Sunday, April 18, 2010

ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပေါ် အမြင်များ

'ဆရာ့အမြင်ကတော့ လူမဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ မြင်ပါတယ်။ ဒီအကြမ်းဖက်မှုကို ဘယ်သူတွေကပဲလုပ်လုပ် ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ရှုတ်ချပါတယ်။ စက်ဆုပ်ရွံရှာပါတယ်။ အထူးသဖြင့် အခုလို မြန်မာလူမျိုးတွေရဲ့ ငြိမ်းချမ်းရေးပွဲတော်လို့ တင်စားရမယ့် သင်္ကြန်ပွဲတော်မှာဖြစ်ခဲ့တာဟာ တော်တော်ဆိုးရွားပါတယ်။ အင်မတန်ကိုမှ ယုတ်မာကောက်ကျစ်သူရဲဘောကြောင်တဲ့လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူကပဲလုပ်လုပ် အပြင်းအထန် ရှုတ်ချပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေ၊ အရပ်သူအရပ်သားတွေကို ထိခိုက်နစ်နာသေကျေပျက်စီးအောင် လုပ်ဆောင်တာမကောင်းပါဘူး။ အခု ဒီဗုံးဖောက်ခွဲမှု အပါအ၀င် ၉/၁၁ နယူးယောက် တိုက်ခိုက်မှုတွေကို ရှုတ်ချသလိုပဲ အာဖဂန်လို အီရတ်လို နေရာမျိုးတွေမှာ အရပ်သူအရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက် ဗုံးကြဲတိုက်ခိုက်တာတွေမျိုး နိုင်ငံတော်အကြမ်းဖက်မှုတွေအားလုံးကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်' - လူထုစိန်ဝင်း

'ကျွန်တော် အခု အသက် ၇၀ ရှိပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ကာလတစ်လျောက်လုံး ဂျပန်ခေတ်သင်္ကြန်အပါအ၀င် သင်္ကြန်ကာလတွေမှာ ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံတွေ့ဖူးပါဘူး။ သင်္ကြန်လိုယဉ်ကျေးမှုပွဲတော်တစ်ခုမှာ အခုလိုဖြစ်တာ အင်မတန်ဝမ်းနည်းစရာ ကြေကွဲစရာ ကောင်းပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရော အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေမှာပါ အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်နစ်နာခဲ့ရတာ ဆိုးရွားလွန်းပါတယ်။ ဖြစ်စဉ်နှစ်ခု ပြန်ယှဉ်ကြည့်ရင် အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်ကပိုဆိုးပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်မှာ လူတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူးဆင်နွှဲနေရာမှာ ဒီလိုဖြစ်သွားတာဟာ အင်မတန်မှာ ရိုင်းစိုင်းယုတ်မာတဲ့လုပ်ရပ်တစ်ခုလို့လည်း မြင်ပါတယ်' - တက္ကသိုလ်ကိုကိုကြီး(ကြေးမုံ)


'အမှန်တကယ်တော့ ဒါဟာ ပွဲဖျက်တာပဲဖြစ်တယ်။ ဆိုးရွားတဲ့အပြုအမူလည်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်အရလည်း မကောင်းဘူး။ လုပ်ရပ်အရလည်း မကောင်းဘူး။ အဆိုးဆုံးကတော့ အပြစ်မဲ့တဲ့ပြည်သူတွေကို ထိခိုက်နစ်နာအောင် လုပ်ဆောင်လိုက်တာပါပဲ။ လူစိတ်ရှိတဲ့လူတွေက ဒီလိုလုပ်ရပ်မျိုးမလုပ်ပါဘူး။ လူစိတ်ကင်းမဲ့တဲ့လူတွေမှသာ ဒီလိုလုပ်ကြတာပါ။ သင်္ကြန်လိုနှစ်သစ်ကူးမှာ ဒီလိုသွေးထွက်သံယိုဖြစ်ရတာဟာဆိုးရွားတဲ့ဖြစ်စဉ်ပါပဲ။ အရင်တုန်းကလည်း မရှိခဲ့ဖူးပါဘူး။ နှစ်သစ်ကူးကို လူတိုင်းပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတဲ့အချိန်မှာ အခုလိုဖြစ်ရတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အကြမ်းဖက်မှုဆိုတာ မြန်မာ့ဓလေ့ထုံးစံမှာ လုံးဝမရှိပါဘူး။ အကြမ်းဖက်မှုလုပ်ရပ်ကြောင့်လည်း လူထုထောက်ခံမှုကို ဘယ်သောအခါမှ ရရှိမှာမဟုတ်ပါဘူး" -
မောင်ဝံသ

'ဒီဖြစ်စဉ်တွေကိုကြည့်ရင် ယဉ်ကျေးဖွယ်ရာသောနည်းမဟုတ်ဘဲ အကြမ်းဖက်တဲ့နည်းကိုသာ ၂၁ ရာစုအတွင်း ရောက်နေတဲ့အထိ ကျင့်သုံးနေကြ တာမျိုး ယိုသူကမရှက်ဘူးဆိုရင်တောင် မြင်သူက ရှက်မိပါတယ်ဗျာ။ နောက်တစ်ချက်က နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ဆေးကြောတဲ့ ဒီလိုပွဲတော်တွေ သွေးတွေမျက်ရည်တွေနဲ့ ဆေးသလို ဖြစ်သွားရတဲ့အတွက်လည်း ယူကြုံးမရဖြစ်မိရပါတယ်' - ဆူဒိုနင်

'ဒီကိစ္စဟာ လူမဆန်တဲ့လုပ်ရပ်အဖြစ် အကြမ်းဖက်ဆန်တွဲှ့နမမသမငျအ ဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အကြမ်းဖက်သမားတွေလုပ်တဲ့လုပ်ရပ်နဲ့ ထပ်တူပါပဲ။ ဒီသတင်းကို စကြားကြားချင်းမှာ အရမ်းဒေါသထွက်သွားပါတယ်။ သင်္ကြန်ပွဲတော်တွေမှာ လူမဆန်တဲ့ ဒီလိုဖြစ်ရပ်တွေကို တစ်ခါမှ မကြားဖူးပါဘူး။ ကြုံလည်းမကြုံဖူးပါဘူး။ ဒီလိုလုပ်ရပ်မျိုးကို အပြင်းအထန်ကန့်ကွက်ပါတယ်။ ဘယ်သူတွေက ဘယ်လိုရည်ရွယ် ချက်နဲ့ပဲ လုပ်တာပဲဖြစ်ပါစေ ဒီလိုလုပ်ရပ်မျိုးကို လက်မခံပါဘူး။ နိုင်ငံရေးအရ ဖြေရှင်းချင်တယ်ဆိုရင်လည်း နိုင်ငံရေးနည်းကိုသာသုံးပါ။ အကြမ်းဖက်တဲ့နည်းကိုမသုံးပါနဲ့၊ ပြည်သူတွေကို တန်ဆာခံမလုပ်ပါနဲ့၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထိခိုက်နစ်နာအောင်မလုပ်ကြပါနဲ့။ ဒီလိုအကြမ်းဖက်လုပ်ရပ်လုပ်ပြီး အောင်မြင်လိမ့်မယ်လို့ ဘယ်တော့မှမထင်ပါနဲ့။ ကျွန်တော်တို့ မီဒီယာတွေအနေနဲ့လည်း ပြည်သူတွေရဲ့ခံစားချက်နဲ့ ထပ်တူရပ်တည်သွားပြီး ဒီဖြစ်ရပ်အပေါ်မှာ ပြင်းထန်စွာရှုတ်ချပါတယ်'- ကိုကို(စက်မှုတက္ကသိုလ်)

'မနေ့တစ်နေ့ဆီကပဲ ရုရှားမှာဗုံးပေါက်ခဲ့တယ်။ နောက်ပြီး ရုရှားက ခွဲထွက်တဲ့နိုင်ငံမှာလည်း ထပ်ဖြစ်ခဲ့တယ်။ ဒီလိုပဲ အာဖဂန်တို့၊ အီရတ်တို့မှာလည်း ဖြစ်နေတယ်။ ဒါတွေကို မနက်မိုးလင်းတာနဲ့ ကြားရမြင်ရတာ စိတ်မချမ်းသာဘူးဗျာ။ ကမ္ဘာမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပေမယ်လို့ ဒီမှာ ဒီလိုမျိုး ဖြစ်လေ့ဖြစ်ထမရှိခဲ့ဘူး။ ဘယ်လိုလူမျိုးတွေက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လုပ်လုပ် ကျွန်တော်တော့မကြိုဆိုဘူးဗျာ။ ဒီအလေ့အထထွန်းကားလာမှာကိုလည်း စိုးရိမ်တယ်။ တစ်ဦးနဲ့တစ်ဦး အာဃာတကင်းကင်း သိနားလည်မှုရှိရှိနဲ့ မေတ္တာဓာတ်လွှမ်းခြုံတဲ့လောကကိုပဲ မြင်ချင်ပါတယ်'-
နေ၀င်းမြင့်

'အများကြီး စိတ်မကောင်းဘူး။ မြန်မာ့ရိုးရာသင်္ကြန်မှာ ဒါမျိုးဖြစ်တာ ဆရာတော့ ကန့်ကွက်တယ်' - ဒေါက်တာစိုင်းဆမ်ထွန်း

'ကျွန်တော်တို့ ရိုးရာသင်္ကြန်ပွဲမှာမှ မဟုတ်ပါဘူး။ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာမှ မလုပ်သင့်မလုပ်ထိုက်၊ အောက်တန်းကျတဲ့လုပ်ရပ်လို့ မြင်ပါတယ်။ လက်နက်နဲ့ ဒီလိုအကြမ်းဖက်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ရှုတ်ချတယ်။ ဘယ်အဖွဲ့၊ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် လုံးဝကို ရက်စက်တဲ့ စက်ဆုတ်စရာ ကောင်းတဲ့လုပ်ရပ်လို့မြင်တယ်။ လက်နက်နဲ့အကြမ်းဖက်လာတဲ့ကိစ္စတွေကို အမျိုးသားရေးတစ်ရပ်အနေနဲ့ကို တားဆီးသွား ရမယ်လို့မြင်ပါတယ်။ တခြားကိစ္စရပ်တွေဟာ ပြန်ပြင်ဆင်လို့ရပေမယ့် ဒီလို လူ့အသက်တွေနဲ့သက်ဆိုင်တဲ့ အဆုံးစွန်မိုက်ကန်းတဲ့လုပ်ရပ်မျိုးကတော့ ဘယ်လိုမှ ပြန်ပြင်လို့ အစားထိုးပေးလို့၊ ပြုပြင်လို့မရတဲ့ အမြဲတမ်းဆန့်ကျင်သွားရမယ့်ကိစ္စပါပဲ' - ဦးလှမောင်ရွှေ(ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်)

'ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် အောက်တန်းကျတဲ့၊ ရွံစရာကောင်းတဲ့လုပ်ရပ်လို့ မြင်ပါတယ်။ ဒီလိုလုပ်လို့ရော သူတို့ အတွက် ရလဒ်ကဘာရှိခဲ့လို့လဲ၊ အများပြည်သူပဲ စတေးခံခဲ့ရတာပဲ မဟုတ်လား။ ဒီလို ရွံစရာကောင်းတဲ့လုပ်ရပ်မျိုးကို အမြဲဆန့်ကျင်တယ်ဗျာ။ အများ ပြည်သူဆီကလည်း ဒီလိုလုပ်တဲ့အဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်တဲ့ရလဒ်ပဲရပါလိမ့်မယ်' - ဒေါက်တာအောင်ကိုကို(စီးပွားရေးပညာ၊စီးပွားရေးပေါ်လစီ)

'ကျွန်တော်ငယ်ငယ်ကတည်းက တစ်နှစ်တစ်ခါ သင်္ကြန်ရောက်ဖို့ကို လက်ချိုးရေပြီး စောင့်မျော်ခဲ့ရတယ်။ ဒီအချိန်မှာပဲ တစ်နှစ်တာလုံး ပင်ပန်းခဲ့ရတဲ့ အမောတွေပြေရတာ။ ဒီလို မြန်မာပြည်သူတစ်ရပ်လုံး အထွတ်အမြတ်ထားပြီး ပျော်ရွှင်ကြတဲ့သင်္ကြန်အချိန်မှာမှ ဒီလိုကြေကွဲစရာဖြစ်ရပ်မျိုးနဲ့ ကြုံရတာ အင်မတန်ဝမ်းနည်းစရာပါ။ ဒီဖြစ်ရပ်ဆိုးကြီးကြောင့် ဘ၀တစ်ပါးကိုပြောင်းသွားရတဲ့သူတွေလည်း ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပါတယ်' -ဒါရိုက်တာစင်ရော်မောင်မောင်

'သင်္ကြန်ဆိုတာက မြန်မာလူမျိုးတိုင်းပျော်ရွှင်ရတဲ့၊ မြတ်နိုးရတဲ့ ပွဲတော်တစ်ခုပါ။ အဲဒီလိုပွဲတော်တစ်ခုကို ဖျက်ဆီးတဲ့လုပ်ရပ်မျိုးကတော့ လုံးဝကို လူမဆန်တဲ့လုပ်ရပ်လို့ ပြောလို့ရပါတယ်။ အခုလို အပြစ်မဲ့တဲ့သူတွေကို ထိခိုက်စေတယ်ဆိုတာကတော့ ယုတ်မာရိုင်းစိုင်းလွန်းပါတယ်'- ဒါရိုက်တာမောင်မျိုးမင်း

'ဒါတော့ အများကြီးခံစားရတယ်ပေါ့ဗျာ။ တော်တော်လူမဆန်တဲ့သူတွေပါပဲ။ လူမဆန်တဲ့လူတွေ' - ရွာစားကျော်စိန်မွတ္တား

'သင်္ကြန်မှာ အခုလိုဖျက်ဆီးတာက တော်တော်ကိုဆိုးတဲ့လုပ်ရပ်လို့ ပြောလို့ရပါတယ်။ သင်္ကြန်ဆိုတာမျိုးက ကလေးတွေပျော်ရွှင်ကြတာ များတယ်လေ။ အဲဒီလို ပျော်ရွှင်နေတာကို အခုလိုရက်ရက်စက်စက်လုပ်တာကတော့ လူစိတ်လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ တစ်ခါမှမကြုံဖူးမကြားဖူးတဲ့ ဖြစ်ရပ်မျိုးပါ'-လွင်မိုး

'လုံးဝစိတ်မကောင်းဘူး။ မြန်မာရိုးရာသင်္ကြန်မှာ ဒါမျိုးလုံးဝမဖြစ်သင့်ဘူး"- ခန့်စည်သူ

'စပြီးကြားလိုက်ရကတည်းကကို အရမ်းထိခိုက်ခံစားပြီး ၀မ်းနည်းရပါတယ်။ လုံးဝနေလို့ထိုင်လို့ မကောင်းလောက်အောင်ကို ၀မ်းနည်းမိပါတယ်။ သေဆုံးသွားတဲ့သူတွေရော ထိခိုက်ဒဏ်ရာရသူတွေအတွက်ပါ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျဝမ်းနည်းမိပါတယ်။ ဒီလိုအလုပ်မျိုးဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စမျိုးပါ။ လက်ရှိဘ၀အတွက်ရော၊ နောင်သံသရာအတွက်ပါ လုံးဝမကောင်းတဲ့အလုပ်တစ်ခုပါ'-ပြေတီဦး

'ထိခိုက်မိကြတဲ့လူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သင်္ကြန်ဆိုတဲ့ ပျော်ပွဲရွှင်ပွဲလိုမျိုးမှာ အခုလိုမျိုးမဖြစ်သင့်ပါဘူး။ ကျွန်တော် တော်တော်စိတ်ထိခိုက်မိပါတယ်။ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်'- စိုးမြတ်မင်း (KBZ FC)

'သတင်းကြားကြားချင်း ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်မေးရတယ်။ သူငယ်ချင်းတွေအားလုံးကလည်း ကန်တော်ကြီး ပတ်လမ်းက မဏ္ဍ့ပ်တွေပဲ ရောက်နေကြတာလေ။ ညဘက်သတင်းမှာကြည့်ရတော့ စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်စရာ ပွဲတော်ကြီးတစ်ခုမှာ အခုလို စိတ်မကောင်းစရာ ၀မ်းနည်းစရာသတင်းကို ကြားရတာ အရမ်းကိုကြေကွဲမိပါတယ်' - ရေဗက္က၀င်း

'သင်္ကြန်ကြတ်နေ့က ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နန်းဆုကိုယ်တိုင် အရမ်းကို တုန်လှုပ်ချောက်ချားမိပါတယ်။ သေဆုံးခဲ့ရတဲ့သူတွေ အတွက်လည်း အရမ်းကိုဆို့နစ်ကြေကွဲရပါတယ်။ အားလုံးပျော်ရွှင်နေကြတဲ့အချိန်မှာ အနိဋ္ဌာရုံတွေဖြစ်တာ စိတ်မကောင်းပါဘူး။ ဒီလိုလုပ်ရပ်က အရမ်းကို လူမဆန်ဘူးလို့ ခံစားမိပါတယ်' - နန်းဆုရတီစိုး
မူရင်း:http://www.first-11.com/

---------------------------------------------------------------------------------------------------------
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ၏ ခံစားမှုများ
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးခင်မောင်လေး ၆၁ နှစ်၏ မိသားစုဝင်တစ်ဦး

'အဖေက ရပ်ကွက်ထဲက ရာအိမ်မှူးပါ၊ သင်္ကြန်အကြတ်နေ့က ဆရာဝန်အသင်းမဏ္ဍပ်မှာတာဝန်ကျပါတယ်။ မနက် ၇ နာရီကသွားပြီး မွန်းလွဲ ၁၂ နာရီခွဲမှာ ခဏလာနားတယ်။ ပြီးတော့ ၂ နာရီလောက်မှာ ပြန်သွားတယ်။ ၃ နာရီဝန်းကျင်လောက်မှာ အိမ်ကနေအသံကျယ်ကြီး နှစ်သံကြားလိုက်ရပါတယ်။ နောက်သိပ်မကြာခင်မှာ တစ်သံထပ်ကြားရတယ်။ ကျွန်မရဲ့အဖေ ဗုံးမှန်လို့ဒဏ်ရာရသွားတယ်ဆိုတာကို မိတ်ဆွေတစ်ယောက်လာပြောတယ်။ ဖြစ်တဲ့အခါမှာ အဖေက ခွေကနဲလဲကျသွားတယ်။ အဲဒီအချိန်တုန်းက နှလုံးခုန်နေသေးတယ်။ ဒါပေမယ့် မျက်လုံးကတော့ မပွင့်တော့ဘူး။ တူလေးက အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားတယ်။ ဆေးရုံအရောက်မှာတော့ အသက်မရှိတော့ပါဘူးလို့ တူလေးက ပြန်ပြောပြပါတယ်။ သင်္ကြန်အတက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက် ၆ နာရီကနေ ၈ နာရီအတွင်း အလောင်းထုတ်ပေးမယ်ဆိုလို့ အရောက်သွားတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေးသုသာန်မှာပဲ ကျွန်မတို့အစ္စလာမ်ဘာသာဝင်ရဲ့ထုံးစံအတိုင်း သဂြုင်္ိဟ်ခဲ့ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးခင်မောင်လေး၏ သမီးဖြစ်သူ မတင်မာလတ်က ပြောပြပါသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ကိုစိုးဝင်း ၂၄ နှစ်၏ မိသားစုဝင်တစ်ဦး

'ကျွန်တော်တို့က မော်လမြိုင်ကပြောင်းလာတာပါ။ သားက မွန်းလွဲ ၂ နာရီခွဲအချိန်လောက်မှာ ကန်တော်ကြီးပတ်လမ်းမဏ္ဍပ်တွေမှာ သီချင်း နားထောင်မယ်ဆိုပြီး ကျွန်တော့်သားနဲ့အတူ ညီတစ်ယောက်ရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သွားပါတယ်။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ လမ်းထဲကို ဆိုက်ကားတွေနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ဒဏ်ရာတွေနဲ့ ပြန်လာတာတွေ့တော့ အိမ်ပေါ်ကဆင်းပြီး စုံစမ်းလိုက်တော့ ကန်တော်ကြီးပတ်လမ်း မှာ ဗုံးပေါက်တယ်လို့ သိလိုက်ရတယ်။ ကျွန်တော့်သားကလည်း အဲဒီကိုသွားတော့ အရမ်းစိတ်ပူသွားတယ်။ သားနဲ့အတူပါသွားတဲ့ သူ့ရဲ့ ညီလေးတစ်ယောက်က လမ်းကွဲသွားပြီး ပြန်ရှာလို့မတွေ့တော့ဘူး ပြောတယ်။ ညနေ ၆ နာရီလောက်မှာ ဆေးရုံကြီးကိုလိုက်သွားပြီး ဒဏ်ရာရလူနာစာရင်းကိုကြည့်တော့ သားရဲ့နာမည်မပါဘူး။ အတူပါသွားတဲ့ သူငယ်ချင်းကတော့ ခြေထောက်နဲ့ဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထား တယ်လို့ သိရတယ်။ နောက် ပွဲချင်းပြီး သေဆုံးတဲ့သူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေခဲတိုက်မှာထားတယ်ဆိုလို့ သင်္ကြန်အတက်နေ့ မနက်ပိုင်းမှာ ဓာတ်ပုံယူသွားပြီး သွားကြည့်တော့ အဲဒီမှာတွေ့လိုက်ရတယ်။ မွန်းလွဲ ၁ နာရီမှာ ရေဝေးသုသာန်မှာသဂြုင်္ိဟ်လိုက်ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားသူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုစိုးဝင်း၏ ဖခင်ဖြစ်သူ ဦးတင်စိုးက ဆိုပါသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးကြင်အောင် ၃၇ နှစ်၏ မိသားစုဝင်တစ်ဦး

'အဲဒီနေ့က ကျွန်မတို့အိမ်ရှေ့မှာ သာကူကျိုတယ်၊ မုန့်လုံးရေပေါ်လုံးပြီး အလှူဒါနလုပ်တယ်။ ၂ နာရီခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူလေးရယ် စုစုပေါင်းသုံးယောက်က စတိတ်ရှိုးကိုကြည့်မယ်ဆိုပြီးတော့ ကန်တော်ကြီးပတ်လမ်းကို သွားတယ်။ ၄ နာရီ လောက်မှာ အိမ်ကို သူ့ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့အမျိုးသားက ပါမလာတော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်းပဲ ဆေးရုံတွေမှာလိုက်ရှာကြတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေခဲတိုက်ကိုသွားရှာတော့ တွေ့ရတယ်။ သူဆုံးသွားတော့ ကျွန်မနဲ့အတူ အသက် ၁၀ နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ပဲ ရှိတော့တယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားခဲ့သူ ဗဟန်းမြို့နယ်နေ ဦးကြင်အောင်၏ဇနီးဖြစ်သူက ပြောပြခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဒေါ်နီနီသိန်း ၆၇ နှစ်၏ မိသားစုဝင်တစ်ဦး
'အမေက နေ့လယ်မှာ အိပ်နေတာ။ တူမလေးက သွားလည်ရအောင်ဆိုပြီး နှိုးလို့ ၂ နာရီကျော်ကျော်လောက်မှာ အမေရယ်၊ ညီမရယ်၊ တူမလေးရယ် သုံးယောက်ထွက်သွားကြတယ်။ မဏ္ဍပ်ရဲ့ ဒီဘက်က ၁၂၅ လမ်းထိပ်မှာပဲ ရပ်ကြည့်နေတုန်း ပေါက်ကွဲမှုဖြစ်တယ်။ အမေက တူမလေးအပေါ် အုပ်ပြီး လဲကျသွားတယ်။ ပြီးတော့ အလုပ်သမားဆေးရုံကြီးကို ခေါ်သွားကြတယ်။ အဲဒီကမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်။ အမေက ဖြစ်တဲ့နေရာမှာပဲ အသက်မရှိတော့ဘူးလို့ ညီမက ပြန်ပြောပြတယ်။ အမေကိုတော့ သင်္ကြန်အတက်နေ့မှာ ရေဝေးသုသာန်မှာ ၃ နာရီခွဲက သဂြုင်္ိဟ်လိုက်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရဲ့ကံကြမ္မာက ဒီလောက်ပဲလို့ပဲ တရားနဲ့ဖြေနေရတော့တယ်။ ညီမက ခြေထောက်နဲ့တင်ပါးကို ထိသွားတယ်။ အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ၅-၆ မှာ ကျောက်ပတ်တီးစည်းထားရတယ်။ တူမလေးကတော့ ဆီးခုံရိုးကျိုးသွားပြီး အူနဲ့ခါးမှာလည်း ထိသွားတယ်။ အခု ကလေးဆေးရုံကြီးအရေးပေါ်ဌာနမှာ အူဖြတ်ပြီးပြန်ဆက်ထားရတယ်။ နှလုံးခုန်သံကတော့ ပုံမှန်ပြန်မဖြစ်သေးဘူး။ တူမလေးက နှစ်နှစ်ခွဲပဲရှိသေးတော့ ကလေးအတွက် လူနဲ့ ဒဏ်ရာနဲ့က မမျဘူးဖြစ်နေတယ်'ဟု ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဒေါ်နီနီသိန်းနှင့် ဒဏ်ရာရရှိသူ မသဇင်မြင့်နှင့် မရတီစိုးတို့၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။
မူရင်း:http://www.first-11.com/