Saturday, January 2, 2010

နှစ်သစ်သို့သံကြိုးစာ


နှစ်သစ်သို့သံကြိုးစာ
(ဆွေနိုင်)

လူတွေလူညွန့်ပြုန်းမယ့်ကိစ္စ
ကြယ်ကြယ်လောင်လောင်ပြောနေကြချိန်

လူတွေ လူမျိုးတုံးသွားနိုင်တဲ့
ခေတ်ပေါ့့် 
ရောဂါဆန်းတွေလည်းထူပျောနေချိန်

လူသားမျိုးနွယ်တွေမျိုးမပြုန်းတည်းရေး
သဘာဝဘေးအန္တရာယ်တွေကို
ဘုံရန်သူအဖြစ်ကြွေးကြော်
နည်းပညာအမျိုးမျိုးနဲ့ပင်လယ်ကြမ်းပေါ်
မျက်လုံးတွေဒေါက်ထောက်ကြည့်နေကြချိန်

သဘာဝသယံဇာတမျိုးမပြုန်းတည်းရေးကိစ္စကိုလည်း
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားတွေက
အပြင်းအထန်ကာကွယ်နေကြချိန်။

မွေးရာပါလူ့အခွင့်အရေးတွေကိုလည်း
လူ့အခွင့်ရေးကာကွယ်သူတွေက
လူ့အခွင့်ရေးမပြုန်းတည်းရေး
အပြင်းအထန်တိုက်ပွဲဝင်နေကြချိန်
့ 
လေတိုက်ရာတဆတ်ဆတ်ခါလို့
ဓာတ်ကြိုးတန်းပေါ်ညိနေတဲ့လေတံခွန်တွေ

နှစ်သစ်မှာနမိတ်မရှိ နမာမရှိ
တီကောင်ဆားထိသလိုလိန်တွန့်လို့
ကုမရတဲ့ဝဋ္ဋ်နာ ကံနာမျိုးနဲ့
ဓားသွားပေါ်တင်ထားတဲ့ပျားရည်စက်ချိုချိုလေးကိုမှ
အငမ်းမရလျာနဲ့လျက်ချင်ကြသူတွေ
ကိုယ့်သမိုင်းကိုခြေသုတ်ပုဆိုးဖြစ်အောင်လုပ်
ကိုယ့်ကျောကို တံဆိပ်တုံးအတုထုခိုင်းနေကြလေရဲ့

ဆောင်းကလည်းခေါင်  ရိုးတွေလည်းပြောင်နေပေါ့
ပတ်ကြားအက်အကွက်ထနေတဲ့
ညင်သိုသိုကျားနာတကောင်ရဲ့အာငွေ့နဲ့
အတိတ်မေ့ပလပ်ဖောင်းဘေးမှာ

သူတို့က
ကြော်ငြာ ဆိုင်းပုဒ်လေးတွေပေါ့
ပေါ်တာတွေဆိုလည်းဟုတ်တယ်
လော်စာတွေဆိုလည်းဟုတ်တယ်
လူကြီးလူကောင်းဆန်ချင်ကြတဲ့
လူလော်လေးတွေဆိုလည်းဟုတ်တယ်
ခေတ်အနာကိုစစ်ကြေညာခဲ့ကြတယ်။

အာနိသင်တခုခုနဲ့
တွေဆုံဆွေးနွေးရေးကိုအရုံပြောင်းမဲ့
မြန်မာ့အရေးဆွေးနွေးပွဲတဲ့
သတင်းစာထဲဖောက်ခွဲ
ရေဒီယိုထဲဖောက်ခွဲ
ရုပ်မြင်သံကြားထဲဖောက်ခွဲ
ကြော်ငြာထဲဖောက်ခွဲ
နှစ်သစ်ထဲနမိတ်မရှိ နမာမရှိ။