Saturday, October 2, 2010

လေနှင်ရာလား . . .ရေကြည်ရာလား တိုင်းရင်းသားများ သက်ဆိုင်ရာ ပြည်နယ်များမှ မြို့ကြီးများသို့ အလုပ်အကိုင်နှင့် ပညာသင်အခွင့်အလမ်း များအတွက် ပြောင်းရွှေ့မှု ပိုမိုလာ

တိုင်းရင်းသားလူမျိုးများ သည် မိမိတို့နေထိုင်ရာ ပြည်နယ် များရှိ မြို့နယ်များ၊ ကျေးရွာများမှ တစ်ဆင့် မြို့ကြီးများသို့ ပြောင်းရွှေ့ မှုသည် ယခင်ကတည်းက ရှိခဲ့ရာမှ ယခုနောက်ပိုင်းတွင်မူ ပိုမိုများပြား လာခဲ့သည်ဟု တိုင်းရင်းသားလူမျိုး များဆိုင်ရာ လေ့လာသူအချို့ထံမှ သတင်းရရှိပါသည်။

ပြည်နယ်များတွင် အသီးသီး နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များ မြို့ကြီးများသို့ပြောင်းရွှေ့မှုတွင် အဓိကအချက်များသည် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းများအတွက် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လိုကြခြင်း၊ ဘ၀၏ တိုးတက်ရာလမ်းဖြစ်သော ပညာရေးနှင့်ပတ်သက်၍ ပြည်နယ်များရှိ မြို့နယ်များ၊ ကျေးရွာများတွင်ထက် မြို့ကြီးများတွင် ပိုမိုသင်ယူလေ့လာ နိုင်မည်ဟု ယူဆကြခြင်း၊ အချို့ သောပြည်နယ်များတွင် ဒေသခံတိုင်း ရင်းသားများထက် အိမ်နီးချင်းနိုင်ငံ များမှ စီးပွားရေးလုပ်ကိုင်သူများက နေရာယူလာကြခြင်း စသည့်အချက်များ ဖြစ်နိုင်ကြောင်း လေ့လာသူတို့ က သုံးသပ်ကြပါသည်။

"တိုင်းရင်းသားတွေ ပြောင်းရွှေ့တာ ကျောင်းသားတွေ ပညာရေး အတွက် ပါတယ်။ နယ်ကျောင်းတွေ မှာ ဆရာပြောင်းတာများတယ်။ ဆရာမမြဲဘူး။ နောက်ပြီး လူငယ်တွေ ဆေးသုံးတာတို့ဘာတို့ကလည်း လွတ်အောင် မိဘတွေက ပြောင်းကြတယ်။ နောက်တစ်ခုကတော့ စီးပွားရေးကြောင့်ပဲ။ အရင်တုန်းက တစ်နိုင်တစ်ပိုင် မန္တလေးဘက် ကုန်ကူးကြတယ်။ နောက်ပိုင်း ဒီလောက်မလွယ်တော့ဘူး။ အခုတော့ ကုန်သည်အလတ်ပိုင်းတွေက မိသားစု လိုက်ပြောင်းတာတွေ ရှိလာကြတယ်။ ဇောက်ချလုပ်ဖို့အတွက် မိသားစုလိုက် ပြောင်းရွှေ့ကြတယ်"ဟု တောင်ကြီးအသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးစိုင်းစံအိုက်က ပြောပါသည်။
ယခုနောက်ပိုင်း နှစ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြားဆုံးရှိနေသည့် တိုင်းရင်းသားလူမျိုးများတွင် ရခိုင်၊ ကရင် စသည့် တိုင်းရင်းသားများ ပါဝင်ကြပြီး ရှမ်း၊ ကချင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားများလည်း အများအပြား ရောက်ရှိနေထိုင်လျက် ရှိကြကြောင်း၊ အချို့မှာ မိသားစုလိုက် ပြောင်းရွှေ့လာခြင်း ရှိသကဲ့သို့ အချို့ မှာ တစ်ဦးချင်း ပြောင်းရွှေ့မှုများမှ တစ်ဆင့် မိသားစုကို ခေါ်ယူမှုများလည်း ရှိလာကြောင်း သိရှိရသည်။

"ကချင်တိုင်းရင်းသားတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းမှာပျံ့နှံ့နေထိုင်ကြတယ်။ ပြောင်း ရွှေ့မှုအနေနဲ့ကတော့ ပြည်နယ်တွင်း ပြောင်းရွှေ့မှုတွေလည်းရှိခဲ့တယ်။ ၁၉၇၆ ခုနှစ်လောက်မှာ ကြွက်ဘေး ဒုက္ခဖြစ်တော့ ဆွမ်ပရာဘွမ်ဘက် က ရွာပေါင်းများစွာဟာ မြစ်ကြီးနားလို မြို့ကြီးတွေကို ပြောင်းရွှေ့နေကြ တယ်။ တချို့တွေမှော်ထဲရောက် တယ်။ မှော်ထဲမှာ ရတဲ့သူရ၊ မရတဲ့ သူမရနဲ့။ ကချင်တိုင်းရင်းသားတွေ ထဲမှာ လက်ချိုးရေလို့ ရတဲ့သူတွေက သူဌေးဖြစ်သွားတယ်။ ရန်ကုန်လို မြို့ကြီးကိုပြောင်းတာကတော့ ဒီ ဘက်နှစ်တွေမှာ ပိုလာပါတယ်"ဟု ကချင်တိုင်းရင်းသားများ၏ ပြောင်းရွှေ့နေထိုင်ကြမှုများနှင့် ပတ်သက်၍ ကိုမရစ်နော်ဆန်းက ပြောပြသည်။

တစ်ပိုင်တစ်နိုင် အလုပ်များမှလွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်းရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှု အားကောင်းလာသည့် အခါတွင် သက်ရောက်မှု အချို့ကြုံလာရ . . .


ရန်ကုန်မြို့သည် နိုင်ငံရပ်ခြား ထွက်ခွာလိုသည့် လူငယ်များအတွက် နိုင်ငံရပ်ခြားထွက်ခွာရန် ပြင်ဆင်ရန်၊ အရည်အသွေး ဖြည့်ဆည်းရန်သင်တန်းများ တက်နိုင်ရာ မြို့ကြီးလည်း ဖြစ်သည့်အတွက် ပြည်ပ ထွက်ခွာလိုသော တိုင်းရင်းသား လူငယ်များသည်လည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။

ပြည်နယ်များတွင် အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင်မူ စိုက်ပျိုးရေးလုပ်ငန်းသည် လည်း သဘာ၀၀န်းကျင် အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခြင်းများကို ကြုံလာကြရသည်။ တစ်ပိုင်တစ်နိုင်အလုပ်များမှ လွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်း ရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှုအားကောင်း လာသည့်အခါတွင် သက်ရောက်မှုအချို့ ကြုံလာရသည်ဟု ဆိုကြပါသည်။

"ရခိုင်မှာ ပင်လယ်လုပ်ငန်းကလည်း အရင်လောက်မကောင်းတော့ဘူး။ ငါးသိပ်မရတော့ဘူး။ လယ်ယာလုပ်ငန်းကလည်း မကောင်းဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် အခုက တိုးတက်နေရမှာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တောင် လုပ် ရကိုင်ရတာ ခက်လာတယ်။ စီးပွားရေး အခွင့်အလမ်းနည်းလာတယ်။ ဒီလိုနဲ့ပဲ ရေကြည်ရာ မြက်နုရာပြောင်း ကြတော့တာပဲ"ဟု ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက သုံးသပ်ပြောပြသည်။

"စီးပွားရေးပိုင်းမှာ ပိုက်ဆံချမ်း သာတဲ့သူတွေ လွှမ်းမိုးမှုကြောင့် နေထိုင်မရတာ ရှိကောင်းရှိမယ်။ မြေ၊ အိမ်တွေကို ပိုက်ဆံတတ်နိုင်တဲ့သူ တွေဆီကိုရောင်းပြီး ဖောင်ဖျက်ဆင်း လာကြတယ်"ဟု ကိုမရစ်နော်ဆန်း ကဆိုပါသည်။ တိုင်းရင်းသားများ၏ ပြည်ပ ထွက်ခွာမှုတွင်မူ ကရင်၊ ချင်း၊ ကချင် တိုင်းရင်းသားများက အများစုဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူတို့ ၏အဆိုအရ သိရှိရသည်။

တစ်နိုင်တစ်ပိုင်နှင့် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ရာဒေသများ၊ မြို့ကြီးများသို့ တိုင်းရင်းသားများ ပြောင်းရွှေ့အခြေချမှုများသည် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် ပိုမိုများပြားလာခဲ့ရာမှာ ယခု ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ရောက်ရှိချိန်တွင်မူ ယခင်ထက် ပိုမိုလာခဲ့သည်ဟု လေ့လာသူတို့၏ အဆိုအရသိရှိရသည်။