Tuesday, January 22, 2013

သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ

                         သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ                                
(လင်းသစ်ဝေ)
 
အမှောင်ခေတ်ရဲ့ အမိုက်မဲဆုံးရလဒ်ပဲ
သိမှုနယ်ပယ်၊ အတွေးအခေါ်နဲ့ အစွမ်းအစများ
နှစ်လေးဆယ်စာ နောက်ကျကျန်ရစ်ခဲ့တယ်။


 အနှစ်နှစ်ဆယ်ကြာ ထိုးဖောက်ခဲ့တဲ့ အကြောက်တရား
အဲဒီအကြောက်တရားက အသွေးအသားထဲမှာ စိမ့်ဝင်
ဝင်လာသမျှ ဒေါသကို
ဂိမ်းစက်ထဲက ဓားတွေနဲ့ အာသာဖြေခဲ့တယ်
ပြီးတော့ မရယ်ရတဲ့ ဟာသကားတွေကိုပဲ
ရယ်ရယ်မောမော ကြည့်တတ်လာခဲ့တယ်။

 သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ . . .
လူလားမြောက်ပြီဆိုတာနဲ့ နိုင်ငံခြား
ထွက်မယ်ဆိုတာချည်းပဲ
ပညာနဲ့ပိုက်ဆံ တန်းတူမှ အတန်းတက်နိုင်တဲ့ ခေတ်
၂၄ နာရီ ကြက်တူရွေးစာသင်ခန်းနဲ့
ငွေနဲ့ဝယ်တဲ့ ပညာရေးနဲ့ နိုင်ငံခြားမှာ
ပြေးပြေးလွှားလွှားကြပ်ကြပ်သိပ်သိပ် ပညာသင်
တချို့က လယ်ပေါင်ယာပေါင် ရှိသမျှရောင်းချ
လူမျိုးခြားခိုင်းသမျှ ခေါင်းငုံ့ခံ
မသေထမင်း မသေဟင်းနဲ့ မသေရုံတမယ်
ခြစ်ခြစ်ခြုပ်ခြုပ် ငွေစု
သူ့ပခုံးပေါ်ထမ်းထားရတဲ့ မိသားစုဆီ ပြန်ပြန်ပို့လို့
ငွေရောက်လာပြီး လူရောက်မလာတဲ့ မိသားစုတွေ
လူရောက်လာပြီး ငွေပါမလာလို့
အကြွေးထူနေရတဲ့ မိသားစုတွေ . . . ထုနဲ့ ထည်နဲ့
၁၂ ရာသီ ရွှံ့ထဲ ဗွက်ထဲ တောထဲ တောင်ထဲက
ရုန်းမထွက်နိုင်သူ ကျေးလက်လူငယ်တချို့နဲ့
ရှိသမျှအချိန် လက်ဖက်ရည်ဆိုင်မှာ ပုံအပ်ထားသူတစ်ချို့နဲ့
အသွေးအသား ရောင်းဝယ်ဖောက်ကား တွင်ကျယ်မှုနဲ့
နယ်ပယ်လေး နည်းနည်းခြားလာပြီဆို
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုခက်ခဲလာတဲ့ ခေတ်
ဟစ်ဟော့ပ်ဂီတ အဖော်အချွန် ဆက်ဆီဂဲလ်နဲ့
ညစ်ညမ်းဗွီဒီယိုတွေ ခေတ်စားလာတဲ့ ခေတ်
အမှောင်ခေတ်ရဲ့ တန်စာခံအင်းဆက်တွေရဲ့ အဖြစ်ပေါ့
ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတဲ့ ခေတ်မှာ
ဘယ်သူ့ဆရာတင်ရမလဲ ကိစ္စနဲ့
အသားထဲက လောက်ထွက်တဲ့ ပြဿနာနဲ့
အိမ်ကြက်ချင်း အိုးမဲအသုတ်ခံရတဲ့ အဖြစ်နဲ့
လမ်းပေါ်ထွက် တက်ညီလက်ညီ လက်သီးလက်မောင်းတန်းသူတချို့နဲ့
အင်တာနက်ထဲက ခေါင်းမထွက်နိုင်သူတချို့နဲ့
မနက် (၇) နာရီ ည (၇) အရောင်းဝန်ထမ်းဘဝနဲ့
ငြိမ်းချမ်းရေးနဲ့ ဧရာဝတီနဲ့ NGO နဲ့ INGO နဲ့
လူမှုကွန်ယက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့
လူက လူကိုမြိုတဲ့ လူမျိုးကြီးဝါဒနဲ့
ပြည်တွင်းစစ်နဲ့ ဒုက္ခသည်စခန်းနဲ့
ငွေပေးငွေယူ လူလိမ်လူကောက်ပြဿနာနဲ့
အခုထိ တန်စာခံဘဝက မကျွန်မလွှတ်နိုင်သေးတဲ့
သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ။ ။


copy from 8888 NEW GENERATION​S Mail group မှ