အသည်းနှင့်ရင်းရွေ့
ကိုစ Friday, April 09, 2010
မေလဆန်းစ တညမှာ မိုးတွေရွာပါတယ်။ သဲကြီးမဲကြီး မဟုတ် ပေမဲ့ အတော်အတန်ရွာသည်။ အပူလွန် နေ့ရက်များ ကုန် လွန်ရော့ထင့်။ ပြီးတော့ ဒီမိုးထဲကပဲ ပိတောက်တွေကို ပွင့် လန်းကြစေတော့မည်။
ဟုတ်သည်။ ပိတောက်တွေ ပွင့်ကြပြီ။ မြန်မာပြည်သူတွေက ပိတောက်ကို တန်ဖိုးထားကြသည်။ အမျိုးသမီးများက ဦး ခေါင်းမှာ တယုတယ ပန်ဆင်ကြသည်။ မြတ်စွာဘုရားကို မြတ် မြတ်နိုးနိုး ကပ်လှူပူဇော်ကြသည်။
၎င်းပိတောက်များကပင် အပူလွန်ခန္ဓာနှင့် ညှိုးလျကမ္ဘာမြေ အတွက် ငြိမ်းချမ်းအေးမြမှုအပေါင်းကို သယ်ဆောင်လာသည့် နိမိတ်လက္ခဏာများပင် ဖြစ်ကြသည်။
ကျနော်တို့ အိမ်ကလူများက မခူးကြပါ။ အပင်ကြီးကို ခုတ်လည်းမခုတ်ပါ။ အနည်းငယ်သာ ဘုရားတင်ပြီး သူ့အတိုင်းပဲထားနေကြ။
ဆရာတက္ကသိုလ်ဘုန်းနိုင်က ပိတောက်ပွင့်သည့်ရက်ရောက်လျှင် လာလေ့ရှိသည်။ အပွင့်တွေဝေနေသော အပင်ကြီးကို ဓာတ်ပုံရိုက် တတ်သည်။ နိုင်ငံခြားသားများလည်း ဓာတ်ပုံရိုက်ခြင်း၊ ဗွီဒီယို မှတ်တမ်းတင်ခြင်းများ လုပ်လေ့ရှိသည့်အတွက်ကြောင့် အပင်ကြီးကိုသူ့ အတိုင်းပင် အလှဆင်၍ မြင်ရသူအပေါင်း၏ စိတ်ကိုအေးချမ်းစေဖို့ ထားထားကြ၏။
သို့သော်သည်နှစ်မှာတော့ ပင်လုံးကျွတ်ပန်းများနှင့်ဝေနေသည့် ပိတောက်ပင်ကိုကြည့်ရင်း စိတ်ကူးတချို့ရရှိခဲ့သည်။ ယင်းအတွေးများ အကောင်အထည်ဖေါ်နိုင်ရန်အတွက် ၁၉၉၀ - ရွေးကောက်ပွဲကို ပစ်မှတ်ထားလိုက်သည်။ ကျနော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်။ ပို မိုကောင်းမွန်တဲ့ ဘ၀တွေကို ယူဆောင်ပေးနိုင်သော ပါတီက NLD ပင် ဖြစ်ပါလိမ့်မည်။ သူ့ အမှတ်တံဆိပ်က ခမောက်။ ခမောက်ဆို တာက ပူပြင်းလောက်မြိုက်နေသည့် နွေ၏ရင်ခွင်ထဲက ဘ၀တွေကို ကြည်လင်အေးမြမှုတွေ ပေးဆပ်မည့် ပိတောက်ပွင့်များနှင့် တူလှ ပေသည်။ ပိတောက်ပန်းလို အေးချမ်းတော့မည်။
ကျနော့်အိမ်က စမ်းချောင်းလမ်းထိပ်တွင်ရှိသည်။ စမ်းချောင်းလမ်းသည် စည်ကား၏။ လူသွားလူလာ တော်တော်များသည့် လမ်းတခု ဖြစ်သည်။ စားသောက်ဆိုင်များ၊ ကားမှတ်တိုင်၊ အငှားကားများ ရပ်နားရာနေရာ၊ ဆိုက်ကားဂိတ်ကြီး တခုရှိသည့် နေရာဖြစ်သည်။ ကျ နော့်အိမ်မှာက မုန့်ဟင်းခါးဆိုင် ရှိသည်။ ထို့ကြောင့် ကျနော့် သူငယ်ချင်းများနှင့် ဆုံနေကြပင်ဖြစ်သည်။ ကျနော့် သူငယ်ချင်းများ ရောက်လာပြီး၊ ကျနော်ကလည်း အိမ်မှာရှိသည့် တူများ၊ တူမများနှင့် သူတို့သူငယ်ချင်းများကို လိုက်ခေါ်စေလိုက်သည်။ လင်းစအချိန် မှာပင် ကျနော်တို့ လူ ၁၅ ယောက်ခန့် စုမိလေပြီ။
ကျနော်က တူတွေကို ပိတောက်ပန်းခူးဖို့ အပင်ပေါ်တက်ခိုင်းပြီး၊ မိန်းကလေးတွေနှင့် ကျနော်သူငယ်ချင်းများကို ပန်းများလိုက်ကောက် ကြမည်ဟုပြောလိုက်သည်။ ကျနော့်တူများက ခါတိုင်းနှစ်တွေမှာ ဒီအတိုင်းထားနေကြမို့လို့ “လေးလေး ဘွားဘွားကြီး အော်လိမ့်မယ်” ဟုပြောလေသည်။ ကျနော်က ရပါတယ်ကွာ အလုပ်ရှိလို့ ခူးခိုင်းတာပါ။ မင်းတို့ ဒီလိုတွေးကြည့် ဒါဟာ နမိတ်ကောင်းပဲကွ၊ ခမောက် တွေနိုင်ကြဖို့ ပိတောက်တွေလှိုင်လှိုင်ပွင့်ကြရတာ။ အမေလည်း ခမောက်ပဲကွ ပြဿနာမရှိပါဘူးဟု ပြောတော့မှ တူတွေက “အိုကေ” ဟုဆိုကာ တက်ပြီးခူးကြလေသည်။
အပင် အောက်ရောက်လာသော ပန်းတွေကို ကျနော်တို့က လိုက်ကောက်ပြီး ဖြတ်သွားဖြတ်လာသောသူတွေကိုပေးဖို့ လိုက်စုရင်းက “ဒီလိုပြောပြီးမှပေးကွ၊ ပိတောက်တွေလှိုင်မှတော့ ခမောက်တွေနိုင်ရမှာပေါ့၊ ခမောက်တွေနိုင်ဖို့ ပိတောက်တွေလှိုင်တာလို့ပြောပြီးဝေ ကြ” ကွာ ဟေး…ဟုတ်တယ်၊ ဒါအမှန်ပဲဟု ပြောကြရ၊ ပိတောက်ပန်းများဝေကြ၊ ပြောကြနှင့် နံနက် ၈:၃၀ လောက်မှာ ပန်းတွေလဲ ကုန်သွားပြီဖြစ်သည်။ တူတွေက အာတွေ့သွားပြီး “လေးလေး လွှတ်တော်ဝင်းထဲမှာ မခူးရသေးတဲ့ ပိတောက်ပင်တွေရှိတယ်။ ကျနော် တို့ သွားခူးပြီး ဝေကြရအောင်။
သည်လိုနှင့် မေလ ၂၇ ရက်နေ့ကိုရောက်လာပါပြီ။ အားလုံးကအတိုင်းအဆမရှိ တုန်ခါသောရင်နှင့်အတူ အားလုံးကတက်ကြွလန်းဆန်း နေကြပါသည်။
ကျနော့်မှာ အကို ၅ ယောက်ရှိသည်။ ဒုတိယမြောက်အကိုက မွေးရာပါတိမ်စွဲရောဂါကြောင့် သူ့၏ညာဘက်မျက်စိကို ငယ်စဉ်ကတည်း ကပင် ခွဲစိတ်ကုသခဲ့ရသောကြောင့် ဘယ်ဘက်မျက်စိတလုံးသာ အကောင်းအတိုင်းကျန်ပါတော့သည်။ ထို့ကြောင့် အဖေက ငယ်စဉ် ကထဲကပင် အိမ်၌ ဆရာမခေါ်၍ စာရေးစာဖတ်သင်ပေးခဲ့သည်။ သို့သော် စာအရေးအသား မကျွမ်းကျင်သော်လည်း စာကိုကောင်းစွာ ဖတ်နိုင်ပါသည်။ မှတ်ဥာဏ်လည်း အလွန်ကောင်းပါသည်။ အိမ်မှာရှိသော မိသားစုဝင်တိုင်း၏ မွေးနေ့မွေးရက် အချိန်နာရီ၊ ဖွားဇာတာ ကအစ အကုန်မှတ်မိတတ်၏။
သူ့နှင့်ရက်ကွက်ထဲက စာရေးဆရာမြတ်ထွန်းသစ် (ဆရာဦးလှဌေး)က အတော်ရင်းနှီးကြသည်။ ဆရာရေးသည့် စာအုပ်တွေကို သူက တခုတ်တရသိမ်းတတ်၏။ ဆရာကလည်း သူ့အပေါ်မှာ နားလည်စာနာမှု အပြည့်ရှိပါသည်။
အဲဒီနေ့က ကျနော်က သူငယ်ချင်းတွေနဲ့ အတူတူ ကျနော်အကိုကိုပါ မဲရုံသို့ခေါ်သွားသည်။ ပဒုမ္မာကွင်းထဲမှာ မဲရုံဆောက်ထား၏။ ကျ နော်တို့ အိမ်ဘေးလမ်းတဘက်တွင် ဗိုလ်ချုပ်အောင်ကြီး အိမ်ရှိသည်။ ထိုအိမ်အောက်ထပ်တွင် သူ့ပါတီဖွင့်ထားပြီး သူ့ပါတီက ကျနော် တို့မြို့နယ်အတွက် ဒေါက်တာလူမော်က ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည်။ NLDခမောက်ကိုယ်စား လှယ်က ဦးခင်မောင်ဆွေပါ။
ကျနော်တို့ကလဲ သူ့အိမ်ရှေ့မှဖြတ်သွားဖြတ်လာလူတွေကို ခမောက်နော် ခမောက်ဟု တီးတိုးပြောကြပြီး မဲရုံသို့သွားရာလမ်းမှာလဲ တွေ့ သမျှလူကို ခမောက်နော် ခမောက်လို့ပြောပြီး မဲရုံသို့ ချီတက်ကြပါတယ်။ မဲရုံကိုရောက်တော့ ကျနော်က ဆန္ဒမဲထည့်အပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကိုက မျက်စိမမြင်လို့ လွဲမှားပြီးမထည့်မိစေရန် ကျနော့်အနေနှင့် စောင့်ကျပ်ပေးဖို့လိုကြောင်း ပြောပြီး ကျနော် လဲ အကိုနဲ့အတူ မဲရုံတွင်းသို့ဝင်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကလဲ ခွင့်ပြုပေးပါတယ်။ ကျနော်က အကို့ကို ခမောက်နော် ခမောက်လို့ ပြောတော့ “အကိုကလဲ အေးပါကွသိပါတယ်” လို့ပြောပြီး ညာဘက်မျက်စိတလုံးထဲနဲ့ သေချာကြည့်ပြီး ခမောက်နေရာမှာ တံဆိပ်နှိပ် လိုက်ပါတယ်။ ပြီးတော့မှ ကျနော်က မဲပုံးထဲကို ထည့်ပေးလိုက်ပါတယ်။
ပြန်အထွက်မှာတော့ သူငယ်ချင်းတွေအားလုံးကလဲ ငါတို့တော့ ခမောက်ပဲဟေ့လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြပါတယ်။ ဒီတော့ ကျနော် က “ငါကမင်းတို့ အားလုံးထက်ပိုတယ်၊ ငါတမဲခွဲထည့်ခဲ့တာကွ” လို့ အားလုံးကိုနောက်ခဲ့ပါတယ်။
အနှစ် ၂၀ ကျော်သွားပါပြီ၊ ဒါပေမဲ့ အဲဒီအချိန်လေးကိုပြန်တွေးမိတိုင်း မနေ့တနေ့ကလိုပဲ ရင်ခုန်နေရဆဲပါ။ ပူပြင်းလောင်မြိုက်နေသော နွေခါးခါး ရဲ့ ရင်ခွင်ထဲမှာ ပိတောက်တွေပွင့်ရဦးမှာပါ။ မနက်ဖြန်များစွာမှာ၊ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာ၊ ပိတောက်တွေပွင့်နိုင်ဦးမှာ လား။
အဲဒီ ပိတောက်တွေဟာ… …
ခမောက်တွေအနိုင်ရဖို့အတွက်၊ ခမောက်တွေဆက်နိုင်ဖို့အတွက် …ရင်ခုန်သံ အသစ်အသစ်နဲ့ ခမောက်တွေအတွက်…။
ကိုစ
နေ့သစ်မှ