Friday, May 6, 2011

‘ကိုယ့်ရဲ့ ကြိုးစားအားထုတ်ထားမှုနဲ့ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေ အပေါ်မှာပဲ ပရိသတ်က လက်ခံအားပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်’ ၊ ချောရတနာရဲ့ ငယ်ဘဝ

‘ကိုယ့်ရဲ့ ကြိုးစားအားထုတ်ထားမှုနဲ့ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေ အပေါ်မှာပဲ ပရိသတ်က လက်ခံအားပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်’ ၊ ချောရတနာရဲ့ ငယ်ဘဝ
“အနုပညာအလုပ်ကို စလုပ်တုန်းကသာ ရှက်ပြီးလုပ်ရဲသလို မလုပ်ရဲသလို ဖြစ်နေပေမယ့် တကယ်တမ်း လုပ်လာတဲ့အခါမှာတော့ ချောရဲ့ အနုပညာဗီဇ၊ အဖေ့ရဲ့အနုပညာ သွေး၊ ကိုယ်တကယ် သက်ဝင်တဲ့ အလုပ်နဲ့ ကိုယ့်မိသားစုကို ပြန်လည် အလုပ်အကျွေးပြုရတဲ့အတွက် ဒီအလုပ်ကို တန်ဖိုးထားမိတယ်” လို့ ဆိုလာသူက မော်ဒယ်စင်မြင့်မှ တစ်ဆင့် ညမွှေးပန်းကြော်ငြာ၊ တောင်ကြီးမောက်မယ် ရုပ်သံကြော်ငြာတွေနဲ့ ပရိသတ်ရရှိလာခဲ့တဲ့ ချောရတနာဆိုတဲ့ အနုပညာငွေကြယ်ပွင့်ပါ။

အနုပညာခရီးကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့သူမက ၂၀၁၁ ခုနှစ်မှာတော့ မတူညီတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့စောင့်ကြည့်ခြင်းကို ခံယူလာရသူပေါ့။ ဒါကြောင့် လည်း သူမဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ ခရီးကို တင်ပြပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ ရဲ့နောက်ခံတေးဂီတတွေကို ဖန်တီးသူ ဂီတမှူးပေါသျှံရဲ့ အနုပညာမျိုးဆက်ပါ။ ဆယ်နှစ်ဝန်းကျင် ကလေးအရွယ် ကစလို့ ဆိုင်းသံ၊ဗုံသံကြားရင် စောင် တစ်ထည်ကို ခါးမှာပတ်ပြီး ကတမ်း ခုန်တမ်းကစားရင်း ပျော်မွေ့နေတတ် သူပေါ့။ သူ့မှာ နန်းကြူဇူလိုင်ဆိုတဲ့ အစ်မကြီးနဲ့ သူ့ထက် ၁၂ နှစ်ငယ်တဲ့ သန္တာဗိုဆိုတဲ့ ညီမလေးရှိပါတယ်။ ခုနှစ်တစ်ခုရဲ့ စက်တင်ဘာလ၂၉ရက် နေ့မှာမွေးဖွားခဲ့တဲ့သူမရဲ့ ငယ်အမည်ရင်းကတော့ ချောစုဝေပါ။

လူရယ်လို့ ဖြစ်လာရင် ဘ၀မှာအရေးကြီးဆုံး အရာက ရိုးသားမှုပါ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ အနုပညာ လှုပ်ရှားမှုအပေါ်မှာ ပရိသတ်က လက်ခံပေးရတဲ့ အနုပညာရှင်မျိုး ဖြစ်ချင်တယ်။ ကျန်တဲ့အရာတွေနဲ့ နာမည်မကြီးချင်ဘူး . . .

ဖခင်ဖြစ်သူ တာဝန်ယူဖန်တီးပေးရတဲ့ ဇာတ်ကားတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားဟန်ပန် တွေကြည့်ပြီး အဲဒီဇာတ်ကားထဲက သရုပ်ဆောင်တွေနေရာမှာ မိမိကိုယ် မိမိ အစားထိုးပြီး ခံစားလေ့ရှိပါတယ် တဲ့။ ချောရတနာက အရှက်အကြောက် ကြီးပေမယ့် ဖခင်ဖြစ်သူနဲ့ ဆရာသမားတွေရဲ့ ညွှန်ကြားမှုကြောင့် မကြောက်မရွံ့တော့ဘဲ အနုပညာလှုပ်ရှားမှုတွေ ကို စင်အောက်တွင် သာမက စင်မြင့်ထက်မှာပါ လှုပ်ရှားရင်း ပျော်မွေ့နေတတ်ပါတယ်။ သူက ရုပ်ရှင်ကြည့်တာကို ၀ါသနာထုံပြီး ရုပ်ရှင်ဇာတ်ကားတွေကို မလွတ်တမ်းကြည့်ရှုခဲ့သူပါ။ ရုပ်ရှင်ကြည့်ပြီး ပြန်လာရင် ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ခံစားပြီး ဇာတ်ကားထဲက အနုပညာရှင်တွေ ရဲ့လှုပ်ရှားမှုအတိုင်း ပြန်လည် လုပ်ဆောင်တတ်သူပေါ့။

“ချော ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာ အရမ်းပါတယ်။ အိမ်မှာကလည်း တိပ်ခွေအရောင်း ဆိုင်ရှိတယ်။ အဖေကလည်းအိမ်မှာ ရုပ်ရှင်၊ဗီဒီယိုကားတွေရဲ့နောက်ခံတီးလုံးကို အမြဲဖန်တီးပေးလေ့ ရှိတော့ ချောက အနုပညာနဲ့မစိမ်းခဲ့ဘူး။ အဖေ အလုပ်လုပ်ရင် အနားကနေ သွားကြည့်ပြီး ဇာတ်ကားထဲက မင်းသား မင်းသမီးတွေ သရုပ်ဆောင်တာကို ကြည့်ပြီး ကိုယ်သာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာကို အမြဲတမ်းတွေးမိ တယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ အနုပညာနဲ့ပတ်သက်တဲ့ အမှတ်တရ တွေကိုလည်း . . .

“ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့် ရတာကို ၀ါသနာပါတယ်။ မမို့မို့မြင့်အောင်နဲ့ ဦးကျော်သူတို့ ကားတွေ အရမ်းခေတ်စားတဲ့အချိန် ချောတို့ အိမ်ကလည်း ရုပ်ရှင်ရုံနားမှာဆိုတော့ အမြဲသွားကြည့်ဖြစ်တယ်။ မမို့ရဲ့ ချာတိတ်ကားကို အရမ်းကြိုက်ခဲ့တာ။ မှတ်မှတ်ရရ အဲဒီကားထဲမှာ မမို့က BMX စက်ဘီးကို စတန့်ထွင်ပြီး စီး တယ်။ အဲဒါကိုကြည့်ပြီးတော့ ချော လည်း အဲဒီထဲက အတိုင်းမရရအောင် လိုက်စီးခဲ့တာ ခွေးကမျက်စိနောက်ပြီး လိုက်ကိုက်လို့ ခွေးကိုက်ခံလိုက်ရတယ်။ နောက် အမှတ်တရတစ်ခုက နီနီဝင်းရွှေရဲ့ ဗွေးတုတ် စီးရီးအရမ်း အောင်မြင်တုန်းက အဲဒီအခွေဖွင့်သံကြားရင် အရမ်းကချင်လို့ စောင်ကို ခါးမှာပတ်ပြီး ထကတာစောင်တွေ ကိုဖွလို့ဆိုပြီး အမေအဆူခံရတယ်” လို့ ဆိုပါတယ်။

အသက်၁၀နှစ်ဝန်းကျင် အရွယ်ကစလို့ ဖခင်နဲ့အတူ သင်္ကြန်မဏ္ဍပ်တွေမှာ အနုပညာလှုပ်ရှားခဲ့တဲ့ သူမ က အနုပညာအလုပ်ကို ၀ါသနာပါပြီး လုပ်ဖြစ်ခဲ့ပေမယ့် အရှက်အကြောက် ကြီးသူဖြစ်တာကြောင့် သရုပ်ဆောင် အနုပညာရှင်အဖြစ် ရပ်တည်ဖို့တော့ တစ်ခါမှ မတွေးခဲ့ပါဘူးတဲ့။

သူ အနုပညာရပ်ဝန်းထဲရောက် ရှိဖို့ဖြစ်လာခဲ့တာကတော့ ဖခင်ဖြစ်သူရဲ့ဆန္ဒနဲ့ မိသားစုရဲ့တိုက်တွန်းမှု ကြောင့်ပါ။ အစ်မဖြစ်သူက သူ့ကို အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်စေလိုတာကြောင့် ၂၀၀၂ ခုနှစ်မှာ ဂျွန်လွင်ထံမှာ မော်ဒယ်သင်တန်းတက်ဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ အဲဒီ အချိန်က သူတက္ကသိုလ် ပညာသင်ယူဖို့ စောင့်ဆိုင်းနေချိန်ပေါ့။ ငွေကြေး ချွေတာသုံးစွဲပြီး စနစ်ကြီးတဲ့သူမက အစ်မဖြစ်သူ သွင်းခဲ့တဲ့ သင်တန်းကြေးကို နှမျောပြီး မော်ဒယ်သင်တန်းတက် ဖြစ်ခဲ့ပါတယ်။ မော်ဒယ်အဖြစ် နှစ်နှစ်ကျော်ဝန်းကျင် ဖြတ်သန်းခဲ့ပြီး ချိန်မှာတော့ ကြော်ငြာဒါရိုက်တာ ပီတာနဲ့တွေ့ဆုံပြီး ရင်ဂိုရဲ့ တေးစီးရီး ကြော်ငြာမှာ ဖြိုးငွေစိုးနဲ့တွဲဖက်လို့ ကြော်ငြာ သရုပ်ဆောင်အဖြစ် ပထမဆုံး လှုပ်ရှားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒါရိုက်တာဗေဒါ ရိုက်ကူးတဲ့ ‘သက္ကရာဇ်မဲ့နှလုံးသား’ ဗီဒီယိုဇာတ်ကားမှာ ဗီဒီယို သရုပ်ဆောင်အဖြစ် စတင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။ အဲဒီ ဇာတ်ကားမှာသားညီ၊ သတ္တိ၊ မျိုးစန္ဒီကျော်တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့ခြင်းပါ။

“အနုပညာရပ်ဝန်းက လူတစ်ယောက်ဖြစ်လာချိန်မှာ ဒီအနုပညာ အလုပ်နဲ့ပတ်သက်ပြီး သိရှိနားလည် လာတာက အနုပညာအလုပ်ဆိုတာ ပရိသတ်တွေအပေါ် သည်းခံပြီး လေးစားရမယ်။ ပြီးတော့ အနုပညာရပ်ဝန်း မှာ ရပ်တည်လှုပ်ရှားနေကြတဲ့ အလွှာပေါင်းစုံက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကိုလည်း တန်ဖိုးထား ပေါင်းသင်း ဆက်ဆံရမယ်ဆိုတာကို သိလာတယ်။ အဖေက အနုပညာသမား ဖြစ်ပေမယ့် ချောလျှောက်လှမ်းရတဲ့ အနုပညာခရီးက အရာရာ ချောမွေ့နေတာမျိုး မဟုတ်ပါဘူး။ အခက်အခဲတွေကို သင်ခန်းစာယူပြီး လျှောက်လှမ်းရတယ်။ အခက်အခဲကို သင်ခန်းစာယူတတ်ဖို့က အရေးကြီးပါတယ်” လို့ ချောရတနာက သူရဲ့ခံယူချက် သဘောထားကို ပြောပြခဲ့ပါတယ်။

“လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အရေးကြီးဆုံး အရာက ရိုးသားမှုပါ။ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုနဲ့ ကိုယ့် ရဲ့အနုပညာလှုပ်ရှားမှု အပေါ်မှာ ပရိသတ်က လက်ခံပေးရတဲ့ အနုပညာရှင်မျိုးဖြစ်ချင်တယ်။ ကျန်တဲ့အရာတွေနဲ့ နာမည်မကြီးချင်ဘူး”လို့ဆိုတဲ့ ချောရတနာက ရှေ့ဆက်မယ့်ခရီးနဲ့ ပတ်သက်ပြီးပြောခဲ့တာကတော့. . .

“ဘ၀ကို အေးအေးချမ်းချမ်းပဲ နေသွားချင်တယ်။ ရှေ့ဆက်မယ့်ခရီး မှာချောရဲ့အနုပညာ အရည်အသွေး ကို ပရိသတ် လက်ခံအောင်ကြိုးစားမယ်။ ပရိသတ်လက်ခံမှုနဲ့ ရေရှည်ရပ်တည်နိုင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းခွင့် ရဖို့မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ် ဆိုတာကို တင်ပြရင်း ရပ်နားလိုက်ပါ တယ်။