Thursday, February 10, 2011

ပြည်ချစ်ပန်းနှင့် လွတ်လပ်သော ပြည်ထောင်စုသို့ ခရီးရှည်

 တစ်ပင်ကို တစ်ပင်ယှက်၊
နွယ်ခတ်၍သာ၊
တစ်ပင်အရိပ် တစ်ပင်ခိုကာ၊
စုပေါင်းညီညာ၊
ရှိကြသောအခါ... ။
နွယ်ခြင်းခက်၍ ပင်ချင်းယှက်သော်။ ထိုသီချင်းကို အမှတ်ရလိမ့်မည် ထင်ပါ၏။

ပေါင်းစည်းညီညွတ်ခြင်းမှ ရရှိစေမည့် အကျိုးကို သစ်ပင်များ၏ တည်ဖွဲ့ဟန်နှင့်ပမာ တင်စားခဲ့သည်။ ''တစ်ပင်ထီးထီး သစ်ပင်ကြီးမှာ၊ ကြီးမားခိုင်မာ၊ ကြွားဝင့်ထည်ဝါစွာ၊ မြေမှာမပြိုလဲ... ခိုင်မြဲ၊ အဓွန့်ရှည်ကြာ၊ ရှိလိမ့်မလားရယ်လို့၊ ထင်မြင်ယုံမှား ဖွယ်ရာ...။'' သစ်ပင်ကြီးတစ်ပင်၏ ကြံကြံခိုင်မှုကို ထိုသို့ ရေးဖွဲ့ခဲ့သည်။ ထိုသစ်ပင်ကြီး၏ ကြံ့ခိုင်မှုက မည်မျှ ကြာရှည်နိုင်မည်နည်း။

''မုန်းတိုင်း ကြမ်းကြမ်း၊ တိုက်ခတ်ရမ်းလေသော်၊ မတ်တပ်ကယ် မနေသာ၊ မြေမှာပြိုလဲ ရရှာ...'' သစ်ပင်ကြီး၏ အဆုံးသတ်ကို ဖွဲ့ဆိုခဲ့ပြီး ပေါင်းစည်းမှု၏ ခွန်အားကို ဆက်လက်ဖွဲ့သီခဲ့သည်။ ''တစ်ပင်ကို တစ်ပင်ယှက်၊ နွယ်ခတ်၍သာ၊ တစ်ပင်အရိပ် တစ်ပင်ခိုကာ၊ စုပေါင်းညီညာ ရှိကြသော အခါ၊ ထာဝစဉ် စိမ်းလန်းစိုပြေစွာ၊ လေပြင်းမုန်တိုင်း တိုက်ခိုက်သော်လည်း မတတ်သာ...၊'' စသဖြင့်။ ထိုသီချင်းကို တက္ကသိုလ်မောင်မောင်သီနှင့် စန္ဒရားအောင်ကြီးက ရေးသားခဲ့၏။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့။ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ် ၁၀၀ ကျော်မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ် ၆၀ ကျော်မျှ တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံ။ ထိုနေ့၌ လွတ်လပ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ အလွယ်တကူ ရရှိခဲ့ခြင်းတော့ မဟုတ်ပေ။


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . .

ဒုတိယကမ္ဘာစစ်မီးက ၁၉၃၉ ခုနှစ် အချိန်တွင် စတင်သည်။ ၁၉၃၇ ခုနှစ် အချိန်။ တရုတ်နိုင်ငံ မြောက်ပိုင်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ရာမှ ဂျပန်နိုင်ငံ၏ သြဇာက အာရှနိုင်ငံများသို့ ကျယ်ပြန့်လာခဲ့၏။ ဒုတိယကမ္ဘာစစ် အတွင်းသို့ ဂျပန် ပါဝင်ခဲ့သည်။


သခင်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုက ၁၉၄၀ ပြည့်နှစ်၌ ပိုမို အရှိန်ရလာသည်။ ထိုနှစ်၌ပင် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့နှင့် သခင်အောင်ဆန်းတို့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုနှစ်၌ပင် ဖြစ်သည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ တရုတ်နိုင်ငံ အမွိုင်မြို့သို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဂျပန်သို့ ဆက်လက်ရောက်ရှိခဲ့၏။

၁၉၄၁ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ မီနာမီကီကန်းအဖွဲ့ကို ဖြစ်လာ၏။ ကာနယ် ဆူဇူကီးနှင့် သခင်အောင်ဆန်းတို့ ဂျပန် နိုင်ငံ၌ ဖွဲ့စည်းခဲ့သည်။ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ရဲဘော်သုံးကျိပ်ကို ဂျပန်နိုင်ငံသို့ ဆက်တိုက်နီးပါး စေလွှတ်ခဲ့သည်။ ဗြိတိသျှကို တော်လှန်ရန် အတွက် စစ်ပညာသင်ယူရန် ဖြစ်သည်။ ၁၉၄၁ ခုနှစ် နှောင်းပိုင်းကာလ၌ အမေရိကန် စစ်စခန်း အခြေစိုက်ရာ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲလိုက်သည်။ ထို့နောက် အာရှတွင် စစ်ကြီး စတင်ခဲ့သည်။

အာရှတွင် စစ်ကြီး စတင်ခဲ့ပြီးနောက် ဗမာပြည် စစ်တပ်များကို အိန္ဒိယ သေနာပတိ လက်အောက်သို့ ဗြိတိသျှတို့က ရွှေ့လိုက်သည်။ တို့ဗမာအစည်းအရုံးကိုလည်း မတရားအသင်း ကြေညာလိုက်သည်။ ဂျပန်တို့က ဘုရင့်နောင်အငူကို သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ကို ဗုံးကြဲလိုက်၏။ ရဲဘော် သုံးကျိပ်ဝင်များနှင့် ကာနယ်ဆူဇူကီးတို့ ပူးပေါင်းပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါ်ပေါက်လာခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့၏။ ယိုးဒယားစစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း စသည်တို့ဖြင့်။

မြန်မာနိုင်ငံသို့ ဂျပန်ဝင်ရောက်လာမှုက မြန်ဆန်လာသည်။ ဗြိတိသျှတပ်များ ဆုတ်ခွာစ ပြုလာသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်က 'အင်္ဂလိပ် အခက်၊ ဗမာ့အချက်' ကို လက်တွေ့ အကောင်အထည် ဖော်လိုက်သည်။ သို့ဖြင့် ဗြိတိသျှတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားခဲ့သည်။

ဗြိတိသျှ လက်အောက်ခံဘ၀မှ ဂျပန်လက်အောက်ခံ ဘ၀သို့ မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြန်၏။ မြန်မာမျိုးချစ်များက ဂျပန်ကို ဆက်လက် တော်လှန်ခဲ့သည်။ ဂျပန်တို့က ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဖြစ်၏။

ဂျပန်လက်အောက်၊ ဗမာပြည် ဗဟိုအစိုးရဟူ၍ ဖြစ်လာသည်။ ဒေါက်တာဘမော်က အဓိပတိ ဖြစ်၏။ အစိုးရ အဖွဲ့ကို ဂျပန် စစ်အုပ်ချုပ်ရေး အောက်တွင်သာ ထားရှိခဲ့သည်။ ရှမ်းပြည်နှင့် ကရင်နီ ပြည်နယ်များကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ဗြိတိုသျှတို့၏ အုပ်ချုပ်မှုပုံစံ ဖြစ်သော ပြည်မနှင့်တောင်တန်း ခွဲခြားအုပ်ချုပ်မှုကို ဂျပန်တို့က ဆက်လက် မကျင့်သုံးခဲ့ပေ။ ရှမ်းပြည်နယ်၊ ကရင်နီနယ်နှင့် ၀နယ်များကို မြန်မာပြည်မနှင့် ပူးပေါင်းခွင့် ပြုခဲ့သည်။ ရှမ်းပြည်နယ်ဆိုင်ရာ စစ်အုပ်ချုပ်ရေး ကို နောက်ပိုင်း၌ ဖျက်သိမ်းခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အခွင့်အရေး ဖြစ်စေခဲ့၏။ ပြည်မနှင့် တောင်တန်း ပေါင်းစည်းမှု ခွန်အားအတွက် လမ်းစ ဖြစ်စေခဲ့သည်။ ချင်းနှင့် ကချင် တောင်တန်းဒေသများကိုမူ ဂျပန်တို့ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ ထိုဒေသများက ဗြိတိသျှလက်အောက်၌ ဆက်လက် ရှိနေခဲ့၏။

၁၉၄၄ ခုနှစ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာသည်။ ထိုအချိန် မတိုင်မီ၊ ၁၉၄၃ ခုနှစ် အချိန်ကတည်းက ဗြိတိသျှတို့၏ ဗုံးကြဲတိုက်ခိုက်မှုများက စတင်နေပြီ ဖြစ်၏။ မဟာမိတ်တပ်များနှင့် ဗြိတိသျှ တပ်များက မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်က ပြည်သူ့လွတ်လပ်ရေး တပ်မတော် အမည်သို့ ပြောင်းလဲပြီး ဂျပန်တို့အား စစ်ကြေညာခဲ့သည်။ မဟာမိတ်များနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ဗမာ့အမျိုးသား တပ်မတော်နှင့် ဗြိတိသျှတပ်တို့ ပူးပေါင်းခဲ့သည်။ ဗမာ့အမျိုးသား တပ်မတော်မှ ဗမာ့မျိုးချစ်တပ်မတော် ဖြစ်လာခဲ့၏။

၁၉၄၅ ခုနှစ် စက်တင်ဘာလ၌ ဂျပန်တို့ စစ်ရှုံးခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့၏။ မြန်မာ့မြေမှ ဂျပန်တို့ ဆုတ်ခွာသွားသည်။ ဗမာ့မျိုးချစ်တပ်မတော်၏ အမျိုးသားညီညွတ်ရေး ပန်ကြားချက် ထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံကို ဗြိတိသျှက ထပ်မံ အုပ်ချုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ဗြိတိသျှတို့ အမြင်ပြောင်းလာ၏။ မြန်မာနိုင်ငံကို ပုံစံပြောင်း အုပ်ချုပ်ရန် ပြင်ဆင်ခဲ့သည်။

၁၉၄၅ ခုနှစ်၌ ဘုရင်ခံ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးစားခဲ့၏။ နေသူရိန် လူထုအစည်းအဝေးက စစ်အုပ်ချုပ်ရေးကို ရပ်စဲရန် တောင်းဆိုခဲ့သည်။ နေသူရိန် လူထုအစည်းအဝေးသည် စစ်ပြီးခေတ် မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ပထမဆုံးသော လူထုဆန္ဒပြပွဲ ဖြစ်၏။ဆန္ဒပြမှုကြောင့် ဗြိတိသျှတို့က စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက်၏။ စစ်အုပ်ချုပ်ရေး ရပ်စဲသွားသော်လည်း ဆင်းမ လား စီမံကိန်း(ခေါ်) စက္ကူဖြူ စီမံကိန်း ပေါ်လာခဲ့သည်။ ၁၉၃၅ ခုနှစ် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ အုပ်ချုပ်ရေး အက်ဥပဒေကို ပြန်လည် အသက်သွင်းလိုသည့် စီမံကိန်းသာ ဖြစ်၏။ ဘုရင်ခံက စိတ်ကြိုက် အုပ်ချုပ်နိုင်သည့် ပုံစံ ဖြစ်သည်။

ဗြိတိသျှ အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရန် အကူအညီပေးလို၏။ ပေးလိုသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်က ဒိုမီနီယံ အဆင့်အတန်းမျှသာ ဖြစ်သည်။ဂျပန်ကပေးသော ရွေရည်စိမ်လွတ်လပ်ရေးနှင့် ၁၉၂၃ ခုနှစ် ဗြိတိသျှတို့ ပေးခဲ့သော ဒိုင်အာခီ အုပ်ချုပ်ရေးထက်ပင် အဆင့်အတန်းနိမ့်သော အုပ်ချုပ်ရေး ဖြစ်သည်။

စက္ကူဖြူစီမံကိန်း၌ မြန်မာပြည်မကို ရှမ်းပြည်နယ် အပါအ၀င် တောင်တန်းဒေသများနှင့် ခွဲခြားလိုသည့်အချက် ပါဝင်နေသည်။ ဗြိတိသျှတို့က မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်သည်။ သို့သော် တောင်တန်းဒေသများကို ဆက်လက် ရယူထားလိုသည့် သဘော ရှိနေသည်။ ထို့ကြောင့် ဆင်းမလား စီမံကိန်း ပျက်ရန်အတွက် ဖဆပလအဖွဲ့ချုပ် ဦးဆောင်၍ လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်း၌ ပြုလုပ်သော ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလ အဖွဲ့ချုပ်၏ ညီလာခံ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စကို အလေးထား ပြောဆိုသည်။ မြန်မာပြည်နှင့် ရှမ်းပြည်နယ် ကိစ္စတွင် နှစ်ဦးနှစ်ဘက် အဓိကကျပြီး ကြားလူ မ၀င်သင့်ကြောင်း၊ ရှမ်းပြည်နယ် ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ မတွေ့နိုင်အောင် စီမံထားသည့် နယ်နှင် ဥပဒေကို ပယ်ဖျက်သင့်ကြောင်း အဆိုပြုချက်ကို ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးဖေခင်က ညီလာခံ၌ တင်သွင်းခဲ့သည်။ ချင်းတောင်တန်း ကိုယ်စားလှယ် ဦးဝမ်းသူမောင် က လုံးဝလွတ်လပ်ရေး အဆိုကို တောင်တန်းဒေသ ကိုယ်စားလှယ်များ ကိုယ်စား ထောက်ခံခဲ့၏။

ဗြိတိသျှအစိုးရ လက်အောက်မှ လုံးဝလွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲမှာ ပိုမို ပြင်းထန်ခဲ့သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဗိုလ်ချုပ်အောင်ဆန်းက အဓိကကျလာမည့် အကြောင်းကို ဗြိတိသျှအစိုးရက သိရှိခဲ့သည်။ ဒေါ်မန်စမစ်၏ အစိုးရအဖွဲ့က ဖဆပလအဖွဲ့ချုပ်နှင့် ပြေလည်အောင် ဆက်ဆံရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြန်မာနိုင်ငံ၌ နောက်လိုက် အကောင်းဆုံး နိုင်ငံရေးတပ်ပေါင်းစု၏ ခေါင်းဆောင်အဖြစ် လက်ခံလာခဲ့သည်။

တစ်ဖက်၌လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှဘက် ပါရန်အတွက် မောင့်ဘက်တန်နှင့် ဒေါ်မန်စမစ်က ကြိုးပမ်းခဲ့၏။ ရာထူးပေး၍ ဆွဲဆောင်ခဲ့သည်။ ဗိုလ်ချုပ်က လက်မခံ သည့်အပြင် သူအလိုရှိရာကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့၏။ ထိုအချိန်မှာပင် ဖဆပလနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာမှာ ဗြိတိသျှတို့ ထင်ထားသည်ထက် ပိုကြီးလာခဲ့၏။

ထိုအခြေအနေသို့ မရောက်ရှိမီ၊ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်မလာစဉ် အချိန်ကပင် ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန် ပက်သစ်လောရင့် ထံသို့ ဒေါ်မန်စမစ်က စာတစ်စောင် ရေးသားထားခဲ့၏။

''ဒီနေ့ မြန်မာနိုင်ငံမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ အောင်ဆန်းပဲဆိုတာ ကျွန်တော်တို့ လက်ခံရလိမ့်မယ် ထင်တယ်။ လူတိုင်းက သူ့ကို လေးစားချစ်ခင်ကြတယ်။ ယုံကြည်ကြတယ်။ သူ့တပ်သားတွေကလည်း သူ့ကိုချစ်တယ်။ သူက သေဆိုသေ၊ ရှင်ဆိုရှင်မယ်။ ဂျပန်တွေကို သူတော်လှန်ဖို့ ပြင်ဆင်တယ်။ အစီအစဉ်တွေ လုပ်တယ်။ ကျွန်တော်တို့ ပြန်မ၀င်လာရင်လည်း သူကတော့ ဂျပန်ကို တော်လှန်မှာပဲ။ သူ့မှာ ကြီးပွားချင်တဲ့စိတ် မရှိဘူး။ ရိုးသားတယ်။ မရိုးမသား ဟန်ပန် လုပ်တဲ့သူ မဟုတ်ဘူး။ အခုနေ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ရင် အောင်ဆန်းခေါင်းဆောင်တဲ့ အဖွဲ့ဟာ မဲအားလုံးကို သိမ်းကျုံးယူသွားမှာပဲ''ဟူ၍ ဒေါ်မန်စမစ်က သူ၏စာ၌ ရေးသားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလ အဖွဲ့ကြီးနှင့် တိုင်းရင်းသားလူမျိုး အားလုံးက လုံးဝလွတ်လပ်ရေး ရရှိလို၏။ ဗြိတိသျှ အစိုးရနှင့် နှလုံးရည်တိုက်ပွဲက ၁၉၄၆ ခုနှစ်၌ အပြင်းထန်ဆုံး ဖြစ်၏။ ပြည်မ တောင်တန်း ပူးပေါင်းမှု၏ လမ်းကြောင်းအစ၊ ပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည်။

ဗြိတိသျှ အစိုးရက ဖဆပလ အဖွဲ့ချုပ်ကို လန်ဒန်သို့ ခေါ်ယူခဲ့၏။ နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ်က မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပိုနီးစပ်ခဲ့သည်။ သို့သော် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေး အရေးကြီးလာ၏။ လန်ဒန်သို့ ဗိုလ်ချုပ် ရောက်ရှိနေစဉ် ကာလမှာပင် လန်ဒန် ဆွေးနွေးပွဲ၌ တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်သည့်အတွက် တိုင်းရင်းသားခေါင်းဆောင် အချို့က မကျေနပ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ရှမ်းပြည်နယ် လူထုခေါင်းဆောင်များက တောင်ကြီးမြို့၌ လူထု အစည်းအဝေးပွဲ ကျင်းပ၍ တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေး အရယူလိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက် ပြောပိုင်ခွင့် ရှိကြောင်း၊ ဗိုလ်ချုပ်၏ အဆိုပြုချက်၊ လိုလားချက်များကို ထောက်ခံကြောင်း လန်ဒန်သို့ ကြေးနန်းစာ ပေးပို့ခဲ့သည်။

ထိုကြေးနန်းစာကြောင့်ပင် လန်ဒန် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်နိုင်ခဲ့၏။ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် တောင်တန်းဒေသ ခေါင်းဆောင်များ၏ သဘောထား ပါရှိမှသာ ပြည်မနှင့် တောင်တန်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေး ပေးနိုင်မည်ဟု ဆိုသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပင်လုံညီလာခံ စတင်၏။ ပင်လုံအစည်းအဝေး ပြုလုပ်ပြီး တစ်နှစ်ခန့် အကြာတွင် ဖြစ်သည်။

ပြည်မနှင့်တောင်တန်း အတူတကွ လွတ်လပ်ရေး ရရှိရေးကို ဗိုလ်ချုပ်အောင်ဆန်းက အလေးထားခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောထားကို သိရန်အတွက် လန်ဒန် မသွားမီကပင် တောင်တန်းဒေသများသို့ သွားရောက်ခဲ့၏။ ရခိုင်ဒေသ၊ ကချင်တောင်တန်းဒေသ၊ ကရင်ဒေသနှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခဲ့သည်။

၁၉၄၇ ပင်လုံညီလာခံက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့၏။ တိုင်းရင်းသား အားလုံး၏ သဘောဆန္ဒ အရေးပါလာသည်။ ဒိုမီနီယံ အုပ်ချုပ်ရေးနှင့် ကျေနပ်လိုသူများလည်း ပါရှိခဲ့၏။ ဗြိတိသျှ၏ အကွက်ကျကျ ခြေထိုးမှုများက ညီလာခံ ဆွေးနွေးမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။

ဆန္ဒပြမှုများ၊ ကြေးနန်းစာများ၊ သွေးခွဲမှုများ ရှိခဲ့သည့်ကြားက ပြည်မနှင့်တောင်တန်းဒေသ ညီညွတ်မူ သင်္ကေတ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖြစ်၏။

ပင်လုံစာချုပ်အရ ပြည်မနှင့်တောင်တန်း တစ်ပြိုင်နက်တည်း လွတ်လပ်ရေး ရရှိခဲ့သည်။ တိုင်းရင်းသားများဖြင့် ပေါင်းစု ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံး အနေဖြင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

'နွယ်ချင်းခက်၍ပင်ချင်းယှက်သော်'သီချင်းကပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ပေါင်းစည်းမှုအမှတ်ရစေသည်။

လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ။ တိုင်းရင်းသား အားလုံး၏ ပေါင်းစည်းမှုဖြင့် ရရှိခဲ့၏။ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက ထိုပေါင်းစည်းမှု ရရှိရန်အတွက် အဓိက နေရာမှ စွမ်းဆောင်ခဲ့သည်။ လက်ရုံးရည် သာမက နှလုံးရည်ဖြင့်ပါ စွမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . .

အသက် (၉၆)နှစ် ပြည့်မည့်နေ့ရက် ဖြစ်ပါသည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ
(၁) ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊
(၂) စ၀်ခွန်ပန်းစိန်(တောင်ပိုင်းစော်ဘွား)၊
(၃) စ၀်ရွှေသိုက်(ညောင်ရွှေစော်ဘွား)၊
(၄) စ၀်ဟုံဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊
(၅) စ၀်နွံ(လဲချားစော်ဘွား)၊
(၆) စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊
(၇) ခွန်ဖုန်း(လူထုကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ)၊
(၈) စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)၊
(၉) ဦးတင်အေး(လူထုကိုယ်စားလှယ် တောင်ကြီး)၊
(၁၀)ဦးကြာပု(လူထုကိုယ်စားလှယ် သီပေါ) ၊
(၁၁) စ၀်ယိင်ဖ(လူထုကိုယ်စားလှယ် သီပေါ)၊
(၁၂) ဆမားဒူဝါ ဆင်ဝါနောင်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၃)ဒူဝါဇော်ရစ်(ကချင်ပြည်နယ်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၄)ဦးခွန်ထီး (လူထုကိုယ်စားလှယ်ပင်လုံ)၊
(၁၅) ဦးထွန်းမြင့်(လူထုကိုယ်စားလှယ် မောက်မယ်)
(၁၆) ဦးခွန်စော(လူထုကိုယ်စားလှယ် ပင်းတယ)၊
(၁၇)ဦးဖြူ (ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊
(၁၈) ဦးဒိန်ရတန်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၉) ဒူဝါဇော်လွန်း(ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၀) ဦးလဘန်းဂရောင် (ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၁) ဦးလူမုန်း(ချင်းကိုယ်စားလှယ် ဖလမ်း)၊
(၂၂) ဦးသောင်ဇာခုတ်(ချင်းကိုယ်စားလှယ် တီးတိန်)၊
(၂၃) ဦးကီးယိုမာန် (ချင်းကိုယ်စားလှယ် ဟားခါး)

ကိုးကား။
(၁)တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ။
(၂)ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း (၁၉၇၂)၊
(၃)ပင်လုံစစ်တမ်း (ဦးအုန်းဖေ)၊
(၄)မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ်သမိုင်း(ဖိုးအောင်လေး)၊
(၅)မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ (ကျော်အောင်) (Last and First in Burma by Maurice Collis)
http://www.news-eleven.com/ မှကူးယူဖော်ပြပါသည်