Thursday, April 22, 2010

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး

ရန်ပိုင် Thursday, April 22, 2010

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
  

 အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။


UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။
မူရင်း http://www.irrawaddymedia.com/bur/