Sunday, February 27, 2011

ဘ၀ကို ခြင်္သေ့တစ်ကောင်လို ဖြတ်သန်းမယ် ဆိုတဲ့ဂျောက်ဂျက်

ဘ၀ကို ခြင်္သေ့တစ်ကောင်လို ဖြတ်သန်းမယ် ဆိုတဲ့ဂျောက်ဂျက်
ဂီတဟာ လူသားတွေရဲ့ စိတ်ကို အမျိုးမျိုး ပြောင်းလဲ သွားစေ နိုင်ပါတယ်။ ဂီတသံစဉ် ချိုချိုတွေသာ မရှိရင် ကမ္ဘာကြီးလည်း မလှပ နိုင်တော့ဘူး ဆိုတဲ့

အတိသယ၀ုတ္တိ အလင်္ကာတွေနဲ့တောင် အလွန်အကြူး ဖွဲ့ဆိုရင်း ဂီတကို ချီးမြှောက်ကြတာတွေတောင် ရှိပါတယ်။ တချို့ဂီတက စိတ်ကို နူးညံ့စေတယ်။ တချို့ ဂီတက ရဲရင့်စေတယ်။ တချို့ဂီတက မြူးကြွ သွက်လက်စေတယ်။

တချို့ဂီတက တွေဝေ မိန်းမောစေတယ်။ တချို့...စသဖြင့် ဂီတ ပုံစံတွေမှာ အများကြီးပါပဲ။ ဘာပဲပြောပြော ခေတ်အဆက်ဆက်က လူငယ်ကြိုက် ဂီတကတော့ အမြဲ မြူးမြူးကြွကြွ၊ ဆူဆူညံညံ၊ သွက်သွက် လက်လက်နဲ့ပေါ့။ Hip Hop ဂီတကလည်း လူငယ်ဂီတ ပီသစွာ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းနဲ့ မြူးကြွတယ်။ သီဆိုတဲ့ Rapper တွေကလည်း သီချင်းပုံစံနဲ့ တစ်ထပ်တည်းမှ တစ်ထပ်တည်းပါ။

ဒီလို Rapper တွေထဲက ငါသည်သာ ငါ့ပြိုင်ဘက် တေးစီးရီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ Rapper ဂျောက်ဂျက်နဲ့ ရွှေပရိသတ်ကြီး အတွက် တွေ့ဆုံခဲ့ပါတယ်။ ရွှေအမြုတေ အတွက် ဂျောက်ဂျက် ချိန်းတဲ့နေ့က သူ့ရဲ့တေးစီးရီး ထွက်ရှိတဲ့နေ့၊ ပရိသတ်နဲ့ တွေ့ဆုံ လက်မှတ်ထိုးတဲ့ နေ့ရဲ့ နောက်တစ်နေ့မှာပါ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လက်မှတ်ထိုးပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဂျပန်ကို ထွက်ခွာဖို့ အစီအစဉ်တွေ ရှိနေတဲ့ ဂျောက်ဂျက်ကို အခွေ ထွက်ပြီးပြီးချင်း ပရိသတ်နဲ့ တွေ့ပေးချင်တာကြောင့် အမိဖမ်းခဲ့ရတာ ဖြစ်ပါတယ်။

တကယ်ရိုက်ဖို့ ချိန်းထားတဲ့ နေ့မှာတော့ ဂျောက်ဂျက်က ပရိသတ်နဲ့ တွေ့ခဲ့ရတဲ့ ပွဲကြောင့်ရော၊ ပထမဆုံး တစ်ကိုယ်တော် ထွက်ရတဲ့ စိတ်ခံစားမှုကြောင့်ရော မလာနိုင်တော့ပါဘူး။ နောက်တစ်နေ့မှာတော့ ပင်ကိုပုံစံ အတိုင်း လန်းဆန်း တက်ကြွစွာနဲ့ Studio-K ကို လာရောက်ပြီး တွေ့ဆုံရင်း အလှ ဓာတ်ပုံတွေ ရိုက်ကူး ပေးခဲ့ပါတယ်။ မနေ့က ရက်ချိန်း ပျက်သွားတဲ့ အတွက်ရော၊ ဒီနေ့မှာ ချိန်းထားတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက်ရော ပေါင်းပြီး အလုပ် လုပ်ရတာကြောင့် ဂျောက်ဂျက်နဲ့ အတူ တစ်နေ့လုံး ပင်ပန်းခဲ့သူက ဓာတ်ပုံကိုလင်း (Studio-K) ပါ။ ဒါပေမယ့် နှစ်ယောက်စလုံးက အနုပညာသမားတွေ ပီသစွာ အပြုံးမပျက် လက်တွဲပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ဂျောက်ဂျက်နဲ့ အတူ ပြောဖြစ်ခဲ့တဲ့ သူ့အကြောင်းတွေကတော့။

တစ်ကိုယ်တော်ခွေ ထွက်ပြီး နောက်ပိုင်း ဂျောက်ဂျက်ရဲ့ ရပ်တည်နေမှု အခြေအနေ။
ပုံမှန် အတိုင်းပါပဲ။ အရင်အတိုင်းပဲ စားစရာ ရှိတာ စား၊ သွားစရာ ရှိတာ သွားလုပ်စရာ ရှိတာလုပ်နဲ့ ဒုတိယအခွေ အတွက်တောင် စနေပါပြီ။

အရင်ကရော၊အခုရော သီချင်းတွေ ကြိုးစားခဲ့တယ် ဆိုပေမယ့် တစ်ကိုယ်တော်ခွေ ထွက်ပြီးပြီ ဆိုတဲ့ ခံစားမှုလေး ရှိပြီးမှ လုပ်ဆောင်ရတာ ပြောင်းသွားတာတွေ ရှိလား။
ပြောင်းသွားပြီ။ အဆိုခ Show ဆိုခတွေ ဈေးတက်သွားပြီ။(ဂျောက်ဂျက်က သူ့အဖြေကို သူ့ဘာသာသူ သဘော ကျပြီးရယ်ပါတယ်။) ဗီစီဒီ တွေ ဆက်ရိုက်မယ်။ ဒုတိယ အခွေအတွက် သီချင်းတွေ တောင်စနေပြီ။

ဘယ်အခြေအနေတောင် ရောက်နေပြီလဲ။
နှစ်ပုဒ်ပဲ ပြီးပါသေးတယ်။

သီချင်းတွေကို မနားစတမ်း ဆက်တိုက် လုပ်နေတယ် ဆိုတော့ နောက်ဒုတိယခွေ ဆိုတာ ဘယ်လိုပုံစံ၊ ဘယ်လို ထူးခြားမယ် ဆိုတာကို စိတ်ကူးထဲ ရှိသမျှ ပြောနိုင်သမျှ ပြောပေးပါဦး။
အတွေး ဘက်ရောက်သွားတယ်။ ပြီးတော့ အတိအကျ မပြောနိုင်တဲ့ ဆိုက်ကို ပိုင်းတွေပါမယ်။ အရင်ပုံစံ တွေနဲ့ မတူဘူး။

ဒဿနဆန်ဆန်လို့ ပြောနိုင်လား။
အင်း ဟုတ်တယ်။ ဒဿန ပုံစံမျိုးလေးတွေ။ ကဗျာလို ပုံစံလည်း ပါမယ်။ ဒါပေမယ့် ဒဿနလို့ ပိုပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စာဖတ်ရင်တောင် ရှေးအဆိုအမိန့် ဆိုတာမျိုးတွေကို အဖတ်များတယ်။ အဲလို စာသားတွေ ရေးဖြစ်တယ်။ ပထမ အခွေနဲ့ မတူစေဘဲ အကြောင်းအရာကို လုံးဝ ခွဲခြား လိုက်မယ်လို့ စဉ်းစား ထားတယ်။ အခု လုပ်ထားပြီးတဲ့ နှစ်ပုဒ်တောင်မှ တော်တော်ဆန်းတယ်။

အခုလို ခွဲခြား လိုက်တာဟာ ပရိသတ်ကြောင့်လား၊ အသက်အရွယ်ကြောင့်လား။
နှစ်ခုစလုံးပါပဲ။
အသက်အရွယ်ကြောင့် သီချင်းတွေကို ပြောင်းလဲ သွားမှာလား။ ဒါမှမဟုတ် ဂျောက်ဂျက်ရဲ့ သီချင်းတွေကို ဖန်တီးတဲ့အခါမှာ ထည့်တတ်တဲ့ ခံစားမှုက အချိန်ကာလ အရ တဖြည်းဖြည်း ပြောင်းလဲ သွားမှာပါ။ ပြီးတော့ တစ်ပုဒ်နဲ့ တစ်ပုဒ်ပုံစံ လုံးဝ မတူစေ ရဘူး။ ကျွန်တော့် သီချင်းတစ်ပုဒ် နားထောင်လိုက်ရင် ဘယ်တော့မှ သူများစာသား မပါစေရဘူး။ ပါရင်တောင်မှ ကျွန်တော့်ဆရာ ရသရဲ့ စကားကို သူ့ကိုဂုဏ်ဖော်တဲ့ အနေနဲ့ပဲ သူ့စာသားကို ပြန်ဆိုရင် ဆိုမယ်။ ဒါပေမယ့် တခြား ဘယ်တစ်ဦး တစ်ယောက်ရဲ့ စာသားကိုမှ ပြန်မဆိုခဲ့ဖူးဘူး။ ဆိုလည်းမဆိုဘူး။ ကျွန်တော်က ပုံစံတွေလည်း မထပ်အောင်၊ ရှေ့လျှောက်လည်း မရိုးမအီ သွားအောင်ပေါ့။ အဓိကကတော့ ဒီကောင် တစ်ခါလာလည်း ဒါပဲ ဆိုနေတာပဲလို့ မဖြစ်ရအောင် ကျွန်တော့် ခံစားမှု အစစ်လည်း ဖြစ်ရမယ်။ ပြီးတော့ ကျွန်တော် ကြုံနေတဲ့ အသိုင်းအ၀ိုင်း အကြောင်းလည်း ဖြစ်ရမယ်။ အားလုံးနဲ့ ကွဲအောင် ဖန်တီး ထားပါတယ်။
 
Hip Hop သီချင်း၊ ဂျောက်ဂျက်ရဲ့ သီချင်း တွေက ကိုယ်ပိုင်စာသား တွေပဲ ဖြစ်တဲ့ အတွက် ကိုယ်ပိုင်အကြောင်း အရာတွေထဲက ရှာရတာ ခက်ခဲပါလိမ့်ယ်။ အကြောင်းအရာ ဘယ်လို ရှာတယ်ဆိုတာလည်း ပြောပေးပါဦး။
မြင်တွေ့ နေရတဲ့ အရာတွေကိုပဲ ချရေးလိုက်တဲ့ သဘောပါပဲ။ ကျွန်တော့်အခွေထဲမှာပါတဲ့ ကျွန်တော်ရယ်၊ အောင်လရယ်၊ ကျော်ထွဋ်ဆွေ ရယ်ဆိုတဲ့ သီချင်း တစ်ပုဒ်ဆိုရင် “မိန်းကလေး အသည်းကွဲရင် မျက်ရည်တစ်စက် ကျရတယ်။ ယောက်ျားလေး အသည်းကွဲတော့ သီချင်းဖြစ်တယ်” ဒါက ကျွန်တော်တို့ အသိုင်း အ၀ိုင်းမှာ မြင်တွေ့နေတဲ့ အရာလေ။ ကော်ပီ လုပ်စရာလည်း မလိုသလို ဘယ်သူမှ သုံးထားဖူးတဲ့ စာသား မဟုတ်တဲ့ အတွက် သုံးရတာ ပိုသဘောကျတယ်။ သူများ လုပ်ပြီးသားကို လိုက်မလုပ် ချင်သလို စိတ်လည်း မပါဘူး။ ကျွန်တော့် အတွက်က Own Tune လုပ်ရတာကို ကိုယ်ပိုင်သံစဉ် လုပ်ရတာနဲ့ ကော်ပီလုပ်ရတာဆို ကော်ပီက ပိုခက်တယ်။ ဟိုးအရင်က ကော်ပီ ရေးကြည့်ဖူးတယ်။ ဆိုဖို့ မဟုတ်ဘူး။ တမင်သက် သက်ရေးကြည့်တာ။ ဘယ်လိုမှ အဆင် မပြေဘူး။ သူများ လုပ်ပြီးသား နုတ်စ်တွေ၊ ကော့ဒ်တွေပေါ်မှာ မြန်မာ စကားလုံးတွေ ထည့်ကြည့်တာ ဘယ်လိုမှ အဆင် မပြေဘူး။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရေးရတာပဲ အဆင်ပြေတယ်။ ပေါက်တတ်ကရတွေပဲ ထွက်လာတယ်။ အဓိပ္ပာယ်မရှိ တာတွေပဲထွက်လာတယ်။

ဒါပေမယ့် ရသကို ဆရာ တစ်ယောက် အနေနဲ့ ဂုဏ်ပြုတဲ့ စကားလုံး တချို့ ပြန်ပါတယ်၊ ရသရဲ့ စာသား တချို့ ထည့်ဆိုတတ်တယ် ဆိုတော့ တချို့သီချင်းတွေမှာ ရသပုံစံ လွှမ်းမိုးနေမှုတွေ ပါနိုင်လား။
ဟာ ပါနိုင်တာပေါ့။ ပါတာပေါ့။ သူကကျွန်တော့် ဆရာဖြစ်နေတဲ့အတွက် သူက လွဲရင် ကျွန်တော့်အပေါ် တခြားသူတွေ လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ သူ့ရဲ့စာသား တွေ၊ သူ့အပြော၊ သူ့အနေ အထိုင်တွေက ကျွန်တော့်ကို အများကြီး လွှမ်းမိုးထားတာ ရှိတယ်။ အခုထိလည်း ရှိနေတုန်းပဲ။ သီချင်းတစ်ပုဒ် လုပ်ပြီဆိုရင် သူ့အကြံဉာဏ် ကျွန်တော် အမြဲတမ်း ယူရတယ်။ အကြောင်းအရာ၊ စာသား ထည့်တာက အစပေါ့နော်။ အခုထိကို သူ့ကျေးဇူး နဲ့ မလွတ်သေးပါဘူး။

ဒါပေမယ့် အခု အချိန်ထိ ကတော့ ရသကလည်း ရသ ပုံစံ၊ ဂျောက်ဂျက်ကလည်း ဂျောက်ဂျက်ပုံစံ ကွဲပြားဖြစ် တည်နေတုန်းပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ရသရဲ့ပုံစံ၊ ရသရဲ့ လွှမ်းမိုးမှု ခံရမှာကို မကြောက်ဘူးလား။
မကြောက်ပါဘူး။ ရသကို အဲလို လေးစားခဲ့တာ ၄ နှစ် ရှိသွားပြီ။ သူနဲ့ ကျွန်တော် စပေါင်းကတည်းက ခုချိန်ထိ သူ့စာတွေ လွှမ်းမိုးခဲ့တယ်။ ဒါပေမယ့် ကိုယ့်ပုံစံ ဖြစ်အောင်ပဲ လုပ်သွားတာ။ တူတာတော့ မတူပါဘူး။ တူ အောင် လိုက်ရေးတာတောင် မတူဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော့်ထက် အများကြီး ပိုတော်နေလို့ ဘယ်လိုမှ မတူနိုင်ဘူး။

Hip Hop သမား တစ်ယောက်ရဲ့ သီချင်းမှာ ခံစားမှုက ဘယ်လောက်အထိ အရေးပါလဲ။ သီချင်းတွေဖြစ် ပေါ်လာအောင် ဖန်တီးတဲ့ အနုပညာ ဖန်တီးမှုကရော ဘယ်လောက်ထိ အရေးပါလဲ။
၅၀ % စီ အရေးပါတယ်။ လုပ်ယူပြီး ရေးတဲ့ အကြောင်းအရာတွေ ရှိသလို တကယ် ကြုံတွေ့တဲ့ဟာလည်း ရေးတာတွေရှိပါတယ်။ အားလုံးဟာ ၅၀ % စီပါပဲ။ ၁၀၀ % တော့ တစ်ယောက် မှ မဖြစ်ပါဘူး။ ၁၀၀ % လုပ်ယူထားတဲ့ သီချင်းတစ် ပုဒ်ဟာ မအောင်မြင်နိုင်သလို ဘယ်လောက်ပဲ ၁၀၀ % ခံစားချက်အစစ်ကြီးပါလို့ ဆိုခဲ့ရင်လည်း ကျွန်တော် မယုံဘူး။ ကျွန်တော့် သီချင်းတွေမှာ လည်း ၅၀ က ခံစားမှုအစစ်၊ ၅၀ က ဖန်တီးပြီး လုပ်ယူတာ။ ဒါပါပဲ။ အဓိက ကတော့။

Hip Hop သီချင်းတစ်ပုဒ် အတွက် အရေးကြီးဆုံး အချက်က။
ဒီနေ့ လူငယ်တွေကြားမှာ ဖြစ်နေတာက အကုန်လုံးက Hip Hop သီချင်းဆို ချမယ်၊ နှက်မယ်ကြီးပဲ။ အဓိကကတော့ အကြောင်းအရာ ရှားပါးမှုပေါ့နော်။ လူငယ် တော်တော်များများ က အကြောင်းအရာ ရှားပါးနေတော့ ဘာရေးရမှန်း မသိဘူး။ ဒီတော့ မကြည်တဲ့ သူတွေကို သီချင်းထဲ ထည့်ရေးကြတယ်။ ဒါက ဓမ္မတာလို ဖြစ်ပြီးတော့ Hip Hop သီချင်း တစ်ပုဒ်က နှိပ်ကွပ်တဲ့ ဂီတကြီး၊ သူများကို လျှောက်ဆိုတဲ့ ဂီတကြီး ဖြစ်သွား တယ်။ တကယ်က ကိုယ်လုပ်ချင်ရင် အများကြီး လုပ်လို့ရတယ်။ Hip Hop သီချင်းတစ်ပုဒ် အတွက် လိုအပ်နေတာက အကြောင်းအရာပါ။ လူငယ်တွေ အတွက် ပြောတာပါ။ ကျွန်တော့် အတွက်တော့ မဟုတ်ဘူး။ ကျွန်တော့် အတွက်က အကြောင်း အရာတွေ သိန်းနဲ့သန်းနဲ့ ချီပြီး ရှိတယ်။ ထပ်ထွက်လာဦးမှာ၊ အဲဒါတွေက လူငယ်တွေ အတွက်ကတော့ အကြောင်းအရာတွေ ရှားပါး နေဆဲပါပဲ။

Hip Hop ဂီတသမား၊ Rapper သမားတစ်ယောက် အတွက် အဓိက အကြောင်းအရာကရော။
အဲဒါက ကျွန်တော်တို့ အတွက်ကျတော့ လုပ်ချင်တာ လျှောက်လုပ်လို့ မရတော့ဘူး။ ၈၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ရှိရင် တောင် ၂၀ ရာခိုင်နှုန်းက ပရိသတ်ကို ပြန်ကြည့်မှ ရတော့မယ်။ ဘာလို့လဲဆိုတော့ ဒီတော့ Main Stream ပေါ်ရောက်သွားပြီ ဆိုရင် ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရတော့ဘူး။ နောက်တစ်ခုက အနုပညာသမား အရမ်း စစ်လွန်းအားကြီးရင် ဒီလောကကနေ ပျောက်သွားတာ များတယ်။ မာန အရမ်းကြီးနေတာကိုး။ ပရိသတ် အတွက် မလုပ်ဘဲ၊ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တယ်။ ဒီတော့ Respect အရမ်းရတယ်။ Rapper တွေ ကိုယ့်ကို အရမ်း လေးစားတယ်။ အနုပညာသမားမှန်ရင်၊ အရမ်းစစ်သွားရင် အဲဒီလို ဖြစ်သွားရော။ ဒီတော့ လိုက်လျောညီထွေ နေတတ်၊ ဆိုတတ်၊ ပြုမူတတ်၊ အကြောင်းအရာလေး ရှာတတ် စကားလုံး အသုံးအနှုန်း သုံးတတ်မှပဲ အဆင်ပြေမယ်လို့ ကျွန်တော်တော့ ထင်တာပဲ။

လက်ရှိ အချိန်မှာ Hip Hop ဂီတအပေါ် ဂျောက်ဂျက်ရဲ့ အမြင်။
အခု အချိန်က Hip Hop ဂီတအတွက် အရမ်း အန္တရာယ် များတဲ့ အချိန် ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ Hip Hop ဂီတက အရမ်း ပေါက်နေတယ်။ အရမ်း နားထောင်ကြရင် ကြာရင် ရိုးသွားလိမ့်မယ်။ ဒါဟာ အန္တရာယ် အရမ်းရှိတယ်။ တခြား ဂီတတွေကိုလည်း နားထောင်ကြစေချင်ပါတယ်။ Hip Hop ကို အရမ်း နားထောင် နေကြတာ ကြာရင် ရိုးသွားမယ်။ တကယ် အမိုက်စား လုပ်နေတဲ့ Rapper တွေရဲ့သီချင်းကို နားထောင်ရင်တော့ ဘယ်တော့မှ မရိုးပါဘူး။ မတောက်တခေါက် လိုက်လုပ်နေတဲ့ သူတွေကြောင့် Hip Hop က တလွဲ ဖြစ်သွားနိုင်တယ်။ Hip Hop က ဒီအချိန်မှာ ဆယ်စုနှစ်တစ်စုကို ကျော်သွားပြီ။ ဒီဆယ်စုနှစ် တစ်ခုလုံးကို ပရိသတ်က လက်ခံထားတာ ဒါကြောင့် ရိုးသွားမှာ အရမ်းစိုးတယ်။အသုံးမကျတဲ့ သူတွေကြောင့် ဖြစ်သွားမှာကို အရမ်းဆိုးတယ်။

အရင်က Hip Hop ကို လူငယ်တွေကပဲ လက်ခံတယ်။ လူကြီးတွေက လုံးဝ လက်မခံခဲ့ဘူး။ အခုရော ဂျောက်ဂျက်ရဲ့ဝန်းကျင်မှာ တွေ့နေရတဲ့၊ ဒါမှမဟုတ် ဂျောက်ဂျက်ရဲ့ အနီးဆုံးမှာရှိတဲ့ ကိုယ့်ဆွေမျိုး အကြီးအကဲတွေက လက်ခံ နေပြီလား။

ကျွန်တော့်ရဲ့ ဆွေမျိုးအားလုံးက Hip Hop ဆို ကျွန်တော်က လွဲရင် ဘယ်သူ့ကိုမှ အားမပေးဘူး။ အဲဒါက တော်တော်ဆိုးတာ။ (ဂျောက်ဂျက်က ပြောရင်း အားပါးတရ ရယ်နေပါတယ်။) အကုန်လုံးက တခြား ဘယ်သူ့ကိုမှ မကြိုက်ဘူး။ ကျွန်တော်မှ ကျွန်တော် ဆိုတာကြီးပဲ။ ပတ်ဝန်းကျင်က လူကြီးတွေ ကတော့ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေကြတဲ့ အတွက် သူတို့ နားထောင်ချင် နားထောင်မယ်၊ နားမထောင်ချင် နားမထောင်ဘူးပေါ့။ ဒါပေမယ့် Hip Hop ကို သူတို့ အနေနဲ့ ရော့ခ် ဂီတလောက်ကြီးတဲ့ ဂီတနီးနီး သတ်မှတ် နေပါပြီ။

ကိုယ်လုပ်ချင်ရာကို လုပ်ခွင့် ရနေပြီလား ဂျောက်ဂျက်။
လုပ်နေတာပါပဲ။ ကျွန်တော်ကတော့ အရင်ကတည်းက ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ ဆိုချင်တာ ကိုယ်ဆိုနေတာပါပဲ။ ဒါပေမယ့် အဲဒီထဲမှာမှ ကိုယ်လုပ်ချင်တာ တစ်ခုက ပေါက်ပေါက်မြောက်မြောက် မဖြစ်သွားရင် အရမ်း ၀မ်းနည်းဖို့ ကောင်းပါတယ်။ အရည်အချင်း ရှိတဲ့ Rapper တစ်ယောက် အနေနဲ့ ကျွန်တော့် ဘေးကနေ ပြောပြတာ။ အရည်အချင်း ရှိတဲ့ Rapper တစ်ယောက်က သီချင်း အမိုက်စား တစ်ပုဒ် လုပ်ချလိုက်တယ်။ အရမ်းကောင်းတယ်။

ဒါပေမယ့် တခြားသူတွေ အတွက် မကောင်းဘူး ဆိုရင် ပလုံသွားမှာပဲ။ တကယ်က တခြားသူတွေ အတွက်လည်း ကောင်းရမှာလေ။ ရှေ့ဆက် လျှောက်လှမ်းမယ့် ဂျောက်ဂျက်ရဲ့ ခြေလှမ်းတွေက။ ကိုယ်လုပ်ချင်တာတွေ လုပ်မယ်၊ ကိုယ်ဆိုချင်တဲ့ သီချင်းတွေဆိုမယ်၊ ဘ၀ကို ခြင်္သေ့ တစ်ကောင်လို ဖြတ်သန်းမယ်။

ဂျောက်ဂျက်က လူငယ် တစ်ယောက် ပီသစွာ၊ လူငယ်ကြိုက် Rap စာသားတွေကို အောင်မြင်စွာ ရွတ်ဖတ်နေသူ တစ်ယောက် ပီသစွာ၊ လက် ရှိခေတ်ကို အပြိုင်လိုက်နေတဲ့ လူငယ်တစ်ယောက် ပီသစွာ မေးခွန်းတိုင်းကို ဒိုးခနဲ၊ ဒေါက်ခနဲ ဖြေဆိုခဲ့တာပါ။ မေးခွန်းတိုင်း အတွက် ဘာမှ စဉ်းစားစရာတောင် မလိုဘဲ အဖြေ အဆင်သင့် ရှိနေပြီး သူ့အနေနဲ့ Rap စာသားတွေ ရွတ်ဖတ် နေသလိုပါပဲ။ အောင်မြင်နေတဲ့ လူငယ် Rapper တစ်ယောက်အပေါ် မိန်းကလေး ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးကိုလည်း မချန်လှပ်ထားဘဲ မေးခဲ့ပါ သေးတယ်။ ဂျောက်ဂျက်ရဲ့ အချစ်ရေး၊ အနုပညာ အခြေ အနေကတော့ “တည်ငြိမ် အေးချမ်း နေတုန်းပါပဲ။ အေး ဆေးပါပဲ။ အားလုံးနဲ့ အဆင် ပြေပါတယ်။ ချစ်သူနဲ့လည်း အဆင်ပြေတယ်။ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေတယ်။ အားလုံး အဆင်ပြေ တယ်”တဲ့။

ဒီလိုအဖြေမျိုး၊ ဒီလို အသံမျိုးပဲ ဂျောက်ဂျက်ဆီက အမြဲ ကြားချင်ပါတယ်။ ကြားရပါစေလို့လည်း ရွှေအမြုတေ က အမြဲ ဆုတောင်း ပေးနေပါတယ် ဂျောက်ဂျက်ရေလို့ ဆိုတော့ ဂျောက်ဂျက်က သူ့ ပုံစံအတိုင်း လွတ်လပ် ပေါ့ပါးစွာ ဟန်မဆောင်ဘဲ ရယ်လို့...။

သင်းပပ

(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)
copy from http://www.shweamyutay.com/