Thursday, October 21, 2010

အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ အလံသစ်၊ နိုင်ငံတော်တံဆိပ်နဲ့ နိုင်ငံတော်သီချင်းများကို လက်ရှိအာဏာသိမ်းစစ်အုပ်စုက သုံးခွင့်မရှိသေးပါ။ အများလက်မခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခု မေလက မသမာမှုနည်းပေါင်းစုံနဲ့ လူထုဆန္ဒခံယူပွဲကို အဓမ္မပြုလုပ်ခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောတူကြောင်း အဓမ္မဆန္ဒပြု မဲပေးစေခဲ့တဲ့အဆင့်ပဲရှိသေးတာပါ။ အာဏာ သက်ရောက်နိုင်မှု အတည်မဖြစ်သေးပါဘူး။

အများလက်မခံနိုင်တဲ့ နအဖ တဘက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေဟာ ဘယ်အ ချိန်မှာ တရားဝင်မှာပါလဲ။ နအဖ သဘောကျရေးထားတဲ့ အဲဒိအခြေခံဥပဒေထဲက ပုဒ်မတွေကို ဆန်းစစ်ကြည့်ရင် ဘယ်အခါမှ အတည်ဖြစ်လာမှာမဟုတ်ကြောင်းကိုတွေ့ရမှာပါ။
“ပုဒ်မ ၄၄၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ် တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည် သည်။

ပုဒ်မ ၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပရမည်။
ပုဒ်မ ၁၂၄။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက်မှ ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို နအဖ ကခေါ်ယူကျင်းပပေးရမည်။ တဲ့ (၁၂၄-က)
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပ သည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည်သည်။ တဲ့ (၄၄၁)
ပထမအကြိမ်အစည်းအဝေး စတင်တဲ့နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာတည်မှာတဲ့-
ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးမှ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပပေးရမှာတဲ့။ ပထမအကြိမ်အစည်းအဝေး စတင်တဲ့နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာတည်မှာတဲ့-
ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာမတည်သေးလို့ ပထမအကြိမ်အစည်းအဝေး စတင်မကျင်းပပေးနိုင်၊ ပထမအကြိမ်အစည်းအဝေး စတင်မကျင်းပပေးနိုင်သေးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာအတည် မဖြစ်သေး။ ကဲ ဘယ်တော့ စတင်ကျင်းပပေးနိုင်လို့ ဘယ်တော့အာဏာတည်နိုင်မှာလဲ။ လွှတ်တော် လဲ စ နိုင်မှာမဟုတ်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေလဲ အာဏာတည်သက်ရောက်လာမှာမဟုတ်တော့  ပါ။  အတော့်ကိုတော်တဲ့ ဥပဒေပညာရှင်များရဲ့ ပညာခန်းပါပဲ။ နအဖ ကိုယ့်ရှူးကိုယ်ပတ်သွားအောင် လုပ်ဆောင်လိုက်တဲ့ “ငြိမ်သက်တော်လှန်ရေး (passive resistance)ရဲ့ နည်းဗျူဟာပြောင်မြောက် ချက်ပါပဲ။

ဒီ နည်းဗျူဟာမျိုးကို တော်လှန်ရေးကောင်စီလက်ထက်မှာလဲ စစ်အာဏာရှင်စံနစ်ကိုမကြိုက်တဲ့ ပညာ
ရှင်များသုံးခဲ့ကြပါသေးတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အတွက် စီးပွားရေးစီမံကိန်းတွေကို ပညာရှင် များအား ရေးဆွဲစေခဲ့ပါတယ်။ စီမံကိန်းတွေကတော့ ဘတ်ကြည့်လိုက်ရင် အလွန်လက်ခံနိုင်စရာ ကောင်းတဲ့စာတမ်းတွေပါ။ လုပ်ငန်းမကျွမ်းကျင်သူတွေ ကိုင်တွယ်အကောင်အထည်ဖော်ရင်တော့ အကျိုးနည်းဘို့များပါတယ်။ လူမှန်နေရာမှန်မရှိတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့တွေ့တော့ သာဆိုးတော့တာ ပေါ့။ ငြိမ်သက်တော်လှန်ရေးဆင်နွှဲကြတဲ့ ပညာရှင်များကတော့ ဒီစစ်ဗိုလ်တွေ ဒီ“ဂယ်ပေါက်”က မလွတ်နိုင်ပါဘူးလို့ ပြောခဲ့ကြပါတယ်။ ဘယ်“ဂယ်ပေါက်”လဲမေးတော့ စီးပွားရေး“ဂယ်ပေါက်”ပေါ့လို့ ဖြေကြပါတယ်။ အမှန်ပါပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ဝင်သွားခဲ့တာ သက်သေပါပဲ။

တရားမဝင်တဲ့အလံကိုအသုံးပြုလိုက်တော့ အခုလိုအသုံးပြုတဲ့လက်ရှိအစိုးရဟာ တရားမဝင်အစိုးရလို့
ဖော်ညွှန်းတာဖြစ်နေပြီလေ။ တရားမဝင်ကြောင်းကို နအဖကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြ ဝန်ခံနေတာပါ။ တခြားသူတွေပြောနေတာတောင် မဟုတ်တော့ပါဘူး။
အာဏာသက်ရောက်မှု အတည်မဖြစ်နိုင်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ အလံသစ် ကို ရွေးကောက်ပွဲပြီးမှကျင်းပမဲ့လွှတ်တော်က ဖွဲ့စည်းမဲ့ အစိုးရသစ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ သုံးစွဲနိုင်မှာပါ။ အခုလဲ သူတို့အစိုးရ၊ နောက်တက်မဲ့ဟာလဲ သူတို့အစိုးရပဲလို့ ပြောင် ပြောင်တင်းတင်း ဖွင့်မပြောရုံတမယ်ပါပဲ။ “အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်” လိုက်ပါပြီ။

ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာလဲ နအဖ နိုင်ငံခြားရေးဝန်ကြီးက နောက်တက်မဲ့အစိုးရ ကလဲ လက်ရှိနိုင်ငံခြားရေးမူအတိုင်းဆက်သွားမှာပါတဲ့။ ပြောချက်ကတော့အပိုင်ပဲ။ ရွေးကောက်ပွဲဖြင့် မလုပ်ရသေးဘူး နောက်ဘယ်အစိုးရတက်မယ်ဆိုတာ အသေအချာသတ်မှတ်ပြီးသားဆိုတဲ့ သဘော ပါ။ နောက်တက်မဲ့အစိုးရဟာ သူတို့ပဲလို့ပြောသွားတာပါပဲ။ ဣနြေ္ဒတောင်မဆောင်နိုင်တော့ပါလား။ အပိုင်ကို ပြောဆိုလုပ်ကိုင်နေကြတာပါ။

ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ဥပဒေအထက်မှာ ကြံ့ဖွံ့ပါတီဝင်ကိုယ်စားလှယ်များဖြစ်ကြတဲ့ လက်ရှိအစိုးရအဖွဲ့ဝင်ဝန်ထမ်းများ ရှိနေကြပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း မဲဆွယ်စည်းရုံးရေး ဆင်းနေကြပါတယ်။ ပြည်သူ့အာဏာ၊ ပြည်သူ့ဘဏ္ဍာတွေအလွဲသုံးနေကြပါတယ်။ ကြံ့ဖွံ့နာယကကြီး ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကလဲ ကြံ့ဖွံ့ပါတီရဲ့ပြိုင်ဘက်များကို မတရားတဲ့ကော်မရှင် ဥပဒေတွေနဲ့ နှိပ်ကွပ်လျက်ရှိနေပါတယ်။ ရွေးကောက်ပွဲရလဒ်တောင်မထွက်သေးပဲနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ လျာထားချက်ကို အမည်နဲ့တကွ လျှို့ဝှက်ကြေညာထုတ်ပြန်ထားတယ်ဆိုတာလဲ ပေါက်ကြားနေပါတယ်။ လက်ရှိစစ်အာဏာရှင်ရဲ့ ကြံ့ဖွံ့ပါတီဟာ “နိုင်လဲနိုင် ရှုံးလဲနိုင်”မူ ကိုင်ဆွဲလျက် နိုင့်ထက်ကလူ ဆောင်ရွက်နေကြပါတယ်။
တကယ့်ကိုပဲ “အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်”နေကြလျက်ပါ။
ဆောင်းပါးပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်