Sunday, January 9, 2011

သူတို့ညီနောင်နှင့် ကျွန်တော် (Written by ဇော်ဂျီ)

Page 1 of 2
ကံရာဇာကြီး ကံရာဇာငယ် တို့သည် တကောင်း အဘိရာဇာ ခေတ်က သမိုင်း (သို့မဟုတ်) ဒဏ္ဍာရီ ဇာတ်ကောင်များ ဖြစ်ပါသည်။ သို့ရာတွင် ရသစာတမ်း ဆရာက ကံရာဇာ ညီနောင် တို့၏ တကောင်း ထီးနန်းနှင့် စပ်လျဉ်း၍ တွေးဆမြော်မြင် ဆင်ခြင်ချက် များသည် ခေတ်ကာလ အသီးသီးကို ကျော်လွန်နိုင်သည် ဖြစ်သောကြောင့် ခေတ် မရွေးတဲ့ စာတွင် ပြန်လည် ဖော်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး အကြိမ် ပုံနှိပ် ဖော်ပြခဲ့သော မဂ္ဂဇင်းကို ရှာဖွေခြင်း မပြုနိုင်သဖြင့် ဆရာဇော်ဂျီ စာပေါင်းချုပ် (၁)မှ ကူးယူဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။
အယ်ဒီတာ
သူတို့ ညီနောင်ဆိုသည် မှာ တကောင်းမင်း အဘိရာဇာ၏ သားတော်များ ဖြစ်ကြသော ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့ ဖြစ်ပါသည်။ တကောင်းပြည် ထီးနန်းကို ထိုညီနောင် နှစ်ပါး လုခဲ့ကြသည်မှာ ကျွန်တော်တို့ ရာဇ၀င်၏ ကနဦး ခေတ်ပိုင်းက ဖြစ်ရာ ကြာလှပါပြီ။ သို့ရာတွင် ထိုညီနောင် နှစ်ပါး အကြောင်းကို စဉ်းစားမိသည့် အခါတိုင်း ကျွန်တော့်မှာ တကောင်းပြည် အတွက် ကျွန်တော့် အတွေးနှင့် ကျွန်တော်ရင်လေး မိတတ်ပါသည်။
ကျွန်တော်တို့ ကျောင်းသား အရွယ်က ထိုညီနောင်နှစ်ပါး ထီးနန်းလုကြပုံ အကြောင်းကို ကျောင်းဖတ်စာအုပ်၌ ဖတ်ခဲ့ရပါသည်။ ထိုအကြောင်းကို အချို့သော စာဖတ် ပရိသတ်လည်း ဖတ်ပြီး ဖြစ်မည်ဟု ထင်ပါသည်။ သို့ရာတွင် အဘိရာဇာမင်း ကံကုန်သော အခါ သားတော် ကံရာဇာကြီးနှင့် ကံရာဇာငယ် တို့သည် တကောင်းပြည် ထီးနန်းအတွက် လက်ရုံးစစ် ထိုးရန် ပြင်ကြသည်ဟု ဆိုပါသည်။ ထိုအခါ အမတ် ပညာရှိတို့က အရှင့်သား တို့သည် လက်ရုံးစစ်ကို မထိုးကြပါ ကုန်လင့်၊ ကုသိုလ် စစ်ကိုသာ ထိုးကြပါလေဟု နားတော် လျှောက်ကြလေသည်။ ကုသိုလ်စစ် ဆိုသည်ကား အဘယ်နည်းဟု ညီနောင် နှစ်ပါးက မေးကြရာ အလှူမဏ္ဍပ် နှစ်ဆောင်ကို တစ်ယောက် တစ်ဆောင်စီ ညတွင်းချင်း ပြီးအောင် ဆောက်ကြပါ။ အရင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည် ထီးနန်းကို ဆက်ခံထိုက်သူ မည်ပါသည်။ ထိုသို့ ပြုခြင်းသည် ကုသိုလ်စစ် ထိုးခြင်း ဖြစ်ပါသည်ဟု လျှောက်ကြလေသည်။
ညီနောင် နှစ်ပါးလည်း ကောင်းပြီဟု ၀န်ခံ၍ အလှူမဏ္ဍပ် ဆောက်ကြလေသည်။ နောင်တော် ကံရာဇာကြီးသည် မိမိ၏အလှူ မဏ္ဍပ်ကို သစ်ကြီး ၀ါးကြီးဖြင့် ဆောက်သည်။ ညီတော်ကံရာဇာ ငယ်သည် မိမိ၏ အလှူမဏ္ဍပ်ကို သစ်ငယ်ဝါးငယ်ဖြင့် ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေး သုတ်ခြင်းတို့ကို ပြုလေသည်။ နံနက်မိုး သောက်လတ်သော် ကံရာဇာကြီး၏ အလှူ မဏ္ဍပ်သည် အပြီးသို့ မရောက်ချေ။ ကံရာဇာငယ်၏ အလှူမဏ္ဍပ် သာလျှင် အပြီးသို့ ရောက်လေသည်။ ထို့ကြောင့် ကံရာဇာကြီးသည် အထက်စကား ကတိရှိသည့် အတိုင်း တကောင်းပြည် ထီးနန်းကို ကံရာဇာငယ် လက်သို့အပ်၍ တကောင်းမြို့မှ ခွာလေသည်။ ဤကားသူတို့ ညီနောင်နှစ်ပါး ထီးနန်း လုကြပုံ အကြောင်းဖြစ်ပါသည်။

ကျွန်တော်သည် ထိုအကြောင်းကို ပထမ အကြိမ် ဖတ်ရစဉ်က ကံရာဇာငယ်၏ အမူအရာကို လက်ခုပ်တီး၍ အများကြီး ချီးကျူး လိုက်ပါသည်။ ကံရာ ဇာငယ်သည် ဥာဏ်ကောင်းလေစွ။ မဖြစ်လျှင်ဖြစ်အောင် လုပ်တတ်လေစွ။ နောင်အခါ၌ကား ကျွန်တော်သည် ကံရာဇာငယ်၏ အမူအရာကို သံသယ ဖြစ်လာပါ တော့သည်။

ရှေးဦးစွာ တကောင်း ပြည်၏ နိုင်ငံရေ ၀ါဒနှင့် နိုင်ငံရေး ခြေလှမ်းတို့ကို ကျွန်တော် ဤသို့ မှန်းကြည့် သည်။ အဖေကို သားက သတ်၍၊ အစ်ကိုကို ညီက သတ်၍၊ ဦးရီးကို တူက သတ်၍ ထီးနန်းကိုယူနိုင် လျှင်ရခွင့် ရှိသည်ဟူသော ထီးမွေနန်းမွေ ဆက်ဆံရေး သဘော တရားကို ကမ္ဘာပေါ်တွင် မည်သူက စတင်ဖန်တီး ခဲ့သည်ဟု ကျွန်တော် မသိပါ။ သို့ရာတွင် ထိုသဘော တရားကို နှစ်သက် လက်ခံခြင်းသည် ခေတ်ဆန်သည်၊ တိုးတက်သည်ဟု ယူဆ ထားကြလေသလား မသိ၊ တကောင်းပြည်တွင် ထို သဘောတရား ရှိနေနှင့် လေသည်။ ထို့ကြောင့်သာလျှင် အဘိရာဇာ ကံကုန်သော အခါ သားတော် ကံရာဇာကြီး ထီးထီးမားမား ရှိနေပါလျက် သားတော် ကံရာဇာငယ်သည် နောင်တော်သော၊ ဘာသော၊ ညာသော နားမလည်။ တကောင်းပြည် ထီးနန်းကို ငါ့ လက်သို့ အပ်ရမည်ဟု ဓားကြိမ်း ကြိမ်းဝံ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်လေသည်။

ပုံပန်းမှာ အဘိရာဇာ နာမကျန်း ဖြစ်နေစဉ် အခါကပင် ကံရာဇာငယ်သည် ကြိုတင် ပြင်ဆင်သော အနေနှင့် နောက်ပိုင်း အစည်းအဝေး ခဏခဏ ခေါ်၍ စက်ပုန်းခုတ်ခြင်း၊ လူမျိုး မရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး၊ ပြုံးပြနိုင်သမျှ ပြုံးပြခြင်း၊ ငါ့မုန့်တစ်ဖဲ့ စားစေ၍ ငါ့အိတ်ထဲသို့ ၀င်နိုင်သမျှ ၀င်စေခြင်း စသည်တို့ကို ပြုလုပ်ထား ပုံရလေသည်။ နောင်တော်ကံရာဇာ ကြီးမှာ ကား ထိုသို့မဟုတ်၊ နောင်တော်ဖြစ်သည့် အတိုင်း ထီးနန်းကို အေးအေးသာသာ ရလိမ့်မည်အထင်နှင့် အေး အေးသာသာ နေခဲ့ပုံရလသည်။ ထိုကြောင့်သာလျှင် ကံရာဇာ ငယ်က ဓားကြိမ်း ကြိမ်းလိုက်သော အခါ ကံရာဇာကြီးမှာ မည်သို့မျှ မတတ်နိုင်။ ကိုရွှေဝန် တို့၏ ကုသိုလ်စစ် စကားကို နားမထောင်ချင်ဘဲ နားထောင် လိုက်ရသည်ဟု ထင်မိပါသည်။ ဤကား တကောင်းပြည်၏ နိုင်ငံရေး ၀ါဒနှင့် နိုင်ငံရေးခြေလှမ်းတို့ကို ကျွန်တော် မှန်းကြည့် လိုက်ခြင်း ဖြစ်ပါသည်။

ထို့နောက် ကံရာဇာငယ်၏ အမူအရာအား ကျွန်တော် သံသယ ဖြစ်လာပုံကို ဆက်၍ ပြောပြချင် ပါသေးသည်။ ကိုရွှေဝန်တို့၏ ကုသိုလ် စစ်စကားကို ညီနောင်နှစ်ပါး လက်ခံပြီးသည့် နောက်ပိုင်းတွင် ညီနောင် နှစ်ပါး၌ အလှူမဏ္ဍပ်ကို တစ်ယောက် တစ်ဆောင်စီ ညတွင်းချင်း ပြီးအောင် ဆောက်ကြရန်သာ ကျန်ပါတော့သည်။ ထို့ကြောင့် ညီနောင်နှစ်ပါးသည် တပည့် လက်သားများကို ခေါ်၍ တောသို့ သွားကြသည်။ သစ်ဝါး ခုတ်ကြသည်။ သယ်လာကြသည်။ မဏ္ဍပ် ဆောက်ကြသည်။ ရှုလော့၊ အရုဏ်တက်တွင် ကံရာဇာငယ်၏ အလှူ မဏ္ဍပ်သည် ဖြူဖြူဖွေးဖွေး ငေးကြည့်ရ မတတ်ဖြစ်သည်။ အလွင်၊ အကြော့၊ ကော့၍၊ မော့၍၊ ကြွ၍၊ ပျံ၍နေသည်။ ကံရာဇာကြီး၏ အလှူ မဏ္ဍပ်မှာမူကား တပိတစ်ပိုင်းသာ ပြီးသေး သည်။ ကံရာဇာငယ် အောင်ပြီ၊ ကံရာဇာငယ် တကောင်းပြည် ထီးနန်းကို သိမ်းပြီ။
 Page  2

သို့ရာတွင် ကျွန်တော်တို့သည် ကံရာဇာငယ် ဆောက်သော အလှူ မဏ္ဍပ်၏ သဘောကို ရာဇ၀င် ဆရာမှ တစ်ဆင့်သိပြီး ဖြစ်ကြပါသည်။ ရာဇ၀င်ဆရာ၏ အဆိုအရ ကံရာဇာငယ်၏ အလှူတော် မဏ္ဍပ်သည် သစ်ငယ်၊ ၀ါးငယ်မျှသာ ဖြစ်သည်။ ဖျင်ဖြူ ပတ်ထား ခြင်းမျှသာ ဖြစ်သည်။ ထုံးဖြူ သုတ်ထားခြင်း မျှသာ ဖြစ်သည်။ ကံရာဇာငယ် သည် ဥာဏ်ကောင်းပါ၏။ သို့ရာတွင် ဖြစ်လာသော အလှူ မဏ္ဍပ်သည် တကယ့် မဏ္ဍပ်မဟုတ်၊ စိတ်ကူးယဉ် မဏ္ဍပ် သာတည်း။ အခိုင်အခံ့ မဟုတ်၊ ဖြစ်ကတတ်ဆန်း သာတည်း။ စေတနာ မဟုတ်၊ ပြရုပ်သာတည်း။ ကံရာဇာငယ်သည် ထိုအလှူ မဏ္ဍပ်မျိုး၌ တကောင်းပြည်သူ လူထုအား အလှူပေးလျှင် မည်သည့်နည်း နှင့်မျှ အဓွန့်ရှည်စွာ အလှူ ပေးနိုင်မည် မဟုတ်ချေ။ အလွန်ဆုံး သုံးလေးလ မျှလောက်သာ အလှူပေးနိုင်မည်။ တကောင်းမိုး၊ တကောင်းလေတို့နှင့် သင့်မြတ်အောင် ဆောက်ခြင်း မဟုတ်သောကြောင့် ထိုအလှူ မဏ္ဍပ်သည် သုံးလေးလ ကြာလျှင် ယိုင်လဲ ပြိုကွဲရမည်သာ ဖြစ်လေသည်။ ကံရာဇာငယ်၏ အမူအရာကို ကျွန်တော် ချီးကျူး လာရာမှ သံသယ ဖြစ်လာရသည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်ပါသည်။

ထို့နောက် တကောင်းပြည် အတွက် ရင်လေးမိ တတ်သည့် အကြောင်းကို ပြောပါတော့မည်။ ရင်လေးမိ တတ်သည်မှာ ပထမ တွင် ကံရာဇာကြီးသည် လည်းကောင်း၊ ကိုရွှေဝန် တို့သည်လည်း ကောင်း၊ တကောင်း ပြည်သူလူထု သည်လည်းကောင်း ရိုးလွန်း၊ အလွန်း၊ နလွန်းကြသည်ဟု အထင် ရှိလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ကံရာဇာ ကြီးသည် စိတ်ကူးယဉ် မဏ္ဍပ်၊ ဖြစ်ကတတ်ဆန်း မဏ္ဍပ်၊ ရုပ်ပြမဏ္ဍပ် ကို အဘယ့်ကြောင့် ကန့်ကွက်ခြင်း မပြုဘဲ နေပါ သနည်း။ ကိုရွှေဝန်တို့သည် ထိုမဏ္ဍပ်ကို အဘယ်ကြောင့် ပယ်ချ ခြင်းမပြုဘဲ နေကြပါသနည်း။ တကောင်းပြည်သူ လူထုသည် ထိုမဏ္ဍပ်ကို အဘယ့်ကြောင့် လူထုအုံကြွ နည်းဖြင့် တိုက်ဖျက်ခြင်း မပြုဘဲ နေကြပါသနည်း။

အကယ်၍ ထိုသူတို့သည် ထိုမဏ္ဍပ်ကို တကယ့်မဏ္ဍပ်၊ အခိုင်အခံ့ မဏ္ဍပ်၊ စေတနာ မဏ္ဍပ်ဟူ၍ ယုံကြသည်ဖြစ်လျှင် ထိုသူတို့သည် အကယ်ပင် ရိုးလွန်း၊ အလွန်း၊ နလွန်းကြသည်ဟု ဆိုရာသည်။ ထိုသူတို့သည် ထိုမျှလောက် ရိုးလွန်း၊ အလွန်း၊ နလွန်းလိမ့်မည်ဟု ကျွန်တော် မထင်ပါ။ ထိုသူတို့သည်လည်း မဏ္ဍပ်ဆောက် တတ်သူများပင် ဖြစ်ပါသည်။ ကံရာဇာငယ်၏ အလှူ မဏ္ဍပ်ကို အဝေးမှသာ ကြည့်ရစေကာမူ သစ်ငယ်ဆောက်၊ ၀ါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ် ဖြစ်သည်ကိုကား ခွဲခြား၍ သိမြင်ကြမည်သာ ဖြစ်လေသည်။

ထိုသို့ တပြီးကား ကံရာဇာကြီးက ကန့်ကွက်ခြင်း မပြုဘဲ နေသည်မှာ လောဘဇော တိုက်နေသော ညီတော် ကံရာဇာငယ်ကို စက်ဆုပ်သော ကြောင့်ပေလော။ စက်ဆုပ်သောကြောင့် ဟုဆိုလျှင် တကောင်းပြည်မှ ကံရာဇာကြီးခွာ သွားခြင်းသည် အသေ၀နာစဗလာနံ ပုဒ်အရ မင်္ဂလာရှိသော ခွာသွားခြင်း ပေဟု ဆိုရာသည်။ တစ်ဖန် ကိုရွှေဝန်တို့က ပယ်ချခြင်းမပြုဘဲ နေကြသည်မှ ကံရာဇာငယ် ထံမှ စားပေါက် စားလမ်းကို မျှော်မှန်း ကြသောကြောင့်ပေလော။ မျှော်မှန်းကြ သောကြောင့်ဟု ဆိုလျှင် တကောင်းပြည်၌ ခေါင်ကစမိုး ယိုနေပြီ ဖြစ်သဖြင့် သနားစရာသာ ဖြစ်တော့သည်။ တစ်ဖန် တကောင်း ပြည်သူလူထုက တိုက်ဖျက်ခြင်း မပြုဘဲ နေကြသည်မှာ တိုင်းပြည် အရေးသည် ငါတို့အရေး၊ ငါတို့ အရေးသည် တိုင်းပြည်အရေး ဟူသော အချက်ကို သဘော မပေါက်ကြ သောကြောင့် ပေလော။ သဘော မပေါက်ကြသောကြောင့်ဟု ဆိုလျှင် တကောင်း ပြည်သူ လူထုထဲ၌ ဘယ်သူသေသေ ငတေမာ ပြီးရောသမား အတော် ခပ်များများ ရှိနေသေးသဖြင့် သနားစရာသာ ဖြစ်တော့သည်။

သို့ရာတွင် ကံရာဇာကြီးသည် စက်ဆုပ်သောကြောင့် ခွာသွားသည်ဟု ကျွန်တော် မထင်ပါ။ စက်ဆုပ်သည် ဖြစ်လျှင် ကံရာဇာကြီးသည် ကုသိုလ်စစ်ကိုပင် ထိုးတော့မည် မဟုတ်ပါ။ ကိုရွှေဝန် တို့သည်လည်း စားပေါက်စားလမ်း ကို မျှော်မှန်း ကြသည်ဟု ကျွန်တော် မထင်ပါ။ မျှော်မှန်းကြသည် ဖြစ်လျှင် ကိုရွှေဝန်တို့သည် ကုသိုလ် စစ်စကားကိုပင် ဆိုကြမည် မဟုတ်ပါ။ တကောင်း ပြည်သူ လူထု၌လည်း ငတေမာပြီးရော သမားအတော် ခပ်များများ ရှိနေကြသည် ဟု ကျွန်တော် မထင်ပါ။ ရှိနေကြသည် ဖြစ်လျှင် မည်သည့် မင်းသား၏ အလှူ မဏ္ဍပ်ကိုမျှ ၀ိုင်းဆောက် ပေးကြမည် မဟုတ်ပါ။

ထိုသို့ တပြီးကား ကံရာဇာငယ်၏ သစ်ငယ်ဆောက်၊ ၀ါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ကို ကန့်ကွက်ခြင်း၊ ပယ်ချခြင်း၊ တိုက်ဖျက်ခြင်း မပြုဘဲ နေခဲ့ကြသည်မှာ မည်သည့် အကြောင်းကြောင့်ပေနည်း။ မည်သည့် အကြောင်းကြောင့်မျှ မဟုတ်နိုင်။ ကံရာဇာငယ်သည် ကံရာဇာကြီးအား လည်းကောင်း၊ ကိုရွှေဝန်တို့အား လည်းကောင်း၊ တကောင်းပြည်သူ လူထုအား လည်းကောင်း တစ်နည်းနည်းဖြင့် ခြိမ်းခြောက် နေသောကြောင့်သာလျှင် ဖြစ်နိုင်သည်။ ကံရာဇာငယ်သည်မိမိ၏ အလှူမဏ္ဍပ် ရှေ့တွင် နောင်တော်အတွက် ၀မ်းနည်းပက်လက် ဖြစ်ရသော မျက်နှာပေးကို လည်းကောင်း၊ ကိုရွှေဝန်တို့ကို သိမ်းသွင်းချော့မော့ နေသော မျက်နှာပေး ကိုလည်းကောင်း၊ တကောင်း ပြည်သူလူထုအား အချို သွေးနေသော မျက်နှာပေးကို လည်းကောင်း ပြချင်လျှင် ပြနေ မည်ဖြစ်သည်။ လက်နက်နှင့် တပည့်လက်သားတို့ကိုမူကား မဏ္ဍပ် အတွင်း၌ လည်းကောင်း၊ မဏ္ဍပ်အပြင်၌ လည်းကောင်း၊ မြေပေါ်၌ လည်းကောင်း၊ မြေအောက်၌ လည်းကောင်း ပေါ်ပေါ်ထင်ထင် တချို့၊ ပုန်းလျှိုး ကွယ်လျှိုး တချို့နေရာ ချထားပြီး ဖြစ်မည်မှာ သေချာပါသည်။

ရာဇ၀င် ဆရာသည် ထိုအချက်ကို ရာဇ၀င်၌ ထည့်ဆိုခြင်း မပြုခဲ့ပါ။ သို့ရာတွင် အာဏာကို အဓမ္မ လိုချင်သော ကိစ္စမျိုး၌ ထိုအချက်မျိုးသည် ဓမ္မတာ လိုလိုပင် ဖြစ်သောကြောင့် ထိုအချက်ကို စိတ်ကူးဖြင့် အသား ထိုးကြည့်ခြင်း မျှသာ ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေ သူတို့ ညီနောင် အကြောင်းကို စဉ်းစားမိသည့် အခါတိုင်း ကျွန်တော့်မှာ တကောင်းပြည် အတွက် ကျွန်တော့် အတွေးနှင့် ကျွန်တော် ရင်လေး မိတတ်သည်မှာ ကံရာဇာငယ်သည် ကံရာဇာ ကြီးအားလည်းကောင်း၊ ကိုရွှေဝန်တို့အား လည်းကောင်း၊ တကောင်း ပြည်သူလူထုအား လည်းကောင်း တစ်နည်းနည်းဖြင့် ခြိမ်းခြောက် နေသည်ဟု အထင် ရှိခြင်းကြောင့်ပင် ဖြစ်ပါသည်။

ကံရာဇာငယ်သည် ကျွန်တော်၏ အတွေးအောက်တွင် အတော်အတန် ပိနေပါပြီ။ စင်စစ် ကံရာဇာငယ်သည် ကျွန်တော် တွေးသကဲ့သို့ ဟုတ်ချင်မှလည်း ဟုတ်မည်။ မဟုတ်ဘူးယောင် ယောင်နှင့် ဟုတ်ချင်လျှင်လည်း ဟုတ်နေမည်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ခြိမ်းခြောက်သူနှင့် အတူတကွ နေခြင်း သည်လည်း ဆင်းရဲ ပေတကား။ မခြိမ်းခြောက် သူနှင့် ကွေကွင်း ရခြင်းသည်လည်း ဆင်းရဲပေတကား ဟုသာ ဆိုလိုက်ချင်ပါတော့ သတည်း။ ။

ဇော်ဂျီ
(ပေဖူးလွှာ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)
http://www.paephuhlwarmagazine.asia/ ကူးယူဖော်ပြပါသည်