Wednesday, April 20, 2011

ကျန်ရှိသည့် နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကသို့ ထပ်မံလွှဲပြောင်းမည်ဟု နိုင်ငံတော် သမ္မတပြောကြား၊ လေလံမအောင်ဘဲ ကျန်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော အိုးအိမ်မြေကွက် အရေအတွက် အနည်းဆုံး ၄၀ ခုနှင့် အထက်ကျန်ရှိနေ

ပုဂ္ဂလိကပိုင်ပြုလုပ်ရန် အဆိုပြုလွှာ ခေါ်ယူထားပြီး ပြန်လည်ပယ်ဖျက်ထားသည့် မြေ ၁၁ ဧကကျော်ရှိ မြေအသုံးချရေး ဌာနခွဲရုံးချုပ်
ကျန်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောကြားချက်များကို ၂၀၁၁ ခုနှစ် ဧပြီလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြမှုများ အရ သိရှိရသည်။
ဧပြီလ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်ကြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စု ဒုတိယ၀န်ကြီး များအား တွေ့ဆုံသည့် အခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။
“ပြည်သူများ မလုပ်နိုင်သည့် တိုင်းပြည်အတွက် အဓိကကျသည့် အလုပ်ရုံ၊ စက်ရုံများမှအပ အစိုးရပိုင်ကျန်သည့် အလုပ်ရုံ စက်ရုံများကို ပြည်သူများထံ လွှဲပြောင်းပေးလိုပါကြောင်း၊ ထို့ကြောင့် ကိုယ့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာအောင် မိမိတို့ အစိုးရအဖွဲ့အသီးသီးက ၀ိုင်းဝန်း မြေတောင်မြှောက်ပေးကြရန် တိုက်တွန်း လိုကြောင်း”
နိုင်ငံတော်သမ္မတက ‘ပြည်သူများ မလုပ်နိုင်သည့် တိုင်းပြည်အတွက် အဓိကကျသည့် အလုပ်ရုံ၊ စက်ရုံများမှအပ အစိုးရပိုင်ကျန်သည့် အလုပ်ရုံ စက်ရုံများကို ပြည်သူများထံ လွှဲပြောင်းပေးလိုပါကြောင်း၊ ထို့ကြောင့် ကိုယ့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာအောင် မိမိတို့ အစိုးရအဖွဲ့အသီးသီးက ၀ိုင်းဝန်း မြေတောင်မြှောက်ပေးကြရန် တိုက်တွန်း လိုကြောင်း’ဟု မှာကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် ငွေကျပ်သန်း ၆၈၈၈ ဖြင့် ၀ယ်ယူခွင့်
ရခဲ့သည့် ရန်ကုန်ကော်မာရှယ်တာဝါ
လက်ရှိတွင် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် လည်းကောင်း၊ နိုင်ငံပိုင်သိမ်းဆည်း ထားသော အိုးအိမ်မြေကွက်များအား လေလံတင် ရောင်းချရာတွင် လည်းကောင်း ကြမ်းခင်းဈေး မမီခြင်း၊ အဆိုတင်သွင်းသူ မရှိခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ထားခြင်းများကြောင့် ၀ယ်ယူမရရှိဘဲ ကျန်ရှိသည့် အရေအတွက်မှာ အနည်းဆုံး ၄၀ ခုအထက် ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ဇန်န၀ါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချသည့် နိုင်ငံပိုင်လုပ်ငန်း ၇၆ ခုတွင် နှစ်ခုမှာ ကြမ်းခင်း ဈေးမမီဘဲ သုံးခု ပယ်ဖျက်ထား ကြောင်း၊ နှစ်ခုဆိုင်းငံ့ထားပြီး နှစ်ခုမှာ အဆိုတင်သွင်းသူ မရှိခဲ့ခြင်းကြောင့် ၀ယ်ယူခွင့်ရမသွားဘဲ ကျန်ရှိသည်မှာ လုပ်ငန်းကိုးခုရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချခဲ့ သော မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း မြေကွက် ၁၁၁ ခုထဲတွင် အနည်းဆုံး ပယ်ဖျက်ထားသည်မှာ နှစ်ခုရှိပြီး အဆိုတင်သွင်းသူ မရှိခဲ့သည်မှာ ၁၄ ခု နှင့် အထက်ရှိကြောင်း၊ ကြမ်းခင်းဈေး မမီသည်မှာ တစ်ခုနှင့်အထက် ရှိကြောင်း သိရသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချခဲ့သော မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းမြေကွက် ၁၅၇ ခုထဲတွင် အနည်း ဆုံး ကိုးခုနှင့်အထက် ပယ်ဖျက်ထားပြီး တစ်ခုနှင့်အထက် တင်သွင်းသူ မရှိခဲ့ကြောင်း၊ တစ်ခုနှင့်အထက် ကြမ်းခင်းဈေး မမီဘဲ ဆိုင်းငံ့ထားသည်မှာ လေးခုရှိကြောင်းသိရသည်။

“အနည်းဆုံး ၄၀ ခုနဲ့အထက် လို့ပြောရတာက ကျွန်တော်တို့နိုင်ငံပိုင် လုပ်ငန်းတစ်ခုကို အဆိုပြုလွှာ တင်တုန်းက ထုတ်ပြန်တဲ့စာရင်းတွေအရ ကျန်ရှိတာကိုက ၄၂ ခုလောက်ရှိ နေတာပါ။ ဒါကြောင့် အနည်းဆုံး ဆိုတဲ့စကားထည့်ပြောရတာ။ ခြုံပြောရင်တော့ ၄၂ ခုနဲ့အထက်ကို ကျန်ရှိနေသေးတဲ့အတွက် လိုအပ်တဲ့သူတွေ ထပ်ပြီး ရနိုင်တဲ့ အခွင့်အရေး ရှိသေးတာပေါ့။ ကြမ်းခင်းဈေးမမီလို့ ၀ယ်မရဘဲ ကျန်တာမျိုးကျတော့ ကြမ်းခင်းဈေးကို နည်းနည်းလောက် ခေတ်နဲ့ လျော်ညီတဲ့ ဈေးမျိုးသတ်မှတ်ပေးရင် ပုဂ္ဂလိကတွေအနေနဲ့ ပိုပြီး ကောင်းမွန်မယ်လို့ ယူဆမိပါတယ်” ဟု နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရန် အဆိုပြုလွှာခေါ်ယူစဉ်က အဆိုပြုလွှာ တင်သွင်းခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။