Thursday, May 26, 2011

ဇေယျာသော်နှင့် တွေ့ဆုံခြင်း

‘နိုက်ထရစ်အက်ဆစ်ဆိုတဲ့ အက်စစ်အဖွဲ့သား ဇေယျာသော် က တရားမ၀င် အသင်းဖွဲ့စည်းမှု၊ နိုင်ငံခြားငွေကိုင်ဆောင်မှုစတဲ့ ပြစ်ဒဏ်နှစ်ရပ်နဲ့ ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂျေသမားအဖြစ် အသက် ၁၆ နှစ်မှာ ဂီတလောကအတွင်း ခြေချခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂီတပုံစံသစ်တစ်ခုကို အက်စစ်ဂီတအဖွဲ့ရဲ့စတင်ခြင်း စီးရီးဖြင့် အသက်၂၀မှာ မွေးဖွားခဲ့တဲ့ ဇေယျာသော်၊ သုံးနှစ်ကျော် ထိန်းသိမ်းမှုခံရတဲ့ အသက် ၃၀ စွန်းစဖြစ်လာတဲ့ ဇေယျာသော်၊ လူငယ်တွေကို တန်ဖိုးထားတဲ့ ဇေယျာသော်၊ သူရင်ထဲမှာရှိနေတဲ့ စကားလုံးတွေကို ယခုကဲ့သို့ စတင်ပုံဖော်ကြည့်မိတဲ့အခါ . . .

မေး ။ ၂၀၀၇ ခုနှစ်မတိုင်မီ ကာလအထိ ဇေယျာသော်ရဲ့ လူငယ်တစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုမျိုးပုံဖော်ထား ပါသလဲ။

ဖြေ ။ ကျွန်တော် တစ်ယောက်တည်းရဲ့ ခံယူချက်အနေနဲ့ကတော့ ပျော်ရွှင်ပေါ့ပါးလွတ်လပ် တဲ့ ဘ၀နေထိုင်မှုပုံစံကို လိုချင်တောင့်တတဲ့ လူတစ်ယောက်ပါ။

မေး ။ အထိန်းသိမ်းခံရတဲ့ အကြောင်းကို ပြောပါဦး။
ဖြေ ။ ၂၀၀၈ ခုနှစ်မှာ မတ်လ ၁၃ ရက်မှာ စတင်ထိန်းသိမ်း ခံရပါတယ်။ ပထမတော့ ဘယ်ပုဒ်မနဲ့ ထိန်းသိမ်းတယ် ဆိုတာ မသိရပါဘူး။ နောက်မှ တရားမ၀င် ငွေကြေး ကိုင်ဆောင်မှု၊ တရားမ၀င် အသင်းအဖွဲ့ တည်ထောင်တဲ့ ပုဒ်မနဲ့ အမှုနှစ်ခု ရင်ဆိုင်ရတယ်။ ပထမက ခြောက်နှစ်ပါ။ နောက် အယူခံဝင်တာ နိုင်သွားလို့ လေးနှစ်ကျပါတယ် ကော့သောင်းမှာ နေခဲ့ရပါတယ်။

မေး ။ ဒီလိုထိန်းသိမ်းခံရတဲ့အခါ Celebrity တစ်ယောက်အနေနဲ့ အခြားခံစားမှုတွေ ရောရှိခဲ့လား။
ဖြေ ။ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်မှာတော့ သက်ရောက်မှု မရှိပါဘူး။ နေထိုင်ရတဲ့ နေထိုင်မှုပုံစံမှာလည်း အကျဉ်းသားဆိုတာပဲ ရှိပါတယ်။ အဲဒီမှာမှ သာမန်အကျဉ်းသား၊ သာမန်သီးသန့် အကျဉ်းသားဆိုပြီးရှိတယ်။ ကျွန်တော်အပါအ၀င် ခြောက်ဦးကိုတော့ အဲဒီသာမန် သီးသန့်အကျဉ်းသားဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ စုစည်း ထားပါတယ်။

မေး ။ စာပေ၀ါသနာရှင်ဖြစ်တဲ့ ကိုဇေယျာသော် စာပေဖတ်ရှုခွင့်ရလား။
ဖြေ ။ စာပေဖတ်ရှုခွင့် အနေနဲ့ဆိုရင် သတင်းစာဆိုရင် အကျဉ်းထောင်က စီစဉ်ပေးပါတယ်။ စာအုပ်စာတမ်း ဆိုရင် အကျဉ်းထောင် စာကြည့်တိုက် က ငှားရမ်းဖတ်ရှုခွင့် ရပါတယ်။ မိမိ မိသားစုကလည်း အကန့်အသတ်နဲ့ တင်သွင်းခွင့်ရပါတယ်။ အကျဉ်းထောင်ရဲ့ လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမယ့် အရာတွေကို တားမြစ် ထားပါတယ်။

မေး ။ အခုလိုအနေအထား ပြန်ရောက်တဲ့အခါ ဂီတနဲ့ပတ်သက်ပြီး ပြန်လှုပ်ရှားဖို့ ရည်ရွယ်ချက်များရှိလား၊ ဒါမှမဟုတ် ဘယ်လိုလူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိတ်ကူးထားလဲ။
ဖြေ ။ အခုလက်ရှိအချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေက လိုအပ်ချက်တွေ ရှိသလို အထွေထွေ အကျပ်အတည်း တွေလည်း ရှိနေပါတယ်။ ကျွန်တော် အနေနဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ မိမိကိုယ် စွမ်းဥာဏ်စွမ်းရှိသ၍ ကြိုးစားသွားချင်ပါတယ်။ လောလောဆယ် အစီအစဉ်မှာတော့ အကျဉ်းကျခံရာကနေ ပြန်လည်လွတ်မြောက်လာတာ တစ်ပတ်တောင် မပြည့်သေးတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက်ဖော်ဆောင် သွားမယ်ဆိုတာ မပြောနိုင် သေးပါဘူး။ ကျွန်တော်သီချင်းဆိုတာ ဟစ်ဟော့ပ်ဂီတကို ဖန်တီးချင်လို့ပါ။ ဟစ်ဟော့ပ်ဂီတကို ၀ါသနာပါလို့ ထုဆစ်ကြည့်တဲ့ သဘောပါ။ လက်ရှိအခြေအနေမှာ ပရိသတ်လက်ထဲကို ချပြခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနုပညာဖန်တီးမှုတွေ အလျဉ်းသင့်သလို လုပ်သွားဖြစ်မယ် ထင်ပါတယ်။

မေး ။ အနဂ္ဂမွေးနေ့မှာ အက်စစ်သုံးယောက် ပြန်လည်ဆုံဆည်းတဲ့အခါ ဘယ်လိုအရာတွေ ပြောဖြစ်ခဲ့လဲ။
ဖြေ ။ အနဂ္ဂရဲ့မွေးနေ့ကို သွားရောက်ခြင်းပါ။ ရေရှည် ဆက်လက်လုပ်ကိုင်ဖို့ စည်းဝေးခြင်းမဟုတ်ပါဘူး။ အဲဒီ အတွက်ကြောင့်မို့ အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာကို မပြောဖြစ်ခဲ့ပါဘူး။

မေး ။ စင်ပေါ်တက်ဖို့ စိတ်ကူးရှိသလား။ ရှိုးသီဆိုမှုနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေရှိပါသလား။
ဖြေ ။ အနုပညာလုပ်ကိုင်ခွင့် တားဆီးကန့်သတ်ထားတာ မရှိသေးပါဘူး။ ဒီ့အတွက်ကြောင့်မို့ ပရိသတ်တွေ၊ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ အက်စစ်အနေနဲ့ ပြောရရင် အက်စစ်က ကျွန်တော်တစ်ယောက်တည်း ဆန္ဒနဲ့ဖွဲ့စည်းထားတာ မဟုတ်ဘူး။ အားလုံးရှေ့ဆက်သွား မယ်ဆိုရင်တော့ လုပ်ဖြစ်မှာပါ။

မေး ။ အခုရက်ပိုင်း လူငယ်တွေနဲ့ စကားတွေ ပြောဖြစ်သေးလား။ ဘယ်လိုပြောင်းလဲမှုတွေကို မြင်တွေ့ခဲ့ရလဲ။
ဖြေ ။ တစ်ပတ်တာ ကာလအတွင်းမှာ သုံးသပ်မယ်ဆိုရင် အပြင်ပန်းပုံသဏ္ဌာန် ကို ပြောင်းလဲတာ တွေ့နေရပေမယ့် အတွင်းပိုင်း အနှစ်သာရမှာတော့ လိုအပ်တဲ့ လိုအပ်ချက်လေးတွေ ရှိနေ သေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ လိုအပ်တဲ့ပြောင်းလဲမှုတွေ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။

မေး ။ ဟစ်ဟော့ပ်ဂီတရဲ့အနှစ်သာရကို ဘယ်လိုသတ်မှတ် ထားပါသလဲ။ အခုနောက်ပိုင်း ဇေယျာသော်ရဲ့သီချင်းမှာ ဘယ်အပိုင်းကို အဓိက မက်ဆေ့ထားရေးသားဖို့ ရည်ရွယ်လဲ။
ဖြေ ။ ဟစ်ဟော့ပ်ဂီတကို ၁၉၇၉ ခုနှစ်နှောင်းပိုင်းက ပေါ်လာတယ်လို့ ယေဘုယျ သတ်မှတ်ထားတယ်။ သူရဲ့အနှစ်သာရဖြစ်တဲ့ မိမိဆန္ဒအမှန် ကို ကာရန်တွေနဲ့ လွတ်လပ်ပွင့်လင်းစွာ သီဆိုတဲ့စတိုင်လ်က မပြောင်းလဲ သေးပါဘူး။ ကဗျာ၊ဆောင်းပါး အစရှိသဖြင့်ပေါ့ဗျာ။ လက်လှမ်းမီရာ ဖော်ထုတ်တဲ့နည်းလမ်းနဲ့ ဖော်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။

မေး ။ ဟစ်ဟော့ပ်ရဲ့ ဒုတိယမျိုးဆက်သစ် ဖြစ်တဲ့ ရသနဲ့ဆုံပြီးပြီလား။
ဖြေ ။ ကျွန်တော်ရန်ကုန်လေဆိပ်ကို ရောက်ရောက်ချင်း လာကြိုတဲ့ အနုပညာ အသိုင်းအ၀ိုင်းမှာ ရသလည်း ပါပါတယ်။ ဒါပေမယ့် သေသေချာချာ တွေ့ဆုံစကားပြောချင်းတော့ မရှိသေးပါဘူး။

မေး ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရသက ၀င်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဖြေ ။ ကျွန်တော်က နိုင်ငံရေးပါတီ တည်ထောင်မှ၊ ရွေးကောက်ပွဲဝင်မှ နိုင်ငံရေးလုပ်တယ်မထင်ပါဘူး။ နိုင်ငံ ရဲ့ရေးရာကိစ္စတွေကို ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ အမှန်တကယ် ပြည်သူအပေါ် အကျိုး ရှိတဲ့ အလုပ်တွေ လုပ်တယ်ဆိုရင် နိုင်ငံရေးလုပ်တယ်လို့ ယူဆတယ်။ ကျွန်တော် တစ်ဦးတည်း တစ်ယောက်တည်း ရဲ့သဘော ပြောရမယ်ဆိုရင် လက်ရှိ ကျင်းပပြုလုပ်မယ်လို့ လျာထားတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုရော၊ ၂၀၁၅ မှာ ကျင်းပမယ်လို့ ထင်မြင်ရတဲ့ ရွေးကောက်ပွဲရော ၀င်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ် လုံးဝမရှိသေးပါဘူး။

မေး ။ ဇေယျာသော်ရဲ့ လက်ရှိရင်ထဲမှာ ပရိသတ်တွေကို ပြောချင်တာများ ရှိရင်ပြောပါဦး။
ဖြေ ။ ကျွန်တော် အနုပညာအလုပ် စတင်လုပ်ဆောင်တဲ့ အချိန်ကာလက စပြီး အကျဉ်းကျခံပြီး ပြန်လည်လွတ် မြောက်လာသည်အထိ အားပေးနေကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ လောလောဆယ်အနေနဲ့ ပြောရမယ်ဆိုရင် ပရိသတ်တစ်ဖြစ်လဲ ပြည်သူအနေနဲ့ လိုအပ်မယ်ထင်တဲ့ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

Profile
အမည် ။ ဖြိုးဇေယျာသော်
မွေးနေ့ ။ ၁၆-၃- ၈၁
မိဘအမည် ။ ပါမောက္ခ ဒေါက်တာ ဦးမြသော်နှင့် ဒေါက်တာ ဒေါ်ခင်ဝင်းမေ
ပညာအရည်အချင်း ။ B.A ( Eng)
ဂီတလောက ။ ၁၉၉၇ (ဒီဂျေ)၊ ၂၀၀၀ အက်စစ်အဖွဲ့ (စတင်ခြင်း)

copy from http://www.weeklyeleven.com/