Tuesday, February 15, 2011

နှင်းဆီဥယျာဉ်မှူး

နှင်းဆီဥယျာဉ်မှူး
နှင်းဆီခင်းသည်
ဤ၀န်းကျင်၌ ၊ထုံလှိုက်ပျံ့သင်း
မွှေးကြိုင်ခြင်းဖြင့် ၊ သတင်းကောင်းတွေ
လေညင်းသယ်ဆောင် ဝေငှ၍။

ဥယာဉ်မှုးသည်
နှင်းဆီပင်ထက်၊ ရေဖျန်းပက်၍
ဖြည့်စွက် မြေသြဇာ၊ သန်စွမ်းလာအောင်
မြေတောင်မြှောက်ကာ၊ ပျိုးထောင်လာခဲ့
များစွာ နှစ်ရှည်၊ ကြာမြင့်ပြီလည်း
သူသည် နှင်းဆီ ဥယာဉ်မှုး။

ယနေ့သည်လည်း ၊ မာန်ဇွဲကြီးစွာ
စိုက်ကာပျိုးဆဲ၊ ယုယ မြဲပင်
နီရဲရဲပွင့်၊ လှ ဂုဏ်တင့်နေ
ပွင့်ဖတ်နူးညံ့၊ သင်းပျံ့ဝတ်ဆံ
လိမ်းကျံဝတ်ရည်၊ ချိုမြကြည်နေ
သူသည် ၀မ်းသာမဆုံးနိုင်။

မနက်ဖြန်လည်း
အားမာန်အပြည့်၊ စိုက်ပျိုးဘိလိမ့်
ပွင့်သည့်နှင်းဆီ၊ ရဲရဲနီလိမ့်
စီရရီပွင့်၊ ငွားငွားစွင့်၍
တင့်တယ်ဘိခြင်း၊ ဤပန်းခင်းဝယ်
ဝင်းဝနေခြည်၊ ရှိဦးမည်တည့်
သူသည် စိုက်မြဲ ပျိုးမြဲ ယုယမြဲ။

နှင်းဆီခင်းသည်
ဤ၀င်းကျင်၌ ၊ သည်းခိုက်ဆွတ်ပျံ့
ရနံ့ထုံသင်း၊ မွှေးကြိုင်ခြင်းဖြင့်
သတင်းကောင်းတွေ ၊ ကြားသိနေသည်
လေညင်းဖြန့်ဝေ ပေးကမ်း၍။

ထီလာစစ်သူ