Thursday, April 14, 2011

`မြန်မာသင်္ကြန်´

`မြန်မာသင်္ကြန်´
မြန်မာတို့၏ ၁၂ ရာသီပွဲတော်တို့တွင် တန်ခူးလသည် ပထမဆုံးပွဲတော် ဖြစ်သလို အထူးခြားဆုံးသော ပွဲတော်လည်း ဖြစ်ပါ၏။ ထူးခြားပုံကို အနည်းမျှ စာစီ၍ ပြပါအုံးမည်။

တန်ခူးမိဿ ၊ စိတြ ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
ရင်ခတ်ဂန့်ဂေါ် ထုံသင်းပျော် ပွဲတော် အတာညွှန်း .. (စာဆို အမည်မသိ)။

တန်ခူးလ(အတာကူးတဲ့လ)သည် ရာသီအားဖြင့် မိဿရာသီ၊ပြာလဲ့လဲ့ဖြစ်သော အထက်ကောင်းကင် အာကာ နန်း၌ စိတြနက္ခတ်သည် ဖိုးရွှေလနှင့်အပြိုင် လင်းလက်တောက်ပချိန်၊ရာသီပန်း အခါပွင့်ပန်းဖြစ်ကြ သည့် ရင်ခတ်ပန်း ဂန့်ဂေါ်ပန်းများလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြ၍ ရနံ့ သင်းသော ကြိုင်သော လှိုင်သော အခါ ကာလ သမယ ဖြစ်ပါ၏

လူကြီးလူငယ် လူရွယ်များသည် ဘုရား ကျောင်းကန် ရိပ်သာများသို့ သွားရောက်ကြ၍ ဥပုသ်စောင့် သုံးကြ ခြင်း၊ မိမိတို့အားလပ်ရက် (ရုံးရက်ရှည်ပိတ်ရက်)သင်္ကြန်ကာလအတွင်း၌ ရခဲသော (ဒုလ္လဘ ) ရဟန်းအဖြစ်၊ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ၀င်ရောက်ကြခြင်း၊ ယောဂီအဖြစ်ဖြင့် တရားဘာဝနာများ ရှုပွါးကြခြင်း စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်း..ဘိုးဘွားများကို ရေချိုးပေး ကြခြင်း ခေါင်းများ လျှော်ပေးကြခြင်း ခြေသဲ လက်သဲ ညှပ်ပေးကြခြင်း အစားအသောက်ဖျော်ရည် တို့ဖြင့် ကျွေးမွေး စောင့်ရှောက်ကြခြင်း လက်စုံမိုး (လက်အုပ်မိုး)၍ ဆေးဝါးများ အ၀တ်အထည်များ စားသောက် ဖွယ်ရာများဖြင့် ပူဇော် ကန်တော့ကြခြင်း.. ဆရာသမား ဘိုးဘွားမိဘများကို တပည့် သားသမီး မြေးမြစ် များက တတ်စွမ်း သမျှ အာမိသ ဓမ္မတို့ဖြင့် ပူဇောကန်တော့ကြခြင်း . . စသည် စသည့်ကောင်းမြတ်သော ရှုခင်းအစုံ တို့ကို ဤလ ဤချိန် ဤကာလ၌ ကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပါ၏။ဤသည်မှာ တစ်ခြားသော ယဉ်ကျေးမှုတို့နှင့် မတူကွဲပြားသော ခြားနား သော ထူးခြား သော မြန်မာတို့၏ ချစ်စဖွယ် မြတ်နိုးစဖွယ် ဂုဏ်ယစူဖွယ် အမွေအနှစ်ကောင်းများ ဖြစ်ပါ၏။ ယင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်း၍ ထိမ်းသိမ်း စောင့်ရှောက်လာကြသည်မှာ ယနေ့ထက် တိုင်အောင်ပင် ဖြစ်ပါ၏၊

တစ်ချို့သော လူငယ်လူငယ်ရွာများက့ ဓမ္မဘက် ခြေဦး မလှည့်ဖြစ်ကြ၊ သို့သော် လောကဘက် ပျော်ရွှင်မှု အတွက် ရေကစားသည့် မဏ္ဍပ်ကြီးများ ဆောင်လုပ်ကြ၍ အတီး အက အလှတို့ဖြင့် ဧည့်ခံဖျော်ဖြေ နေကြ သည်မှာလည်း ကမ္ဘာမှာ ဘယ်မှာမှ မရှိသည့် မြန်မာတို့၏ ချစ်စဖွယ် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏၊ တူးပို့ တူးပို့ သီချင်း သံလေးမှာလည်း သင်္ကြန်အဖို့တော့ မရိုးနိုင်သော ဂီတသံဆန်းလေးတစ်ခုအဖြစ် မဏ္ဍပ်တိုင်း မှာ ကြားနေရပါ၏။ ရွှေဝါရောင် ပန်းပိတောက်သည် သင်္ကြန်၏ သင်္ကေတပန်း၊ တူးပို့ တူးပို့ သီချင်း သံလေးသည် သင်္ကြန်၏သင်္ကေတ ဂီတ၊ မြန်မာရိုးရာနှင့်အညီ ၀တ်စားဆင်ယင်ကြ၍ ငွေဖလားဖြင့် အတာရေ ပက်ဖြန်း ကစားကြခြင်းသည် သင်္ကြန်၏ သင်္ကေတ ပျော်ရွှင်မှုဟန်များဖြစ်ပါ၏။

ဤသို့ ကောင်းခြင်းဂုဏ်နှင့် ပြည့်ဝသော သင်္ကြန်၏အလှအပကို ဖျက်ဆီးနေကြသူများလည်း ရှိပါ၏၊ ယင်း တို့မှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ သရုပ်ပျက် သောက်စားပျော်ပါးမှုနှင့် သရုပ်ပျက်သီဆိုမှုများ ဖြစ်ပါ၏၊

ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာအရ ယဉ်ကျေးသော သိမ်မွေ့သော ချစ်စရာကောင်းသော မြန်မာ တို့ အဖို့ “ အစဉ်အလာကောင်းများကို ထိမ်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ” မြန်မာ့ရိုးရာ အခါသင်္ကြန်ကို ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲကြပါစို့…. ။

ကောင်းသစ်