Thursday, January 20, 2011

ဒါရိုက်တာ ဇော်ကိုကိုရိုက်ကူးသည့် 'မျှော်လင့်ခြင်း' ဇာတ်ကားတိုအား ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသရန်စီစဉ်

ဒါရိုက်တာ ဇော်ကိုကို ရိုက်ကူးသည့် 'မျှော်လင့်ခြင်း' ဇာတ်ကားတိုအားဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင်ပြသနိုင်ရန်အတွက် အာဆီယံ ROK Independent အဖွဲ့အနေနှင့် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။

"ကျွန်တော့်ရဲ့ဇာတ်ကားတိုက ကျွန်တော်ရိုက်ကူးတယ် ဆိုပေမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြသဖို့ဆိုတာတွေကျတော့ အာဆီယံ ROK အဖွဲ့အနေနဲ့ပဲ သက်ဆိုင်ပါတယ်။ သူတို့ ရဲ့စီစဉ်မှုနဲ့ပဲ ပြသခွင့်ရမှာပါ။ ကျွန်တော့်ဇာတ်ကားတိုလေးကို ဘာလင်ပွဲတော်မှာ ပြသဖို့လောလောဆယ် စီစဉ်နေပါတယ်။ ပြသဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် တက်ရောက်ဖြစ်ဖို့ကတော့ မသေချာသေး ပါဘူး"ဟု ဒါရိုက်တာဇော်ကိုကိုက ရှင်းပြခဲ့သည်။

'မျှော်လင့်ခြင်း' ဇာတ်ကားတိုသည် ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် Asean ROK Independent Film Festival သို့ ဒါရိုက်တာဇော်ကိုကို တက်ရောက်ခဲ့ပြီးနောက် ယင်းအဖွဲ့၏ Project တစ်ခုအနေနှင့် ရိုက်ကူးထားခြင်းဖြစ်သည်ဟု သိရသည်။ ယင်းဇာတ်ကားတိုသည် မြန်မာနိုင်ငံရှိ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားသားအဖနှစ်ဦးအား အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်ကားတို၏ အချိန်ကြာမြင့်ချိန်မှာ ဆယ်မိနစ်ခန့်ကြာမြင့်သည်ဟု သိရသည်။ ယင်းဇာတ်ကားတိုအား ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ကိုရီးယားနိုင်ငံ ပူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် 'ဆန်စပါး' ခေါင်းစဉ်အောက်၌ မြန်မာအပါအ၀င် နိုင်ငံကိုးနိုင်ငံမှ ဆယ်မိနစ်စာ ဇာတ်ကားတို ကိုးကား စုစုပေါင်း မိနစ်ကိုးဆယ်စာ ရုပ်ရှင်တစ်ကားအဖြစ် စုပေါင်းပြသခဲ့ကြသည်ဟု သတင်းရရှိ သည်။

ယင်းသို့ပြသရာတွင် ASEAN -ROK ၏ ပရောဂျက်တစ်ခုအနေဖြင့် ပါဝင်ပြသခြင်းဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။