Thursday, November 4, 2010

ဖျက်သိမ်းလိုက်သော မဲဆန္ဒနယ်မြေတွင် ကြိုတင်မဲ ကောက်ပြီး

ရေးသားသူ - ဒေလီထက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထပ်မံကြေညာဖျက်သိမ်းလိုက်သော ကရင်နီပြည်အတွင်းရှိ မဲဆန္ဒ နယ်မှ ကျေးရွာအုပ်စု အချို့တွင် ကြိုတင်မဲ ကောက်ခံပြီး ဖြစ်သည်ဟု ဖျက်သိမ်းခံရသော ကျေးရွာများမှ ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်းနှင့် ရှားတော မြို့နယ်ရှိ မဲဆန္ဒနယ် ၆ နယ်မှ ကျေးရွာအုပ်စု ၁၂ စုကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
လွိုင်ကော်မြို့နယ်မှ တီးလုံ၊ ထီးစဲခါ၊ လွယ်လင်လေး ကျေးရွာ အုပ်စုနှင့် ဒီးမော့ဆိုမြို့နယ်မှ ဒေါတမကြီး၊ နန်းမယ်ခုံ၊ လွယ်နန်း ဖား၊ လိုဘာခို ကျေးရွာအုပ်စုများကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ဖျက်သိမ်းလိုက်သည့် လွိုင်ကော်မြို့အတွင်းမှ ကျေးရွားအုပ်စု ၃ စုကို ယခင်လကတည်းက ကျေးရွာ အနီးတွင် ရှိသည့် ခမရ ၅၃၀ တပ်ရင်းမှ တပ်သို့ ခေါ်ယူပြီး ကြိုတင်မဲများ ကောက်ခံပြီ ဖြစ်သည် ဟု တီးလုံကျေးရွာအုပ်စုမှ ဒေသခံတဦးက ပြောသည်။
၎င်းက “အုပ်စုဥက္ကဌဖြစ် ရွာသူကြီးတို့၊ ကျောင်းဆရာ၊မတို့၊ ဆေးဆရာ၊မတို့၊ ဒေသခံ တချို့ကိုလည်း ခေါ်ပြီးတော့မှ ဓါတ်ပုံ ရိုက်တယ်။ မှတ်ပုံတင်တွေကောက် အားလုံးသူလုပ်ပြီးပြီ ဒါက ထည့်ပြီးသား ဖြစ်တာပေါ့။ အဲဒါခုမှ မလိုတော့ဘူးလို့ ပြန်ပြော တယ်” ဟု ပြောပါသည်။
ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) တံဆိပ်ပါ မဲပြားပေါ်တွင်လည်း ရှင်းပြသည့် ပုံစံဖြင့် အမှတ်ခြစ် ခိုင်းသည်ဟုလည်း ပြောသည်။
ယခုလို မဲဆန္ဒနယ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်ပြီး လွိုင်ကော် ဒေသခံ တဦးက “ဆက်သွယ်မှု ခက်ခဲတဲ့ မြို့နဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေ အရင်ဆုံးသူ ရုပ်သိမ်းခဲ့တာပဲ။ တဖြည်းဖြည်း ကြုတ် ကြုတ်လာတဲ့ အနေအထားမျိုး ဆိုတော့ ဒါက လုံခြုံရေး အရပဲ သူတို့ ပြန်ရုပ်လာတယ်။ မြို့ပြကြီးတွေ ပေါ်မှာပဲ ရုပ်ပြလောက်ပဲ လုပ်တော့မယ့် အနေအထားမျိုးပေါ့” ဟု ပြောသည်။
ယခု ဖျက်သိမ်းလိုက်သည့် မဲဆန္ဒနယ်များအပြင် နောက်ထပ်လည်း ဖျက်သိမ်းနိုင်ဖွယ် ရှိသည်ဟု မဲရုံမှူး တဦးက ပြောသည်။
၎င်းက “ပထမ အခုလောလောဆယ် ရုပ်သိမ်းလိုက်ပြီးတဲ့ဟာတွေ နောက်ထပ်ရုပ်သိမ်းဖို့ စဉ်းစားနိုင်မယ့် ဒေသတွေကိုလည်း ကယားပြည် နယ်ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေးမှာ လူကြီးတွေက အရိတ်အမြွတ် ပြောကြားတာတွေ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကေကောကျေးရွာ အုပ်စု၊ သိုသီဖိုကျေးရွာအုပ်စု၊ ရောဒေါ်ခေါကျေးရွာအုပ်စု၊ ဒိုမိုစော ကျေးရွာအုပ်စုနှင့် ဖာဆောင်းမြို့နယ်အတွင်းရှိ ကရယ်ခီးကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာအုပ်စု၊ ကွာခီးကျေးရွာအုပ်စု၊ ကော်သူဒိုးကျေးရွာအုပ်စု၊ ဘဟန်းလောကျေးရွာအုပ်စုများ မဲဆန္ဒနယ်များကို ဖျက်သိမ်းလိုက်ပြီး ဖြစ်သည်။
မူရင်းhttp://www.ktimes.org/