Wednesday, June 15, 2011

မြန်မာပြည်မှ နိုဘဲလ် ဆုရှင်(ကဗျာ)

မြန်မာပြည်မှ နိုဘဲလ် ဆုရှင်
ရဲစိတ်ရဲမာန် ၊ မျိုးဂုဏ်မှန်၍
စီမံဆောင်ရွက် ၊ ယုံကြည်ချက်နှင့်
ထက်မြက်သည့်ဥာဏ် ၊ ပြည့်တွက်ကျန်အောင်
အမှန်ပြည့်ကြိုး ၊ သူသယ်ပိုးသည်
ကိုယ်ကျိုးကိုလည်းစွန့်ခဲ့ပြီ။

မြန်ပြည်လူ့ဘောင် ၊ ပြည်သစ်ထောင်ဖို့
စွမ်းဆောင်ကြိုးပမ်း ၊ ဦးထိပ်ထမ်းကာ
တက်လမ်းသူဖောက် ၊ ရွှေခေတ်ရောက်အောင်
တောက်လျှောက်မနား ၊ သူစွန့်စားသည်
နိုးကြားလုံးလပြုခဲ့ပြီ။

အနှောင်ဖွဲ့တင်း ၊ တပ်နဲ့ချင်းလည်း
မယွင်းမလှုပ် ၊ နောက်မဆုတ်ဘဲ
အချုပ်အနှောင် ၊ အကျဉ်းထောင်ကို
မရှောင်မကြောက် ၊ ရင်ကော့လျှောက်သည်
ပြောင်မြောက်သတ္တိပြခဲ့ပြီ။

အကြမ်းမဖက် ၊ သစ္စာယှက်၍
လေးနက်မေတ္တာ ၊ ငြိမ်းချမ်းစွာနှင့်
ပြည်သာစေရေး ၊ အစဉ်တွေးကာ
မနှေးရှေ့ဆောင် ၊ သူဦးဆောင်သည်
ဂုဏ်ရောင်ထွန်းလင်းပြောင်ခဲ့ပြီ။

မြန်ပြည်ဦးသျှောင် ၊ တို့ခေါင်းဆောင်ကား
အမှောင်ကိုခွင်း ၊ ဆီမီးဝင်းသို့
မွှေးပျံ့သင်းထုံ ၊ ပန်းဦးငုံလို
ကုံလုံပြည့်ဝ ၊ နှိုင်းမရသည်
ရဲစွမ်းသတ္တိ ၊ ကမ္ဘာသိမို့
ပီတိကျက်သရေ ၊ ရွှန်းလဲ့ဝေသည်
ဤမြေတလွှာ ၊ ဤကမ္ဘာက
ညီညာဆင့်ချယ် ၊ နှင်းဆက်နွယ်သည်
နိုဘဲလ်ဆုရှင်ပါတကား။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား
ကဗျာပေးပို့လာသောကိုရန်နိုင်ထွန်းအားကျေးဇူးတင်ရှိပါသည်။