်နေပေမဲ့ ကုလသမဂ္ဂက ငြိမ်နေတယ်။ ဦးသန့်နဲ့ အမေရိကန် ကြားမှာ သဘောမတူတာတွေ ရှိပေမဲ့၊ သူလို လူမျိုးတောင် ဘာမှမတတ်နိုင်ဘူး။ နောက် အဖဂန်နစ္စတန်ကို ရုရှား ကျူးကျော်တော့ ကုလသမဂ္ဂက ချက်ချင်းထ တားမြစ်တယ်။ အမေရိကန် ဗီယက်နမ်ကို ၀င်တော့ လက်ပိုက်ကြည့်နေရတယ်။ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို သူလည်း မကြိုက်ဘူး” ဟု Propaganda and the Public Mind အင်တာဗျူးစာအုပ် စာမျက်နှာ ၄၀ တွင် ဖော်ပြထားသည်။ ဒုတိယသက်တမ်းကုန်ပြီး တတိယအကြိမ် ရာထူးသက်တမ်း ထပ်ယူဖို့ တိုက်တွန်းမှုတွေကို ဦးသန့်က လုံးဝပယ်ချခဲ့သည်။

၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အဆုတ်ကင်ဆာနဲ့ နယူးယော့ခ်မြို့တွင် ဦးသန့် ကွယ်လွန်သွားခဲ့သည်။ ဦးသန့် ဆန္ဒအရ သူ့ရုပ်အလောင်းကို ရန်ကုန်ကို ပြန်သယ်ခဲ့ပေမဲ့၊ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် ကျေင်းသားများ ဦးဆောင်တဲ့ နာမည်ကျော် ဦးသန့်အရေးအခင်း ဖြစ်ပွားပြီးနောက် ရွှေတိဂုံ တောင်ဖက်မုခ် ကန်တော်မင်ပန်းခြံအနီးမှာ ဂူသွင်းသဂြိုင်္ဟ်ခဲ့သည်။
(မောက္ခပညာရေး)