Tuesday, February 22, 2011

အညာပြန် စာရေးဆရာ၏ အညာလွမ်းချင်း

အညာပြန် စာရေးဆရာ၏ အညာလွမ်းချင်း
ဖာတစ်တန် အထုပ်တစ်ဘက် ထမ်းပါလို့
အညာပြန် ရုတ်တရက် မလှမ်း နိုင်ဘူ့
သြော် ... နှုတ်ဆက်စမ်းချင်လို့ လာခဲ့တယ်။
သခင်ကိုယ်တော်မှိုင်း

အညာသား စာရေးဆရာများသည် အညာကို ထူးထူးခြားခြား လွမ်းတတ်ကြသည်။ ထိုသို့ လွမ်းဆွတ်တတ်သူများထဲတွင် စာရေး ဆရာ သိန်းဖေမြင့်လည်း ပါဝင်ပါသည်။ ဆရာ သိန်းဖေမြင့်သည် မုံရွာနယ် ဘုတလင်သား ဖြစ်သဖြင့် ဧပြီလဆန်း အားလပ်ရက်တွင် အချိန်လု၍ အညာသို့ ပြန်သွားခဲ့သည်။ အညာပြန်ခရီးအကြောင်း ဆောင်းပါးများကို အညာပြန် အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် ထုတ်ခဲ့သည်။ ထိုစာအုပ်၏ ပထမစာမျက်နှာတွင် -

'ကိုယ့်ရပ်ကိုယ့်ရွာ အညာသို့ ပြန်မရောက်သည်မှာ ဆယ့်လေးငါး နှစ်ရှိလေပြီ။ အောက်ပြည်အောက်ရွာ ဖျာပုံသူနှင့် ညားမိသောကြောင့် အညာ ပြန်မရောက်သည်ကား မဟုတ်ပါပေ။ ငါးပိရည်ကြိုက်တတ်ပြီး ပဲကျားပြုတ်ကို မေ့နေသောကြောင့် အညာ ပြန်မရောက်ခြင်းလည်း မဟုတ်ပါပေ။ အကြောင်းမဆုံ အခွင့်မသင့် သောကြောင့်သာ မရောက်ရခြင်းဖြစ် ပေသည်'ဟု ဖြေရှင်းချက် ပေးထားပါသည်။ အခါမသင့် အခွင့်မကြုံ သဖြင့် အညာပြန်မရောက်ခြင်းဖြစ် ကြောင်း ဖြေရှင်းပုံမှာ ခိုင်လုံသဖြင့် ထိုစာကို ဖတ်ရသူတိုင်း ဆရာ သိန်း ဖေမြင့်ကို ခွင့်လွှတ်စိတ်ပေါ်လာပါ သည်။

မြန်မာစာပေသမိုင်းတွင် ထင်ရှားသည့် ဝတ္ထုတို ဝတ္ထရှည်များ အောင်မြင်စွာ ရေးဖွဲ့ခဲ့သည့် ဆရာသိန်းဖေ မြင့်သည် အညာ၏အလှကို စာဖွဲ့ရာတွင် အညာသားပီသသည်ဟု ဆိုနိုင်ပါသည်။ အညာ၏အလှ၊ အညာ၏ သဘာဝကို စာဖွဲ့ရာတွင် အညာရနံ့ ကြိုင်လှိုင်စေနိုင်ခြင်းမှာ ဆရာသိန်းဖေ မြင့်၏ အနုပညာဖြစ်ပါသည်။ အညာ ပြန်စာအုပ်တွင် ဆရာသိန်းဖေမြင့်က လေယာဉ်ကွင်းမှ ထွက်၍ ပေတစ်ရာ လမ်းမကြီးပေါ်သို့ တက်လာသော အခါ တမာပွင့်နံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်ရလေသည်။ ထိုအချိန်မှ စ၍ မုံရွာ ဘုတလင်မှ ပြန်သည် အထိ တမာပွင့်နံ့သင်းသင်းလေး သည် နှာခေါင်းထဲမှ မထွက်တော့ ချေ။ နေရာတကာ၌ တမာပင်တွေ ရှိနေသည်။ တမာရွက်များက စမ်းဖန့်ဖန့်နှင့် စည်ကားလှသည်။ တမာပွင့်သင်းသင်းလေးကို ရှူရှိုက် ရင်း ငယ်စဉ်တောင်ကျေး ကလေး ဘဝတုန်းက အခုလို အချိန်မှာ တမာပင် ပေါ်တက်၊ တမာကိုင်းတွေကို ချိုး၊ သင်္ကြန်ကာလအတာအိုးတွင် ထိုးကြ သည်ကို သတိရနေလေသည်' ဟု ရေးဖွဲ့ခဲ့ပါသည်။

အညာတွင် တမာပင်များ ပေါများစွာရှိသဖြင့် တမာနံ့များ သင်းပျံ့နေတတ်ကြောင်း အခြားစာရေး ဆရာများရေးဖူးသော်လည်း ဆရာသိန်းဖေမြင့်က တမာနံ့ဟုမရေးဘဲ တမာပွင့်နံ့ဟု အတိအကျ ရေးခဲ့ပါသည်။ တမာနံ့ဟု ရေးခြင်းမှာ ယေဘုယျ ဆန်သဖြင့် တမာရွက် အနံ့လား၊ တမာဖူးအနံ့လား၊ တမာပွင့် အနံ့လား မခွဲခြားနိုင်သော်လည်း ဆရာသိန်းဖေ မြင့်က တမာပွင့်နံ့ဟု ရေးလိုက် သဖြင့် အညာ၏ သဘာဝကို အတိအကျ သိခွင့်ရခဲ့ပါသည်။ တမာနံ့ သင်းပျံ့နေသည်ဟု ဆိုလျှင် တမာပွင့်နံ့များ သင်းပျံ့နေခြင်းကိုဆိုလို ကြောင်း ဆရာသိန်းဖေမြင့်က ညွှန်း ပြခဲ့သည်ဟု ဆိုနိုင်ပါသည်။

ဆရာသိန်းဖေမြင့် ယခု တစ် ခေါက် အညာသို့ပြန်ခြင်းမှာ ဖခင် ကြီး အသည်းအသန် မမာမကျန်း ဖြစ်နေကြောင်း ကြေးနန်းရသဖြင့် သွားရခြင်းဖြစ်သည်။ ဖခင်ကြီးကို ပြုစုပြီးသောအခါ ဘုတလင်သား သူငယ်ချင်း အပေါင်းအသင်းများနှင့် တွေ့သည်။ ကဗျာဆရာဘုတလင် ချစ်လေးလည်း ဆရာသိန်းဖေမြင့်ကို လာတွေ့ပါသည်။ ထို့နောက် အလွန်ထူးဆန်းသော လူတစ်ယောက်နှင့် တွေ့ပုံကို ဆရာသိန်းဖေမြင့်က ရေးပြပါသည်။ ထိုသူ၏ အမည်မှာ ဦးအောင်စည်ဖြစ်ပြီး ရှေးတုန်းကအတိုင်းပင် နံငယ်ပိုင်းကိုသာ ဝတ်ထား၏။ ကျောကုန်း မွဲခြောက်ခြောက်မှာလည်းရှေးတုန်းက အတိုင်းပင် အင်္ကျီမပါ ဗလာဟင်းလင်း ဖြစ်၏။ ဆွတ်ဆွတ်ဖြူနေသော ဆံပင်များသည်ကျောပေါ်၊ လက်ပေါ်၊ ပခုံးပေါ်၊ ရင်ဘတ်ပေါ်တွင် ဝဲပြန့်ကျ ဆင်းနေကြသည်။

ဦးအောင်စည်သည် ကွပ်ပျစ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်၍ သတင်းစာ ဖတ်နေသည်။ သူ့မျက်လုံးများ မမှုန် သေးသဖြင့် မျက်မှန်မပါဘဲ စာဖတ် နိုင်သည်။ ဦးအောင်စည်သည် အင်္ကျီလုံချည် မဝတ်သော်လည်း ကျောမွဲ နင်းပြားဆင်းရဲသား လယ်သမားအို ကြီးမဟုတ်ပါ။ တစ်ခါတုန်းက ဘုတလင်တွင် အချမ်းသာဆုံးကုန်သည် မြေပိုင်ရှင်တစ်ဦးဖြစ်၏။ ယခုတိုင် လည်ြး<ွကယ်ဝသူဖြစ်သည်။ ဦးအောင် စည်၏ထူးခြားချက်မှာ ပိုက်ဆံကိုရှာပြီး မသုံးဘဲစုထား ခြင်းဖြစ်သည်။ သူ၏ စက်ရက်ကန်းရုံမှထွက်သော ဘုတလင် အထည်များကို မြန်မာ နိုင်ငံတစ်ဝန်းသို့ တင်ပို့ရောင်းချ နေသော်လည်း သူကိုယ်တိုင် နံငယ်ပိုင်းသာ ဝတ်သည်။ ဦးအောင်စည်သည် ဆရာသိန်းဖေမြင့်နှင့် တွေ့သည့်အခါတိုင်း ဆုံးမလေ့ရှိသည်။ ယခု တစ်ခေါက်တွင်လည်း အင်္ကျီမပါ နံငယ်ပိုင်း ဝတ်ထားသည့် ဦးအောင်စည်က ''အင်း- လိမ်မာဖို့ ကောင်းပြီကွယ်'' ဟု ဆုံးမပါသည်။

မွေးရပ်မြေ အညာသို့ပြန်သွားစဉ် ဆရာသိန်းဖေမြင့်တွေ့ခဲ့သူများအနက် ဦးအောင်စည်သည် အထူးခြားဆုံး ဖြစ်ပြီး သူ့လို့လူမျိုး နှစ်ယောက်မရှိ နိုင်ဟုပင်ထင်မိပါသည်။ စီးပွားရေး လုပ်ငန်းကြီးများ ပိုင်ဆိုင်နေသော် လည်း အင်္ကျီလုံချည် မဝတ်သည် အထိ ခြိုးခြံချွေတာ နေခြင်းမှာ ဝါသနာနှင့် မဆိုင်ဘဲ ဆင်းရဲဇာတာ ပါနေခြင်းကြောင့်ဖြစ်လိမ့်မည်ဟု ထင် ပါသည်။ ဒူးနှစ်လုံးကြားထဲဦးခေါင်း ညှပ်ကာ သတင်းစာဖတ်နေသော ဦးအောင်စည်က စာရေးဆရာ၊ သတင်း စာဆရာ၊ နိုင်ငံရေးသမား ဆရာသိန်း ဖေမြင့်လို ပုဂ္ဂိုလ်မျိုးကို ''အင်း လိမ်မာဖို့ ကောင်းပြီကွယ်''ဟု ပြောခြင်းမှာ အလွန်ထိမိသော ပြက်လုံး တစ်ခု ဖြစ်နေပါသည်။ ဦးအောင်စည်၏ ဝတ်စားဆင်ယင်ပုံ ရယ်စရာကောင်း သလို ဦးအောင်စည်၏ ဆုံးမစကား ကလည်း ရယ်စရာ ကောင်းနေပါ သည်။

နေရာဟောင်းများကို လည်ပတ် ကြည့်ရှုပြီးနောက် ဆရာသိန်းဖေမြင့်က ဘုတလင် ဘူတာရုံ နေရာဟောင်းကို သွားကြည့်ချင်ကြောင်း ပြောသောအခါ သူငယ်ချင်း အချို့က မသွားဖို့ တားသည်။ ဘူတာရုံ နေရာမှာ တော်တော်ဝေးပြီး ဘုတလင် အနောက်မြောက်ဘက် ခပ်ခေါင်ခေါင် နေရာတွင် ရှိသည်။ ဘုတလင်၊ မုံရွာတွင် နေသူများပင် ထိုနေရာသို့ မရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဆရာသိန်းဖေမြင့်က စစ်ဒဏ်ကြောင့် ပျက်စီးနေသော ဘူတာရုံလေးကို အမှတ်တရ ကြည့်ချင်သည်။ ဘူတာရုံသို့ သွားသော တာလမ်းလေးမှာ မိုးကုပ်စက်ဝိုင်းကို ကျောခိုင်းလျက် ကွင်းပြင်အလယ်မှာ ထင်းခနဲ ဖြစ်နေသည်။ ဘူတာရုံနေရာသို့ ရောက်သောအခါ ဘူတာရုံကို ရှာမတွေ့ဘဲ တစ်ပိုင်းပြိုလဲနေသည့် အုတ်နံရံကိုသာ တွေ့ရတော့သည်။ ရုံပိုင်အိမ်နေရာမှ အုတ်ခုံများနှင့် လက်ဖက်ရည် ဆိုင်နေရာမှ အုတ်သမံတလင်းကို အလွမ်းပြေ တွေ့ခဲ့ရသည်။

မီးရထားလမ်းကို ရှာကြည့်သောအခါ ဇလီဖားတုံးများကိုလည်း မတွေ့ရ။ သံလမ်းကိုလည်း မတွေ့ရ။ ကျောက်လမ်းမို့မို့သာ တွေ့ရတော့သည်။ ယခင်ရှိခဲ့ဖူးသော တမာပင် များလည်း မရှိတော့ချေ။ ထိုကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေသော ဘူတာရုံနှင့် မီးရထားလမ်းကို ကြည့်ကာ ဆရာသိန်းဖေမြင့် အတွေးနယ်ချဲ့ နေမိသည်။ ငယ်ရွယ်စဉ် မုံရွာနှင့် မန္တလေးသို့ ကျောင်းတက်ရန် သွားစဉ် ထိုဘူတာရုံလေးအထိ အမေ လိုက်ပို့သည်။ လက်မှတ်ရုံမှ လက်မှတ်ထုသံ တဒုံးဒုံး ကြားရသောအခါ အမေ့ရင်မှာ တဒုံးဒုံး ခုန်နေရှာပေလိမ့်မည်။ မီးခိုးတွေ တလူလူနှင့် ရထားဝင်လာသည်ဆိုလျှင် အမေ့မျက်လုံးများ ရီဝေလာသည်။ အမေသည် ရထားပေါ်တွင် လိုက်ပါသွားသော သားဖြစ်သူ၏ မျက်နှာကို တမာပင်ရိပ်မှ ငေးကြည့်ကျန်ရစ်ရှာသည်။

ဆရာသိန်းဖေမြင့်သည် သူငယ်စဉ်က ဘုတလင် ဘူတာရုံတွင် မြင်ခဲ့ရသည့် ပုံရိပ်များကို သပိတ်မှောက် ကျောင်းသား ဝတ္ထုထဲတွင် ထည့်သွင်းရေးသားခဲ့ပါသည်။ ဇာတ်လိုက် ညိုထွန်းတက္ကသိုလ်တက်ရန် ရန်ကုန်သို့ သွားစဉ် မီးရထားဖြင့် သွားပုံကို ရေးသည့်အခါ ဘုတလင် ဘူတာရုံဟု မဖော်ပြဘဲ ဘုတလင် ဘူတာရုံ မြင်ကွင်းကို အသက်ဝင်စွာ ရေးခဲ့သည်။ ဆရာသိန်းဖေမြင့်၏ သပိတ်မှောက် ကျောင်းသား ဝတ္ထုထဲမှ အညာဘူတာရုံ မြင်ကွင်းသည် ဘုတလင် ဘူတာရုံကို ပြန်မြင်ယောင်ကာ ရေးထားခြင်း ဖြစ်သဖြင့် စာဖတ်သူများကလည်း ဘုတလင် ဘူတာရုံဟု ပင်သိနေကြပါသည်။ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် သန်းနွဲ့ကပင် ''ဆရာရေ သပိတ်မှောက် ကျောင်း သားထဲက ဘုတလင် ဘူတာရုံလို စာမျိုးတွေ မရေးတော့ဘူးလား။

ရုံပိုင်က သမ်းဝေပြီး အပြင်ကို ငေးကြည့်နေတာတွေ၊ ခရီးသည်တွေ လက်မှတ်လာဝယ်ရင် လက်မှတ် ပေါ်မှာ တဒုံးဒုံးနဲ့ တံဆိပ်ထုပေး တာတွေ၊ ဘူတာရုံထဲက တမာပင်တွေကို လေဝှေ့လိုက်လို့ တရှဲရှဲမြည်သွားပြီး တမာသီးလေးတွေ တဖြုတ်ဖြုတ် ကြွေကျတာမျိုးတွေ ဖတ်ချင်တယ်ဆရာ''ဟု ဆရာသိန်းဖေမြင့်ကို ပြောခဲ့ဖူးပါသည်။

ဘုတလင် ဘူတာရုံကို သပိတ်မှောက်ကျောင်းသား ဝတ္ထုထဲတွင် အမှတ်တရ ရေးဖွဲ့ခဲ့သည့် ဆရာသိန်း ဖေမြင့်သည် ဘုတလင် သင်္ချိုင်း ပုံရိပ်ကိုလည်း အရှေ့က နေဝန်းထွက်သည့်ပမာ ဝတ္ထုကြီးထဲတွင် ရသမြောက် စွာရေးဖွဲ့ခဲ့ပါသည်။ ဇာတ်လိုက်တင်ထွန်းက ဖခင်၏ အုတ်ဂူကို ကန်တော့ခန်းတွင် အညာသချိုင်း ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရေးသားရာ၌ ဆရာသိန်းဖေမြင့်က ''ကျွန်တော်တို့ရွာ သင်္ချိုင်းကား သာယာသော သင်္ချိုင်းဖြစ်သည်။ အုပ်နေသော မန်ကျည်းပင်ကြီးများကြောင့် သင်္ချိုင်းမြေတစ်ခုလုံး စိမ်းလန်းအေးမြ နေသည်။ တရုတ်စကားပင်များကိုလည်း အနှံ့အပြား စိုက်ထားသည်။ ကန်လေးတစ်ကန်လည်း ရှိသည်။ ထိုကန်ဘောင်ရိုးတွင် တရုတ်နှင်းဆီပင်များနှင့် ဆပ်သွားဖူးရုံများ စည်ကားစွာ ပေါက်နေသည်။ သင်္ချိုင်းမြေ၏ ဘေးပတ်လည်တွင် ထန်းပင်များ စီတန်းစိုက်ထား၏။ ပြာသာဒ်လေးများဖြင့် လှပတင့်တယ်သော အုတ်ဂူလေးများ အများအပြား ရှိသည်။ သရဏဂုံတင်သော ဇရပ်ကလေးကလည်း မန်ကျည်းပင်များအောက်မှာ သပ်ရပ်လှပစွာ တည်နေသည်။ ထို့ကြောင့်လည်း ရပ်ဝေးရောက်နေသော ကျွန်တော်တို့ ရွာသားများက သေရင် တို့ရွာမှာပဲ သေချင်တယ်ဟု ပြောစ မှတ်ပြုကြခြင်း ဖြစ်သည်' ဟု ရေးခဲ့ပါသည်။

ဆရာသိန်းဖေမြင့်သည် ဘုတ လင်ဇာတိ ဘုတလင်သား ဖြစ်သဖြင့် ဘုတလင်ကို သံယောဇဉ်ကြီးသည်။ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကွယ်လွန်သောအခါ ဘုတလင်အထွက် ကားလမ်း၏ ဝဲဘက်တွင် ဆရာ၏ရုပ်ကလပ်ကို ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရပါသည်။ ကချေသည်မ တစ်ယောက်ကဲ့သို့ ပျော့ပျော့ပျောင်းပျောင်း ကွေးညွတ်နေသည့် ထနောင်းပင်ရိပ်တွင် ဂူလုပ်ထားသဖြင့် ဆရာ နှစ်သက်သည့် ပတ်ဝန်းကျင် အနေအထား ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုအုတ်ဂူ ကျောက်တိုင်တွင် ရေးထိုး ထားသော ကမ္ပည်းစာသားမှာ မည်သူ နှင့်မျှမတူဘဲ တစ်မူထူးခြားနေ ကြောင်းတွေ့ရပါသည်။ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား၊ ဦးသိန်းဖေမြင့်(၆၄)နှစ်၊ ၁ဝ-၇-၁၉၁၄.... ၁၅-၁-၁၉၇၈

ဘဝကို ကျေနပ်နေသော ကျွန်တော်သည် သေရမှာလည်းမကြောက်၊ နေရမှာလည်းမကြောက်ချေ။ အနှစ် ၅ဝ ပြည့်အောင် ကျေနပ်စွာနေခဲ့ရပြီ။ သေလိုကသေစေ မနှမျောမကြောက်။ ကျေနပ်စွာနေခဲ့ရပြီ။ နေရဦးမည် ဆိုလျှင်လည်း ဝမ်းသာစွာနေမည်သာ ဖြစ်သည်။

သိန်းဖေမြင့်
၁၁-၇-၁၉၆၄
အုတ်ဂူကျောက်တိုင်ပေါ်မှ စာတမ်းသည် နှောင်းလူများမှတ်သား ထားသင့်သည့် အဓိပ္ပာယ်များပြည့် နှက်နေသည်ကို တွေ့ရပါသည်။ ထိုစာသည် ဆရာသိန်းဖေမြင့် အသက် ၅ဝ ပြည့်ချိန်တွင် အမှတ်တရ ရေ့း သောစာဖြစ်ပြီး ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သောအခါ ထိုစာသားကို ကျောက်ထက် အက္ခရာ တင်ခဲ့ခြင်း ဖြစ်သည်။ သပိတ်မှောက်ကျောင်း သား ၁၉၃၈ တက်ခေတ်နတ်ဆိုး (၁၉၃၈)၊ လမ်းစပေါ်ပြီး (၁၉၄၈)၊ အရှေ့က နေဝန်းထွက်သည့်ပမာ ၁၉၅ဝ နှင့် တက်ဘုန်းကြီး (၁၉၇၃) တို့ကိုရေးသားခဲ့သည်။ ဆရာသိန်း ဖေမြင့်သည် သူနောက်ဆုံး ခိုနားမည့် အုတ်ဂူတွင် ရေးထိုးမည့်စာများကို ၁၄ နှစ်ကြိုတင် ရေးသားခဲ့သလိုဖြစ်နေ ပါသည်။

နိုင်ငံကျော် စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား တစ်ယောက်က သေခြင်းတရားကို ရှုမြင်ပုံနှင့် သေခြင်းတရားကို စိန်ခေါ်ပုံသည် အလွန်ရိုးစင်းပြီး အလွန် တည်ငြိမ်သည်ဟု ဆိုချင်ပါသည်။ လူအားလုံးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေမင်းကို ရင်ဆိုင်ရမည် ဖြစ်ရာ ဆရာသိန်းဖေမြင့်၏ သဘောထားမျိုး ကြိုတင်နှလုံးသွင်း ဆင်ခြင်ထားသင့်သည်ဟု ထင်မိပါသည်။ အညာသား စာရေးဆရာ သိန်းဖေမြင့်သည် သေသည်အထိ အညာကို ချစ်ခဲ့ပါသည်။

ဘသန်းတင်
http://www.zaygwet.com/index.php မှကူးယူဖော်ပြပါသည်။