Monday, June 13, 2011

သစ္စာတရားတွေနဲ့ ယှက်သွယ်ဖွဲ့သီထားတဲ့ အမေ့ပုံရိပ်

သစ္စာတရားတွေနဲ့ ယှက်သွယ်ဖွဲ့သီထားတဲ့ အမေ့ပုံရိပ်

အမေဟာ ... ရွက်ကြွေမဟုတ် မျက်ရည်မဟုတ်
ရှင်သန်နေတဲ့ ကဗျာတပုဒ်ဖြစ်တယ်။
အမေဟာ ... အာဏာမမက် ဘယာမဖက်ပဲ
အသာကြည့်လျှင်ပင် သဒ္ဓါအသိအစဉ်ရှိနေတဲ့
မဟာမိခင်တယောက် ဖြစ်ပေတယ်။

ဆယ်စုနှစ်များစွာ စံတင် ဂန္တဝင်မြောက်တဲ့ စွန့်လွှတ်မှုတွေနဲ့
အာဏာရှင်တွေဖိန့်ဖိန့်တုန်လောက်တဲ့ ယုံကြည်မှုတွေနဲ့
လောကဓံကိုထီမထင်တဲ့ ခွပ်ဒေါင်းမိခင်ဟာ
အံ့ချီးမခန်း ထူးဆန်းလှတဲ့ ခန့်ညားမှုတွေနဲ့
(၁၃.၁၁.၂၀၁၀) နေ့ ညနေ ၅း ၁၅ မိနစ်မှာ
သော့ခလောက်တွေကိုလွှင့်ပစ် သံဆူးကြိုးတွေကိုဖြတ်ပစ်လို့
ပြည်သူ့ရင်ခွင်ထဲကို ပြန်ရောက်လာခဲ့တယ်။

တက္ကသိုလ်ရိပ်သာလမ်း ၅၄/ဘီ က ရွာချလိုက်တဲ့မိုး
ရွှေမိုးငွေမိုး အဖိုးအနဂ္ဂထိုက်တဲ့မိုးတွေက
ညှိုးနေတဲ့ပန်းမှန်သမျှ လန်းကြ ... မွှေးကြ
ငုံနေတဲ့ပန်းမှန်သမျှ ဖူးကြ ပွင့်ကြ
အို ယုံကြည်ချက်အစစ် ခံယူချက်အစစ်တွေနဲ့
ဖယောင်းပန်းတွေတောင် သံမဏိဖြစ်လို့
အမြစ်တွေကပါကြွ ထကတော့မလိုလို …
သပြေနုကို လက်ငင်းဆွတ်စေဘို့
အမေစုကိုချက်ချင်းလွှတ်ဆိုတဲ့စကားတွေဟာ
ပံသုမြေလွှာ သက်သေပါခဲ့ပါတယ်အမေ။

အကျိုးများတဲ့ အင်အားအပြည့်နဲ့ တပြည်လွှမ်းစေဘို့
အမျိုးသားရင်ကြားစေ့မယ့် ခြေလှမ်းတွေနဲ့
အမေဖောက်တဲ့ လမ်းအတိုင်းလျှောက်ဘို့
သားတို့အသင့်ရှိနေတာ ယုံကြည်လိုက်ပါ အို အမေ။

ဟော ဘာလိုလိုနဲ့ ရာသီစက်ဝိုင်းတပတ်သစ်
ခြောက်ဆယ့်ခြောက်နှစ် အမေ့မွေးနေ့ဟာ
မပြီးဆုံးသေးတဲ့ တာဝန်အပြည့်နဲ့
တရွေ့ရွေ့ရောက်ခဲ့ပြန်ပေါ့ အမေ
အမေ့ပုံရိပ်ကို ဆေးရောင်ချယ်ဘို့ သမိုင်းပန်းချီဆရာက ငေးကြည့်
သစ္စာတရားတွေနဲ့ ဖွဲ့သီမှ အမေ့ပုံရိပ်ပီနိုင်မယ်ဆိုတာ
တွေးမိလိုက်ရပါတော့တယ်။

ရှစ်လေးလုံး သစ္စာ
ဒီပဲယင်း သစ္စာ
ရွှေဝါရောင် သစ္စာ
လူရှင်သင်္ချိုင်းတွေထဲက သစ္စာ
အမေက သားတို့အပေါ်ထားတဲ့ သစ္စာ
သားတို့က အမေ့အပေါ်ထားတဲ့ သစ္စာ
ဒီ သစ္စာတရားတွေရဲ့အလှ ဒေါင်းပျိုတွေကတဲ့ ညကျမှ
ငြိမ်းချမ်းခြင်းရဲ့ နိမိတ်ပုံ
လသာသာ မြဝါးရုံရှေ့မှာ
အမေ့ကိုစကားတွေဆို
တကယ့် ပကတိဘဝများစွာအတွက်
အဲဒီ့ အလှတရားတွေကို
သားတို့တတွေ ဖွဲ့သီကျူးရင့်ကြတာပေါ့အမေရယ် ….။ ။

(၆၆) နှစ်ပြည့် အမေစုမွေးနေ့အမှတ်တရ
ဇော်မြင့် (သာယာဝတီအကျဉ်းပြန်)၊ တောင်ဥက္ကလာ NLD (Youth)