Thursday, May 19, 2011

ကမ္ဘာကျော် Pirates of the Caribbean ဇာတ်လမ်းတွဲများ၏ စတုတ္ထမြောက် ဇာတ်လမ်း On Stranger Tides ကို ယနေ့စတင်ဖြန့်ချိ

လန်ဒန် ၊ မေ ၁၈
ကမ္ဘာကျော် ပင်လယ်ဓားပြ ဇာတ်လမ်းတွဲ Pirates of the Caribbean ၏ စတုတ္ထမြောက် ဇာတ်လမ်း ဖြစ်သော Pirates of the Caribbean: On Stranger Tides ကို ဒစ္စနေးရုပ်ရှင် ထုတ်လုပ်ရေးမှ ယနေ့ မေလ ၁၈ ရက်နေ့တွင် ဗြိတိန်၌ စတင် ဖြန့်ချိ ပြသခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်လက်၍ မေလ ၁၉ တွင် သြစတြေးလျ၌ လည်းကောင်း၊ ၂၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့တွင် လည်းကောင်း ပြသသွားမည်ဟု အင်တာနက် သတင်းများ အရ သိရှိရသည်။

ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်ဖြစ်သော ပင်လယ်ဓားပြ ကပ္ပတိန် ဂျက်စပဲရိုး နေရာ၌ ယခင်ဇာတ်လမ်းများအတိုင်း မင်းသား ဂျော်နီဒပ်၊ ၄င်းနှင့် တွဲဖက် အမျိုးသမီးဇာတ်ဆောင်နေရာတွင် မင်းသမီး ပင်နီလုပ်ခရုဇ်၊ ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြ ခေါင်းဆောင် ဘလက်ဘာ့ဒ် ဇာတ်ရုပ်အဖြစ် အဲန်မက်ရှိန်း၊ ကပ္ပတိန် ဘာဘိုဆာအဖြစ် ဂျိုဖရီရပ်ရှ် စသည့် ၀ါရင့်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ပြီး နုပျိုဆေးစမ်းချောင်းကို ရှာဖွေကြခြင်း အဖြစ် စာရေးဆရာ တင်မ်ပါဝါစ်၏ ဇာတ်လမ်းအတိုင်း ရိုက်ကူးထားသည်။  
ဂျက်စပဲရိုးသည် သူနှင့် အတိတ်က ပတ်သက်ခဲ့ဖူးပြီး အကြင်နာ တရားမဲ့သည့် အိန်ဂျယ်လီကာ (ပင်နီလုပ်ခရုဇ်) နှင့် အတူ ဒဏ္ဍာရီဆန်သော နုပျိုဆေးစမ်းချောင်းကို ရှာဖွေရန် အခက်အခဲများစွာ ရင်ဆိုင် ဖြတ်ကျော် ကြရလေသည်။ ဂျက်ကို သူမက စမ်းချောင်း ရှာဖွေတွေ့ရှိရေးအတွက် အသုံးချခြင်းလား၊ သူမအပေါ် ဂျက်က မေတ္တာ သက်ဝင်မှု ရှိသလား ဆိုသည့် အချက်များကို ဂျက်က ကိုယ့်ကိုယ်ကို ဝေခွဲမရသော်လည်း အသားစားဇွန်ဘီများ၊ ရေသူမများနှင့် ကမ္ဘာ့သမိုင်း၌ တကယ်ရှိခဲ့သော ကြောက်မက်ဖွယ် ပင်လယ်ဓားပြခေါင်းဆောင်ကြီး ဘလက်ဘာ့ဒ်ကို ဖြတ်ကျော်ကာ နုပျိုဆေးစမ်းချောင်းဆီသို့ အရောက်သွားနိုင်မည်လား ဆိုသော စိတ်ဝင်စားဖွယ် ဇာတ်လမ်း အဖြစ် ဒါရိုက်တာ ရော့ဘ်မာရှယ်က တင်ဆက်ထားလေသည်။
 ပင်လယ်ဓားပြခေါင်းဆောင်ကြီး ဘလက်ဘာ့ဒ်

Pirates of the Caribbean ဇာတ်လမ်းတွဲများ ပထမဆုံး ရုပ်ရှင် ဖြစ်သော The Curse of the Black Pearl ကို ၂၀၀၃ ခုနှစ်က စတင်ထုတ်လုပ် ပြသခဲ့ခြင်း ဖြစ်ပြီး ၄င်းနှစ်၏ ကမ္ဘာ့စတုတ္ထ၀င်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့သလို ၂၀၀၆ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်အဖြစ် ဒုတိယ ဇာတ်ကား Dead Man's Chest က ရပ်တည်နိုင်ခဲ့လေသည်။ တတိယ ဇာတ်ကား ဖြစ်သော At World's End က ဒုတိယကား၏ အောင်မြင်မှု စံချိန်ကို ထပ်မံချိုးဖျက် နိုင်ခဲ့သလို ကမ္ဘာ့ထာဝရ အကောင်းဆုံး ရုပ်ရှင်များ အနက် န၀မနေရာကို ရရှိခဲ့လေသည်။

ယခု စတုတ္ထမြောက် ဇာတ်ကား ဖြစ်သော On Stranger Tides တွင် ထူးခြားချက်အဖြစ် ယခင် အဓိက ဇာတ်ကောင် အချို့ ဖြစ်သော အဲလိဇဘက် (ကီယာနိုက်တလေ) နှင့် တန်နာ (အော်လန်ဒိုဘလွန်း) စသူတို့ မပါတော့သလို ယခင်ဇာတ်လမ်း သုံးခုကို ရိုက်ကူးခဲ့သော ဒါရိုက်တာ ဂျော့ဘာဘင်းစကီး အစား ရောဘ့်မာရှယ်က တာဝန်ယူ ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ အထူးအောင်မြင် လှသော ကမ္ဘာကျော် Pirates of the Caribbean ဇာတ်လမ်းတွဲများ၏ ထူးခြားချက်မှာ ဇာတ်ကား လေးခုစလုံး၏ ၀တ္ထုရေးဆရာ တစ်ဦးစီ ဖြစ်ကြခြင်း ဖြစ်လေသည်။
ဒါရိုက်တာ ရော့ဘ်မာရှယ်နှင့် ရိုက်ကွင်းပေါ်တွင် စကားပြောနေသော ကပ္ပတိန်ဂျက်စပဲရိုး (ဂျော်နီဒပ်)
စတင်ဖြန့်ချိလိုက်ပြီ ဖြစ်သော On Stranger Tides ရုပ်ရှင်ကို အာရှတိုက်၏ နိုင်ငံများ ဖြစ်သော ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံများတွင် မေလ ၁၉ ရက်နေ့၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့တွင် မေလ ၂၀ ရက်နေ့ တို့၌ အသီးသီး စတင်ကြည့်ရှုနိုင်တော့မည်ဟု အင်တာနက် သတင်းများ အရ သိရသည်။