Friday, April 9, 2010

ဥရောပရောက်မြန်မာများ မင်္ဂလာသတင်း

အင်္ဂလန်နှင့် ဥရောပရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ ဧပြီမြန်မာနှစ်ကူး သင်္ကြန်အလှူပွဲများ ကျင်းပကြမည်။ အင်္ဂလန်ရှိ မြန်မာတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်ကို ဂုဏ်ပြုရန် စီစဉ်

ဧပြီ ၉၊ ၂၀၁၀

အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ ဓမ္မရံသီကျောင်းတိုက်ဆရာတော် ဦးဥတ္တရသည် ယနေ့ညနေ ၁၀နာရီခန့်တွင် ဥရောပရှိ ဒိန်းမတ်နိုင်ငံ၊ ဘာမင်းမြို့ သို့ ရောက်ရှိလာသည်။ ဆရာတော်နှင့်အတူ မြန်မာဗုဒ္ဓဘာသာ ခရီးသည်များတွင် အင်္ဂလန်နှင့် ဥရောပရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ၏ မြန်မာရိုးရာသင်္ကြန်ပွဲနှင့် ကုသိုလ်ပြုပွဲတို့တွင် သူမ၏ ဂီတနှင့် အသံကို လှူရန်နှင့် ဝေယျာဝစ္စကုသိုလ်ယူရန် အဆိုတော် ဒေါ်မာမာအေးလည်း လိုက်ပါလာသည်ကို တွေ့ရသည်။

ဆရာတော်ဦးဥတ္တရက မိုးမခသို့ ပြောကြားရာတွင် မြန်မာဗုဒ္ဓဘာသာတို့၏ ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲများကို ပြည်ပရှိဘုန်းတော်ကြီးကျောင်းများတွင် မြန်မာမိသားစုတို့ ကုသိုလ်ပြုရင်း ပွဲတော်ဆင်နွဲလေ့ရှိရာ ယခုနှစ်တွင်လည်း ဒိန်းမတ်နိုင်ငံ၊ ဘာမင်းမြို့ရှိ ဗုဒ္ဓရံသီကျောင်းတွင် ဧပြီ ၁၀ရက်တွင်၎င်း၊ နယ်သာလန်နိုင်ငံ၊ ပညာရံသီကျောင်းတွင် ဧပြီလ ၁၇ ရက်တွင်၎င်း၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ဓမ္မရံသီကျောင်းတွင် ဧပြီ ၁၈ တွင်၎င်း၊ ထိုနောက် ဧပြီလ ၂၁ မှ ၂၅ ရက်အထိတွင် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ ဗုဒ္ဓသာသနရံသီဘုန်းတော်ကြီးကျောင်းများတွင် ပဋ္ဌာန်းပွဲများ၊ ကုသိုလ်ပြုပွဲများနှင့်အတူ နှစ်သစ်ကူးသင်္ကြန်ပွဲများ ပြုလုပ်ကြမည် ဟု သိရသည်။ ယခုကဲ့သို့ ကုသိုလ်ပြုပွဲများတွင် မြန်မာပြည် အမျိုးသားရေးဂီတလောက၏ သက်ရှိရတနာတခုဖြစ်သူ အဆိုတော်ပညာရှင် ဒေါ်မာမာအေး တက်ရောက်ဆင်နွဲမည် ဖြစ်၍လည်း ၀မ်းသာ၊ ဂုဏ်ယူမိသည်ဟု ဆိုသည်။

ဆရာတော်ဦးဥတ္တရက ဆက်လက်ပြောကြားရာတွင် ယခု ၂၀၁၀၏ မြန်မာနှစ်သစ်ကူးပွဲတော်တွင် စစ်အာဏာရှင်များလက်အောက် ဆင်းရဲဒုက္ခများနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းခံထားရမှုများမှ မြန်မာပြည်သူတို့အားလုံး လွတ်မြောက်ရေးအတွက် ခေါင်းဆောင်မှုနှင့် မကြောက်တရားကို ကိုင်စွဲထုတ်ဖော်ပြောဆို ဆောင်ရွက်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းစာဆရာကြီး ဦးဝင်းတင်နှင့်တကွ ဂီတပညာရှင်တဦးနှင့် သပိတ်မှောက် သံဃာတော်တို့ကို ထုတ်ဖော်ကြေငြာပြီး ဂုဏ်ပြုဆုချီးမြှင့်ရန် စီစဉ်ထားကြောင်း အလေးအနက်ပြု ထုတ်ဖော်ပြောကြားသည်။

ထိုအစီအစဉ်ကို နှစ်စဉ် လန်ဒန်ရောက် မြန်မာမိသားစုတို့က ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ၂၀၁၀ နှစ်ဦးတွင် ထူးခြား ပြောင်မြောက်စွာ ခေါင်းဆောင်မှု၊ ထုတ်ဖော်ပြောဆိုမှုများ ပေးခဲ့သူ ခေါင်းဆောင် ၂ ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ကို အထူးဂုဏ်ပြု ချီးမြှင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

မြန်မာပြည်တွင်းက မြန်မာ့အရေးစွမ်းဆောင်သူတွေ၊ ခေါင်းဆောင်တွေကို ပြည်ပရှိ နိုင်ငံခြားသားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက လူသိရှင်ကြား ကြေငြာပြီး ဆုများ၊ ဘွဲ့ထူးဂုဏ်ထူးများ ဖြင့် အလေးအမြတ်ပြုကြ၊ ပေးအပ်ကြကြောင်း၊ မိမိတို့ မြန်မာအမျိုးသားအချင်းချင်းကလည်း ဂုဏ်ပြုမှုများနှင့် အလေးပြုကြရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တို့ထံ တိုက်ရိုက်အကျိုးသက်ရောက်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ဆရာတော်ဦးဥတ္တရက ပြောကြားသွားသည်။
မိုးမခမှကူးယူဖော်ပြပါသည်။