Tuesday, November 23, 2010

အမေ့အိမ်

အမေ့အိမ်
တက္ကသိုလ်ရိပ်သာရဲ့ ခြံ နံပါတ် ၅၄
ငါ တို့မနေတဲ့ အမေ့ရဲ့အိမ်ကို
တခါးမရှိ ဓါးမရှိ ဗီဇာမလို ခွင့်မဆိုပဲ
ဝင်ချင်ထွက်ချင်စမ်းပါဘိ...အို မိခင်။
မေတ္တာတရားလွှမ်းရစ်ခြုံသိုင်းထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
လောကဓံကို ခံနိုင်စွမ်းတဲ့ ငါ တို့အားလုံးရဲ့ အမေ
မကြောက်တရား ကျောပိုးထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
အာဏာရှင်ကို တွန်းလှန်နေတဲ့ ငါ တို့အားလုံးရဲ့ အမေ
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့အတွက်တော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည်ဟာ
ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်မြဲပါ...အို မိခင်။
မတွေ့တာကြာတော့လည်း
သားတွေကို တွေ့ချင်တဲ့အမေ
အမေကို တွေ့နေချင်နေတဲ့ သား
ဒီ နှစ်ခုရဲ့ ကြားမှာ
အဖြေညှို့လို့မရတဲ့
ပဟေဠိပုစ္ဆာတော့ရှိနေတယ်။
အမေနဲ့ သား
ခိုင်မြဲတဲ့ မေတ္တာတံတားအကြားမှာ
မဖြတ်ရဘူး မသွားရဘူး မလာရဘူး
ဘယ်သူတွေ ဘယ်လိုတားတား
အဲဒီ...ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတား
ဘယ်သူဖြတ်ဖြတ် ပြတ်ရိုးတဲ့လား။
ကဲ...ဒီ မနက်ခင်းလေးထဲမှာပဲ
ငါ တို့အားလုံးသွားကြပါစို့ လား
ကျနော်တို့မနေတဲ့ အမေ့ရဲ့ အိမ်
တက္ကသိုလ်ရိပ်သာ ခြံ နံပါတ် ၅၄
အမေနေတဲ့ အမေ့ရဲ့အိမ်ကို...လေ။
ထိန်လင်း(ခေါ်)Kim Aris အား ဤ ကဗျာဖြင့်ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အမေ့သား(ဒိန်းမတ်)၂၃.၁၁.၂၀၁၀