ဘ၀သံသရာ ... ရှည်လျား ... ထွေပြား ... မနေမနား ... တစ်သွား တည်း ... သွားကြတာ။
ဘ၀သံသရာသည် အစမမြင်၊ အဆုံးမထင်၊ ရှည်လျားထွေပြားလှသည်၊ နားနားနေနေဟူ၍မရှိ၊ တစ်ဘ၀ပြီးတစ်ဘ၀၊ တစ်သွားတည်း သွားနေကြရသည်။
ခရီးပန်းတိုင် ... မရောက်မချင်း ...တစ်ယောက်ဆင်း...တစ်ယောက်တက် ... ဆက်လက်ထွက်ခွာလာ...။
ဘ၀သံသရာသည် အစမမြင်၊ အဆုံးမထင်၊ ရှည်လျားထွေပြားလှသည်၊ နားနားနေနေဟူ၍မရှိ၊ တစ်ဘ၀ပြီးတစ်ဘ၀၊ တစ်သွားတည်း သွားနေကြရသည်။
ခရီးပန်းတိုင် ... မရောက်မချင်း ...တစ်ယောက်ဆင်း...တစ်ယောက်တက် ... ဆက်လက်ထွက်ခွာလာ...။
မိမိတို့ဘ၀ ခရီးပန်းတိုင်က ဘယ်မှာမှန်းမသိ၊ ဘယ်နေမှန်းမသိ၊ ပန်းတိုင်ကိုဘယ်တော့ ရောက်မည်မှန်းမသိ၊ သည်ကြားထဲမှာ ပန်းတိုင် ကို မရောက်မချင်း၊ တစ်ယောက် ဆင်းတစ်ယောက်တက်နှင့်ဆင်းသူက ဆင်းသွားလိုက်၊ ပျောက်သွားလိုက်၊ တက်သူကတက်လာလိုက်၊ ပေါ်လာလိုက်နှင့် မိမိတို့ဘ၀၀ဋ်ရထားကြီး ဆက်လက်ထွက်ခွာလာခဲ့သည်။
လောဘရယ် ... ဒေါသရယ် ... မောဟရယ် ...၊ အ၀ိဇ္ဇာပစ္စယာ ... သင်္ခါရာတဲ့၊ ပျော်လိုက် ... ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာ၊ ဘယ်ဟာမတည် မြဲ၊ ဖောက်လွဲဖောက်ပြန် ... ၀ိပလ္လာ ... အကြောင်း ကမ္မဿကာ ...။
လောဘဖြစ်စရာ အာရုံနှင့်ကြုံက လောဘတွေဖြစ်၊ ဒေါသဖြစ်စရာ အာရုံနှင့်ကြုံက ဒေါသတွေဖြစ်၊ မောဟ ကတော့အမြဲလိုလိုဖြစ်၊ မောဟအ၀ိဇ္ဇာကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံ သင်္ခါရတွေဖြစ်၊ ပျော်လိုက်ကြ၊ ရွှင်လိုက်ကြ၊ ငိုလိုက်ကြ၊ ရယ်လိုက်ကြ၊ ပျော်တာလည်းမမြဲ၊ ရွှင်တာလည်းမမြဲ၊ ငိုတာလည်းမမြဲ၊ ရယ်တာလည်းမမြဲ၊ အားလုံးကဖောက်လွဲဖောက်ပြန်၊ အကြောင်းကတော့ ကမ္မဿကာ ... ကံသည်သာကိုယ်ပိုင်ဥစ္စာ။
လူ့စိတ်သည် အခြေအနေနှင့် အချိန်အခါလိုက်၍ ပြောင်းလဲ တတ်သည်၊ ထိုအပြောင်းအလဲမြန်သော စိတ်သည် စိတ်သင်္ကြန်၊ ခန္ဓာသင်္ကြန်ဖြစ်သည်။
တွေ့ကြုံ၊ ဆုံကွဲ ... ခရီးခဲ ... ၀မ်းနည်းဝမ်းသာ ... ဖြစ်ချင်တာလည်း ... မဖြစ်ရပါ...၊ မဖြစ်ချင်တာ တွေလည်းဖြစ်ရတာ၊ သုံးဆယ့်တစ် ဘုံဝဋ်အတွင်းရောက်တော့ ... ကရွတ်ကင်းလျောက်တဲ့ ပုံပမာ ... အဲဒါ ဘ၀သံသရာ...။
သံသရာ့ဆွေမျိုးတွေ ရှေးရေစက်မကင်းလို့ ယခုဘ၀၌လာရောက် ပြီးတော့ လင်နှင့် မယား၊ မိဘနှင့် သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ အပေါင်းအသင်းမိတ်ဆွေ၊ ဆရာနှင့် တပည့်၊ လူကြီးနှင့်ငယ်သား စသည်စသည်ဖြင့် တွေ့ကြ၊ ဆုံကြ၊ ကြုံကြ၊ တွဲကြ၊ ခွဲကြ၊ ကွဲကြ၊ အမျိုးမျိုးအဖုံဖုံ၊ ဇာတ်လမ်း ဇာတ်ကွက်က တကယ်စုံ။
မလွယ်ကူလှသည့် ဘ၀ခရီးလမ်း၊ ညနေခင်းရန်ကုန်မြို့ပေါ် ဘတ်စကားစီးရသလို ကျပ်တည်း လှသည့် ဘ၀ခရီးလမ်း၊ ခက်ခဲလှသည့် ဘ၀ခရီးလမ်း၊ ဖြောင့်ဖြူးသည်မရှိ၊ အကောက်နှင့်၊ အကွေ့နှင့်၊ ခရောင်းတောလမ်း၊ ခပ်ကြမ်းကြမ်း၊ ဖြစ်ချင်တာတွေ မဖြစ်ရ၊ မဖြစ်ချင်တာတွေ ဖြစ်ရ၊ မြင်ချင်တာ မမြင်ရ၊ မမြင်ချင်တာ မြင်ရ၊ ကြုံချင်တာ မကြုံရ၊ ကြုံချင်တာ ကြုံရ၊ တွေ့ချင်တာ မတွေ့ရ၊ မတွေ့ချင်တာ တွေ့ရ၊ ရတာမလို၊ လိုတာမရ၊ ဒုက္ခတွေ တကယ်များသည့်ဘ၀။
သုံးဆယ့်တစ်ဘုံဝဋ်အတွင်းမှာ ကရွတ်ခွေပေါ်ကင်းခြေများလျောက်သလို တလည်တည်းလည်၊ သည်နေရာပဲ ထပ်ထပ်ရောက်၊ အဆုံးဘယ်မှာရှာမတွေ့၊ သြော် .. ဘ၀သံ သရာ...အတည်တကျဘယ်မရှိ၊ ဟိုရောက်သည်ရောက်ပြောင်းလိုက်၊ ရွှေ့လိုက်၊ ဘ၀တွေ အခါခါပြောင်းခဲ့သော်လည်း အပြောင်းကမတည့်၊ အပြောင်းကအလဲဖြစ်လိုက်၊ အလွဲဖြစ်လိုက်၊ လဲလိုက်၊ ပြိုလိုက်၊ လွဲလိုက်၊ ချော်လိုက်၊ ပုထုဇဉ်၏သဘော၊ ၀ိနိပါတ ဓမ္မော-ဖောက်လွဲဖောက်ပြန်ဖြစ် တတ်သတဲ့၊ ဘယ်ဟာကိုမှ ယုံစား၍ မရ။
သံသရာဟူသည် လည်နေသည်၊ လှည့်နေသည်၊ ပတ်နေသည်၊ ထိုသို့ လည်နေ၊ လှည့်နေ၊ ပတ်နေရသဖြင့် နိစ္စဟူ၍ဘယ်မရှိ၊ အားလုံးအားလုံး အနိစ္စသာ၊ ထို့ကြောင့် ဗုဒ္ဓက ''သဗ္ဗေ သင်္ခါရာ အနိစ္စာ'' ရုပ်ဓမ္မ၊ နာမ်ဓမ္မ သင်္ခါရမှန်သမျအနိစ္စချည်းပဲဟု ဟောခဲ့လေသည်၊ နိစ္စဆိုလျင်တစ်သမတ် တည်း ရပ်တည်နေ၍ရမည်၊ ယခု အနိစ္စဖြစ်လေတော့ ... တစ်သမတ် တည်း ရပ်နေ၍မရ၊ တည်နေ၍မရ၊ ပြောင်းရွှေ့ရဦးမည်။
ယခု မြန်မာနှစ် ၁၃၇၁ မှ ၁၃၇၂ သို့ မကြာမီပြောင်းရ၊ ရွှေ့ရတော့မည်၊ ထိုသို့ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်းကို သင်္ကန္တ-သင်္ကြန်ဟုခေါ်သတဲ့၊ သင်္ကန္တ ဟူသည်ပြောင်းရွှေ့ခြင်းဖြစ်သည်။
စကြ၀ဠာအတွင်းရှိ ဂြိုဟ် နက္ခတ်တာရာတွေထဲတွင် အပါအ၀င်ဖြစ်သော ကမ္ဘာဂြိုဟ်ကြီးသည် သူရိယ ရှင်နေမင်းကို ဗဟိုပြု၍လှည့်လည်နေရာ တစ်ပတ်ပြည့်သောကာလကို တစ်နှစ်ဟု သတ်မှတ်သည်၊ ထိုတစ်ပတ်သည် အရှေ့တိုင်းသူရိယသိဒ္ဓန္တကျမ်းအလိုအားဖြင့် ၃၆၅ ရက်၊ ၆ နာရီ၊ ၄၉ မိနစ်၊ ၄၆ စက္ကန့် ကြာသတဲ့၊ အနောက်တိုင်း ခေတ်သစ်နက္ခတ် ပညာကျမ်းများအလိုအားဖြင့် ၃၆၅ ရက်၊ ၅ နာရီ၊ ၄၉ မိနစ်၊ ၄၆ စက္ကန့် ကြာသတဲ့၊ ကမ္ဘာလုံးကြီးတစ်ပတ် ပြည့်သွား၍ နောက်တစ်ပတ်လည်ပတ် ခြင်းသည်သင်္ကန္တ-သင်္ကြန်ဖြစ်သည်။
ထိုသို့ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းကို အတာသင်္ကြန်ဟု ခေါ်သည်၊ အတာဟူသည် အန္တဟူသော ပါဠိမှလာသည်၊ အန္တဟူသည် အဆုံးဟူ၍ အဓိပ္ပာယ်ထွက်သည်၊ နှစ်တစ်နှစ်၏ အဆုံး၊ နှစ်ဟောင်း၏ အဆုံးကို ဆိုလိုသည်၊ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းခြင်းကိုပင် ''အတာသင်္ကြန်''ဟု ခေါ် သည်။
နာမ်ခန္ဓာက ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ဟု လေးပါးရှိရာ ထိုလေးပါးကလည်း တစ်ပါးကနေ တစ်ပါးသို့ ကူးပြောင်းနေကြသည်၊ စိတ်ကူးဟုဆိုသည့်အတိုင်း စိတ်ကလည်း အာရုံတစ်ခုတည်း အမြဲမနေ၊ ဟိုအာရုံ၊ သည်အာရုံ အာရုံမျိုးစုံကို ကူးနေသည်၊ မျောက်သတ္တ၀ါတွေ အငြိမ်မနေ၊ သစ်တစ်ပင်မှ တစ်ပင်သို့ ခုန်ခုန်၍ကူးနေသည်၊ စိတ်က လည်း အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ခုန်ခုန်၍ကူးနေသည်၊ စိတ်သင်္ကြန်၊ ခန္ဓာသင်္ကြန်ဖြစ်သည်၊ လူ့စိတ်ကို မျောက်စိတ်ဟုလည်း ခေါ်ကြသည်၊ အပြောင်းအလဲမြန်ဆန်ခြင်းကို ဆိုလိုပုံရသည်၊ လူ့စိတ်သည် အခြေအနေ နှင့်အချိန်အခါလိုက်၍ ပြောင်းလဲ တတ်သည်၊ ထိုအပြောင်းအလဲမြန်သော စိတ်သည် စိတ်သင်္ကြန်၊ ခန္ဓာသင်္ကြန်ဖြစ်သည်။
သုံးဆယ့်တစ်ဘုံထဲမှာ အနာဂါမ် ရဟန္တာတို့သာရှိသော သုဒ္ဓါဝါသ ဗြဟ္မာငါးဘုံမှလွဲ၍ ကျန်သော ၂၆ ဘုံ တွင် တစ်ဘုံပြီးတစ်ဘုံပြောင်းရွှေ့ လာခဲ့ကြသည်၊ ယခုလက်ရှိဘ၀မှာ ပင်ကြည့်လိုက်၊ ကလေးလူငယ်၊ လူရွယ်၊ လူကြီး၊ လူအို၊ လူနာ၊ လူသေ၊ နုပျို၊ အို၊ နာ၊ သေ၊ တစ် ဘ၀တည်းမှာပင် အသွင်သဏ္ဌာန် အမျိုးမျိုးကူးပြောင်းလာခဲ့သည်၊ ခန္ဓာသင်္ကြန်ဖြစ်သည်။
ဘ၀မှာ ပဋိသန္ဓေ၊ ပ၀တ္တိ၊ စုတိ ဟူ၍ သုံးပိုင်းသာရှိသည်၊ ဘ၀သစ်၌ စ၍ဖြစ်ခြင်းကို ပဋိသန္ဓေဟုခေါ် သည်၊ ပဋိသန္ဓေမှ စုတိအထိ မသေ မချင်းနေနေရာကာလကို ပ၀တ္တိဟု ခေါ်သည်၊ သေဆုံးခြင်းကို စုတိဟု ခေါ်သည်၊ စုတိပြီးသည့်အခါ ကံတွေ ကိလေသာတွေကုန်ခန်းသွားပြီဆို လျင်တော့ ဘ၀ကပြီးပြီ၊ ကံကိလေ သာတွေမကုန်သေးလျင်တော့ ဘ၀ သစ်တစ်ခုကို လက်ခံရယူရလိမ့်ဦး မည်။
ဘုရားဟောပိဋကတ်၌ ဂတိ ငါးပါးရှိသည်၊ ဂတိဟူသည် ကံကိ လေသာတွေမကုန်သေးသောသူတွေ ရောက်သင့်ရောက်ထိုက်သော ဘ၀ ဖြစ်သည်၊ ထိုဂတိက နတ်ဗြဟ္မာ ဘ၀ ဒေ၀ဂတိ၊ လူ့ဘ၀ မနုဿဂတိ၊ တိရစ္ဆာန်ဘ၀ တိရစ္ဆာနဂတိ၊ ပြိတ္တာ ဘ၀ ပေတဂတိ၊ ငရဲသားဘ၀နိရယ ဂတိဟူ၍ ငါးမျိုးရှိသည်၊ သတ္တ၀ါ တို့သည် ကံကိလေသာမကုန်သေးက ထိုဂတိငါးပါးတွင် တစ်ပါးပါး သို့ရောက်ရသည်၊ ကုသိုလ်ကံကြောင့် ဒေ၀မနုဿသုဂတိသို့ ရောက်ရသည်၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန၊ ပေတ၊ နိရယ ဒုဂ္ဂတိသို့ရောက်ရသည်။
မြန်မာဝေါဟာရ၌ အပြောင်းကို အလဲနှင့်တွဲ၍လည်းသုံးသည်၊ အလွဲနှင့်တွဲ၍လည်းသုံးသည်၊ အလဲဟူသည် အလဲလဲအကွဲကွဲ၊ အလဲလဲအပြိုပြိုဟု ရှိသဖြင့်မကောင်း၊ အလွဲဟူသည် အလွဲလွဲအချော်ချော်ဟု ရှိသဖြင့် မကောင်း၊ အပြောင်းက လဲတာလည်းမကောင်း၊ လွဲတာလည်း မကောင်း၊ အမှန်ဆိုလျင် အပြောင်းက တည့်မှ သာကောင်းသည်။
မိမိတို့သည် တစ်နေ့နေ့ စုတိ စိတ်ကျ၍ ဘ၀ကူးပြောင်းရဦးမည်၊ ကံကောင်းထောက်မသဖြင့် ဒေ၀၊ မနု ဿဂတိတစ်ခုခုသို့ရောက်လျင်အပြောင်း ကတည့်သည်ဟုဆိုရမည်၊တိရစ္ဆာန၊ ပေတ၊ နိရယသို့ရောက်လျင်ဖြင့် အ ပြောင်းကလွဲချော်လေပြီ၊တကယ်တော့ အပြောင်းကလဲလို့ပြိုလို့လည်းမဖြစ်၊ လွဲလို့ချော်လို့လည်းမဖြစ်။
အပြောင်းတွေလည်း များခဲ့ပြီ၊ အလဲတွေလည်း များခဲ့ပြီ၊ အလွဲတွေလည်း များခဲ့ပြီ၊ ထို့ကြောင့် ယခုအပြောင်းလွဲလို့ မဖြစ်ပါ၊ အပြောင်းတည့် မှဖြစ်မည်။