Friday, May 13, 2011

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ရန်ကုန်၊ မန္တလေးမြို့များတွင် သရုပ်ဆောင် အသစ်များ ရွေးချယ်သွားမည်

မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သရုပ်ဆောင်အသစ်များအား ရွေးချယ်၍ ခေါ်ယူသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် သရုပ်ဆောင်သစ်များအား သရုပ်ဆောင်သင်တန်း အခမဲ့ ပို့ချပေး၍ သင်တန်းဆင်းပါက မာန်ထက်ချီမှ ရိုက်ကူးထုတ်လုပ်သည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင် စေမည်ဖြစ်ကာ အရည်အချင်းပြည့်ဝသူကို တိုက်ပိုင်သရုပ်ဆောင် အဖြစ် စင်တင်ပွဲထုတ်သွားရန် ရည်ရွယ်ထားသည်ဟု သတင်းရရှိသည်။

မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ များတွင် ပဏာမလူရွေးပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒါရိုက်တာမီးပွား၊ ဒါရိုက်တာကုသိုလ်၊ ဒါရိုက်တာဒေါန၊ ဒါရိုက်တာမောင်သီ၊ ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာဦးထင်ကျော်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးမြင့်သိန်းဖေ စသူတို့မှ ရွေးချယ်ပေးသွားမည်ဟု သိရသည်။

ရန်ကုန်မြို့တွင် မေလ ၂၇ ရက် နေ့၌ ၃၅ လမ်းရှိ မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးတွင် လျှောက်လွှာများအား ရောင်းချပေးသွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်နေ့နှင့် ပဏာမရွေးချယ်မည့် နေ့ရက်တို့အား လျှောက်လွှာတွင် တစ်ပါတည်း ရေးသား ဖော်ပြပေးသွားမည်ဟု သိရသည်။ မန္တလေးမှ ပဏာမ ရွေးချယ်ခံရသူများနှင့် ရန်ကုန် မှ ပဏာမရွေးချယ်ခံရသူ များထဲမှ နောက်ဆုံးအဆင့်အဖြစ် အမျိုးသား ငါးဦးနှင့် အမျိုးသမီးငါးဦးတို့ကို ရွေးချယ်သွားမည်ဟု သိရသည်။ ရွေးချယ်ခံရသည့် သရုပ်ဆောင်အသစ် ဆယ်ဦးကို မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး၏ စီစဉ်မှုဖြင့် ၀ါရင့်အနုပညာရှင်များက သရုပ်ဆောင်အတတ် ပညာရပ်များကို နှစ်လကြာသင်ကြား ပို့ချသွားမည်ဟု သိရသည်။ သင်တန်းကာလ နှစ်လအပြီးတွင် မာန်ထက်ချီဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်သည့် ဗီဒီယိုဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခွင့် ရမည်ဖြစ်ပြီး နှစ် နှစ်ကြာကာလအထိ ယင်းသို့ပါဝင်ရန် သတ်မှတ်ထားသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဗီဒီယိုလုပ်ငန်း အတွေ့အကြုံက အတိုင်းအတာတစ်ခု ရှိခဲ့ပြီးပါပြီ။ ဈေးကွက်ဝင်တယ် ဆိုတဲ့ သရုပ်ဆောင် အရေအတွက်က ရှားပါးတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ ဒါကြောင့် အခုလို သရုပ်ဆောင်အသစ် ရွေးချယ်ဖို့ စီစဉ်ဖြစ်တာပါ။ အဓိကတော့ ရွက်ပုန်းသီး အနုပညာရှင်တွေ ပေါ်ထွက်လာစေချင်လို့ ပါ”ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ဆိုသည်။